November 5, 2011

ဆန္ဒများနှင့် အမှတ်တရ

ပန်းကြာဝတ်မှုန် .... ဒီနာမည်ကို ကျွန်တော်အလွန်မှ နှစ်သက်မိပါတယ်။ ဘယ်ကဘယ်လို စကြားဖူးနေမှန်း မသိပင်မဲ့ ကျွန်တော်နားထဲမှာ လွန်စွာမှ ရင်းနှီးနေပြီးသားပါ။ ကျွန်တော်ကိုယ်တိုင်က စာဖတ်အလွန် အားနည်းသူတစ်ဦးဖြစ်သလို၊ စာရဲ့အစကို ဖတ်ကြည့်လိုက်လို့ ကျွန်တော့် အကြိုက်မတွေ့ပါက ဆက်ဖတ်လေ့ မရှိပါဘူး။ ဒါပင်မဲ့ ကျွန်တော့်ရဲ့ စိတ်ကို ဆွဲဆောင်မှုအပေးနိုင်ဆုံးဖြစ်တဲ့ မအိမ်ကံ ဝတ္ထုရှည်ကတော့ စ၊လယ်၊ဆုံး စာဖတ်သူတစ်ယောက်ဖြစ်တဲ့ ကျွန်တော့်ကို အပြည့်အဝ ကျေနပ်မှုတွေရစေခဲ့တဲ့ ဝတ္ထုဖြစ်သလို၊ စာရေးတဲ့ နေရာမှာ ဘဝဆန်းဆန်း ရေးတက်တဲ့ ဆရာမ ခင်ခင်ထူး ကိုလည်းလေးစားအားကျရပါတယ်။

အွန်လိုင်းမှာ ဆရာမရဲ့ ပန်းကြာဝတ်မှုန် .... ဝတ္ထုကို ဖတ်လိုက်ရတဲ့ အချိန်မှာလည်း ကျွန်တော်ရဲ့ စိတ်တွေဟာ အလွန်တရား ကျေနပ်မှုတွေ ရစေခဲ့ပြန်ပါတယ်။ ကွန်ပြုတာပေါ်မှာရှိတဲ့ ခလုပ်လေးကို တစ်ချက်ချင်းနှိပ်ပြီး ဖတ်ရတဲ့ အရသာထက် လက်မှာ စာအုပ်တစ်အုပ်လုံးကို ကိုင်ပြီးဖတ်ချင်လာရတဲ့ အထိဖြစ်စေခဲ့ပြန်ပါတယ်။ လက်မှာကိုင်ပြီးဖတ်ချင်တဲ့ ဆန္ဒလေးပြည့်ဝစေဖို့ အတွက် ကျွန်တော် အချိန်တော်တော်လေး ပေးလိုက်ရပြန်ပါသေးတယ်။ လက်ဖက်ကောင်း စားချင်ရင် ပလောင်တောင်တက် နှေးရတယ်ဆိုတဲ့ စကားပုံကို ကျွန်တော် သွားသတိရမိပါတယ်။ အွန်လိုင်းမှာ တစ်ခေါက်ဖတ်ပြီးခဲ့တဲ့ ပန်းကြာဝတ်မှုန် ကို နောက်တစ်ခေါက် လက်ထဲမှာ ခိုင်းဖတ်နိုင်ဖို့ ကျွန်တော်ပေးလိုက်ရတဲ့ အချိန်နဲ့ အကြောင်းအရာလေးတွေက ရှိလို့နေပြန်ပါတယ်။ 

ပထမဆုံး ရန်ကုန်မှာ ရှိတဲ့ အမတစ်ယောက်ကို ကျွန်တော် ဆရာမရဲ့ စာအုပ်ကို လှမ်းမှာလိုက်ပါတယ်။ အေး... ဝယ်ပြီးပို့ပေးမယ်ဆိုတဲ့ အတွက်ကြောင့် ကလေးငယ်တစ်ယောက်လို ကျနော် ပျော်ရွှင်ခဲ့ရပါတယ်။ မကြာခင် ကျွန်တော်လိုချင်နေတဲ့  အရာဝတ္ထု လက်ထဲရောက်လာတော့မယ်ဆိုတဲ့ အသိကလည်း ကျွန်တော့်ကို တက်ကြွစေပြန်ပါတယ်။ အချိန်ကာလတစ်ခုအရောက်မှာတော့ အသိအမ ရက်ရှည်နေမကောင်း ဖြစ်နေတာကြောင့် နှုတ်ခမ်း ဆီတဝင်းဝင်း ဖြစ်နေတဲ့ မုန့်ဆီကြော်လေး ဘယ်ရောက်သွားမှန်း မသိ ဖြစ်သွားခဲ့ရပါတယ်။ 

ပလောင်တောင်တက် ဘယ်လောက်ပဲ နှေးနေပါစေ လက်ဖက်ကောင်းကောင်း စားရဖို့ အတွက်ပဲဆိုတဲ့ စိတ်ကြောင့် နောက်ထပ်ရမဲ့ အခွင့်အရေးကို စောင့်နေခဲ့ပါတယ်။ သိပ်မကြာလိုက်တဲ့ အချိန်အတွင်းမှာပဲ အသိအစ်ကိုတစ်ယောက် မြန်မာပြည်ပြန်မယ်ဆိုတာကြောင့် ဘာမှာအုံးမလဲ လို့မေးတဲ့ မေးခွန်းအပေါ်မှာပဲ မဆိုင်းမတွ ကျွန်တော်အတွက် ဆရာမခင်ခင်ထူးရဲ့ ပန်းကြာဝတ်မှုန် .... စာအုပ် ဝယ်လာခဲ့ပေးပါလို့ မှာဖြစ်လိုက်တယ်။ ဖတ်ချင်တဲ့ ဆန္ဒပြင်းပြနေပင်မဲ့ တစ်လဆိုတဲ့ အချိန်က သိပ်မကြာပါဘူးလေလို့  ကိုယ့်စိတ်ကိုယ် ပြန်.. ပြန်ပြောနေရတယ်။ ဖုန်းမြည်သံနှင့်အတူ တွေ့လိုက်ရတဲ့ ဖုန်းပေါ်မှာပေါ်နေတဲ့ ခေါ်ဆိုသူ ရဲ့နာမည်ကြောင့်တဒင်္ဂ ပျော်ရွှင်မှုဟာ ကျွန်တော် ဘာနဲ့မှ မလဲနိုင်ပါဘူး။ ..အေးကွာ.. ပြန်လာရတော့လည်း ရုတ်တရက်ကြီး...၊ မလာခင်ရက်ပိုင်းလေးမှ အဖေက ဆေးရုံးတင်လိုက်ရတယ်....။ ဒီအသံတွေကို ကြားလိုက်ရတဲ့ အချိန်ထိ ကျွန်တော့်ရဲ့ မျှော်လင့်ချက်လေးကို ကိုင်ထားနေမိတုန်း။ 
 
ကျွန်တော်ကိုယ်တိုင်   တောင်တက်လာခဲ့မိတာ ဘာလိုလိုနဲ့ တစ်ဝက်တောင်ရောက်နေမှပေါ့။ တစ်နေ့တစ်လှမ်း ပုဂံ ဘယ်မရွေ့ဆိုသလို( စလုံးပေါင်း သတ်ပုံနှင့် စကားပုံများ မှားနေနိုင်ပါသည်)၊ တောင်ကြီး ဖဝှားအောက် ဆိုတဲ့ စကားကြောင့် ဖြေးဖြေးမှန်မှန် တက်လာခဲ့ပြန်ပါတယ်။ ဒီတစ်ခါတော့ ဘယ်လိုနည်းနဲ့မှ မလွဲနိုင်မှန်း သေချာသလောက် ဖြစ်နေတဲ့ ဒုတိယအသိ အမတစ်ယောက်နဲ့ ထပ်မှာလိုက်ပြန်ပါတယ်။ သူမပြန်တာက တပတ်ပဲ ဆိုတော့ကာ ဒီထပ်သေချာတာ ဘယ်ရှိနိုင်ပါ့တော့မလဲ။ ဖင်လှည့်ခေါင်းလှည့်နဲ့ တစ်ပတ်ဆိုတဲ့ အချိန်လေးပြည့်သွားတဲ့ အချိန်မှာတော့ ရှေ့ခြေတစ်လှမ်း လှမ်းဖို့ ကူထောက်ပေးထားရတဲ့ နောက်ခြေ ချော်သွားရသလိုပါပဲ။ ပုံမှန်အနေအထား မဟုတ်တော့ပဲ ယိမ်းယိုင်သွားစေခဲ့တာတော့ အမှန်ပါ။ သို့သော် တောင်တက်သူတို့ရဲ့  သတိဆိုတဲ့ အသိတချက်ကြောင့် ကျနေပြီးဖြစ်တဲ့ စိတ်ဓါတ်ကို မသိချင်ယောင်ဆောင်ပြီး မေ့ထားလိုက်ရပါတော့တယ်။
လိုချင်နေတဲ့ အချိန်မှာ လွယ်လင့်အကူ မရတက်တာ လောကနိယာမ ဆိုတာထက် ကျွန်တော့်ရဲ့ကြမ္မာလို့ ပြောရမလိုဖြစ်နေပါပြီ။ မေ့ထားလိုက်တာ မေ့လောက်ပြီးဆိုတဲ့ အချိန်မှာမှ ကျွန်တော်ဆီကို ( ပထမ အသိအမ ဆီမှ ) အီးမေးလ်လေး တစ်စောင်ရောက်လာတယ်။ 

ငါ .... မနေ့ကပဲ နင်လိုချင်နေတဲ့ စာအုပ် ( ပန်ကြာဝတ်မှုန် ) ကို စာတိုက်ကနေပို့ပေးလိုက်ပြီ။
ငါ... သိချင်တာလေး တစ်ခုလောက်တော့ နင့်ကို မေးချင်တယ်။ ( ဖြေနိုင်မယ် ဆိုရင်ပေါ့ )
ဘာကြောင့် ပန်းကြာဝတ်မှုန် ....ဆိုတဲ့ ဝတ္ထုကို မှာရတာလဲဆိုတာ ပြောပြနိုင်ရင် ပြောပြပါလား။

ကျွန်တော်ချက်ချင်းပဲ အကြောင်းပြန်စာ ချရိုက်ရေးလိုက်ပါတယ်။

အမ. . .  ဒီမေးခွန်းကို တကယ်မသိလို့ မေးတာလား ၊ ဒါမှမဟုတ် သိလျှက်နဲ့ မေးနေတာလား။
တကယ်မသိလို့ မေးတာဆိုရင်တော့ ပန်းကြာဝတ်မှုန် .... စာအုပ်ကို တစ်ခေါက်လောက်
ဖြစ်ဖြစ်ဖတ်ကြည့် စေချင်တယ်။ အမ ဖတ်ဖူးသွားရင်တော့ ဘာကြောင့် ကျွန်တော် လှမ်းမှာရတာလဲ
ဆိုတာ အမ သဘောပေါက်သွားပါလိမ့်မယ်။ 
ဒါမှမဟုတ် သိရက်နဲ့ မေးတာ ဆိုရင်တော့ အဖြေတူမတူ တိုက်စစ်ချင်လို့ပဲလို့ ကျနော် နားလည်လိုက်ပါ့မယ်။
ကျွန်တော် အဖြေကိုတော့ မမေးပါနဲ့တော့။
အမ သိထားပြီးဖြစ်တဲ့ အဖြေနဲ့ ထပ်တူပါပဲလို့ ပြောပါရစေ။
( ဘာပဲ ဖြစ်ဖြစ် စာအုပ်ပို့ပေးတဲ့ အမကို ကျေးဇူးတင်ပါတယ်)

လေးစားစွာဖြင့် 
ရီနိုမာန်

4 comments:

rose of sharon said...

လာငှားဖတ်မယ်...

ချော(အစိမ်းရောင်လွင်ပြင်) said...

ဖတ်ရသေးဘူး
ဒီလောက်တောင် ဇွဲနပဲနဲ့ ဖတ်ဖို့ ကြိုးစားခဲ့ရတယ်ဆိုတော့ သိပ်စိတ်ဝင်စားသွားတယ်
ရှာဖတ်ဦးမယ်
လူကြုံရှိရင် မှာလိုက်ဦးမှ..

မောင်မျိုး said...

သီ၇ိမေက တကယ်လေးစားဖို့ကောင်းတဲ့ အမျိုးသမီးတစ်ယောက်ပဲ သူ့ဘ၀မှာ အပြောင်းလဲတွေ အများကြီးကြုံရပေမယ့် အောင်မြင်တဲ့ စီးပွားရေးသမားတစ်ယောက်ဖြစ်နေတာကို “ မောင်” နဲ့ သူ ဇတ်သိမ်းမှ ၄၀ ကျော်မှ ပေါင်းဖက်ခွင့်ရတယ်လို့ ကျနော်တော့ တွေးပစ်လိုက်တယ် ။

ကျနော့် အကြိုက်ဆုံး အခန်းကတော့ ကျောင်းတွေပြီး ကွဲသွားပြီးတဲ့နောက် သူငယ်ချင်းတွေ ပထမဆုံးပြန်ဆုံပြီး ဘ၀အကြောင်း ဖွင့်ဆိုသွားကြတာလေး သိပ်ကြိုက်တယ် ။ ကျနော်လည်း တလောကမှဖတ်ဖူးတယ် ပန်းကြာဝန်မှုန်း)

ko said...

ဒီဝတ္ထုကို ဇာတ်ကားရိုက်ထားပြီးပြီလေ သက်မွန်မြင့်ရယ်၊နိုင်းနိုင်းရယ်၊ဖြိုးငွေစိုး၊မေကဗျာ၊စည်သူမောင်၊သီရီရှင်းသန့်၊သင်းသင်းယုလှိုင်၊ခင်လေးနွယ် တို့နဲ့ရိုက်ထားတာလေ tralier တော့ကြည့်ဖူးတယ် orginal တော့ထွက်သေးဘူးဗျ အရမ်းကြည့်ချင်တာပဲ အွန်လိုင်းကနေဖတ်လို့ရမယ့် ဆိုဒ်ရှိရင်လင့်ခ်ပေးပါအုံး