April 4, 2009

မအိမ်ကံ ( for April )



ရွှေအမြုတေ မှာ လစဉ်လတိုင်း ဖေါ်ပြနေတဲ့ မအိမ်ကံ ရဲ့ အခန်းဆက် ၀တ္တုရှည် ကို April လအတွက်ဖေါ်ပြပေးလိုက်ပါတယ်။
ဖတ်ရသူအားလုံး ကျေနပ်ကြလိမ့် မယ်လို့................ read more ကို ဆက်နှိပ်လိုက်ပါ။

"ရွှေမှုံ မိန်းကလေး မွေးသတဲ့လား"



ဘယ်ဆီ ဘယ်ဝယ်ကမှန်း မသိရသော အသံကြီးတွေက မအိမ်ကံကို တစာစာ မေးနေသကဲ့သို့ ရှိလေသည်။ အရီးကြာညွန့်က ရွှေမှုံ မိန်းကလေး မွေးပြီး
ဖြစ်ကြောင်း ရိုးရိုးကလေး ပြောသွားခြင်း ဖြစ်သော်လည်း မအိမ်ကံ အဖို့ မိုးကြိုးလောင်မီးကြီး ကျသကဲ့သို့ ဖြစ်ခဲ့ရသည်။ မိုးကြိုး ပုဆိန်ကြီး ခေါင်းပေါ် ဟက်တက်ကြီး ခွဲချလိုက်သဖြင့် ရှစ်စိတ်ရှစ်မြှောင်း ကွဲကျသွားသလို အဖတ်လိုက် ပြိုကျသွားခဲ့သည်။ နေရာမှာ ဘယ်လောက်များ ကြာကြာ ရပ်နေမိသည် မသိ။ သည်သတင်းက မအိမ်ကံကို ကျောက်ရုပ် တစ်ရုပ်လို ဖြစ်သွားစေခဲ့သည် မဟုတ်လား။

ရွှေမှုံတွင် ကိုယ်ဝန်ရှိနေပြီ ဆိုကတည်းက မအိမ်ကံ နားစွင့် နေခဲ့သည်။ ကျေးဥက ရွှေမှုံ နေ့စေ့လစေ့ကြီးနဲ့ ဆိုကတည်းက မအိမ်ကံရင်တွေ တုန်လှုပ် ခဲ့ရသည်လည်း အမှန်ပင်။ သို့သော် ကိုယ်ဝန် ဆိုတာက သားယောက်ျား ကလေးလည်း ဖြစ်နိုင်သည်။ သမီးမိန်းကလေးလည်း ဖြစ်နိုင်တာ မဟုတ်လား။ သည်တုန်းက မအိမ်ကံပင် တောင်တောင် အီအီတွေ လျှောက်တွေး နေဖြစ်ခဲ့ပါ၏။ တစ်ချိန်လုံး ရွှေမှုံ ယောက်ျားကလေး မွေးပါစေလို့ ဆုတောင်း ခဲ့ရတာလည်း အမော။ မိန်းကလေး မွေးလာ ခဲ့ရင်ကော။ တချို့ညတွေမှာ မအိမ်ကံ ချောက်ချောက် ချားချား တွေးမိသည့် အတွေးတစ်စ ဖြစ်ပါ၏။

"ငါကိုယ်တိုင် ဖက်စိမ်းကွမ်းတောင် မကိုင်ရတဲ့ ဘ၀မှာ ငါက မွေးတဲ့ သမီးကလေးကတော့ ဖက်စိမ်းကွမ်းတောင် ကိုင်ခွင့် ရစေရမှာပေါ့။ မအိမ်ကံ သမီးက ဖက်စိမ်း ကွမ်းတောင် ကိုင်ရသဟဲ့ ဆိုတာပဲ ဖြစ်ရမှာပေါ့။ တခြား ဘယ်သူ့သားသမီး ဖက်စိမ်းကွမ်းတောင် ကိုင်ရကိုင်ရ ကိုင်ကြစမ်းပစေ။ ရွှေမှုံ့သမီး မကိုင်ရစေဘူး။ ရွှေမှုံ့သမီးက ကွမ်းတောင် ကိုင်ရတယ် ဆိုရင် တစ်သက်မှာ ငါ နှစ်ခါရှုံး ရတော့မယ်။ နှစ်ခါ မရှုံးစေရဘူး။ ရွှေမှုံလည်း မိန်းကလေး မမွေး စေရဘူး"

မအိမ်ကံ သည်လိုပဲ တွေးနေခဲ့သည်။ သည်လိုပဲ သဘောရှိခဲ့သည်။ ရွှေမှုံ သားယောက်ျားလေး မွေးလျှင် ပြဿနာမရှိ။ သည်ကတည်းက ရွှေမှုံမွေးလျှင် သားယောက်ျားကလေး ဖြစ်ပါစေလို့ ဆုတောင်းခဲ့သည်။ နေ့စဉ်နှင့်အမျှ မမေ့မလျော့ဆု တောင်းသည်။ တစ်ခါတလေများ မကောင်းသည့် ဆုတောင်းများပင် တောင်းမိသည် အထိ ခံပြင်းစိတ်ကြီးခဲ့ရပါ၏။ အခုတော့ မအိမ်ကံ ဆုတောင်းတွေ လွဲခဲ့ရပါပကော။ မျှော်လင့်ချက်တွေ ပြိုကျခဲ့ရပါပကော။

"မအိမ်ကံ အိမ်ထဲဝင်လေ။ ဘယ်နှယ့် မတ်တတ်ကြီး ဘာတွေများ တွေးနေသာတုံး"

မလှအုံက ဆတ်ခနဲ လာကိုင်တော့မှ မအိမ်ကံ အသိပြန်ဝင် လာခဲ့ပါ၏။ မလှအုံကို ဘာမှပြန်မဖြေတော့ဘဲ မအိမ်ကံ အိမ်ပေါ် တက်ခဲ့သည်။ ဘယ်သူ့ကိုမှလည်း စကားမပြောချင်။ ရင်ထဲမှာ အပူလုံးကြီး မျိုချထားရသလို တင်းကျပ် လောင်မြိုက် နေတာကလည်း နေမထိ ထိုင်မသာ ဖြစ်နေရသည်။ မလှအုံက ဘယ်လို ပြောလိုက်သည် မသိ။ အမေပန်းရုံ အိမ်ပေါ်အထိ လိုက်လာသည်။ အမေ့ရှေ့မှာ ဘာမှမဖြစ်သလို နေပြသော်လည်း အမေပန်းရုံ ရိပ်မိပုံ ရသည်။

"ငါ့သမီး နေမကောင်းဘူးလား။ အစ်ကို့ကို နှမြောနေ သလား။ ပြောစမ်း ငါ့သမီး ဘာဖြစ်လို့လဲ"

အမေပန်းရုံကို မအိမ်ကံ မော့ကြည့် လိုက်သည်။ အမေ...။ အနှစ်နှစ်ဆယ် လုံးလုံး မအိမ်ကံ ကွမ်းတောင်ကိုင်ခွင့် မရှိမှန်း သိလျက်နှင့် ဖွင့်မပြောဘဲ ကျိတ်ခံစား ခဲ့ရှာသော အမေ။ တစ်ရွာလုံးကို ဖုံးခဲ့ဖိခဲ့သည့် အမေ။ သည်ရောဂါ၊ သည်ဝေဒနာ အသည်းပေါက်အောင် ခံစားနေရဆဲ ဖြစ်ကြောင်း မအိမ်ကံ မိခင်ကို နောက်တစ်ကြိမ် မသိစေချင် တော့ပြီ။ ကွမ်းတောင် မကိုင်ရတော့လည်း ပြီးတာပါပဲ အမေရယ် ဆိုသည့် ခံစားမှုမျိုးသာ ရှိသလို အလိုက်သင့် အလျားသင့် နေပြခဲ့သည်။ အမေပန်းရုံကလည်း သည်ကိစ္စ ပြီးပြီး ပျောက်ပျောက်လို့သာ သဘောထားခဲ့သည်။

"မသိပါဘူး အမေရယ် မအိမ်ကံ သည်မနက် စိတ်တွေ လေးသယ်။ ရင်ထဲမှာ မလင်းလှဘူး အမေ။ ဘာရယ်လို့လည်း မပြောတတ်ပါဘူး"

မအိမ်ကံက ခပ်ထွေးထွေး ကလေး ဖြေလိုက်သည်။ အမေပန်းရုံက မအိမ်ကံနဖူးကို စမ်းသည်။ လည်ပင်းကို လက်ခုံနှင့် စမ်းသည်။ အပူငွေ့မရှိ။ အမေပန်းရုံကတော့ တစ်သက်လုံးက ချစ်ခဲ့ရသော အစ်ကိုဖြစ်သူ အိမ်ထောင်ပြုခြင်းကို စိတ်မချမ်းသာ ဖြစ်နေတာပဲလို့ ထင်ရှာပုံရသည်။ တခြား ဘာမှတော့ မပြော။ သမီးဖြစ်သူကို သွေးဆေးကလေး လျက်ပြီး အသာမှေး နေဖို့သာ ပြောသည်။ မအိမ်ကံက အမေ့ရှေ့မှာ လူမမာ လုပ်မနေ ချင်သော်လည်း အမေ ကျေနပ်အောင် အသာလှဲ နေလိုက်သည်။

"အမေ မစံရွှေတို့ အိမ်ဘက် ကူးချေဦးမယ်။ ရွှေမှုံ မွေးသယ်ကြားလို့။ ကလေးမလေး မွေးရ ဖွားရ ခက်သယ်ကြားသယ်။ အခုတော့ မီးဖွားပြီးပြီ ကြားလို့ တော်ပါသေးရဲ့ အောက်မေ့မိသယ်။ ရတနာသုံးပါး ဂုဏ်ကျေးဇူးကြောင့် ထင်ပါရဲ့၊ ကလေးရော မအေပါ နေကောင်းကြသတဲ့"

"ဘာလေး မွေးသတဲ့လဲ အမေ"

မအိမ်ကံက ကြားပြီးသားပေမယ့် သေချာအောင် ထပ်မေးသည်။ အရီးကြာညွန့် ပြောခဲ့တာ မှားချင်လည်း မှားနိုင်တာပဲ မဟုတ်လား။ မအိမ်ကံ အမေ့ မျက်နှာကို ငံ့လင့်တကြီး မော့ကြည့် နေမိသည်။ အမေပန်းရုံကလည်း ဇဝေဇ၀ါ။ မအိမ်ကံမေးမှ သူလည်း သတိထားမိပုံရပါ၏။

"ယောက်ျားလေးဆို မှတ်သာပဲ။ သိပေါင်အေ ခဲရာခဲဆစ် မွေးရသယ် ဆိုသာက လှအုံကြားလာခဲ့သာ။ ညက တစ်ညလုံး အင်္ဂုလိမာလ သုတ်တွေ ရွတ်ကြရသတဲ့။ ခေါင်းကို သစ်ကျွတ်စ ထိုးပေးသာတောင် မနည်းမွေးရသာတဲ့"

သစ်ကျွတ်စ...။ သစ်ကျွတ်စ ဆိုတာ သစ်ပင်ကြီးကို ချိုင်ရာက အစထောင် ကျန်ရစ်ခဲ့သော ကိုင်းပြတ်စဖြစ်သည်။ ရွာတွေမှာ မီးနေသည် မီးမဖွားနိုင်လျှင် သစ်ကျွတ်စ ခေါင်းကဆံပင် ဆံထုံးတွင် ထိုးပေးလေ့ရှိကြတာ ထုံးစံပင်။ သစ်ကျွတ်စ ထိုးပေးလျှင် မွေးဖွားရ လွယ်သည်ဟု ယုံကြည်ကြသည်။ တချို့က တမာခက်ကို သွေး၍ တိုက်တတ်ကြသည်။ မဖြစ်မနေ တိုက်ရသည့် ရေမန်းကတော့ အင်္ဂုလိမာလသုတ်တော်ကို ခုနစ်ကြိမ်ရွတ်၍ ရေမန်းပြုခြင်း ဖြစ်သည်။ သရက်ပင်ငုတ်စိကို လက်ဖြင့် နောက်ပြန်နုတ်၍ သွေးတိုက်ကြတာလည်း ရှိပါ၏။ ရွာမှာ မီးနေစောင့်ဓလေ့ ရှိသည်။ မွေးဖွားမည့် ရက်ဝန်းကျင်မှာ မီးနေသည် အိမ်ကို သွားရောက် အိပ်ကြရခြင်း ဖြစ်သည်။ မီးနေစောင့်ရင်း နနွင်းတက် ထောင်းကြရသည်။ ဒိုင်းဆင့်၍ နနွင်းမှုန့် ချကြရသည်။ မီးနေဆောင်ထုပ်တွင် ကြိုးတစ်ချောင်း ချ၍ မီးနေသည်ကို ကိုင်ခိုင်းရသည်။ မီးနေသည်က ထိုကြိုးကို ကိုင်၍ အားယူရခြင်း ဖြစ်သည်။

"မီးနေသည် ဆိုသာ မီးအနားမှာ နေရသာကို ပြောသာပါအေ။ ညလားနေ့လား မွေးတော့မယ် ဆိုရင် မီးအိုးကင်းကြီးမှာ ထင်းထည့်ပြီး ဟူးဟူးလောင် ခိုင်းထားရသာ။ မျက်နှာ မြင်ပြီဆိုသာနဲ့ မီးနဲ့နေရပြီ။ နနွင်းကို ရေဖျော်ပြီးလိမ်း၊ ပြီးသာနဲ့ မီးဟပ်ခံ ရတော့သာပါအေ။ မသက်သာပါဘူး"

တစ်ခါက မလှအုံ ပြောပြဖူးသည့် မီးနေအလေ့ဖြစ်ပါ၏။ ထိုစဉ်က အမေပန်းရုံကပင် မလှအုံကို လှမ်းငေါက်သည်။ သမီး နုနုထွတ်ထွတ်ကို မဟုတ်က ဟုတ်က ပြောရပါ့မလား ဆိုကာ ငေါက်ခြင်း ဖြစ်သည်။ မလှအုံကတော့ အငေါက်ခံ နေရသည့်ကြားက ပြောစရာရှိတာ ကုန်အောင် ပြောသည်။

"မိန်းကလေး ဆိုသာ လောကနိယာမ ကင်းမှတ်လို့။ အပျိုတော့ကော သိထားတော့ မကောင်းဘူးလား။ မိဘကျေးဇူး ပေါ့ပေါ့မှတ်မှာ စိုးလို့ ပြောရသာ။ ကိုယ်ဝန်သည်များ သင်္ချိုင်းကို တစ်နေ့ မျက်စောင်းသုံးခါ ထိုးရသဲ့ဟာ၊ ဘာမှတ်လို့တုံး။ နေပါဦး ဘယ်နားတောင် ရောက်သွားပါလိမ့်။ အဲသာနဲ့ မွေးကရော"

"ပြောပါ မလှအုံရဲ့"

"အေးပါ၊ မီးနေသည် ဆိုသာ သွေးဟောင်းသွန်ပြီး သွေးသစ်လောင်းသဲ့ အချိန် ဆိုတော့ သွေးနုသားနုကိုး၊ အင်မတန် အသည်းငယ်သာ။ အိမ်မြှောင်စုတ် ထိုးသံတောင် လန့်ချင်လန့်သာ။ မျက်ရည်များ ကျလို့ကတော့ မီးယပ်ခေါင်းကိုက်နာ စွဲကရော"

မလှအုံ စကားတွေထဲမှာ မိန်းမသား တစ်ယောက်၏ သားဖွားခြင်းကိစ္စတွေ များလှသည်။ ကြားရတာပင် ကြောက်စရာ ကောင်းလှပါ၏။ မလှအုံ ပြောသလို မိဘ ကျေးဇူးကား ကြီးမား လွန်းလှပါကလား။ အသက်တစ်ချောင်းနှင့် ရင်းရသော လွန်ဆွဲပွဲပါကလား။ အခုလည်း ရွှေမှုံ မီးဖွားရခက်သည် ပြောနေပြီ။ အပျိုမွေးမို့ ခက်တာလား။ မအိမ်ကံ နေ့စဉ်နှင့် အမျှ ဆုတောင်းနေလို့များ မွေးရခက်တာလား။ မွေးချိန်ဖွားချိန် ခက်ပါစေ၊ သားလျှောပါစေ၊ အတိဒုက္ခ ရောက်ပါစေ ဆိုသည့် မနောဆိုးဖြင့်တော့ မအိမ်ကံ ဆုမတောင်းခဲ့တာ အမှန်ပင်။ အဲသလောက် ရက်စက်ကြမ်းကြုတ်သော ရုန်းရုန်းရင်းရင်း စိတ်ဓာတ်မျိုး မရှိပါ။ သို့သော် ယောက်ျားကလေး မွေးပါစေလို့တော့ အကြိမ်ကြိမ် အလီလီ ဆုတောင်းခဲ့တာတော့ ရှိပါ၏။ အခုတော့ ယောက်ျားကလေး လိုလို၊ မိန်းမကလေး လိုလိုဖြစ်နေပြန် ပါပကောလား။

"မိန်းမသား ဆိုသာ မွေးတော့ဖွားတော့မယ် ဆိုရင် သူ့အိမ် သူ့ရာကို မျက်မုန်း မကျိုးအပ်ဘူး။ သူ့စည်းစိမ်ချမ်းသာကို မျက်မုန်း မကျိုးအပ်ဘူး။ သူကောင်းစားသာကို မျက်မုန်း မကျိုးအပ်ဘူး။ မျက်မုန်း ကျိုးမိရင် ဘယ်လမဆို ၀ါရမိတ္တုကြီးရက်နဲ့ ကြုံရတတ်သယ်။ မနေ့က လဆန်း ၈ ရက်၊ အင်္ဂါနေ့ကျတော့ ၀ါရမိတ္တုကြီးကျသာလည်း ပါမှာပေါ့။ ရက်တံကြင်၊ တာနောရက်များ ကျရင် ဘေးတွေ့တတ်သယ်"

အမေပန်းရုံ စကားတွေက ကြောက်စရာ ကောင်းလိုက်တာ။

"ယောက်ျားကလေး မွေးရင်တော့ ရှင်ပြုရသာပေါ့အေ။ မိဘများက သားဦးကို ယောက်ျားကလေး မျှော်ကြသာ သမီးရဲ့။ သားကို ဦးဦးဖျားဖျား ရှင်ဖြစ်စေချင်ကြသာကိုး"

"မအိမ်ကံ မွေးခါနီးတုန်းကကော ယောက်ျားကလေး ဖြစ်စေချင်တာပဲလား အမေ"

အမေပန်းရုံက သမီးကို ပြုံးပြသည်။ မအိမ်ကံ ပါးကို လက်ချောင်း ရှုံ့ရှုံ့ကလေးများနှင့် ထိကာ အသာပွတ်သည်။ စကားအကျ ကောက်တတ် ပါသကော ဆိုသည့်ပုံ။

"သမီး မွေးခါနီးတုန်းက အမေ အိပ်မက် မက်သယ်။ အိပ်မက်က ထူးဆန်းပါသယ် သမီးရယ်။ အမေတို့ အိမ်ခေါင်းရင်းက ဆပ်သွားဖူးရုံကြီးဘက်က လူသူတော် တစ်ယောက် ထွက်လာပြီး အမေ့ကို သမီးမိန်းကလေး မွေးလိမ့်မတဲ့။ ဆပ်သွားဖူးပင်ကြီးလည်း ပွင့်လိမ့်မတဲ့။ သည်ကလေးက နင်တို့ အိမ်ရဲ့ကံပဲတဲ့"

"မွေးရ ဖွားရသာကော ခက်သလား အမေ"

"အများ မိန်းမသားများ မွေးရသလိုပဲပေါ့ သမီးရယ်။ ညည်းအဖေက အသက်ကြီးပြီ ဆိုတော့ သားသမီး ၀င်စားမယ်တောင် မထင်တော့တဲ့ အချိန် ရလိုက်သာ ဆိုတော့ အမေဖြင့် ၀မ်းသာလိုက်ပုံများ။ မွေးတော့လည်း ကျက်သရေ ရှိပါ့တော်"

"မိန်းမသားဖြစ်ရသာ ဇယ်ခတ်တဲ့ အခါ ဗွေတစ်လက်ရှုံး ရသလိုပါပဲ အမေ"

"သည်လိုလည်း မဟုတ်ပါဘူး သမီးရယ်။ လောက မိန်းမသား မရှိလို့ ဘယ်ဖြစ်ပါ့မလဲ။ တို့ဘုရားတော် မယ်တော်က မွေးရသာပဲ မဟုတ်လား။ ကိုင်း အမေ သွားချေဦးမယ်။ အသာလှဲနေ ကြားလား။ သွေးဆေး လျက်လိုက်ဦးနော် မမေ့နဲ့"

အမေပန်းရုံ ထွက်သွားတော့ မအိမ်ကံ မှေးခနဲ အိပ်ပျော် သွားခဲ့သည်။ ခါတိုင်း သည်လို အိပ်လေ့မရှိ။ တစ်ခုမဟုတ် တစ်ခု လုပ်နေတာ များသည်။ သည်နေ့တော့ စိတ်တွေပူလောင် နေခဲ့လို့လား တစ်ကိုယ်လုံး နွမ်းပါး ဖြစ်နေခဲ့ပါ၏။ ကိုပြေသိမ်း ထမင်းစား ပြန်လေသလား၊ မပြန်လေသလားပင် မသိလိုက်။ အမေပန်းရုံပြန်လာလို့ နဖူးကိုလက်နှင့် လာစမ်းတော့မှ မအိမ်ကံ နိုးသည်။

"ဖျားပါ့မယ် သမီးရယ် ထတော့။ ထမင်းစားချေ။ မစံရွှေ ချွေးမကလေးက မိန်းကလေးမွေးသာ သမီးရဲ့။ သူတို့အားလုံးက ယောက်ျားကလေး လိုချင်ကြသာ။ မစံရွှေတို့က မြေးဦး ရှင်ပြုချင်ကြ ထင်ပါရဲ့"

"ရွှေမှုံကကော အမေ"

"ရွှေမှုံကတော့ မအေဆိုတော့ မွေးလာတဲ့ ကလေး ချစ်ရှာ မှာပေါ့။ ငါ့သမီးတုန်းက အမေတို့ ချစ်ရသလိုနေမှာပဲ။ မိဘ ဖြစ်လာပြီကိုး"

အမေပန်းရုံနှင့် အတူ မအိမ်ကံ အောက်ထပ်ကို ဆင်းလာခဲ့သည်။ ကိုပြေသိမ်းမရှိ။ ကျောင်းဆင်းချိန်တော့ မကျသေး။ မအိမ်ကံ ရေချိုး ပစ်လိုက်သည်။ ရေချိုး လိုက်တော့လည်း အပူတွေ လျော့သွားသလိုဖြစ်ရပါ၏။ ဘာပဲဖြစ်ဖြစ် အဖေနှင့်အမေ ပန်းရုံတို့ရှေ့မှာ ညှိုးညှိုးနွမ်းနွမ်း မနေချင်။ ကျေးတစ်ရာဆင် နက်ပြာရောင် ချည်လုံချည် ကလေးနှင့် မိုးပြာရောင် ဂျော်ဂျက်ထည် ပဒုမ္မာလက်အင်္ကျီ တွဲဖက်ဝတ်လိုက်တော့ စိတ်ကလေးပင် ကြည်လင် သွားသလိုလို ထင်မိပါ၏။ သနပ်ခါး ပါးကွက် ပါးပါးကလေးကျားကာ ဆံပင်ကုပ်သားကလေး ပေါ်အောင် ဗယာကြော် ဆံထုံးကလေး ထုံးလိုက်တော့ မျက်နှာကလေးပွင့် သွားသည်။ ဇီဇ၀ါပန်း အပွင့်ကားကားကြီးကို ဆံထုံးဘေးမှာ ကပ်ပန် လိုက်သည်။ အိမ်ပေါ်က ဆင်းလာတော့ ကိုပြေသိမ်းပင် ကျောင်းကပြန်လာတာ တွေ့လိုက်ရသည်။ လှေကားခြေမှာ ကိုပြေသိမ်း ရပ်နေခဲ့သည်။

"အိမ်ကလေးက ချောလိုက်တာကွယ်"

ကိုပြေသိမ်းက မကြားနိုးနား ဆိုလိုက်တော့ မအိမ်ကံမှာ ရှက်သွေးကလေးပင် ဖြန်းသွားမိရပါ၏။ အိမ်အောက်ထပ်မှာ ဘယ်သူမှ မရှိ။ အဖေကတော့ စောစော ကတည်းက ဘုန်းကြီးကျောင်းဘက် ထွက်သွားတာ မအိမ်ကံ သိပါသည်။ အမေပန်းရုံတို့ မလှအုံတို့ကကော။ ကျေးဥကတော့ ရက်ကန်းရုံ ထဲမှာ ရှိမည် ထင်သည်။

"နေ့လယ်က ပြန်လာတော့ အိမ်ကလေး အိပ်နေတယ်လို့ မလှအုံက ပြောလို့ နေမကောင်းဘူးလား"

"ကောင်းပါသယ် အစ်ကို စိတ်တော့ မကောင်းဘူးပေါ့လေ"

မအိမ်ကံက ပြောရင်းဖြင့် တစ်ချက် တွေသွားပြီး မျက်ရည်တွေ စိုလက်လာခဲ့သည်။ ဒါကို ကိုပြေသိမ်းက မြင်သွားခဲ့ရာ မအိမ်ကံ တစ်ခုခု ခံစားနေရပြီ ဆိုတာ အတပ် သိလိုက်ပါ၏။ မအိမ်ကံကို မြင်မြင်ချင်း ကတည်းက သူ ချစ်ခဲ့မိသည်။ သည် အချစ်စိတ်ကြောင့်ပင် မြင်းခြံလိုမြို့ကြီးမှာ ကျောင်းဆရာ လုပ်နေရာက မြင်းခြံမြောက်လက်က ဇောင်ချမ်းကုန်း ရွာကလေးမှာ စာသင်ကျောင်း ဖွင့်ဖြစ်အောင် သူ ကြိုးစားခဲ့သည်။ အနေနီး လာတော့လည်း မအိမ်ကံ၏ အကျင့်စာဂနှင့် စိတ်ဓာတ်ကို သူ လေးစားမြတ်နိုး လာရပါ၏။ အထူးသဖြင့် သူလေးစား စံထားရသော သခင်မြတ်သာ၏ နှမကလေးမှန်း သိလိုက်ရတော့ ပိုတန်ဖိုး ထားမိသည်။ တစ်မိုးအောက် အတူနေကြရတော့ သမုဒယ သံယောဇဉ် နှောင်ကြိုးလည်း ရစ်ပတ် နှောင်တည်းမိကြပြီ မဟုတ်လား။

"အိမ်ကလေး ပြောချင်တာ ရှိလို့လား"

ရှိပြီကောရှင်။ မအိမ်ကံက ကိုပြေသိမ်းကို မော့ကြည့် လိုက်ရင်းက မျက်နှာကလေး သုန်မှုန်သွားခဲ့သည်။

"ရှိတာပေါ့ အစ်ကို။ မအိမ်ကံ မမေးချင်တဲ့ စကားပါပဲ။ ဒါပေမယ့် မိန်းမကလေး ဆိုသာ ခေါင်ဇယ်လည်း မှန်ချင် စည်းကလည်း ကဲချင် မဟုတ်လား"

"ပြောပါ အိမ်ကလေးရယ်"

"မအိမ်ကံအဖို့ သည်လိုနေလို့ မကောင်းနိုင်တော့ဘူး ထင်သယ် အစ်ကို။ ရွာနဲ့ရပ်နဲ့ မိနဲ့ဖနဲ့ ဆိုတော့ မြေညီလို့ တလင်းဖြစ်ရသယ် အပြောမခံချင်ဘူး။ အစ်ကို နားလည် ပါသယ်နော်။ ကျေးဥ ပြောပြသလောက် ဆိုရင် ရွာက ယုန်မရဘဲ တောကြေမှာ စိုးကြသတဲ့။ ပြီးတော့..."

"ပြောပါ အိမ်ကလေးရယ် အစ်ကို နားထောင်နေပါတယ်"

"အစ်ကိုနဲ့ မအိမ်ကံ မေတ္တာမျှနေကြသယ် ဆိုသာ အဖေလည်း သိသယ်။ တစ်ရွာလုံး၊ တစ်နယ်လုံးကလည်း စောင့်ကြည့် နေကြသာ ဆိုတော့ မအိမ်ကံက မိန်းကလေးပါ။ ခုံညင်း လည်းရှုံး၊ ဒိုးလည်းရှုံး ဆိုသာလို"

ကိုပြေသိမ်းက မအိမ်ကံ လက်တစ်ဖက်ကို လှမ်းကိုင်လိုက်သည်။ မအိမ်ကံကို ပြုံးကြည့်နေခဲ့သည်။ မအိမ်ကံ စကားဆက် မပြောဖြစ်။ ကျလာသော မျက်ရည်တွေကိုလည်း မသိမ်း။ မျက်ရည်တွေက ဂျော်ဂျက် အင်္ကျီကလေးပေါ် တစ်ပေါက်ချင်း ကျနေခဲ့ပါ၏။ ပါးနှစ်ဖက်မှာ တင်ထားသော ပါးကွက်ကျား ကလေး အလယ်မှာ မျက်ရည်စီးကြောင်း ကလေးတွေ ချောင်းစီး နေကြလေသည်။ မအိမ်ကံဆီက စကားသံ မကြားရတော့ ကိုပြေသိမ်းက သူ့အိတ်ထဲက လက်ကိုင်ပ၀ါကို နှိုက်ပြီး မအိမ်ကံ လက်ထဲ ထည့်ပေးသည်။ အိမ်ထဲ လူဝင်လာလျှင် တွေ့သွားမည် စိုးသောကြောင့် သုတ်ခိုင်းခြင်းပင်။ မအိမ်ကံက ကိုပြေသိမ်း လက်ကိုင်ပ၀ါ ကလေးနှင့် မျက်ရည်တွေ သုတ်သည်။ လက်ကိုင်ပ၀ါဆီက ရနံ့တစ်မျိုးကို ရလိုက်တော့လည်း ချစ်သူ၏ ကြင်နာယုယမှုကို စိတ်ရောက် ရပြန်ပါ၏။

ကိုပြေသိမ်းသည် အလစ်ကို ချောင်းတတ်သော ကြောင်ဖား မဟုတ်တာ မအိမ်ကံ သိပါသည်။ ရုပ်ရည်ချောမော သလောက် စိတ်သဘော နူးညံ့သန့်ရှင်းသော ယောက်ျားကောင်း ယောက်ျားမြတ် တစ်ယောက် ဆိုတာလည်း မအိမ်ကံ ယုံကြည်ပါ၏။ တစ်ခါတစ်ခါ ကြက်ကမတိုး ကျော့ကွင်းက တိုးမိရတာများလည်း ရှိခဲ့ပါသည်။ ကျောင်းနှင့်အိမ်၊ ရွာနှင့်မြို့ ကူးကာ လူးကာ စာသင်ကျောင်း အတွက် လုံးပန်းလွန်းတော့လည်း မအိမ်ကံကိုပင် ချစ်တာ ဟုတ်ရဲ့လား တွေးခဲ့မိရသည် အထိ။ ကိုပြေသိမ်း ရှိရာကျောင်းသို့ပင် တစ်ခါတစ်ရံ မအိမ်ကံ လိုက်သွားမိတတ်သည် မဟုတ်ပါလား။

"အစ်ကိုတော့ဖြင့် လာမယ့် ကဆုန်ဦးမှာ မင်္ဂလာကိစ္စ စီစဉ်မယ်လို့ မိဘများဆီ စာရေး ထားပြီးပါပြီ။ အစ်ကိုကလည်း မအိမ်ကံနဲ့ နီးချင်လှပါပြီ။ ကျောင်းကိစ္စ အောင်မြင်ဖို့ကလည်း အစ်ကို့တာဝန် မဟုတ်လား။ ရပ်ရွာက မြည်လာကြပြီ ဆိုတော့ အိမ်ကလေး အတွက် အစ်ကို ဦးစားပေးရမှာပေါ့ဗျာ။ ကိုင်းပါကွယ်။ ကဆုန် ထိအောင် အစ်ကို မစောင့်တော့ပါဘူး။ လာမယ့် တပို့တွဲ လောက်မှာ စီစဉ်ကြတာပေါ့။ အစ်ကို့မိဘတွေက သခင် မြတ်သာ နှမကလေးနဲ့ သဘောတူပြီးသားပါ အိမ်ကလေးရယ်"

"သြော်... အစ်ကိုရယ် မအိမ်ကံ အစ်ကို့ကို ယုံပါသယ်ရှင်။ အစ်ကို့ကို ချစ်လွန်းတော့လည်း နေ့ကိုဝါဆို ညပြာသို ဆိုသာလို နေ့တစ်စိတ်၊ ညတစ်စိတ် ဖြစ်မိသာလည်း အမှန်ပါ"

"ကဲပါလေ အိမ်ကလေးသာ စိတ်ချမ်းချမ်းသာသာ နေပါတော့။ အစ်ကို့မိန်းမ အလှများ ပျက်နေပါရော့မယ်"

"ဘာမိန်းမလဲ အစ်ကိုနော်"

ချစ်သူ၏ သိက္ခာရှိသော မင်္ဂလာစကားကို ကြားရတော့လည်း မအိမ်ကံ ရင်နွေးရပါ၏။ ကိုပြေသိမ်းက ဆိုခဲစေ မြဲစေ ဆိုတာလည်း သိပါသည်။ ရွှေမှုံ သမီးလေး မွေးပြီ ဆိုသည့် သတင်းက မအိမ်ကံကို တစ်နေ့လုံးလုံး မွှေနေခဲ့တာ ဆိုတော့ သည်စိတ်ကပဲ ကိုပြေသိမ်းကို သည်စကားတွေ ပြောဖြစ်ဖို့ လောဆော် နေခဲ့ပုံရပါ၏။

ကိုပြေသိမ်းနဲ့ လက်ထပ်တာတော့ ဟုတ်ပါရဲ့။ သားသမီး မပွားစီးရင်ကော။ ပွားစီးပါပြီတဲ့။ သမီးမိန်းကလေး မဟုတ်ခဲ့ရင်ကော။ ဒါဆိုလျှင်တော့ မအိမ်ကံ ငုတ်တုတ် ရှုံးရတော့မည်။ ကဲပါလေ ထားကြပါစို့။ မအိမ်ကံကလည်း သမီးဦးကလေး မွေးပြီ ဆိုပါတော့။ သည်သမီးဦးကလေးက ရွာ့ကွမ်းတောင် ကိုင်ဖြစ်ရမယ်လို့ ဘယ်သူက အာမခံနိုင်လို့လဲ။ ရွှေမှုံ့သမီးက သာတယ် ဆိုရင်ကော။ ဘယ်အရာ ဘယ်ဟာကမှ မသေချာ။ ရောင်တော်ပြန်ပွဲက ဘယ်ဆီ နေမှန်းမသိ၊ ပ၀ါဝယ်နှင့် ရသလို ဖြစ်နေလေပြီ။ ဘာပဲဖြစ်ဖြစ် မအိမ်ကံ သမီးကပဲ ကွမ်းတောင် ကိုင်စေရမည်။

ကွမ်းတောင်ကိုင် ကိစ္စကို မအိမ်ကံ ဘာကြောင့် သည်လောက် အယူအစွဲကြီးနေ မိတာပါလိမ့်။ မအိမ်ကံ ကိုယ်တိုင်ကလည်း နားမလည်။ သို့သော် သည်စိတ်ကတော့ မွေးကတည်းက သန္ဓေ တည်လာခဲ့သော စိတ်လို့တောင် ပြောရမည် ထင်ပါ၏။

မအိမ်ကံ အဖို့ရာ တပို့တွဲလမှာ လက်ထပ်မည်လို့ ချစ်သူက ကတိပေး လာခဲ့ပြီ။ မင်္ဂလာပွဲကိုတော့ တစ်နယ်ရိုးလုံး သိမ့်သိမ့်ကြီး ခါအောင် နွှဲလိုက်ချင်ပါ၏။ မအိမ်ကံတို့ ၀ိုင်းတိုက်ကြီးထဲမှာ မဏ္ဍပ်ကြီး ထိုးကာ နရန်းရွာစဉ် တစ်လျှောက် ဂုဏ်သတင်းကြီး မောက်အောင် မဏ္ဍပ်တိုင်တိုက် လိုက်ရဦးမည်။ မန္တလေးက ဇာတ်ပွဲ၊ အငြိမ့်ပွဲ ငှားထည့်မည်။ ဂေါစရဂါမ် သံဃာတော် အကုန် ပင့်ဖိတ်၍ သင်္ကန်းလှူဖွယ်နဲ့ ဆွမ်းကပ်မည်။ မင်္ဂလာပွဲမှာ ထမင်းရုံကွဲ ဧည့်ခံကျွေးမွေးမည်။ သပြေပန်း တစ်ခက်နှစ်ခက်၊ မသွေတမ်း တစ်သက်နှစ်သက် ဘ၀ချင်းဖက် ကြရပြီဆိုမှတော့ မအိမ်ကံဘ၀ နိမ့်ကျစရာ မရှိတော့။ လှေမျော လှေနှင့် လိုက်ရသလို ဂုဏ်သတင်းကို ဂုဏ်သတင်းနှင့် လိုက်ရလိမ့်မည်။

ကိုပြေသိမ်းက မအိမ်ကံ၏ လက်ကလေး နှစ်ဖက်ကို စုကျုံးယူကာ ရင်ဘတ်မှာ ကပ်ထား လိုက်သည်။ ပြီးတော့ ခါးကလေးကို သိုင်းဖက်ကာ မအိမ်ကံ ပါးကလေး နှစ်ဖက်ကို နမ်းလေသည်။ ပူနွေးလှသော ချစ်သူ၏ အနမ်းများ။

"ဥုံ... ဟရီ... ဟရီ ဘုန်းတော် အလွန်တစ်ရာ ကြီးမြတ်တော်မူသော ရှင်တော်မြတ်ဘုရားသည် လည်းကောင်း၊ မုခပင်္ကဇံ ခံတွင်းတော်တည်း ဟူသော ရွှေကြာတိုက်၌ ဖြစ်တော်မူထသော ပိဋကတ္တယ ဟရီ ဟရီ ပိဋကတ် သုံးပုံ စောင့်သော နတ်သမီးသည် လည်းကောင်း၊ မဟိန္ဒရို မြေကို အစိုးရသော နတ်မင်း သည်လည်းကောင်း၊ ဗာဟိန္ဒရို ကောင်းကင်ကို အစိုးရသော နတ်မင်းသည်လည်းကောင်း၊ ဗြစန္ဒရို လဗိမာန်ကို အစိုးရသော လနတ်သားသည်လည်းကောင်း၊ နရစဇ္ဇရို နေဗိမာန်ကိုအစိုးရသော နေနတ်သားသည်လည်းကောင်း၊ ဗေဒဂြဟာ ဗေဒင် လေးပုံကို စောင့်သော ရှစ်လုံးသော ဂြိုဟ်နတ်တို့သည် လည်းကောင်း၊ သျှူရာဂဇာ သိကြားမင်းစီးတော်မူသော ဧရာဝဏ် ဆင်မင်းသည်လည်းကောင်း..."

ဘိသိက်ဆရာ၏ အသံက ၀ိုင်းပြည့်ထိုးထားသော မဏ္ဍပ်တွင်းမှ လွင်လွင် စာစာ ထွက်ပေါ်လျက်ရှိ၏။ များလှသော ရွာစုံ ဧည့်ပရိသတ်၏ တဝေါဝေါ စကား ပြောသံများကြောင့် ဘိသိက်ဆရာခမျာ အားစိုက်အော်ရင်း ရွတ်နေရပါ၏။ မန္တလေးမှ ငှားထားသော အငြိမ့်ဆိုင်းနှင့် တွဲဖက်၍ ရွတ်ဖတ်နေခြင်း ဖြစ်ရာ လူသံ၊ ဆိုင်းသံ၊ ဘိသိက်သံတို့ ရောလျှက်ပွက်ပွက်ကြီး ညံလျက်ရှိလေသည်။ မဏ္ဍပ်ကြီးက တစ်ဝိုင်းလုံး နေရာလပ် မရှိအောင် ထိုးထားသော်လည်း ထိုင်စရာ နေရာ မရှိအောင်ပင် လူတွေ များလှပါ၏။ ရွာပေါင်းစုံက ပင့်ဖိတ်ထားသော ဆရာတော်များအား မနက်ပိုင်း ဆွမ်းကပ်လှူခဲ့ကြပြီး ဒါန၀တ္ထုအစုစုဖြင့် တစ်ပါးတစ်စုကျ ကုသိုလ်တွေ ပြုခဲ့ကြပြီ။ ကိုပြေသိမ်းရော မအိမ်ကံပါ မနက် စောစောထကြကာ ဆရာတော်ဘုရား သီတင်းသုံးရာကျောင်းကို မင်္ဂလာဆွမ်း ပို့ခဲ့ကြသည်။ ဆရာတော်ကြီးက သက်တော် ရလှပြီဖြစ်သဖြင့် မင်္ဂလာ မဏ္ဍပ်ကို မကြွနိုင်။ ကျောင်းက ပြန်တော့မှ သတို့သမီး မအိမ်ကံ အလှပြင်ရပါ၏။

မအိမ်ကံက မိုးပေါ်ကကျလာသည့် နတ်သမီးကလေးနှယ် ထင်းထင်းကြွကြွ လှလွန်းလှပါသည်။ မန္တလေးတစ်ဖက်ကမ်း ၀ါးချက်ရွာ အချိတ်ရက်ကန်းရုံမှ ပွဲကတော်ကြီး တကန် တကမှာ ယူပေးသော ခုနစ်စင်း ဂမုန်းပွင့်ကြိုးကြီးချိတ် ရွှေဖလားရောင်နှင့် ပိုးပျော့ရင်ဖုံးအင်္ကျီ လက်ရှည် အ၀ါသွေး ကလေးကြောင့် ဖိတ်ဖိတ်တောက် နေတော့သည်။ အင်္ကျီလက် ကြာယပ် အနားတွန့် တွေကတော့ ဇောင်ချမ်းကုန်းမှာ ထူးဆန်းလို့ ပင်နေလေ၏။ ဆံထိုး၊ ဆံညှပ်၊ ပန်းခိုင်၊ ရှေ့စိုက်ဘီးတွေက အစ ကျောက်ထည်များချည်း ဖြစ်သည်။ ပီအောနားကပ်ကြောင့် နားရွက်လေး လှသော်လည်း လက်ရာကောင်း ကျောက်ဖြစ်၍ အဖိုးတန်မှန်း သိသာလှပါ၏။ ရှေးက ဥပါကြယ် ခေါ်ကြသည့် မိဖုရားနားပန်တော်နှင့်ပင် တူလေသည်။ အထူးခြားဆုံးကတော့ နယားလက်ကောက် လေးပင်လိမ်များ ဖြစ်၏။ အသားဝါချော မအိမ်ကံနှင့် ရွှေဖလားရောင် လွန်းရာကျချိတ်က လိုက်ဖက် လွန်းလှသည်။

မအိမ်ကံက မျက်နှာကလေးကို ချီထားတာလည်း မဟုတ်၊ ပြုံးထားတာမျိုးလည်း မရှိစေရဘဲ တည်တည်ကြည်ကြည် ကလေးနှင့် ထိုင်နေခဲ့သည်။ ခြေဖမိုးပေါ် အထိ အုပ်ကျနေသော ရွှေခြေချင်းကြီးတွေကို ငေးသူတွေက ငေးကြသည်။ မအိမ်ကံ အလှက မြင်ရသူတို့အဖို့ သမင်လည်ပြန် ကြည့်ရသည့် အလှ မဟုတ်လား။ မြင်းခြံမြို့က ရောက်လာကြသော ဆရာကြီး ဦးဘခင်၊ ပွဲစားကြီး မိသားစုနှင့် မြို့က ဧည့်သည်များကလည်း မဏ္ဍပ်ကြီး ရှေ့ပိုင်းမှာ ခင်းထားသော မှိုင်းလုံးကော် ဇောကြီးများပေါ် ထိုင်ကြလျက် မင်္ဂလာပွဲကို ချီးမြှောက် ကြသည်။ ရွာပေါင်းစုံက သူကြီးဟောင်းများနှင့် ချမ်းသာ ကြွယ်ဝသော တောသူဌေးကြီးများကလည်း အစုဖွဲ့ကြလျက် စကားတွေ ပြောနေခဲ့ကြသည်။

"နှစ်တစ်ရာ သစ္စာချုပ်နှင့် ပစ်ခွာဆုတ်မရှောင် မေတ္တာသုတ် ရွှေစာစောင်ကို မေနှင့်မောင်ယှဉ်လို့ မသွေတမ်း မန်းစိန္တေမှာ ကျမ်းကျိန်ရေ သုံးကြချေစို့ ဆိုသာလို မင်္ဂလာအခါစေ့ ရောက်ပြီဖြစ်လို့ သတို့သား မောင်ပြေသိမ်း၊ သတို့သမီး မအိမ်ကံတို့ မင်္ဂလာပွဲ ထုတ်ချိန်ကျပါပြီ။ မင်္ဂလာပွဲ ထိုင်ကြပါပြီ။ မန္တလေး မြို့အငြိမ့်တော်ဆိုင်းက စည်တော်ဗုံမောင်း စောင်းမိကျောင်းနှင့် ဗျပ်စောင်း၊ မယ်ဒလင်၊ ဘင်ဂျို၊ ဘာဂျာ တူရိယာ၊ ပတ်သာ ဒုံမင်း၊ ခရုသင်းနှင့်တကွ ယဉ်ကျေးသာယာ အတိတ်နိမိတ် ကောင်းစွာ မင်္ဂလာသီချင်းတီးပါရော့ခင်ဗျား။ သီချင်းအသွား စကားအဓိပ္ပာယ်များနှင့် သြဘာမိမိ ဂုဏ်သရေရှိအောင် တီး တော်မူကြရန်ပါ ခင်ဗျား..."

ကိုပြေသိမ်းနှင့် ယောက်ျားကလေး အဖော်များက လက်ျာဘက်၊ မအိမ်ကံနှင့် အဖော် မိန်းကလေးများက လက်ဝဲဘက် နေရာယူကြပြီးလျှင် လူကြီး မိဘများဘက် မျက်နှာမူကြရပါသည်။ သတို့သားနှင့် သတို့သမီးတို့မှာ မငုံ့မမော့ ကြော့ကြော့ ကလေးထိုင်ကြရင်း တစ်ဦးမျက်နှာ တစ်ဦး ကြည့်နေကြသည်။ မင်္ဂလာသီချင်း တစ်ပိုဒ်ပြီးတော့ ဘိသိက်ဆရာ၏ အသံက ကျယ်စူး ကျယ်လောင် ပေါ်လာပြန်သည်။

"ရွာတကာ အစုံစုံ ပါဝါဂုဏ်ဟိတ်ဒြပ်ကောင်းသည့် ပရိသတ် အပေါင်းတို့အား ထမင်းဟင်းမြတ်မောစွာနှင့် နတ်သြဇာ ပမာကဲ့သို့ ရသာစုံ အပိုပြင်ပြီးတဲ့လျှင် အချိုအချဉ် မငြိုမငြင် အပြည့်ရံ၍ ဧည့်ခံ ကျွေးမွေးသော စေတနာ၊ သတို့သား၊ သတို့ သမီးတို့မှာ ရှေးထုံးနည်း စာတမ်းအသွားအလာနှင့် ခမ်းနားစွာ အဆက်မပြတ်အောင် လက်ထပ်သောနေ့ကို အစပြုလျက် ကောင်းခြင်းဆန္ဒ ကြံသမျှ အသင့်ဖြစ်ပြီးလျှင် ပွင့်သစ်သောပန်း ဆန်းသစ်သော လပမာကဲ့သို့ ရတနာ့ ရတနာ စိန်အခိုင်အတွဲ အိမ်တိုင်မှာဆွဲကြပြီး သကာလ ပုလဲအလှတဖြာ ဥဿဖယား ငဲ့အပြင်..."

ဘိသိတ်ဆရာ ဆုတောင်းစာကလည်း ရှည်လွန်းလှသည်။ မင်္ဂလာစကား ပြောတာကလည်း နာရီတစ်မတ်တော့ ကျော်လိမ့်မည်။ စိန္တာမဏိ ဂါထာတော်ကြီးကို ရွတ်ပြန်သည်။ မင်္ဂလာသြဘာ ရတုပိုဒ်စုံကလည်း ပါသေးသည်။ မအိမ်ကံပင် ညောင်းလှပြီ မပြီးသေးပါ။ ဘိသိက်ဆရာ နတ်ပြန်ပြန်ပို့ တာကလည်း ရှည်လျား လွန်းလှပါ၏။ မင်္ဂလာမောင်မယ် ဆုံးမ သြ၀ါဒကတော့ ပြောစရာပင် မရှိပြီ။ ပရိသတ်လည်း သတို့သား၊ သတို့သမီးကို မမြင်လိုက်ရ မရှိလေအောင် သူ့ ထက်ငါ တိုးဝှေ့ကြည့်ကြလေ၏။ မှတ်ချက်စကားတွေ ကလည်း အမျိုးမျိုး။

"ကျက်သရေ ရှိလိုက်သဲ့ စုံတွဲနှယ်တော်။ ကတည်း ဇာတ်မင်းသား၊ မင်းသမီးထက် သာသေးသတော်"

"မင်္ဂလာပွဲကလည်း ခမ်းနားကြီးကျယ် ချက်တော့ကွာ တစ်သက် ကြုံဖူးဘူး"

"ဂုဏ်ချင်းထပ်တော့ မြတ်သတဲ့။ ရွှေရွှေချင်း ဂဟေ ဆက်ကြမှတော့ မကြီးကျယ် ခံနိုင်ပါ့မလားကွာ"

အသံတွေက မအိမ်ကံနားထဲမှာ ပဲ့တင် ညံလျက်ရှိ၏။ ထိုင်နေရာ အချိန်ကြာလာသည်နှင့် အမျှ ခြေများပင် ကျဉ်လာခဲ့ပြီ။ သို့သော် မအိမ်ကံ ကျေနပ် လွန်းလှပါ၏။ တစ်သက်မှာ တစ်ခါ၊ တစ်ခါမှာ တစ်ရက် ရှိပါစေလေ။ ကိုပြေသိမ်းကလည်း မအိမ်ကံကို ရွှန်းရွှန်းစားစားကြီး ကြည့်နေခဲ့သည်။

မင်္ဂလာ ဘိသိက်မြှောက်ပြီးတော့ ထမင်းရုံတွေမှာ လူတွေ ကြိတ်ကြိတ် တိုးလေသည်။ သည်လိုခေတ်ကာလကြီးမှာ ထမင်းကျွေး မင်္ဂလာဆောင် ဆိုတာကပင် အရှိန်ကြီး လှပါ၏။ လူချမ်းသာ မင်္ဂလာဆောင်ကလည်းဖြစ်ပြန်၊ မအိမ်ကံကလည်း ဟိတ်ထုတ်ချင်ပြန် ဆိုတော့ ပုတ်ကက်ကျီကြ စပါးဝ၊ တောရွာသူတွေ ကတဲ့လ ဆိုရမည့် ပွဲကြီးဖြစ်ခဲ့ပါ၏။ ထမင်းတွေ ကလည်း အငွေ့ တထောင်းထောင်း၊ ဟင်းတွေကလည်း ခပ်ကောင်းကောင်း ဆိုတော့ သံပန်းကန် လုကြရတာကပင် ပျော်စရာ ကောင်းလှသည်။ အိုးကြီးချက်သူတွေကလည်း မီးခိုးလုံးလုံး၊ ချွေးလုံးလုံး။ စားကြသူတွေကလည်း တရုန်းရုန်း။ ကိုပြေသိမ်းနှင့် မအိမ်ကံက ထမင်းရုံတွေ ဘက်သွားကာ ဧည့်ခံလိုက် ကြပါသေး၏။

"စားကြပါရှင် သုံးဆောင်ကြပါ။ ၀လင်ပြည့်စုံအောင် စားကြပါ။ ဟင်းများ ထပ်ထည့်ပေးကြပါဦး၊ ဟင်းချို လိုက်ကြပါဦး"

မအိမ်ကံ ကိုယ်တိုင် ထမင်းရုံထဲမှာ စီမံနေတာလည်း ရှိပါ၏။ ကိုပြေသိမ်းမိဘများနှင့် အတူ ပါလာကြသော ဆွေမျိုးတွေက အိမ်ကြီးပေါ်မှာ ရှိနေကြသည်။ ရွာခံတွေက မအိမ်ကံ အကြောင်းဖြင့် ဧည့်ခံကြသလို ဧည့်သည်တွေကလည်း ခေါင်းတ ညိတ်ညိတ် ထောက်ခံလျက်ရှိ၏။ ယောက္ခမများကလည်း မအိမ်ကံ ချောပုံ၊ လှပုံ၊ ချမ်းသာပုံ၊ မိန်းမပီသပုံ၊ စိတ်နှလုံးကောင်းပုံ တွေကိုပြောကြရင်း သားအတွက် ဂုဏ်ယူမဆုံး ရှိကြသည်။ ကိုပြေသိမ်း မိဘများက တစ်ပတ်လောက်ကပင် ကြိုရောက် နေခဲ့ကြသည်။ ချွေးမလောင်းက ချမ်းသာသည့် မိန်းကလေး ဆိုသော်လည်း ခရီးရောက်ကြပြီ ဆိုကတည်းကပင် ဆူးပန်းစေ့ ရွှေဘယက် တစ်ကုံး ဆင်ကြသည်။ စတိလက်ကောက် ငါးရံ လက်ဖွဲ့ကြသည်။ ထနောင်းတိုင်က လယ်ယာတွေကိုပါ လက်ဖွဲ့ကြောင်း ကတိ ထားကြသည်။ ကိုပြေသိမ်း မိခင်ကဆိုလျှင် မအိမ်ကံကို တစ်ချိန်လုံး ငေးကြည့်နေခဲ့သည်။ ကိုပြေသိမ်း အဒေါ်တွေထဲက ဒေါ်ကြီးပုံ့ ဆိုလျှင် ထလို့ပင် အော်ပါ၏။

"မောင်ပြေသိမ်းရယ် ငါ့တူနှယ် မိန်းမချော ရပါကောကွယ်။ ဂွမ်းလိပ် မျိုရင်တောင် ချည်ခင်ကျမယ့် မိန်းမမျိုးပါလား ဟဲ့။ တစ်သက် မဆင်းရဲမယ့် ဥပဓိ ပါလားဟဲ့..."

ဒေါ်ကြီးပုံ့ စကားကြောင့် မအိမ်ကံပင် မနေတတ် မထိုင်တတ် ဖြစ်ခဲ့ရသည်။ အမေပန်းရုံကတော့ ပွင့်လင်း ရိုးသားကြသော ကိုပြေသိမ်း၏ မိဘဆွေမျိုးများကို မြင်ကတည်းက ချစ်ခင်နေသည်။ လိုလေသေးမရှိအောင် ဧည့်ခံ ၀တ်ပြုသည်။ ဦးသာထန်ထက် စာလျှင် ကိုပြေသိမ်း ဖခင်က အသက်ငယ် သော်လည်း မကြာမီမှာပင် တရား ဆွေးနွေးဘက်ဖြစ်သွား ကြသည်။

ညဘက် မင်္ဂလာအောင်ပွဲ အငြိမ့်ခံတော့ အငြိမ့်စင်ကို ရွာပြင်ထုတ်ရပါသည်။ များသောအားဖြင့် မြင်းခြံမြို့က အငြိမ့်ကို ငှားလေ့ရှိကြသော ရွာတွေမှာ မန္တလေးအငြိမ့် ဆိုတော့ တစ်ဘာသာ အာရုံကျစရာ ဖြစ်နေခဲ့ပါ၏။ လှည်းတွေလှည်းတွေ အရာ ထောင်ဝိုင်းပတ်ထားသော အငြိမ့်ပွဲခင်းကြီးက မင်္ဂလာဆောင်ပွဲထက် အဆများစွာ စည်ကားနေတော့သည်။ အရွာရွာက မုန့်ဈေးတန်းကလည်း လက်ခုပ်လက်ယှက် အတန်းလိုက်ကြီး ဆက်နေ ပါ၏။ မိုးကလေး ချုပ်လာသည်နှင့် ကြိတ်ကြိတ်တိုး နေကြသော ပွဲကြည့်သူများဖြင့် တိုးလို့ပင် မပေါက်ရှိခဲ့သည်။ ဆိုင်းသံ ကလေးကြားတော့ မအိမ်ကံက ပွဲခင်းကို ကြည့်ချင်လာသည်။ သူ့မင်္ဂလာပွဲ ဘယ်လောက်တောင် စည်ကားသလဲ ဆိုတာ မြင်ချင်လှသည်။ မနက်တုန်းကများ မအိမ်ကံ မူးလဲ မတတ်ရှိခဲ့ရသည်။ လူတွေများ လွန်းလှ၍ဖြစ်၏။

မအိမ်ကံတို့ ၀ိုင်းကြီးထဲမှာတော့ အဝေး ဧည့်သည်တွေ အုန်းအုန်းထနေကြဆဲ။ ကိုပြေသိမ်းဘက်က အမျိုးတွေ၊ မအိမ်ကံ ဘက်ကအမျိုးတွေ ဇောင်ချမ်းကုန်းနှင့် ထနောင်းတိုင် ရွှေလမ်း ငွေလမ်း ဖောက်သံတွေနှင့် စီစီညံလျက် ရှိလေသည်။ သည်အထဲမှာ အစ်ကိုမောင်မြတ်သာတော့ မပါပါ။ ခရီး လွန်နေသည် ဆိုပါ၏။ မမစိမ်းမြကတော့ သူကိုယ်တိုင် မင်္ဂလာ အခမ်းအနားဖြင့် မဆောင်နှင်း လိုသည့်တိုင် ယောက်မချော၏ မင်္ဂလာပွဲကိုတော့ ဒေါင်းတလူ မောင်းတလူ ရှိရှာပါ၏။ မလှအုံတို့၊ ကျေးဥတို့ ကတော့ ဖင်ချလို့ပင် မထိုင်အားကြပြီ။

"အစ်ကို ပွဲခင်းဘက် သွားကြရအောင် မအိမ်ကံ ကြည့်ချင် လှတယ်"

"အိမ်ကလေးကို တွေ့သွားလို့ မကောင်းဘူး ထင်တယ်။ သည်လိုလုပ်လေ၊ စောင်ကြမ်းတစ်ထည်စီ ခြုံသွားကြရအောင်။ အစ်ကိုလည်း လိုက်မယ်"

ကိုပြေသိမ်းက မယားချောကလေး အလိုကို လိုက်ရသော်လည်း ပွဲခင်းဘက် သိပ်မသွားလိုလှပါ။ သူတို့ နှစ်ယောက်ကို တွေ့လျှင် နှုတ်ဆက်ချင်ကြသူတွေ များသလို အာရုံပျက်ကြမှာ စိုးတာလည်း ပါသည်။ ကိုပြေသိမ်းက စောင်ပါးနှစ်ထည် ယူလာပြီး ခေါင်းမြီးခြုံကာ တစ်စကို ပခုံးတင် ဖုံးလိုက်ကြပါ၏။ သည်လို ဆိုလျှင်တော့ ဘယ်သူမှ မမှတ်မိနိုင်။ ပွဲခင်းဘက်ကို လျှောက်လာကြတော့ ပွဲသွားတွေက ဖိနပ်ရှပ်တိုက်ကြရင်း ဖုန်တသောသော ထအောင် လာကြတုန်း။ ပွဲခင်းဆီက ခေတ်ဓာတ်စက် သီချင်းသံကြားနေရသည်။ အငြိမ့်စင် အလယ်လောက်မှာ ကြိုးနှင့် ဆိုင်းဆွဲထားသော ဓာတ်ခွက်ကို အငြိမ့်သား တစ်ယောက်က တဖူးဖူး မှုတ်နေသည်။ ဒါကိုပဲ ပွဲကြည့်ပရိသတ်က ထူးဆန်းလှစွာ ကြည့်နေကြခြင်း ဖြစ်ပါ၏။ မအိမ်ကံတို့ နှစ်ယောက် ပွဲခင်း နှုတ်ခမ်းစပ် အကြော်ဆိုင်တွေ ဘေးကလျှောက် လာခဲ့ကြသည်။ သူတို့နောက်မှာ မိန်းမအုပ်ကြီး တစ်အုပ်။

"မအိမ်ကံတို့များ ကံကောင်းချက်တော်၊ စာတတ် ကျောင်းဆရာနဲ့ ညားတော့ ဆရာကတော်ပေါ့အေ။ ဘူးကောင်းတော့ စင်ခံ၊ လင်ကောင်းတော့ စံရ ဆိုသလိုပါပဲ"

"ဆရာလေးကလည်း ကံကောင်းပေါ့အေ။ မိန်းမချော ရွှေပေါ် မြတင်ရသာပါ။ နတ်လိုလို့ရသယ့်ဖူးစာ နှယ်နှယ့်မှတ်လို့"

ကိုပြေသိမ်းက မအိမ်ကံ လက်ကို ဆုပ်ကာ ကြားရဲ့လား ဆိုသည့် သဘော လက်ကို ညှစ်သည်။ မအိမ်ကံကလည်း ပြုံးပြလိုက်သည်။ မိန်းမချော ရွှေပေါ် မြတင်တဲ့လား။ နတ်လိုလို့ ရတဲ့ ဖူးစာတဲ့လား။ ဟုတ်ပါ့ရှင်ရယ်။ မအိမ်ကံကို ရှင်ချစ်မိတာ ကံကောင်းပါရဲ့။ မအိမ်ကံက သစ္စာကြီးတယ်။ မေတ္တာလည်း ကြီးတယ်။ အစွဲအလမ်းကလည်းကြီးပါဘိသနဲ့။ မအိမ်ကံ အချစ်ဟာ တစ်ဘ၀စာပါတော်။ မအိမ်ကံ ရင်ထဲက စကားတွေဖြစ်ပါ၏။

ဆိုင်းကလည်း ဧည့်ခံ တီးနေသဖြင့် နားစိုက်ကာထောင် နေကြသူတွေလည်း ရှိသည်။ နေရာရှာကြ၊ ဖျာခင်းကြ၊ ဖျာလု ကြ၊ အော်ကြ၊ ဟစ်ကြသူတွေကလည်း ညံပွက်နေသည်။ မြင်းခြံမြို့က ငှားထားသော မီးစက်ကြောင့် ပွဲခင်းကလည်း လင်းလျက်ရှိရာ လူသူဆူညံသံများဖြင့် ဝေါဝေါမြည်လျက် ရှိ၏။ ထိုစဉ်မှာပင် ပွဲခင်း နောက်နားဆီက ရုတ်ရုတ်သဲသဲဖြစ်နေသည့် အသံတွေ စီခနဲ ထွက်လာခဲ့သည်။

"ဓားနဲ့ ထိုးသွားသာ... ဓားနဲ့ထိုးသွားသာ"

"မဟုတ်ဘူး၊ ဂျပန်တွေ ၀င်လာကြသာတဲ့"

"မဟုတ်ဘူး မဟုတ်ဘူး၊ အနောက်တန်းသားတွေနဲ့ ဇောင်ချမ်းကုန်းသားတွေ ရိုက်ကြသာ"

"မိန်းမချင်း သတ်ကြသာ မိန်းမချင်းသတ်ကြသာ။ သွေးခြင်းခြင်း ရဲလို့"

တစ်ယောက်တစ်ပေါက် အော်ဟစ်ကြရင်း လူတွေ ပြေးလွှား နေကြသည်။ ပွဲခင်းကြီး တစ်ခွင်လုံးက ပဲခင်းကြီးတမျှ ကျယ်လှပေရာ ရုတ်ရုတ်သဲသဲဖြစ်ရာ ဘက်သို့ မိုးတိုးမတ်တတ် ကြည့်သူကကြည့်၊ အခြေအနေကို အကဲခတ်သူကခတ်၊ အထုပ် အပိုး ဆွဲသူကဆွဲ၊ ဖျာလိပ်သူလိပ် ဖြစ်ကုန်ကြပြီ။ ပွဲခင်းတော့ မပြိုသေး။ ပွဲခင်းအနားစွန် တစ်ပတ်လည်လုံးမှာတော့ လူတွေ ပြေးလွှားကြသံ၊ အော်သံဟစ်သံ၊ တိုးမိတိုက်မိသံများနှင့် ငယ်သံပါအောင် အော်သံတွေ ထိန်းမနိုင်သိမ်းမရ ဖြစ်နေသည်။ မအိမ်ကံသည်ပင် တအောင့်တော့ လန့်ဖျပ်သွားခဲ့သည်။ လှည်းတွေက ပတ်လည်ပိတ်ဆီးနေသည့် ပွဲခင်းကြီး။ ပွဲပြိုလျှင် လှည်းတွေရော နွားတွေရော ပြိုကျတော့မည်။ အကြောင်းရင်းကိုမသိရသော်လည်း တစ်စုံတစ်ရာ ဖြစ်ခဲ့တာတော့ သေချာနေပြီ။ တစ်ခဏအတွင်းမှာပင် ပွဲခင်းကြီးပါ လှုပ်လာခဲ့ပြီ။ လူခေါ်သံတွေက ကြောက်မက်ဖွယ်ရာ ပြုံထွက်လာကြလေ၏။ ကလေးငိုသံတွေက ကမ္ဘာပျက်နေသည့် အတိုင်း။ မကြာလိုက်ပါ။ ပွဲခင်းကြီး တစ်ခုလုံး ငလျင်ကြီး ပြင်းပြင်းလှုပ်သလို တဝေါဝေါမြည်ရင်း ခါထွက်သွားလေပြီ။ ဓားနဲ့ထိုးသွားတာ သေကုန်ပြီ၊ သေကုန်ပြီ ဆိုသည့်အသံများ၊ ရိုက်ကြလို့တဲ့ ပြေးကြ ပြေးကြဆိုသည့် အသံများကလည်း တော်လဲသံကြီးတွေလို လှိုင်းထနေပါ၏။

ကိုပြေသိမ်းက နောက်ကို ဆုတ်ရင်း ဆုတ်ရင်း ဘာလုပ်ရ မလဲ စဉ်းစားနေခဲ့သည်။ သည်လောက်တောင် ကမ္ဘာပျက်နေသည့် အခြေအနေကြီးကိုလည်း ထိန်းချုပ်ဖို့ ဆိုတာ မဖြစ်နိုင်တော့လို့ တွေးနေခဲ့သည်။ မအိမ်ကံကိုကြည့်လိုက်တော့ အနားမှာမရှိ။ ဘယ်ရောက်သွားတာ ပါလိမ့်။ လူတွေက သူတို့ရပ်နေ သည့်နေရာကိုပါ ဖိလာကြပြီဖြစ်ရာ လူအုပ်ကြီးထဲမှာ ညပ်နေ သလား စဉ်းစားရင်း တိုးဝင်လာခဲ့သည်။ အခြေအနေက အဆိုးဆုံး အခြေအနေကို ကျရောက်ခဲ့ပြီ။ ပွဲခင်းထဲမှာ ထိုင်နေသူရယ်လို့ မရှိတော့။ မအော်သည့်လူရယ်လို့ မရှိတော့။ နွားများပင် ကြောက်လန့်တကြား ဘူးဘူးဘဲဘဲ အော်နေကြပြီ။

"ဟိတ်... အားလုံး ငြိမ်လိုက်ကြစမ်း"

ပွဲခင်းကြီး တစ်ခုလုံး ထွင်းဖောက်သွားလောက်သည့် အသံ တစ်သံက ဇာတ်စင်ပေါ်မှ ထွက်ပေါ်လာခဲ့သည်။ ဇာတ်ခုံပေါ်မှာ စောင်ကျားကြီး ခြုံထားသည့် လူတစ်ယောက်။ ဓာတ်ခွက်ရှေ့မှာ ရပ်လျက်။ မီးလုံးအရောင်တွေက လင်းလျက်ရှိရာ ခြုံထားသည့် စောင်ကျားက ထင်းထင်းကြီး ရှိနေသည်။ ထိုလူက ခြုံ ထားသည့်စောင်ကြီးကို ခွာချလိုက်သည်။ မအိမ်ကံ...။

"မအိမ်ကံ ပြောနေသယ်။ ရောက်တဲ့နေရာမှာ ထိုင်လိုက်ကြစမ်း။ ထိုင်ဆို ထိုင်ကြနော်။ လှည်းရှင်တွေက ကိုယ့်လှည်း ကိုယ်ထိန်းပါ။ နွားမလန့်စေနဲ့။ ပွဲကြည့်သူတွေ အားလုံး ပွဲခင်းထဲပြန်ဝင်ကြပါ။ သူ့နေရာ ကိုယ့်နေရာ မရွေးကြနဲ့တော့။ ထိုင်ပါ ထိုင်ပါ။ ဘာမှမဖြစ်ဘူး။ မအိမ်ကံ တာဝန်ယူသယ်။ မအိမ်ကံ ရှင်းသွားမယ်"

ပွဲခင်းတစ်ခင်းလုံး ဇာတ်စင်ကို လှည့်ကြည့်လိုက်ကြသည်။ အာဏာစက်ပြင်းလှသော တန်ခိုးရှင် တစ်ယောက်၏ အမိန့်ပေးသံကဲ့သို့ ပွဲခင်းတစ်ခင်းလုံး တဒင်္ဂ တုန့်သွားခဲ့သည်။ မအိမ်ကံ၏ အသံနှင့်ရုပ်ကို မြင်လိုက်ရသည့် အတွက် ယုံကြည် စိတ်ချသွားကြသလို ထိုင်ချလိုက်ကြသည်။ ထိုစဉ်မှာပင် ဇာတ်ခုံပေါ်ကို ဦးဇင်း တစ်ပါးပါကြွလာခဲ့သည်။ ဆရာတော် ဘုရားကြီးကျောင်းမှ ခန်းနေဦးပဉ္ဇင်း ဦးဝိသုဒ္ဓဖြစ်၏။ ဦးဇင်းကြွလာတော့ မအိမ်ကံ ဘေးကို ယို့ပေးလိုက်သည်။

"အားလုံး ရွာပေါင်းစုံမှဒကာ၊ ဒကာမများ ကျုပ် မေတ္တာ ရပ်ခံပါသယ်။ ဘာမှမဟုတ်ပါဘူး။ ဘာမှမဖြစ်ပါဘူး။ ဖြစ်ရင်လည်း တာဝန်ရှိသူများက တာဝန်ယူ ထိန်းသိမ်း သွားကြ ပါလိမ့်မယ်။ ငြိမ်ကြပါ။ ပွဲကို အေးအေးဆေးဆေး ကျောလုံလုံကြည့်ကြဖို့ ကျုပ် မေတ္တာရပ်ခံပါသယ်"

လူသံတွေ တဝေါဝေါမြည်ကာ ရောက်ရာနေရာမှာ ထိုင်လိုက်ကြသည်။ မကြခင်အချိန်အတွင်း လှည်းတွေရော လူတွေပါ ပုံမှန်ပြန်ဖြစ်သွားခဲ့သည်။ ပွဲဆီက ဆိုင်းသံ ပြန်ထွက်ပေါ်လာခဲ့သည့် အခါမှာတော့ မအိမ်ကံ စိတ်ချလက်ချ ရှိသွားဟန်ဖြင့် ဇာတ်စင်ထောင့်ကပဲ ခုန်ချလိုက်သည်။ မအိမ်ကံ၏ "ဟိတ်" ဆိုသောအသံက ပွဲခင်းတစ်ခင်းလုံး ငြိမ်ကျသွား စေခဲ့တာကို ပြောမဆုံးကြ။ အသံတွေကတော့ ပေါက်သောက်။ ကိုပြေသိမ်းက အငြိမ့်စင်ထောင့်က ခုန်ချလိုက်သော မအိမ်ကံအနားကို ရောက်သွားခဲ့သည်။

"အိမ်ကလေး..."

မအိမ်ကံက တစ်ချက်ပြုံးပြလိုက်ပြီး ပွဲခင်းကို အကဲခတ်သည်။ ပွဲခင်းငြိမ်သွားပြီ။ မအိမ်ကံ ချက်ချင်းမပြန်ချင်သေး။ ပွဲထွက်ပြီးသည် အထိ စောင့်ကြည့် ချင်သေးသည်။ စောင်ကျားကြီးကို ခေါင်းကနေ သိုင်းခြုံလိုက်သည်။ ပွဲခင်းအစပ်က ပွဲကြည့်သူတွေက မအိမ်ကံကို လှမ်းကြည့်နေကြသည်။ မအိမ်ကံက တစ်စုံတစ်ရာ စဉ်းစားနေလိုက်သလို မျက်နှာကလေး တင်းမာနေခဲ့သည်။

"ဒါ သွေးရိုးသားရိုး မဟုတ်ဘူး အစ်ကို။ တစ်ယောက်ယောက်က လှန့်လိုက်သာပါ။ မအိမ်ကံ မင်္ဂလာပွဲကို အကျည်းတန်အောင် ဖျက်လိုက်သာ။ ကနေ့ည မအိမ်ကံ မအိပ်တော့ဘူး။ မအိမ်ကံ ဇာတ်စင်ပေါ်က ပွဲကြည့်မယ်။ အစ်ကို ပြန်ချင်ပြန်တော့"

လှပနူးညံ့ လွန်းလှသော ချစ်ဇနီးမအိမ်ကံ ဘာကြောင့် သည်လောက် စိတ်ကြီးနေရတာလဲ။ ကိုပြေသိမ်းက မအိမ်ကံကို မျက်လုံး အပြူးသားဖြင့် တအံ့တသြ ကြည့်နေလေသည်။

မင်္ဂလာဆောင်ပြီး ရက်တွေမှာလည်း မအိမ်ကံ မအားရပါ။ မအိမ်ကံတို့ ရွာတွေဘက်မှာ အယူဓလေ့ရှိကြသည့် အတိုင်း တစ်နှစ်တည်း နှစ်မင်္ဂလာမပြုကောင်း၊ ပြုလျှင်လည်း သုံးမင်္ဂလာ ပြည့်အောင် ပြုလုပ်ကြရသည်။ သည်တော့ ကိုပြေသိမ်း မိဘများ မပြန်ကြခင် ရပ်ထဲရွာထဲက ဆင်းရဲသူဆင်းရဲသား မိသားစုများ ကိုယ်တိုင် လာရောက်အပ်နှံကြသော ရှင်မဖြစ်ရ သေးသည့် ကလေးတွေကို ရှင်ပြုဖို့ စီစဉ်ကြသည်။ ပွဲကြီးလမ်းကြီး အလှူကြီး မဟုတ်ဘဲ ကျောင်းတွင်း သားကြီး ရှင်ဖြစ် သာမဏေ ပြုပေးခြင်း ဖြစ်ပါ၏။ သည်အလှူကိုတော့ ဖခင် ဦးသာထန်နှင့် မိခင် ဒေါ်ပန်းရုံတို့က ရေစက်ချ၊ အမျှအတန်းဝေ အလှူပေးခဲ့ကြပါ သည်။ ကိုပြေသိမ်းနှင့်မအိမ်ကံတို့ ဇနီးမောင်နှံက ရွာဦးဆရာတော်ကျောင်းမှာ ဆွမ်းစားကျောင်း တစ်ဆောင် ဆောက်လုပ် လှူဒါန်းရန် အတွက် မြေနေရာရွေး အုတ်မြစ်ချ မင်္ဂလာပွဲကိုပါ တစ်ရက်တည်း ဆောင်ရွက်ခဲ့ကြပါ၏။

မအိမ်ကံ၏ ကျော်စောသတင်းက ပျံ့ချင်တိုင်း ပျံ့နေတော့သည်။ အာစက်လျှာစက်ကောင်းလှပုံ၊ ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့သော ပွဲခင်းကို မီး ရေနှင့်သတ်သလို ရှဲခနဲငြိမ်အောင် ထိန်းနိုင်ခဲ့ပုံ၊ ဆင်းရဲသည့် ရှင်အပါးသုံးဆယ်ကို ရှင်ပြုပေးပုံ၊ ကိုးပင်ရှစ်ခန်း ဆွမ်းစားသစ်သားကျောင်း တစ်ဆောင် ဇနီးမောင်နှံ လှူဒါန်းခဲ့ ကြပုံတွေကအစ ပြောလို့ပဲ မပြီးနိုင်ကြ။ ရွာက ကောင်းသတင်း ပြောကြသော်လည်း မအိမ်ကံကတော့ အခဲမကျေနိုင်ဘဲ ရှိခဲ့သည်။ မအိမ်ကံ၏ မင်္ဂလာပွဲကို ဘယ်သူက ဘာကိစ္စ ဖျက်ရတာလဲ ဆိုတာကို တွေးမရလေ၊ တနုံ့နုံ့ ခံစားရလေရှိခဲ့သည်။ ကိုပြေသိမ်းကတော့ ပြီးပြီး ပျောက်ပျောက် ရှိရှာပါ၏။ မအိမ်ကံ အစိုးရိမ် လွန်သည်လို့လည်း တွက်ပုံရသည်။ နောက်ထပ် ဘာမျှမပြောတော့ဘဲ ရှိခဲ့ပါ၏။ တစ်မြို့တစ်ရွာသား ဆိုတော့ ဘယ်သူ့ကိုမှလည်း အပြစ် မမြင်တာပါသလို ပွဲဖျက်ရလောက်အောင် မုန်းသူ မရှိလို့သာ တွက်ထားခဲ့သည်။

မအိမ်ကံကတော့ ခံစားမှု နှစ်မျိုးနှင့်ဖြစ်၏။ ကြီးကျယ် ခမ်းနားလှသော ပွဲကြီးကို ဖျက်ချင်သူမှာ ရွှေမှုံတို့ သမီးယောက္ခမက လွဲလို့ အခြားမဖြစ်နိုင်။ ကြွက်မနိုင်လို့ ကျီမီးနဲ့ ရှို့ကြတာပဲဖြစ်ရမည်။ ကြီးတော်စံရွှေနှင့် အမှုပွဲစား ဂျပန်အလိုတော်ရိကျော်ဒင်တို့ ပေါင်းမိနေကြတာ မဟုတ်လား။ ပွဲလန့်တုန်းက ဂျပန် တွေဝင်လာတာ ဆိုသည့် အသံတစ်သံ ထွက်လာခဲ့တာကိုလည်း မအိမ်ကံ သတိထား မိလိုက်ပါ၏။ စောင်ကျားကြီးခြုံကာ ပွဲခင်းကို အငြိမ့်စင်ထောင့်ကနေ တစ်ညလုံး ငုတ်တုတ်ထိုင် စောင့်နေခဲ့သည့် နောက်ပိုင်း ဘာသံမှမကြားရတော့။ တချို့ကိစ္စတွေကိုတော့ ဖိုးကူးနှင့် ကျေးဥတို့ကို စုံစမ်းခိုင်းထားခဲ့သည်။ ဘာမှ တော့ ထူးထူးခြားခြား မရှိ။ ထိုညက သာအောင် ရွာမှာ မရှိဆို တာတော့ ကြားသည်ဆို၏။

"သာအောင်က နွားအလဲ အထပ်လုပ်သွားသဲ့ ရွာတွေမှာပဲ ရှိသယ်ကြားသယ်။ ကျန်သာ မကြားဘူး။ ရွာကတော့ ရွာပွဲ တွေမှာ ဖြစ်နေကျဖြစ်သာမျိုးလို့ပဲ ပြောကြသယ်။ ဒါပေသိ ဘယ်ကဘယ်လို စဖြစ်သယ်၊ ဘယ်သူနဲ့ ဘယ်သူ သတ်ကြ ပုတ်ကြသယ်လို့တော့ အစမထွက်ပေါင်တော်"

ကျေးဥ စကားက သည်လောက်ပင်။ တစ်ပတ်လောက် နေတော့ ကျော်ဒင်နှင့် ပေါင်းဖက်နေကြသော မြင်းခြံကလူတချို့ ထိုညက ရွာမှာရှိနေကြသည် ဆိုသည့် သတင်း ဖိုးကူးက ယူလာ ခဲ့၏။ ကြီးတော် စံရွှေအိမ်မှာ ထမင်းစားကြ၊ ရေချိုးကြ၊ ညနေဘက် အရက်ဝိုင်းဖွဲ့ကြတာကိုလည်း မြင်သူက မြင်ခဲ့ကြသည်။ အပ်ကျမပ်ကျ စွပ်စွဲဖို့ခက်သော်လည်း သတင်း အရတော့ ဖြစ်ဖို့ များပါ၏။

သည့်နောက်ပိုင်းရက်တွေမှာတော့ မအိမ်ကံတို့ အိမ်ကြီးမှာ အပြောင်းအလဲတွေ ရှိခဲ့သည်။ မအိမ်ကံနှင့်အတူ အိပ်နေကျ ကျေးဥ သူ့အိမ်ပြန်ရပြီ။ မနက်မိုးလင်းမှ ထလာရုံသာ။ အပေါ်ထပ်တစ်ထပ်လုံး မအိမ်ကံနှင့် ကိုပြေသိမ်းတို့ အတွက် မင်္ဂလာခန်းအဖြစ် နေရာပေးခဲ့ကြ၏။ ဖိုးကူးလည်း မအိမ်ကံကို စောင့်အိပ်စရာ မလိုတော့ မအိမ်ကံတို့ဝိုင်းထောင့်က သူတို့ အိမ်ကလေးထဲ ဖိုးတုတ်နှင့် ညီအစ်ကိုနှစ်ယောက် အတူအိပ်ကြ၏။ ကိုဖိုးငွေနှင့် မလှအုံတို့ကို အိမ်ကြီးပေါ်မှာပဲ နေစေသည်။

မအိမ်ကံက တစ်လျှောက်လုံး ကျေးဥနှင့် အိပ်ခဲ့ရသူဆိုတော့ ညတိုင်လျှင် ကျေးဥကို သတိရနေမိသည်။ ရွယ်တူသူငယ်ချင်း နှစ်ယောက် ဆိုးတိုင်ပင်၊ ကောင်းတိုင်ပင် ရှိခဲ့ကြသည်။ မအိမ်ကံ ရင်ထဲကစကားတွေ ဖွင့်ဟနိုင်ခဲ့သည်။ ရွာသတင်းကောင်း၊ သတင်းဆိုး ကျေးဥကပင် သယ်ဆောင်လာနေကျ မဟုတ်လား။ အခုတော့ မအိမ်ကံဘေးမှာ ကျေးဥ မဟုတ်တော့ဘဲ ကိုပြေသိမ်း ရှိနေခဲ့ပြီ။ ချစ်သူမဟုတ်တော့သော လင်သားကို အဖော်အဖက်ပြုရပြီ။ ညစဉ်ညတိုင်း မအိမ်ကံကြား နေရသည့် စကားတွေက ခါတိုင်းလို ရွာအကြောင်း၊ ရပ်အကြောင်းတွေ မဟုတ်တော့။ တိုင်းရေး ပြည်တာတွေဖြစ်ခဲ့ရပြီ။ ခင်ပွန်းသည်၏ အရေးတွေဖြစ်ခဲ့ရပြီ။

"အိမ်ကလေး သန်ဘက်ခါ အဖေတို့ပြန်ကြတော့မယ် ပြောနေပြီ။ အစ်ကိုနဲ့ အိမ်ကလေးတို့ ထနောင်းတိုင်ကို လိုက်ခဲ့ကြဖို့ ခေါ်နေတယ်။ အိမ်ကလေးလည်း အစ်ကို့ရွာ ရောက်ဖူးအောင် ရယ်၊ ဆွေတွေမျိုးတွေကိုလည်း အစ်ကို ကြွားချင်သေးတာရယ်..."

"မအိမ်ကံလည်း စဉ်းစားထားပါသယ် အစ်ကို။ လိုက်ပို့ရမှာပေါ့။ တစ်ပတ်တန်သည်၊ နှစ်ပတ်တန်သည် နေကြရအောင်"

"အဲသလောက်အထိ အစ်ကို နေလို့မရဘူး အိမ်ကလေး ရယ်။ ကျောင်းက ရှိသေးတာလေ။ အေးလေ ကြည့်သေးတာပေါ့"

ကိုပြေသိမ်း မိဘများ ထနောင်းတိုင် ပြန်မည့်နေ့က လှည်းသုံးစီး ကရသည်။ ကိုပြေသိမ်းမိဘများက တစ်စီး၊ မအိမ်ကံတို့ တစ်စီးနှင့် ၀န်စည်စလယ်တွေ လက်ဆောင်တွေက တစ်စီးဖြစ်သည်။ ယောက္ခမရွာကို လိုက်ရမှာဆိုတော့ မအိမ်ကံမှာ အ၀တ် အထည်က အစ ရွေးရသည်။ လက်တိုလက်တောင်း အနားမှာရှိ ဖို့ ကျေးဥကိုပါ ခေါ်ခဲ့ရပါ၏။ သည်လိုနှင့် မအိမ်ကံ တစ်ယောက် ထနောင်းတိုင်ကို ရောက်ခဲ့ရသည်။

ထနောင်းတိုင်ရွာကြီးမှာ ဇောင်ချမ်းကုန်းထက် စည်ပင်သည်။ မြို့နှင့်နီးတာလည်း ပါပါလိမ့်မည်။ မအိမ်ကံက ယောက္ခမရွာကြီးမှာ မျက်နှာပန်း ပွင့်လှပါ၏။ တောသူ ဆိုပေသိ မအိမ်ကံ၏ အလှက ထင်ပေါ်လှသဖြင့် လည်းကောင်း၊ ရွှေတွဲလွဲ ငွေတွဲလွဲနှင့် ပြည့်စုံခြင်းကြောင့် လည်းကောင်း၊ ၀တ်စားဆင် ယင်မှုတွင်လည်း ခေတ်ဆန်ခြင်းမျိုးလည်း မဟုတ်၊ ခေတ် နောက်ကျတာမျိုးလည်း မဟုတ်ဘဲ တစ်ဘာသာ ဆင်ယင်ဝတ် စားတတ်ခြင်းကြောင့်လည်းကောင်း ထနောင်းတိုင်ကို ရောက်သည်နှင့် အများ စိတ်ဝင်စားစရာ ဖြစ်ရတော့သည်။ ကိုပြေသိမ်း ဆွေမျိုးများကလည်း ချစ်ခင်ကြပါ၏။ ကိုပြေသိမ်း ဘက်က ဆွေမျိုးတွေထဲမှာ တင့်တောင့်တင့်တယ် ရှိကြသူတွေပါ ကြသကဲ့သို့ နွမ်းပါးသူတွေလည်း ရှိကြပေရာ မအိမ်ကံက နှုတ်မကြီး လက်မကြီး မျှတစွာ ဆက်ဆံခြင်း အားဖြင့် အများ၏ ချစ်ခင်မှုကို ရနိုင်ခဲ့သည်။ ကိုပြေသိမ်း မိဘ နှစ်ပါးဆိုလျှင် သမီး သမီး ဆိုသည့် အခေါ်ကို နှုတ်ကမချကြဘဲ အရိပ်တကြည့် ကြည့်ရှိကြရှာပါ၏။ မအိမ်ကံကလည်း ယောက္ခမများကို ရိုသေသ မှုရှိသည်။

"အမေ ထမင်းစားတော့မလား။ မအိမ်ကံ ခူးလိုက်တော့မယ်နော်။ အစ်ကိုပါ ၀င်စားလိုက်တော့"

မအိမ်ကံက ဆိုးဆိုးဆတ်ဆတ် ရှိလှသည်။ မအိမ်ကံက ယောက္ခမများကို စကားပြောတော့လည်း သူ့ကိုယ်သူ မအိမ်ကံ လို့သာ သုံးနှုန်းသည်။ နှုတ်ကျိုး နေတော့လည်း သမီးလို့ နာမ်စားသုံးရမှာ ထွက်ရဖို့ ခက်နေပုံရပါ၏။ ယောက္ခမတွေကလည်း မအိမ်ကံ၏ နှုတ်ဝသီကို သိနေကြတော့ မအိမ်ကံလို့သုံး တာကိုပင် ချစ်စရာတစ်မျိုး ဖြစ်ကြရသည်။ ဇနီးမောင်နှံတို့ ထနောင်းတိုင်နှင့် မဝေးလှသော အနီးအနားရွာတွေကို ဆွေပြမျိုးပြ ရောက်ကြသည်။ မဝေးလှသော တစ်ရပ်တစ်ရွာက ဆွေမျိုး တွေဆီကိုပါ ရောက်အောင်သွားကြသည်။ လင့်ဆွေလင့်မျိုး တွေဆိုပေသိ ဆင်းရဲတာတွေ့လျှင် ပေးတန်သလောက် လက်ရောက်ရပါ၏။ သည်လိုနှင့် ထနောင်းတိုင်ကို ရောက်သည်ပင် ငါးညတိုင်ခဲ့ပြီ။ ကိုပြေသိမ်းက ရက်တစ်ပတ်လောက်သာနေရန် ဖျောင်းဖျထား၍သာ လက်ခံလိုက်ရသော်လည်း မအိမ်ကံ ထနောင်းတိုင်မှာ ပျော်ပါ၏။

"မအိမ်ကံ အမေတို့နဲ့ နေခဲ့မယ်လေ။ အစ်ကို ပြန်နှင့်ပေါ့။ ထနောင်းတိုင်မှာ နေရသာ မ၀သေးဘူး အစ်ကိုရဲ့။ အမေတို့အဖေ တို့ကို ရောက်တုန်း ရောက်သခိုက် ပြုစုချင်သေးသယ်"

"မထားခဲ့နိုင်ပေါင်ဗျာ။ ညားခါစ မယား ထားခဲ့ရမယ်လို့ မဟုတ်တာ"

မအိမ်ကံက နေရသည့် ရက်တွေအတွင်း ယောက္ခမမိဘ နှစ်ပါးကို ခြေဆုပ်လက်နယ် ပြုသည်။ မီးဖိုချောင် ကိုယ်တိုင် ၀င်သည်။ ကိုပြေသိမ်းတို့မှာ ညီအစ်ကို သုံးယောက်ပဲ ရှိတာမို့ သမီးမိန်းကလေး မပါသော ယောက္ခမမိဘများကို မအိမ်ကံ ဇောင်ချမ်းကုန်းကို ခေါ်ထားလိုက်ချင်ပါ၏။ ကိုပြေသိမ်း၏ အစ်ကိုကြီးက ကျောဇီရွာသူနှင့် အိမ်ထောင်ကျကာ ဆံထုံးနောက် သျှောင်ပါသွားသဖြင့် မိဘများနှင့် အတူမနေ။ ညီငယ်ကလည်း မြင်းခြံကျောင်းမှာ ကျောင်းတက်နေတုန်း ဆိုတော့ တူမကလေး ခင်သီကို အိမ်ခေါ်ထားရရှာသည်။ မအိမ်ကံမှာ ရောက်ကတည်းက တစ်ဝိုင်းလုံးက အမြင်မတော်တာ မှန်သမျှ ကျေးဥနှင့် ခင်သီတို့နှင့် အတူ ရှင်းလင်းလှဲကျင်းသည်။ ကိုပြေသိမ်းက ဘာမှမပြောသော်လည်း ယောက္ခမတွေက အလုပ်မခံ။ မအိမ်ကံ ပင်ပန်းမှာ စိုးရှာကြသည်။ မအိမ်ကံကို လူပြလှရုံ ရွရွ ကလေး နေစေချင်ကြသည်။ မအိမ်ကံက မနေတော့လည်း ခက်သား။ ကိုပြေသိမ်းခမျာလည်း မယားတောသူ အတွက် မျက်နှာ လှရပါ၏။

ထနောင်းတိုင်ရွာကြီး၏ ညတစ်ည။

ထိုညက လသာလျက်ရှိ၏။ လရောင်က တစ်ရွာလုံးမှာ ကြိုင်ကြိုင်ကြီး ၀င်းပနေလေသည်။ ကိုပြေသိမ်းတို့ အိမ်ကြီးမှာ ရှေးအိမ်ကြီးဖြစ်၍ အပေါ်ထပ်မှာ အခန်းတွေ များလှပါ၏။ မအိမ်ကံတို့အတွက် အခန်းကျယ် တစ်ခန်း နေရာချထားသည် ဖြစ်ရာ ရွာကို အပေါ်စီးက မြင်ရသလိုဖြစ်နေသည်။ ထိုညက ကိုပြေသိမ်းမရှိ။ ရွာရောက်ခိုက် ကျောင်းကိစ္စဖြင့် မြင်းခြံကို တစ်ညအိပ် သွားနေခိုက်ဖြစ်သည်။ အိမ်ကြီးပေါ်မှာ မအိမ်ကံနှင့် ခြေရင်းခန်းမှာ ကျေးဥနှင့်ခင်သီတို့သာ ရှိသည်။ ညဦးပိုင်းတုန်း ကတော့ သုံးယောက်သား အလယ်ခန်းက သင်ဖြူးဖျာပေါ်မှာ ထိုင်ရင်း စကားတွေ ပြောနေခဲ့ကြသေးသည်။ အခုတော့ ကျေးဥ တို့နှစ်ယောက် အိပ်ပျော်သွားကြပြီ ထင်၏။ ခပ်စောစောက ချိုးချိုးချောက်ချောက် ကြားရသော်လည်း နောက်တော့ အသံ မကြားရတော့။

မအိမ်ကံက ပြတင်းပေါက်မှာ ရပ်ရင်း လရောင်နှင့် သစ်ပင်တွေကို ငေးနေခဲ့သည်။ လရောင်ထဲမှာ ချစ်သူဘ၀က ချစ်သူ ကိုပြေသိမ်းနှင့် တိတ်တခိုး တွေ့ခဲ့ရတာကိုလည်း သတိရ နေခဲ့သည်။ အခုတော့လည်း ထိုချစ်သူနှင့်ပင် အကြင်လင်မယားဘ၀ ရောက်ကြရပြီ။ ချစ်သူဘ၀က ခံစားမှုကတစ်မျိုး၊ အကြင်လင်မယား ဘ၀မှာ ခံစားမှုက တစ်မျိုး။ သည်အချိန်မှာ တော့ မအိမ်ကံ၏ အချစ်က ၀ါချည်ဖြူတစ်ပင်ရစ်ကယ်နှင့် ဖြစ်ရလေပြီ။ တစ်ဘ၀တွင် တစ်သက်၊ တစ်သက်တွင် တစ်ချစ် ရှိခဲ့ရသူ ဆိုတော့လည်း ချစ်ခြင်းနှင့်အတူ မြတ်နိုးခြင်း၊ ကိုးစားခြင်း၊ ယုံကြည်ခြင်းတွေပါ ပါလာခဲ့ပြီ။ ဘ၀အသစ်၌ ပေါင်းစည်းအားဖြင့် ပိုမိုပြည့်ဝသော အဓိပ္ပာယ် တစ်မျိုးရှိလာခဲ့ရပြီလို့လည်း ခံစားမိခဲ့ရသည်။ ကိုယ့်ကိုယ်ကို လုံခြုံရလေခြင်း လို့လည်း အောက်မေ့မိရပါ၏။

လရောင်က ပို၍ပင် မှည့်လာခဲ့သည်။

ထိုခဏ၊ ထိုတဒင်္ဂ၌ပင် အဝေးဆီက ပျံသန်းလာသော ငှက် တစ်ကောင်ကို လရောင်ထဲမှာပင် ကောင်းကင်နောက်ခံဖြင့် မအိမ်ကံ မြင်လိုက်ရသည်။ ငှက်က လရောင်ထဲမှာ အတော်ဖြန့် ၀ဲရင်း ထိုးဆင်းလာခြင်း ဖြစ်၏။ ထူးထူးဆန်းဆန်း မြင်ကွင်းကို မြင်လိုက် ရသလို မအိမ်ကံပင် အတွေးတွေ လွင့်စင်သွားခဲ့ရသည်။ သူမဘ၀တွင် ငှက်တစ်ကောင် အမှတ် ထင်ထင် ရှိခဲ့တာကိုလည်း ဖျတ်ခနဲ သတိရလိုက်မိပါ၏။ သူမဘ၀မှာ တစ်ခုခု ထူးခြားရန် အကြောင်း ဆိုက်လေတိုင်း ငှက်တစ်ကောင်ကို မအိမ်ကံ မြင်ရလေ့ရှိသည်။ ဘာငှက်မှန်းလည်း မသိ။ မအိမ်ကံ ကိုယ်တိုင်က ငှက်တစ်ကောင်နှင့် ဘယ်လို အကြောင်းဆက်နေ မှန်းလည်းမသိခဲ့။ တစ်ခါတစ်ရံ ဂီးခနဲ နက်ပြာပြာ စူးအောအောကြီး အော်လိုက်သည့်အခါ မအိမ်ကံ ရင်တွေပန်းတွေ တုန်ခဲ့ရတာတွေ များခဲ့လှပြီ။ ငှက်တစ်ကောင်ဟာ ဘယ်လောက်တောင် အသက်ရှည်ပါလိမ့်။ မအိမ်ကံ ငယ်ငယ်ကတည်းက ဆိုလျှင် နှစ်ပေါင်း နှစ်ဆယ်ရှိပြီ။ မေ့မေ့ပျောက်ပျောက် ရှိပြန်တော့လည်း တိုက်ဆိုင်တာပါလေလို့ တွေးမိရပါ၏။ သို့သော် ငှက်က စုံးစုံးမြုပ် ပျောက်သွားခဲ့တာမျိုးတော့ မဟုတ်။ ပေါ်ချင်သည့် အခါ မအိမ်ကံ မျက်မှောက် ရောက်လာတတ်သည်။ အခုလည်း ငှက်တစ်ကောင် လရောင်ထဲမှာ ၀ဲနေပြန်ပါပကော။ ဇောင်ချမ်းကုန်းက ငှက်ပဲလား၊ တခြား ငှက်တစ်ကောင်လား...။ မအိမ်ကံ ငှက်ကိုပဲ လိုက်ကြည့်နေမိသည်။ ငှက်က မအိမ်ကံရှိရာ ပြတင်းပေါက်နှင့် တည့်တည့်က ဒန့်သလွန်ပင်ကိုင်း တစ်ကိုင်းမှာ နားလိုက်သည်။ ဒန့်သလွန်ပင်က အရွက်ကျဲကျဲဆိုတော့ လရောင်ထဲမှာ ငှက်မည်းမည်းကြီးကို ထင်းထင်းကြီး မြင်နေရသည်။ မအိမ်ကံ တစ်ကိုယ်လုံး မွေးညင်းကလေးတွေ ထောင်သွားအောင် ကြက်သီးကလေး သီးထလာခဲ့သည်။ မအိမ်ကံက ငှက်ကို စိုက်ကြည့်နေသကဲ့သို့ ငှက်ကလည်း မအိမ်ကံကို စိုက်ကြည့် နေသကဲ့သို့ပင်။ မအိမ်ကံ လက်တွေက ပြတင်းတံခါးချပ်တွေကို ဆွဲပိတ်လိုက်ရန် အားယူလိုက်သည်။ ငှက်ကလည်း သိပုံရပါ၏။

"ဂီး..."

ငှက်အော်သံကြီးက အိမ်ကြီးပင် တုန်သွားလောက်ပါ၏။ ပြတင်းတံခါး နှစ်ဖက်ကို ပိတ်လိုက်မိသော်လည်း တစ်ချပ်က ချက်ချင်း ပြန်ပွင့်သွားလေသည်။ မအိမ်ကံက နောက်ကို ဆုတ်လိုက်ရင်း ခုတင်ပေါ် လှဲချလိုက်ပါ၏။ မျက်လုံးတွေက ပြတင်းပေါက်ဆီမှာ။ ဘုရား... ဘုရား... ငှက်ကြီး ၀င်လာမှဖြင့်။ မအိမ်ကံ တစ်ကိုယ်လုံး တုန်ခိုက်လာခဲ့ပါ၏။ ပွင့်နေသော ပြတင်းချပ်ကို ပိတ်ရန်ပင် အားမရှိသလို တုန်လှုပ်နေခဲ့ပါ၏။ မမြင်ရသော်လည်း ငှက်တစ်ကောင်၏ တဖြန်းဖြန်း အတောင် ရိုက်သံကြားနေရသည်။ သည်ငှက်ကြီး အခန်းထဲ ၀င်လာလျှင် ဘယ်လိုလုပ်မလဲ။ မအိမ်ကံခမျာ ချွေးစေးများပင် ပြန်လာခဲ့လေသည်။

"ကျေးဥ... ကျေးဥ... ကျေးဥ...၊ ခင်သီ... ခင်သီ"

ခြေရင်းခန်းမှာ ရှိနေကြသည့် ကျေးဥနှင့် ခင်သီကိုနှိုးသော်လည်း ထူးသံမကြားရ။ အောက်ထပ်တစ်ထပ်လုံးကလည်း တိတ်ဆိတ်နေ၏။ မအိမ်ကံ အာများပင် ခြောက်လာခဲ့သည်။ နောက်ထပ်တော့ ဘာသံမှမကြားရပြန်တော့။ လှဲနေရာမှ အသာထကာ ဒန့်သလွန်ပင် ထိပ်ဖျားကို လှမ်းကြည့်သည်။ တဖြည်းဖြည်း ရှေ့တိုးလာကာ အရဲကိုးကြည့်သည်။ ဘာမှ မရှိတော့။ ပွင့်နေသော ပြတင်းတစ်ချပ်ကို ဆွဲပိတ်လိုက်ပြီး ချက်ချလိုက်သည်။ ခုတင်ပေါ် ထိုင်ချလိုက်ပြီး ပြတင်းပေါက်ကို ငေးကြည့်နေခဲ့သည်ပင် နာရီတစ်မတ်လောက်ကြာလိမ့်မည် ထင်၏။ တိတ်ဆိတ်ငြိမ်သက်ခြင်းသာ ရှိတော့သည်။

"ဖွ... ဖွ... မကောင်းသူပယ် ကောင်းသူကယ်..."

ထိုညက မိုးလင်းခါနီးမှာမှ မအိမ်ကံ အိပ်ပျော်သွားခဲ့သည်။ အိပ်မက်များပင် မက်ခဲ့သေးသည်။ အိပ်မက်ထဲမှာ ဆပ်သွားဖူးပင်ကြီး လည်း ပါသည်။ လူသူတော် တစ်ယောက်လည်း ပါသည်။ နင် သမီးကလေးမွေးလိမ့်မယ် ဆိုတာလည်းပါသည်။ ထူးဆန်းတာက လူသူတော်၏ ပခုံးပေါ်မှာ ငှက်တစ် ကောင်နားနေခြင်းပင်။ ငှက်က ငှက်မည်းကြီး ဖြစ်၍ လင်းဝက်ကြီးတစ်ကောင်စာလောက် ကြီးသည်။ မအိမ်ကံ လန့်နိုးတော့လည်း အိမ်ကြီးက ငြိမ်သက်ဆဲဖြစ်၏။ ရာသီမသိ ပန်းနှင့်ညှိ၊ အချိန်မသိ ကြယ်နှင့် ညှိရအောင် ကလည်း ပြတင်းတံခါးတွေကို မဖွင့်ချင်။ မကြာခင်မှာတော့ ထနောင်းတိုင် ရွာဘုန်းကြီးကျောင်းဆီက တုံးမောင်း ခေါက်သံကို ကြားရသည်။ တုံးမောင်းသံက နှေးရာက မြန်မြန်လာ၏။ မြန်သည်ထက်မြန်လာ၏။ လင်းကြက်တစ်ကောင်၏ အတောင်ခတ်သံ တဖြန်းဖြန်းနှင့် အတူ တွန်သံကြီး ပေါ်လာခဲ့သည်။ မိုးလင်းခါနီးပြီ။ ၀ိုးတ၀ါး အိပ်မက်ကို မအိမ်ကံ စိတ်ရောက် နေခဲ့သည်။ အမှတ်မိဆုံးကတော့ နင် သမီးကလေး ရလိမ့်မယ် ဆိုသည့် စကားပင်။ ခက်တာက သည်စကားမျိုး အမေပန်းရုံ ပြောခဲ့ဖူးသည် ဆိုတော့ စိတ်များ စွဲလမ်းလို့များလား တွေးရပြန်ပါ၏။ ဘာပဲဖြစ်ဖြစ် သမီးကလေး မွေးလိမ့်မယ် ဆိုသည့် စကားကိုတော့ မအိမ်ကံ ကြည်နူး လက်ခံ နေမိခဲ့သည်။ သမီးကလေး မွေးရမှာပေါ့၊ သမီးကလေးမွေးမှ ဖြစ်မှာပေါ့။ သမီးကလေး မွေးရင် နာမည် ဘယ်လိုပေးမလဲ ဆိုတာကိုပင် မအိမ်ကံ တွေးပြီးသား။ မအိမ်မြိုင်...။

တစ်အိမ်လုံး မြိုင်စေရမည့် သမီးကလေး ဖြစ်ရမည်။ ကိုပြေသိမ်း၏ အချောနှင့် မအိမ်ကံ၏ အလှတို့ ယှဉ်ဖက်သော သမီးကလေး ဖြစ်ရမည်။ မအိမ်မြိုင်...။ သမီးကလေး မအိမ်မြိုင်...။ မအိမ်ကံ တစ်ဖန် အိပ်ပျော် သွားခဲ့ပြန်လေသည်။ မိုးကြီးစင်စင်လင်းမှ အိပ်မက်တွေ ထပ်မက်နေပြန်သည်။ အိပ်မက်ထဲမှာ သမီး မအိမ်မြိုင်က ကြက်တောင် စည်းကလေးနှင့် ဖြစ်၏။ ကြက်တောင် စည်းမှာ ရွှေကတော့ ထောင်ထောင် ကလေးစွပ်ထားတော့ မျက်နှာကလေး ၀င့်လွန်းလှသည်။ အပျို ဖြောက်ဖြောက်၊ ရွှေလက်ကောက်က တစ်ရန်နှစ်ရန်၊ လက်ချိတ် ကယ်လွန်းပျံ၊ ပန်းတဘက်ကထောင်၊ ပြန်လှန်ကာ သီသီ၊ ရင်ဝတ်ခံနီနီ၊ ထဘီကွက်ပြိုင်၊ သံပြင်ကမြိုင်မြိုင်...။ လှလိုက်သည့် သမီးကလေး။ လက်ချိတ်ကယ်လွန်းပျံ၊ ပန်းကွက်ကယ် ကျူထရံ၊ နှင်းခံက နီတျာ၊ ထဘီညိုတဘက်ပြာ၊ စကားဝါသံပရာ၊ နီလာငွေရောင်၊ ပုရွက်ကြောင်းပြောင်ပြောင် တဲ့။ ကြက်မောက်ဆင်၊ ပုရွက်ကြောင်းစင်ထဘီကလေးတွေက အရောင်အမျိုးမျိုး။ စံကားဝါရောင်၊ သံပရာရောင်။ သမီးမအိမ်မြိုင်က မအေ့ပါးကိုနမ်းနေလိုက်တာ။ အမေ့ပါးကလေး နွေးပါရဲ့သမီးရယ်။

"အိမ်ကလေး... အိမ်ကလေး..."

ပါးပြင်မှာ ပူနွေးနွေးခံစားမှု တစ်မျိုးရလိုက်သဖြင့် မအိမ်ကံ မျက်လုံးတွေ ပွင့်လာခဲ့ရပါ၏။ မျက်လုံးတွေ စင်းစင်းကလေး ဖွင့်ကြည့်လိုက်တော့ အစ်ကို။ ကိုပြေသိမ်း။ မအိမ်ကံ လူးလဲ ထလိုက်ပြီး ကိုပြေသိမ်းကို ကျုံးဖက်လိုက်သည်။ ကိုပြေသိမ်းကလည်း အလိုက်သင့် ဖက်ထားရှာပါ၏။ မြင်းခြံက ခုပဲပြန် ရောက်ပုံရပါ၏။

"အိမ်ကလေး နေမကောင်းဘူးလား"

"ကောင်းပါသယ် အစ်ကို။ အိပ်မက်တွေ မက်နေသာ အစ်ကို ရဲ့။ မအိမ်ကံ သမီးကလေး မွေးလို့တဲ့။ သမီးကလေး နာမည်ကို မအိမ်မြိုင်လို့ ပေးမှာလေ။ အစ်ကို ကြိုက်ကဲ့ မှုတ်လား။ အိပ်မက်ထဲမှာ သမီးက ချောလိုက်သာ အစ်ကိုရယ်"

ကိုပြေသိမ်းက မအိမ်ကံကို ပြုံးကြည့်နေသည်။ မအိမ်ကံ နဖူးက ဆံပင်တွေကို သပ်တင်ပြီး ဖွဖွကလေး နမ်းလိုက်သည်။ မအိမ်ကံ ဖက်ထားသည့် လက်တွေ လျှော့လိုက်တော့မှ ကိုပြေသိမ်းက အိပ်ရာပေါ် အလိုက်သင့် ပြန်လှဲပေးခဲ့ပါ၏။ ပြီးမှ မအိမ်ကံဘေးမှာ အသာဝင် ထိုင်သည်။ တစ်ခုခု ပြောချင်နေပုံဆိုတော့ မအိမ်ကံက လှဲမနေတော့ဘဲ ကိုပြေသိမ်းနှင့် ယှဉ်ထိုင်ရန် ကျုံးထ လိုက်ရပြန်သည်။ ကိုပြေသိမ်း မျက်နှာ မသာယာပါလား။ မြင်းခြံမှာ ဘာများဖြစ်ခဲ့လို့ပါလိမ့်။ စောစောကအိပ်မက်ထဲမှာ ကြည်နူးခဲ့ရတာများပင် လွင့်စင်သွားခဲ့သည်။ ကိုပြေသိမ်းများ တစ်ခုခုဖြစ်လာခဲ့ လေသလား။

"အိမ်ကလေး ရွာမှာ အခြေအနေတွေ မကောင်းတော့ဘူး။ ဂျပန်တွေ တော်တော် သောင်းကျန်း နေတယ်။ အစ်ကိုတို့ ရွာက ထွက်လိုက်တော့ မြင်းခြံ မရောက်ခင် ရာကျော် ဇရပ်ရှိတယ် မှုတ်လား"

"သိသယ်လေ ဘာဖြစ်လို့လဲ အစ်ကို"

"ဇရပ်ပေါ်မှာ ရက်ရက် စက်စက် ညှဉ်းပန်းပြီး ဖျောက်ဖျက်ထားတဲ့ အလောင်း တစ်လောင်း တွေ့ကြတဲ့ အကြောင်း မြင်းခြံကို သတင်းရောက်လာတယ်။ စုံစမ်းလိုက်တော့..."

"ဘယ်သူတဲ့လဲ အစ်ကို။ မကြားကောင်းမကြားသာ"

ကိုပြေသိမ်းက မအိမ်ကံကိုသိုင်းဖက်လိုက်ရင်း တစ်ချက် ငဲ့ကြည့်လိုက်ရှာပါ၏။ ပြီးမှ တစ်လုံးချင်းပြောပြလေသည်။ မအိမ်ကံမှာတော့ အံ့သြခြင်းကြီးစွာဖြင့် ပါးပြင်ပေါ်မှာ မျက်ရည်တွေ တလိမ့်လိမ့် စီးကျလာလေသည်။




(ဆက်လက်ဖော်ပြပါမည်)

ခင်ခင်ထူး

2 comments:

heaven said...

ကောင်းပါတယ်

wooem said...

ကျေးဇူးအရမ်းတင်ပါတယ် ... ဖတ်ချင်နေတာ .. စာအုပ်ဈေးကြီးလို့း(