April 22, 2009

သူ့ကြောင့် (နာဂစ်)

အင်း ဘာလိုလိုနဲ့ ကျွန်တော်လည်း စင်ကာပူကိုရောက်တာ တစ်နှစ်ပြည့်တော့မယ်။
တစ်နှစ်ပြည့်တော့မယ်ဆိုတော့ သူ့ကိုလည်းသတိရသွားတယ်။ သူဆိုလို့တစ်မျိုးထင်နေအုံးမယ်။
ကျွန်တော်တို့ မြန်မာ့ပြည်သူ ပြည်သား တွေအမှတ်ရကြမဲ့ နာဂစ်မုန်းတိုင်းကြောင့် လူ့အသက်ပေါင်း
မြှောက်မြားစွာ ဆုံးရှုံးခဲ့ရတာ ဒီလာမဲ့ မေလ ၂ရက်နေ့ဆိုရင် တစ်နှစ်ပြည့်ပါပြီ။

တစ်နှစ်ပြည့်ပင်မဲ့ ကျွန်တော်တို့ကတော့ ဘယ်လိုမှမေ့လို့ ရကျမှာမဟုတ်ပါဘူးဗျာ။
မမေ့ဆို လုပ်သွာပုံကိုလည်း ကြည့်ဦးလေ။ မြန်မာပြည်ကြီးမှာ ဒီလောက်အဖြစ်ဆိုးကို ကြုံဖူးသူရှိလို့လား။
၈၈ အရေးအခင်း တုံးကတော့သေသွားကျတဲ့ လူဦးရေက ဒီနာဂစ်မုန်းတိုင်းမှာ သေသွားကျတဲ့ လူဦးရေ
လောက်များမယ်မထင်ပါဘူးဗျာ။
ပျောက်တာမှ ရွာလုံးလိုက်ကို ပျောက်သွားတာ။ဘယ်လောက်များစိတ်မကောင်းစရာ ကောင်းလိုက်လဲဗျာ။ဘယ်အချိန်ပဲ ကြည့်ကြည့်ဒီ အဖြစ်အပျက်က ရင်နင့်စရာပါ။

အပြစ်မဲ့တဲ့ လူတွေကိုခေါ်သွားလိုက်ကျတာတစ်ညထဲနဲ့ လူပေါင်းမြှောက်မြားစွာရဲ့ အသက်ကို ဆွဲနှုတ်သွားတာ ကိုလိုနီခေတ်က ချစ်တီးတွေ အကြွေးမရလို့ရရာဆွဲ သွားကြတဲ့ အတိုင်းပဲ ဘယ်သူမှ မကယ်နိုင်တဲ့ အခြေအနေပါပဲဗျာ။ဘယ်အချိန်တွေးတွေး ဒီအဖြစ်အပျက်က ရင်နင့်စရာပါပဲ။

အဲဒီနေ့ ညကပေါ့ ကျွန်တော်က ရန်ကင်းမှာရှိတဲ့ အမတို့အိမ်မှာ အိပ်တာ။အမတို့အိမ်က အစိုးရကပေးတဲ့ တိုက်ခန်းဆိုတော့လေးထပ်တိုက်ပေါ့။အမရတဲ့ အခန်းက မြေညီထပ် ဆိုတော့ ကံကောင်းသွားတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ရန်ကုန်မှာရှိတဲ့ သွပ်မိုးတိုက်တွေ အကုန်လုံး ဒုက္ခရောက်ခဲ့ရတယ်လေ။

ကျွန်တော်အဖြစ်ကလည်း ကြည့်အုံး။ အဲဒီနေ့က ရန်ကုန်မှာရှိ တဲ့ ဆိုင်တွေ နေ့လည် ၂နာရီလောက်ထဲကပိတ်ပေးလိုက်ကြတာ။ လိုင်းကားတွေ တောင်သိပ်မရှိကြတော့ဘူး။ မနက်ထဲက မိုးတွေကရွာတာ၃နာရီလောက်မှာ ရန်ကုန် မြို့လယ် မှာ ရေတွေလျှံနေပြီ။အဲဒီအချိန်ထိ ကျွန်တော်မြို့ထဲမှာပဲ ရှိသေးတယ်။ ထိုင်ဝမ်က လာလည်တဲ့ သူငယ်ချင်းတစ်ယောက်ကိုလိုက်ပို့ပေးနေရတယ်။ ၅နာရီလောက်မှ အိမ်ပြန်ရောက်တယ်။ အမက အိမ်ပြန်ရောက်နေပြီလေ။ သူတို့ ရုံးကလည်း နေ့တစ်ဝက်နဲ့ ပြန်လွှတ်လိုက်တာတဲ့။

ကျွန်တော်အကျင့်တစ်ခုက ခေါင်းအုံ နဲ့ ခေါင်း ထိတာနဲ့ အိပ်ပျော်တဲ့ အကျင့်လေ။ မိုးကအေးဆို တော့ကွေကောင်းကောင်းနဲ့ ကွေနေလိုက်တာ အမ ခေါ်မှ နိုးလာတယ်။ တစ်ညလုံး မိုးကရွာ လေကပြင်းမှန်တော့သိတယ်။ မောင်လေး နင်အပြင်ကိုထွက်ကြည့်စမ်းဆိုမှ ကျွန်တော် ထွက်ကြည့်လိုက်တဲ့အခါ ......................

ဟာဗျာ ... ထင်တောင်မထင်ထားဘူး အားလုံး ရုပ်ပျက်ဆင်းပျက်နဲ့ ရှိသမျှအားလုံးကိုသွားတော့တာပဲ။အမကို ပြောပြီး လမ်းထိပ်ထွက်လာခဲ့တယ်။ လမ်းမှာလည်း ရေတွေက ပေါင်လယ် ရောက်နေပြီ အပင်ကြီးကြီး တွေမှန်သမျှ အကုန်လဲကုန်ပြီ။ အိမ်ကိုပြန်ပြီး အကျိုးအကြောင်းပြောပြ ဈေးဝယ်ပေးပြီး မြို့ထဲကို ထွက်လာခဲ့တယ်။

သူငယ်ချင်းလည်းရှိသေးတယ်ဆိုတော့ သူ့ကိုလည်း သတင်းမေးချင်တာနဲ့ ထွက်လာခဲ့တာ။ရန်ကုန်တစ်မြို့လုံး လို့ မြင်မကောင်းအောင်ကို ဖြစ်နေတော့တာပဲဗျာ။ရန်ကင်းကနေစထွက်ကတည်းက လမ်းလျှောက်လာခဲ့တာ ဗိုလ်တစ်ထောင် ကိုရောက်တဲ့ အထိပဲ။ဘာကားမှ မရှိဘူး။ ရှိပြန်တော့လည်း တွဲစီး စရာ နေရာတောင်မရှိဘူး။ သူငယ်ချင်းဆီ ရောက်တော့ပြန်ဖို့ အစီအစဉ်ပျက်သွားတယ်တဲ့။ Flight တွေမရှိဘူး နားထားရတယ်။

နောက်နေ့မှာ သူငယ်ချင်း တစ်ယောက်ဆီက ကြားခဲ့ရတဲ့သတင်းလေ ကြောင့်စိတ်မကောင်း ဖြစ်ရပြန်ပါတယ်။
ကျွန်တော်နဲ့ခင်တာ သုံးလေးလ လောက်ပဲရှိအုံးမယ်။ သူက ဖျာပုံက။ ရန်ကုန်မှာ သင်တန်းလာတက်တာ။
သင်တန်းတွေပိတ်လို့ ရွာခဏပြန်သွားတယ်။ မုန်းတိုင်း မကျခင် နှစ်ရက်လောက်မှာ သူ့ အမ ဘွဲ့ယူဖို့
ဆိုပြီး တစ်မိသားစုလုံး ရန်ကုန်ကို ရောက်လာတယ်။ သူ့က အိမ်စောင့် ဆိုပြီး ဖျာပုံမှကျန်ခဲ့တယ်။

စိတ်မကောင်းစရာပါ။ ပြန်တွေးတိုင်း ရင်ထဲမှာခံစားရပါတယ်။ မုန်းတိုင်းထဲပါသွားတယ်ဗျာ။ အလောင်းတောင်
ရှာလို့မတွေ့ဘူးဖြစ် သွားတယ်။ သူ့ အိမ်မှာ သူကအငယ်ဆုံး။ ကျွန်တော်နဲ့ ခင်တာမကြာသေးပင်မဲ့ စိတ်ထဲမှာ
ခံစားလိုက်ရတယ်။ သူ့မိသားစုဆိုရင်း ဘယ်လောက်တောင် ခံစားရမလဲဆိုတာ စဉ်းစားသာ ကြည့်ကြပါတော့ဗျာ။

သူ(နာဂစ်) ကတော့ တစ်ညတည်းနဲ့ ဝင်ခေါ်သွားတာ လူပေါင်း သိန်းသန်းချီသွားတယ်။
ကျွန်တော် တို့ ရင်ထဲမှာတော့ တစ်နှစ်လဲ မေ့မရ နှနှစ်လဲ မေ့မရနဲ့ ဘယ်တော့မှ မေ့လို့ရမဲ့အဖြစ်အပျက်လေး မဟုတ်ပါဘူး။ ကျွန်တော် သူငယ်ချင်းနဲ့ အတူ သေဆုံးသွားကြတဲ့ လူတွေအားလုံး
ကောင်းရာမွန်ရာ ရောက်ရှိကြပါစေ လို့ ကျွန်တော် ဆုတောင်းရင်း ................................................

3 comments:

မိုးခါး said...

ဟူး
ဘယ်သူ့ကို အပြစ်တင်ရမလဲ

ရွှေပြည်သူ said...

မြန်မာပြည်သူပြည်သား အားလုံးရင်ထဲမှာ ထာဝရကျန်နေမယ့် ကပ်ဆိုးကြီးပါ မောင်လေးရေ။ မောင်လေး သူငယ်ချင်းအတွက်လည်း တကယ်ကို စိတ်မကောင်းဖြစ်မိပါတယ်...

နေဒေးသစ် said...

ကို Reenoe ရေ ... နေမကောင်းတာရော စာကိစ္စတွေနဲ့ရော လုံးလည် ချာလည်လိုက်နေတာနဲ့ ဘလော့ဘက်ကို ကောင်းကောင်း အချိန်မပေးဖြစ်ဘူး ဖြစ်သွားတယ်။ လွန်ခဲ့တဲ့ ၂ ရက်လောက်က ကို Reenoe အိမ်ကို ရောက်သေးတယ်။ ဘာဖြစ်မှန်း မသိဘူးဗျာ ကွန်ပြူတာက မြန်မာဖောင့်တွေ မမြင်ရတာနဲ့ ဘာမှ ဖတ်လို့မရပဲ ပြန်ခဲ့ရတယ်။ ဝင်းဒိုး အသစ် ပြန်တင်ပြီး အခု ပြန်လာဖတ်တာ။ ကိုယ်တိုင် ဘာမှ ကောင်းကောင်း မရေးဖြစ်တော့ သူများရေးတာတွေပဲ လိုက်အားပေးနေရတယ်။ နာဂစ် ကတော့ ကိုယ်တိုင် မကြုံဖူးလိုက်ပါဘူး။ နာဂစ်ဖြစ်တော့ ဒီရောက်နေပြီလေ။ အင်တာနက်ကနေတော့ တွေ့နေရတယ်။ ဒါပေမယ့် အဲလောက်ဆိုးတယ်လို့တော့ ထင်မထားမိဘူး။ နောက်တော့မှ နိုင်ငံတကာ အကူအညီတွေ ဘာတွေတောင် ယူရတယ်ဆိုတော့ တော်တော်ဆိုးမှန်းသိတာ။ ကျွန်တော့်မိသားစုတွေ ကံကောင်းထောက်မပြီး ဘာမှ မဖြစ်ကြပေမယ့် ထိခိုက်ခံစားခဲ့ရတဲ့ မိသားစုတွေ ပျောက်ပျက် ကွဲကွာသွားတဲ့ မိသားစုတွေ အတွက်တော့ ရင်နဲ့ အမျှပါပဲဗျာ ... အခုလို အမှတ်ရနေသင့်တဲ့ နေ့တစ်နေ့ကို တင်ပြပေးထားတာ အရမ်းကောင်းပါတယ်။ အဆင်ပြေပါစေ ကို Reenoe