June 4, 2009

မအိမ်ကံ ( for Jun ) အပိုင်း (၁)


ယခင်လမှ အဆက် ... ဖြစ်ပါသည်။ ဒီလမှာတော့ ကျနော့ သူငယ်ချင်းများ ဖတ်ရမပျင်းရအောင် ညီလေးနေဒေးသစ် ရဲ့ အကြံအတိုင်း အပိုင်း ( ၈ ) ပိုင်းနဲ့ တစ်ပတ်ကို နှစ်ပိုင်းဖေါ်ပြပေးမှာ ဖြစ်ပါတယ်။ ဆရာမခင်ခင်ထူးရဲ့ ဝတ္တုရှည်ကို ကြိုက်နှစ်သက်မိသောကြောင့် ရွှေအမြုတေ မဂ္ဂဇင်းမှဖေါ်ပြ ကောက်နုတ်တင်ပြခြင်းဖြစ်ပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။

၂၆။
မအိမ်ကံ၏ မီးနေရက် မီးတွင်းရက်များ အတွင်း မီးနေခန်း ထဲမှာပဲ အောင်းနေ ရတော့သည်။

နနွင်းတွေ တစ်ကိုယ်လုံး ၀ါထိန်နေအောင်လူး၊ နနွင်းရည်နှင့် ရင်းပြား သွေးကာ သောက်ရင်း မီးကပ်ကြီးဘေးမှာ ထင်းမပြတ်ထည့်ပြီး မီးကင်နေရသည်။ မီးနှင့် မျက်နှာမြင်ရခြင်း၊ မီးနား အဆက်မပြတ် နေရခြင်းကြောင့် မီးနေသည်လို့ ခေါ်ကြောင်း အမေ ပန်းရုံက ရှင်းပြပါ၏။ မအိမ်ကံကတော့ မီးတွင်း အောင်းနေရသည့် ခုနစ်ရက် လုံးလုံး ဘယ်ကိုမှ စိတ်မရောက်မိဘဲ ရင်သွေး ကလေးဆီကိုသာ စိတ်တွေ နှစ်ပုံထားလိုက်မိသည်။

သမီးကလေး မအိမ်မြိုင်။ ဆုတောင်းလိုက်ရသာ သမီးရယ်။ အမေဖြင့် တပေါင်းလ ပူပူလောင်လောင်ကြီးထဲ မွေးရပေမယ့် ပူသယ် ထင်မိပေါင်အေ။ ညည်းကလေး လပြည့်ကျော် ဆယ့်လေးရက် မွေးပါမယ့် အကြောင်း အမေဖြင့် ရှင်ကြီးရှင်ကောင်း နတ်ကောင်းနတ်မြတ် ဆုတောင်းလိုက်ရသာ။ ညည်းမွေးမယ့် ရက်က လေနီကြမ်းကြီး ကျသေးသကောအေရဲ့။ မိန်းမကြီး မိန်းမစွာများ ဖြစ်ချင်ရော့လားအေ။ မာန ရှိစမ်းပါ သမီး။ မိန်းမ ဆိုသာ မာန ရှိရသယ်။ သူတကာကို ရုန်းရုန်းရင်းရင်း ဆက်ဆံရမယ့် မာနမျိုး မဟုတ်ဘူး သမီးရဲ့။ ဣနြေ္ဒနဲ့ သိက္ခာကို ဘ၀မှာ တည်တည်ကြည်ကြည် စောင့်ထိန်း လိုက်စမ်းမဟဲ့ ဆိုတဲ့ မာနကို ပြောသာ။ ကိုယ့်ကိုယ်ကိုယ် မှဲ့တစ်ပေါက် မစွန်းရအောင် စောင့်ထိန်းမယ် ဆိုတဲ့ မာန ရှိရသယ်။ ရွာ့ကွမ်းတောင်ကိုင် မဖြစ်ခဲ့ဘူး ဆိုပေသိ ညည်း ဖြစ်ရမှာပေါ့။ ကျောင်းဆရာ ကိုပြေသိမ်းနဲ့ မအိမ်ကံ ဆိုသဲ့ ငယ်လင် ငယ်မယားက မွေးပြီပဲ သမီးရဲ့။ ညည်းက လဆုတ် ဆယ့်လေးရက်ဖွား၊ မိန်းမချောဖြစ်မယ့် မိန်းမ။ လှလိုက်စမ်းပါအေ။ စက်စက်ယိုအောင် လှလိုက်စမ်းပါ။ အဆင်းရော အချင်းပါ လှလိုက်စမ်းပါ။ အမေ လက်ခမောင်း ခတ်လိုက် စမ်းပါရစီ။

ဗန်းထဲမှာ ထွေးထွေးကလေး အိပ်နေသော သမီးကလေးကို စောင်းကြည့်ရင်း မအိမ်ကံ တစ်ယောက်တည်း စိတ်ထဲက ပြောနေမိခြင်း ဖြစ်သည်။ မွေးပါပြီ ဆိုကတည်းက သမီးကလေးကို စိတ်ညွတ်ရင်း စကားတွေ ပြောနေခဲ့သည်။ သမီးကလေးက အငိုအပြု နည်းသည်။ ရဲရဲ မှည့်နေသည့် အသားအရေကို ကြည့်ပြီး မလှအုံက အသားများ ညိုနေဦး မလားအေလို့ ပြောခဲ့သည်။ မလှအုံက ပေါင်းခူးဆုန်မှာ ဖွားမြင်လာ မြောက်မှာ အချင်းမြှုပ်၊ နယုန်၊ ၀ါ၊ ၀ါ ဖွားမြင်လာ ရှေ့မှာ အချင်းမြှုပ် ဆိုတာတွေလည်း ရသည်။ သမီးကလေးက တပေါင်းမွေးဆိုတော့ မြောက်အရပ်မှာ အချင်း မြှုပ်ရပါ၏။
"ကလေးများ မွေးသယ် မွေးသယ်နဲ့ တို့ဗမာများ အင်မတန် စနစ်ဇယား ရှိသာ။ ရှေးလူကြီးများ ထားခဲ့သဲ့ ထုံးစံများ အလကား မှတ်လို့။ သူငယ် ထမင်းခွံ့သာက အစ သူ့ရက်နဲ့သူ ခွံ့ရသာအေရဲ့။ ဖွားမြင်ပြီးနောက် ခြောက်လ မြောက် ကောက်၍ ထမင်းခွံ့၊ လေး ခြောက် ကိုးနှစ် တစ်ဆယ့်ရှစ် ပစ်လေ ရှောင်ခွာစွန့်၊ လဆုတ်လဆန်း ဤ ရက်ကြမ်း ဘေးကျမ်းများ ကြုံလွန့်တဲ့။ ငါ့တူမလေး ခြောက်လ ပြည့်ရင် ထမင်း ခွံရတော့မှာ။ ထမင်းကလေး နှမ်းဆီဆမ်း၊ ဆားကလေး တစ်ပွင့်နှစ်ပွင့် ဖြူး၊ လက်ကလေးနဲ့ ဆုပ်နယ်၊ မအေက ကစီထွက်အောင် ၀ါးပြီး ခွံ့စမ်းပါအေ။ ကလေး ထွားလိုက်သာမှ။ မြေနင်းရမယ့် ရက်က သုံးလမြောက်ရင် နင်းခိုင်း ရသယ်။ ဖွားမြင်ပြီးနောက် သုံးလမြောက် ကောက်၍မှန်မသွေ၊ မိဘနှစ်ပါးစုံညီထား သားကိုမြေနင်းစေ၊ မြေချသောအခါ နေ့အင်္ဂါ ရှောင်ပါနေ့ စနေတဲ့။ အင်္ဂါနဲ့ စနေ မြေမနင်း ခိုင်းကောင်းဘူးတော်"
မလှအုံ အနား လာထိုင်လျှင် သည်လို ရှေးထုံးတွေ ကြားရ တတ်သည်။ ရလည်းရသည်။ ရွတ်လည်း ရွတ်နိုင်သည်။ မလှအုံ၏ ဖခင် (အမေပန်းရုံ၏အစ်ကို)က တစ်ခေတ် တစ်ခါက ဇောင်ချမ်းကုန်းမှာ အခါပေး ရှေ့ဖတ်စာတတ် ပုဂ္ဂိုလ်တစ်ဦး ဖြစ်ကြောင်း မအိမ်ကံ ကြားဖူးပါ၏။ မီတော့မမီလိုက်။ သမီး ကလေး မမွေးခင် နှစ်ရက်လောက်က မအိမ်ကံ မက်ခဲ့သော အိပ်မက်ကိုလည်း မလှအုံကို မေးရပါ၏။ သမီး မမွေးခင်မက်ခဲ့သော အိပ်မက်က ထူးဆန်းသည်။ မအိမ်ကံ မိကျောင်းသား စားရသည်ဟု အိပ်မက်မက်ခဲ့သည်။

အိပ်မက်ထဲမှာ လူကြီး တစ်ယောက်က တောင်းကြီးတစ်တောင်း ထမ်းလာသည်။ သွေးတွေက တပေါက်ပေါက် ကျလျက် ရှိသည်။ မအိမ်ကံက ဘာသည်လဲ ဆိုတော့ မိကျောင်းသားပါ ဆို၏။ မိကျောင်းသား စစ်ရဲ့လားဟု မအိမ်ကံက မေးတော့ တောင်းကြီးချကာ မိကျောင်းခေါင်းကြီးကို တောင်းထဲက ထုတ်ပြ တော့သည်။ မအိမ်ကံက မိကျောင်းသား ပိဿာတွဲကြီး တစ်တွဲ ၀ယ်လိုက်ပြီး ကိုယ်တိုင်ချက်သည်။ ဟင်းအိုးပင် ဖိုခွင်ပေါ်က မကျသေးဘဲ မအိမ်ကံ နှိုက်နှိုက် စားတာနှင့် ပိဿာတွဲ တစ်တွဲချက် ကုန်သွားသည်။



6 comments:

ဖိုးစိန် said...

စာလာဖတ်တယ်သယ်ရင်းကြီးရေ
သယ်ရင်းအဆင်ပြေတယ်ဟုတ်
ပျော်ရွှင်ပါစေ
ချစ်တဲ့
ဖိုးစိန်

ကောင်းကင်ပြာ said...

အမ သိပ်ကြိုက်လို့ လတိုင်းစောင့်ဖတ်ရတဲ့ မအိမ်ကံပါ ၊ ကျေးဇူး မောင်လေး

ကြယ်ဖြူစင် said...

အရမ်းကြိုက်ပါ၏..အဆင်ပြေရဲ့လားကိုရီနို...

သားကြီး said...

ကျနော်အမြဲစောင့်ဖတ်ခဲ့တာပေါ့ ရွေအမြုတေမှာတုန်းက ခုလိုblogပေါ်မှာဒီလိုပြန်ဖတ်ရလိမ့်မယ်လို့ဘယ်တုန်းကမှမမျှော်လင့်ခဲ့ဖူးဘူး ကျေးဇူးပါပဲဗျာ အရမ်းကောင်းတဲ့စိတ်ကူးပါ ။

မိုးစက်အိမ် said...

မဖတ်ရသေးတာလေး ဖတ်ရလို.ကျေးဇူးပါ အကို...

နေဒေးသစ် said...

မိန်းမကို ပြောပြရမယ့် ဟာလေးတွေ မှတ်မိလိုက်ပြီ ... ကလေးရလို့ ခြောက်လပြည့်ရင် ထမင်းခွံ့ရမယ် ... သုံးလမြောက်ရင် မြေနင်းခိုင်းရမယ် ...မြေနင်းရက်မှာ အဂါင်္ စနေရှောင်ရမယ် .. အယုံအကြည်ရှိလို့ရယ်တော့ မဟုတ် .. ဒါပေမယ့် ရှေးလူကြီးစကား သိထားတော့လည်း ကိုယ့်အတွက် မမှားဘူးပေါ့ ....