March 2, 2010

သူငယ်ချင်းများသို့ အိတ်ဖွင့်ပေးစာ - ၃

ကိုယ်က ငယ်ငယ်ကတည်းက တစ်ယောက်ထဲ သီးသီးသန့်သန့် နေရတာကို အရမ်းနှစ်ခြိုက်ခဲ့တယ်။ ကိုယ်နားလည်တဲ့ အရွယ်ရောက်တဲ့ အချိန်ကစပြီး အမေ၊အဖေတို့နဲ့ ခွဲအိပ်ဖို့ ကိုယ်ကပဲ စတောင်းဆိုခဲ့တာ။ ကိုယ့်အတွက် ကုတင်တလုံးနဲ့ အိပ်ရာခင်း အပြည့်အစုံ တစ်စုံလုပ်ပေးခဲ့ရတယ်။ ကိုယ်အဖေက ကိုယ့်ကို သိပ်ချစ်တော့ ခွဲမအိပ်စေချင်ဘူး။ ကိုယ်က အဖေကို " သားအိပ်ယာမှာပဲ သားအိပ်ချင်တယ်။ အဖေ သားနဲ့ အိပ်ချင်ရင် သားဆီမှာ လာအိပ်" လို့ ပြောတော့ ကိုယ်နဲ့ လာလာအိပ်တယ်။ မနက်ကြရင်တော့ ကိုယ်နဲ့ အတူတူ မရှိတော့ဘူး။ သူတို့ အိပ်တဲ့ အိပ်ယာဆီကိုပြန်ရောက်သွားတယ်။ ဘာကြောင့်လဲ ကိုယ်မသိခဲ့ဘူးလေ။ (ငယ်သေးတာကိုး) ကိုယ်ကတော့ ကိုယ့်အိပ်ယာမှာ ကိုယ်အိပ်ရတော့ ကျေနပ်ခဲ့တာပေါ့။

နောက်တစ်ခု အကျင့်ဆိုးကတော့ ငယ်ငယ်ကတည်းက ခုချိန်ထိပဲ ဆိုပါတော့။ သူငယ်ချင်းအိမ်တွေ လိုက်မအိပ်ခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်အိမ်မှာ အိပ်သလိုမအိပ်ရမှာဆိုလို့။ သူငယ်ချင်းတွေကိုပဲ ကိုယ်အိမ်မှာ ခေါ်အိပ်ခဲ့တယ်။ နောက်ပိုင်း အရွယ်ရောက်လာတော့ သူငယ်ချင်းတွေက ကိုယ်ကို အတင်းခေါ်ရင်တော့ ကိုယ်မေးနေကျ တစ်ခုကတော့ ....ငါ့ကို အခင်း ခင်းဖို့ စောင်တစ်ထည် အပိုပေးနိုင်လား။ ပေးနိုင်မှ လိုက်အိပ်မယ်လို့...။ ငယ်ငယ်ကတည်းက အကျင့်လိုဖြစ်နေတာ ခုချိန်ထိလုံးဝ ပြင်လို့မရဘူး။ ခေါင်းအုံး၊ စောင် မရှိလို့ရတယ် အနွေးဓာတ်ရတဲ့ အခင်းမရှိရင်တော့ ကျနော် အိပ်ဖို့ အတွက်တော်တော်ခက်ခဲတဲ့ ညတွေလို့ ပြောလို့တောင်ရနိုင်ပါတယ်။

ကိုယ်မှတ်မိနေသေးတယ်။ ကိုယ် (၇) နှစ်သားလောက်ကပေါ့။ ကိုယ့် အဖေတာဝန်ကျတဲ့ ပုသိမ်ကိုပြောင်းဖို့ ပစ္စည်းတွေ အားလုံးကိုသိမ်းပြီလို့ သင်္ဘောပေါ်ပို့ထားပြီးပြီ။ အိမ်မှာ အဖေရယ် အမေရယ် ကိုယ် အိပ်ဖို့ ခေါင်းအုံးနှစ်လုံး စောင်တစ်ထည် နဲ့ ဖျာတစ်ချက်ပဲ ရှိတော့တယ်။ အိပ်ခါနီးမှ ကိုယ်သိလိုက်ရတယ်။ အိပ်မယ်လုပ်တော့ ကိုယ်ကို စောင်တစ်ထည်ပဲပေးတယ်။ အခင်းကောလို့ မေးတော့ အမေက ဒါပဲရှိတယ်။ အာလုံးသိမ်းလိုက်ပြီးတဲ့၊။ ကိုယ် စိတ်တွေဆိုးနေခဲ့ပြီ။ ကိုယ်စိတ်ဆိုးတာကို သိတဲ့ အဖေနဲ့ အမေလည်း ကိုယ့်ကို ဘာမှ မပြောတော့ပဲ အိပ်လိုက်ကြတော့တယ်။ မအိပ်နိုင်သေးတာက ကိုယ်။ အရမ်းလည်း အိပ်ချင်နေပြီ။ နောက်ဆုံးမှာ ကိုယ်ရထားတဲ့ စောင်လေးကိုဖြန့်ခင်းပြီ လှဲလိုက်မှပဲ အိပ်ပျောသွားတော့တယ်။ အဲဒီကတည်းက ကိုယ့်အကြောင်းကိုယ် ကောင်းကောင်း သိသွားတော့တယ်။ အခင်း( စောင်(ဝါ) မွေ့ယာ) မရှိရင် အဲ့ဒီညတွေဟာ ကိုယ်အတွက်တော့ ခက်ခက်ခဲခဲ ကို ဖြတ်ကျော်ရမဲ့ ညတွေပေါ့။

ကိုယ့်အမေက နတ်တွေကိုယုံတယ်။ အိမ်မှာတော့ အိမ်တွင်းနတ်ကလွဲလို့ ဘာနတ်မှတော့ မရှိဘူး။ ဒါပေမယ့် နှစ်တိုင်းတော့ ထိုင်ကနား ပေးခဲ့တယ်။ ကိုယ်အဖေကတော့ စစ်သားကလဲ စစ်သား၊ ကရင်ကလဲကရင် ဆိုတော့ ဘုရားကလွဲပြီး ဘာမှ ကို မယုံကြည်ဘူး။ ကိုယ်အမေ လုပ်နေတာတော့ ဘာမှ ဝင်မပြောဘူး။ ကိုယ်အမေကလည်း နတ်ကတော်ကို တစ်ဦးတည်း ပုံမှန်မသုံးခဲ့ဘူး။ သူကအရင် စမ်းသေးတယ်။ စမ်းလို့ ကျေနပ်မှ နတ်ပွဲပေးတာ။ ကိုယ့်အမေ နတ်ကတော်တွေကို စမ်းသပ်တဲ့ အချိန်မှာတော့ ကိုယ်က အစမ်းသပ်ခံဘဝပေါ့။ အမှတ်(၁) မှာ ကိုယ်ပြောခဲ့ဖူးတယ်မလား။ ကိုယ်ကို နတ်တွေဆီက ပြန်တောင်းထားတာလို့လေ။ အဲဒါ ကိုအမေရဲ့ နတ်ကတော်တွေကို စမ်းသပ်ဖို့ နည်းတစ်နည်းဖြစ်ခဲ့ရတယ်။ ကိုယ်အကြောင်းမသိတဲ့ နတ်ကတော်က နတ်ဝင်ပြီး မှန်အောင်ပြောနိုင်ခဲ့ရင်တော့ ကိုယ့်အမေလက်ခံတဲ့ နတ်ကတော်ဖြစ်ပြီး သူနဲ့ နတ်ပွဲ ပေးဖြစ်တယ်။

နတ်မယုံတဲ့ ကိုယ်အဖေကိုတောင် ယုံကြည်လောက်အောင် ပညာပြနိုင်တဲ့ နတ်ကတော်ကိုလည်း ကိုယ်တွေ့ခဲ့ဖူးတယ်။ ကိုယ်အမေက နတ်မေးတာ နည်းနည်း နတ်ကတော်ကို ပညာစမ်းတာများများရယ်။ အိမ်မှာနတ်တင်တဲ့ နေ့ဆို အဖေက တနေ့လုံး ပြန်မလာဘူး။ အမေက ကြိုမှာထားတာ။ ညပိုင်း ပွဲပြီးလောက်ပြီးဆိုမှ ပြန်လာတာ။ အဲဒီနေ့ အဖေက နေ့လည်ခင်းကြီး ပြန်လာခဲ့တယ်။ အမှန်က အမေက နတ်ကတော်ကို နတ်ဝင်နေတဲ့ အချိန်မှာ အဖေကိုလှမ်းခေါ်ခိုင်းတာ။ စမ်းတဲ့သဘောပေါ့။ အဖေကိုမေးတော့လည်း ပြန်လာချင်တဲ့ စိတ်ဖြစ်နေလို့တဲ့လေ။ အဖေကိုပြောပြတော့ သိတဲ့ အတိုင်း မယုံဘူးလေ။ ငါ့ဟာငါပြန်လာတာ မင်းတို့နတ်တွေ နဲ့ ဘာဆိုင်လို့လဲတဲ့။ ဝင်နေတဲ့ နတ်က ကိုကြီးကျော်နတ်။ အဖေကိုရှေ့တိုးခိုင်းပြီ။ သူ့ကို မယုံဘူးမလားလို့မေးတယ်..... အဖေကလည်း .... ဟုတ်တယ် ... မယုံဘူးတဲ့။ အဖေကလည်း အရက်သောက်တဲ့ လူ။ ကိုကြီးကျော်ကလည်း အရက်သောက်တဲ့ နတ် ဆိုတော့... ညီဘွား မသောက်ရသေးဘူးမလားလို့... မေးလာတယ်။ အဲဒါဆို ဒီနေ့ အတွက်ညီဘွားအရက်သောက်စရာမလိုဘူး..... ကိုကြီးရဲ့ အမူးတွေအကုန်ထားခဲ့မယ်.. ဆိုပြီး နတ်လည်း ပြန်ကြွသွားတော့ အဖေလည်း အရက်မူးပြီကျန်ခဲ့ပါတော့တယ်။

အဲ့နောက်ပိုင်း အဖေလည်း နတ်တွေကိုနည်းနည်းယုံလာခဲ့တယ်။ ကိုယ်လည်း မယုံကြည်ပေမယ့် လက်ခံသင့် သလောက်တော့ လက်ခံလိုက်ပါတယ်။ ဒါပေမယ့် ကိုယ်လည်း ကိုယ်အမေလိုပဲ စမ်းသပ်ချင်တဲ့ စိတ်ကလေးကတော့ ကိုယ့်မှာ ပါလာခဲ့တယ်။ .......

ဆက်ရန်......

လေးစားစွာဖြင့်
ရီနိုမာန်




7 comments:

Flower said...

နည်းနည်းတော့ တူသွားတယ်ရှင့်
ကျွန်မက ခြုံစရာနဲ့ အခင်းမပါရင် လုံးဝအိပ်လို့ မရတတ်ခဲ့ဘူး..
လူတစ်ကိုယ် အကျင့်တစ်မျိုးပေါ့နော်.. တကယ်တမ်းတော့ အစွဲအလန်းမထားတာ အကောင်းဆုံးလို့ဆိုပေမဲ့
အကျင့်ဆိုတာ ပြင်နိုင်ခဲလှပါတယ်..

Anonymous said...

အော်.. ဂလို။
ဆက်ပါ။

noblemoe said...

လူတစ်ယောက်နဲ့ တစ်ယောက်တော့ မတူုဖူးပေါ့ လေ
အမ ကတော့ ဘယ်လောက်ပူပူလေ စောင်မရှိရင်မအိပ်
တတ်တဲ့ သူလေ။ နတ်ကအဲဒီလောက်တောင်စွမ်းသလား
ဒါဆို တို့ နိုင်ငံသာယာဖို့ လည်း သူ့ ကူခိုင်းမှထင်တယ်။
သာယာချမ်းမြေ့ပါစေနော်
မိုး

Anonymous said...

အဟေးးဟေးး ...မသောက်ရဘဲ မူးတဲ့ နတ်ကိုတော့ ခိုက်သွားပြီ။

မြစ်ကျိုးအင်း said...

ငါ့အကိုကျတော့ တမျိုးကွ စောင်မခြုံရရင် အိပ်မရဘူးဆိုပဲ။ ဘယ်လောက်ပူပူ ချွေးထွက်ခံပြီး စောင်ခြုံအိပ်တာကွ။ ဘေးကသူတွေကတော့ ကြည့်ရုံနဲ့တင် ချွေးပါ ထွက်လာတာပဲ။ အကျင့်လေးတွေ ကိုယ်စီ ၇ှိပေမယ့် တကယ့်တကယ် စွန့်လွှတ်ရမယ့် အချိန်ရောက်ရင်တော့ သက်သောင့်သက်သာ နဲ့ ပြတ်နိင်ဖို့လိုတယ် ထင်တယ်။

Mogok Thar said...

ညီလေးရော...
နတ်ကို ယုံလား..

လူဝင်စားတာတော့ သိပြီ....

Angel Shaper said...

အယ်...သမီးလဲအခြုံမပါရင် လုံးဝမအိပ်တတ်ဘူး။ အခင်းတော့မပါရင်နေပါစေ။
အကျင့်ဆိုတာတော့ တကယ်ကိုဖျောက်ဖို့ခက်လှပါတယ်နော့်။
ဆက်ပါဦးလေ။