February 19, 2010

သူငယ်ချင်းများသို့ အိတ်ဖွင့်ပေးစာ - ၂

ဒီလိုနဲ့ ကိုယ့်ကိုမွေးလာခဲ့ပြီဆိုပါတော့။ ကိုယ်က ကံကောင်းတယ်လို့ပဲပြောရမယ်။ ကိုယ့်အဖေ နဲ့ ကိုယ့်အမေယူခါစက ကိုယ့်အဖေက ရဲဘော်ဘဝနဲ့ အခြားအဆင့်ပဲ ရှိသေးတယ်။ ကိုယ့်အကို မွေးပြီနောက်ပိုင်း မှ အရာရှိဖြစ်လာတာ။ အဲလိုဆိုတော့ ကိုယ်ကိုမွေးတော့ ကိုယ်က ဗိုလ်ကြီး သားဖြစ်နေပြီပေါ့။ ကိုယ့်ကို မွေးပြီးတဲ့ အချိန်ကစပြီး စနေဂြိုလ်ဆိုတာကြီး မဝင်ခင်အချိန်ထိတော့ ကိုယ့်ဘဝမှာ လိုလေသေးမရှိနေခဲ့ရတယ်။ လက်ညှိုးညွှန်းရာရေဖြစ်တယ် ဆိုတဲ့ စကားက ကိုယ့်ကိုများရည်ရွယ်သလားလို့ ထင်ရလောက်အောင် အေးအေးချမ်းချမ်းနဲ့ လိုချင်တာ နှစ်ခါ မပူဆာရပဲ အလွယ်တကူနဲ့ ရခဲ့တယ်။

ကိုယ်မှာ အဖေနဲ့ တူတဲ့ အနေအေးတဲ့ အကျင့်ရယ်၊ အမေနဲ့ တူတဲ့ စကားပြောတတ်တဲ့ အကျင့်နှစ်ခုကို ပိုင်ဆိုင်ထားတယ်။ကိုယ်က တစ်ယောက်တည်းနေရတာကို နှစ်သက်သလို၊ အပေါင်းအသင်းတွေနဲ့ ပျော်ပျော်ပါးပါး နေရတာကိုလည်း နှစ်ခြိုက်မိပြန်တယ်။ ဟန်မဆောင်တက်တာတော့ ကိုယ်ရဲ့အားနည်းချက်ပဲ လို့ ပြောရမှာပဲ။ စိတ်ထဲမှာ စိတ်ညစ်စရာတွေ နဲ့ကြုံပြီးဆိုရင် ကိုယ်ရဲ့မျက်နှာမှာ အရမ်းသိသာတယ်။ တစ်ခုခုဆို ကိုယ်မျက်နှာကိုကြည့်တာနဲ့ သိတယ်။

ကိုယ့်ကိုမွေးပြီ ငါးနှစ်သားအထိ တောင်ငူမှာပဲနေခဲ့ကြတယ်။ ကိုယ်မှတ်မိနေသေးတယ်။ တောင်ငူက တပ်တွင်းနှစ်ထပ်ကျောင်းကြီးကိုပေါ့။ အရမ်းကိုကျောင်းတက်ချင်ခဲ့တာ။ သူငယ်တန်းပဲ နေခဲ့ရတယ်။ ကိုယ်အဖေက ကရင်စကားတက်တော့ သံတောင်၊ ကျောက်ကြီး တို့ဘက်ကိုသွားပြီး စည်းရုံးရေးဆင်းရတယ်။ ကိုယ်အဖေက အရက်လည်းသောက်တော့ အဲဒီဘက်မှာ ရှိတဲ့ ကရင်တွေနဲ့ အဆင်ပြေတယ်။ ကိုယ့်အဖေကိုလည်း သူတို့ ချစ်ကြတယ်။ ရာသီအလိုက် ပေါ်တဲ့ ရာသီအစားအစားတွေဆို အိမ်မှာ အပြည့်ပဲ။ သူတို့တွေ လာပို့ကြတာလေ။

ကိုယ့်အမေက ကရင်ဒုံးယိမ် အကကိုကတက်တော့ တစ်ခါတစ်လေ အဖေ စည်လုံးရေးဆင်းတဲ့ ဒေသကိုလိုက်ပြီ ဒုံးအက လိုက်ကခဲ့ရတယ်။ နောက်ပြီးကိုယ့် အမေက ဘော်လီဘောလည်းကစားတယ်။ အဖေနဲ့ မယူခင်တုန်းက တိုင်းအဆင့်ထိ လိုက်ကစားဖူးတယ်။ ကိုယ်က အမေနဲ့တူလို့ဖြစ်မယ်။ ဘော်လီဘောကစားရတာ ဝါသနာပါတယ်။ ဘောလုံး မြေထိသံကြားရင် ကိုယ်မနေနိုင်တော့ဘူး။ အသံကြားရာ အရပ်ကို ရောက်အောင်သွားတယ်။ ကစားတယ်။

ဒီလိုနဲ့ ကိုယ်ငါးနှစ်သားမှာ ဖျာပုံကို ပြောင်းရတယ်။ ဖျာပုံရောက်တော့ အဖေက ရှေ့တန်းထွက်ရင် အမေနဲ့ ကိုယ်တို့က အဖွားရှိတဲ့ မြိုင်ကလေး (ကရင်ပြည်နယ်)မှာ လာနေကြတယ်။ ကိုယ့် အဖေအဲဒီတစ်ခေါက် စစ်ဆင်ရေးထွက်တာခြောက်လလောက် ကြာလို့ ကိုယ်တိုက ကျောင်းပါပြောင်းပြီ ဘားအံမှာ လာတက်ရတယ်။ ကိုယ်ကျောင်းသွားတိုင် အဖွားက ကိုယ့်ရဲ့ ထမင်းဘူးမှာ ငါးခြောက်ဖုတ်ပဲ ထည့်ပေးခဲ့တယ်။ အမေက အဖေဆီ စာရေးတဲ့ အချိန် သားငယ်ကော အဖေဆီ စာရေးလေ ဆိုတော့ ကိုယ်ရေးလိုက်တဲ့ အကြောင်းက " အဖေ သားတို့ကို မြန်မြန်လာခေါ်ပါတော့။ အဖွားက သားကို ငါးခြောက်ဖုတ်ပဲ ကျွေးတယ် " လို့ပေါ့။ အဲ အကြောင်းကို အဖွား မဆုံးခင်အချိန်ထိ ပြောလို့မဆုံး၊ပြောနေတုန်း။ ကိုယ်ကို သူအတွက် အမှတ်တရဖြစ်သွားစေခဲ့တာတော့ အမှန်ပဲလေ။ ဆယ်တန်းအောင်ပြီးတုန်းက အဖွားနဲ့ တစ်လသွားနေခဲ့တယ်။ ကိုယ့်ကို လုံးဝ ငါးခြောက်ဖုတ် မကျွေးတော့ဘူး။ အဲအချိန်မှာ ကိုယ်က ငါးခြောက်ဖုတ် အရမ်းကိုကြိုက်နေခဲ့ပြီ။ ကိုယ် သတိထားလိုက်မိတာတော့ ဝဋ် ဆိုတာ နောက်ဘဝ မကူးဘူးဆိုတာကိုပေါ့.........


ဆက်ရန်......

လေးစားစွာဖြင့်
ရီနိုမာန်


18 comments:

SHWE ZIN U said...

ဒီလောက်ကောင်းတဲ့ ငါးခြောက်ဖုတ် ကို အခုမှ ကြိုက်ရသလားဗျ

မျှော်နေပါတယ် မြန်မြန်ရေးပါဗျို့

Anonymous said...

ကျနော်လည်း ငါးခြောက်လုံးဝမစားဘူးဗျ
ကိုရီနိုက ပြန်ကြိုက်သွားတယ်ဆိုတော့ အံ့သြစရာပဲ

Anonymous said...

ကောင်းတယ်ဗျာ။ ဘိုင်အိုလေးရေးသွားတာ ၀ထ္ထုဖတ်နေရသလိုပဲ။ ကျန်တဲ့ အပိုင်းတွေကို မျှော်နေပါတယ်။

MogokTarr said...

ငါးခြောက်ကြိုက်တုန်းပဲပေါ့.။။။။

ကျောင်းကပွဲအကြောင်းး ပါအောင် ထည့်ရေးနော်...
ဓာတ်ပုံလေးနဲ့တကွ တင်ရင် ပို ပျော်ရမှာ...

ကျန်တဲ့အပိုင်းတွေလဲ စောင့်ဖတ်နေမယ်...။

ချစ်ခင်တဲ့

မေဇင် said...

နောင့် က ကျောက်ကြီးမြို့နယ်မှာနေတာ..... အဟဲ..ဒါပေမယ့် အဲ့တုန်းက နောင့် မမွေးသေးဘူးး))

Anonymous said...

မာမီ လုပ်ပေးတဲ့ ငါးခြောက်ဖုတ်ကလွဲရင် လုံးးးးဝမစားပါ။ ကြိုက်သူများကို အားကျပါသည်။ ကိုယ်လည်း ကြိုက်တတ်ချင်သည်။

ပို့စ်လေးက ဖတ်ရင်း စိတ်မကောင်းဖြစ်တယ်။
ငယ်ဘ၀ဆိုတာလေးကို ကိုယ့်အတွေးနဲ့ကိုယ် ပြန်ပြီး ပုံဖော်ကြည့်မိတယ်။ ဆက်ရန်မျှော်။

မြရေလျဉ် said...

စောင့်ဖတ်နေပါတယ်ဗျို့

ကြည်ဖြူပိုင် said...

ဟန်မဆောင်တက်တာတော့ ကိုယ်ရဲ့အားနည်းချက်ပဲ လို့ ပြောရမှာပဲ။ စိတ်ထဲမှာ စိတ်ညစ်စရာတွေ နဲ့ကြုံပြီးဆိုရင် ကိုယ်ရဲ့မျက်နှာမှာ အရမ်းသိသာတယ်။ တစ်ခုခုဆို ကိုယ်မျက်နှာကိုကြည့်တာနဲ့ သိတယ်။


<<<< အဲဒါတော့ကိုယ်လဲဒီအတိုင်းပဲ...အားနည်းချက်တစ်ခု >>>>ဆက်ရန်မျှော်မယ်နော်

မြစ်ကျိုးအင်း said...

မေ့လောက်မှ တခါတင်တာလား
ထပ်ဆက်အုံးလေ ။ ခပ်သွက်သွက်လေးရေးထားပေမယ့် ဘဝတခုကို ဖျတ်ခနဲ ဖျတ်ခနဲ မြင်နေရတယ်။
ဖတ်ရင်းနဲ့ ကိုယ့်အကြောင်းလေး ကိုယ် ရေးချင် စိတ်ဝင်မိတာတော့ အမှန်ပဲ။

Angel Shaper said...

ရင်ထဲတစ်မျိုးလေး ဖြစ်သွားတယ် အကိုရေ.....
ဆက်ရန်လေးကို ငါးခြောက်လေး ဖုတ်ရင်း စောင့်နေမယ်နော်။ အဟဲ..
အဆင်ပြေပျော်ရွှင်ပါစေလေ။။။။။

~ဏီလင်းညို~ said...

ကိုရီနိုရေ...
ဒီစာလေးဖတ်ပြီးတော့မှ ငါးခြောက်ဖုတ်စားချင်လာတယ်ဗျာ....။
မစားရတာ အတော့်ကိုကြာခဲ့ပြီလေ....း((
ဆက်ရေးဦးလေနော့....
ခင်မင်တဲ့
ဏီလင်းညို

ဆောင်းနှင်းရွက် said...

ဘောလီဘော ကစားလို့နဲ့ တူတယ်..
ကိုရီနို
တော်တော် ကိုယ်ရေစစ်တယ် နော် ...:P
ခွိခွိ ..!

ကိုလူထွေး said...

ချစ်ညီ ရီနိုရေ..

အခုလို စာမျိုးဖတ်ရတာ သဘောကျတယ်...

ငယ်ငယ်က မိသားစုဘဝ ပြန်မရနိုင်တော့ဘူး ဆိုပေမယ့် ငယ်ငယ်က အချိန်တွေကို သူငယ်ချင်းတွေနဲ့ ပြန်ပြောရတဲ့အခါ ခွန်အားသစ်တွေ ဖြစ်စေတာပေါ့...

ကြည်ဖြူပိုင် said...

အိမ်လွမ်းတော့မယ်ဆိုရင် မောင်းတီးလိုက်မယ်နော်
အဲဒိနေ့ ၀မ်းနှုတ်ဆေးစားပြီး ဗိုက်ချောင်အောင်လုပ်ထားပေါ့ :P

noblemoe said...

ကိုးရီးယားကားလို အပိုင်းလေးနဲ့ ရေးနေတယ်ပေါ့ လေ
သာယာချမ်းမြေ့ပါစေနော်
မိုး

ဇွန်မိုးစက် said...

ဖတ်ရင်းနဲ့တောင် ငါးခြောက်ဖုတ်စားချင်သွားပြီ။ စာကြွေးတွေ လာရှင်းသွားတယ်နော်။

လိုင် said...

ဘိုင်အိုဖတ်ရတာ ရုပ်ရှင်ကြည့်နေရသလိုပဲ

ဝက်ဝံလေး said...

အင်း ဂလု ငါးရံ့ခြောက်ကို ဆီလေး ရွှဲရွှဲ စမ်းပြီး ပလပ် ရှလွတ်
ကိုရီနိုရယ် ဗိုက်တောင် ဆာသွားပြီ ဟဟဟ