April 26, 2009

ပြောပါ ကံကြမ္မာ

လိုအပ်ချက်တွေ ဖြည့်ဖို့ တွေးနေရတာနှင့်
အမေနှင့်ဝေးဖို့ မတွေးမိခဲ့ဘူး
ကံကြမ္မာရယ်
အမေ့ဆွေးမြေ့မှုတွေလဲ ငါ မတွေးတတ်ခဲ့ဘူး

ခုတော့...
ကြယ်တွေကြွေတိုင်း တောင်းတဲ့ဆုက
ဒီမှာတခုတည်းဖြစ်ဖြစ်နေခဲ့။

ယဲ့ယဲ့လေး ကျန်တဲ့ ခံနိုင်ရည်အားနဲ့
တားမရတဲ့ အိမ်လွမ်းစိတ်ကို ဖြေဖို့
အမေ့စကား နားမထောင်ပဲ ငိုနေခဲ့တာ
ဟိုးအဝေးက အမေများသိရင်
ဂရုဏာဇောနဲ့ အပြစ်တင်စောမှာလား

ဒါမှမဟုတ်
မျက်နှာတဖတ်လွဲ မျက်ရည်တွေပဲ ၀ဲနေမလား
(ကျေးဇူးပြုပြီး ခဏလောက် ငိုပါရစေ အမေရယ်)

ချိုမယ် ခါးမယ် ကြိုတင် ပြင်ဆင်ခဲ့ပေမယ့်
ဝေဟင်ထဲ ဖြတ်တဲ့ လေယာဉ်သံကြားတိုင်း
ယောင်ယောင်ပြီး ငေးမောနေခဲ့ အခါခါ
(ငါ့အသည်း ထင်သလောက်လဲ မမာပါလား ကံကြမ္မာ)။

ဟန်ဆောင်ပြုံးတွေနဲ့
ကိုယ်စိတ်ကိုယ် ဘယ်လိုအားတင်းထားထား
ပျော်နေကြတဲ့ မိသားစုတွေမြင်ရင်
ဒီရင်ထဲ လာလာ အလင်းပြန်တဲ့ ပုံရိပ်ကလည်း
တခါ တခါ ဆို
အသက်ရှုမှုတွေပဲ ရပ်တန့်တော့မလိုလို....
မငိုချင်တော့ဘူး ကံကြမ္မာရယ်။
ငါ မငိုပါရစေနှင့်လာ။

လိုအပ်ချက်တွေ တွေးနေရတာနှင့်
မိသားစု နှင့် ဝေးဖို့ မတွေးတတ်ခဲ့တာ
ဒီအသည်း မဆွေးတတ်ခဲ့လို့ မဟုတ်တဲ့အကြောင်း
နင် သိအောင် ဘယ်လို ပြောရမလဲ။

တကယ်ဆို
အဲဒီမျက်ရည် တွေကို ကျောခိုင်းဖို့
ငါ့ရင်လည်း သွေးအစက်စက် ကျခဲ့ရတာပါကွယ်။

ကဲ ပြောလှည့်ဦး ကံကြမ္မာ.........

ဘာကြောင့်များ ညည်းချင်းတွေ နင်ပေးသလဲ ဆိုတာ...


ကဗျာ ပိုင်ရှင် - White Angel

မှတ်ချက်။ ။ အမေများနေ့ အတွက် ကျွန်တော် ကိုယ်တိုင် ရေးထားသော
ကဗျာ တစ်ပုဒ် နှင့်အတူ သူငယ်ချင်းများဆီ တောင်းခံထားသော
ကဗျာများအား ဆက်လက် ဖေါ်ပြပေးသွားမှာ ဖြစ်ပါတယ်။

လူချင်း မမြင်ဖူးကျပင်မဲ့ စိတ်ချင်းရင်းနှီးနေကြတဲ့ ကျွန်တော် သူငယ်ချင်းများအားလုံး စိတ်ဝင်းစားတယ်ဆိုရင်
အမှတ်တရအနေနဲ့ အမေများနေ့ကို ကြိုဆိုသောအားဖြစ်သော၎င်း၊ ကျွန်တော်ကိုခင်မင်သောအားဖြစ်သော၎င်း အမှတ်တရ အမေနဲ့ ပတ်သက်သော အကြောင်းအရာ များအားပေး ပို့ပေးကြပါဗျာ။

ဒီ email သို့ reenoemann@gmail.com ပေးပို့နိုင်ပါတယ်ဗျာ

3 comments:

Anonymous said...

အမေများနေ့အတွက် ကျွန်တော် ပို့စ်တစ်ခု ရေးနေဖြစ်ပါတယ် ကို reenoe .. အမေ့ကို ပြောပြချင်တာတွေ အမေ့အပေါ် ကျွန်တော် တာဝန်မကျေခဲ့သေးတာတွေ အတွက် ကျွန်တော် တောင်းပန်စရာတွေလည်း ရှိပါတယ်။ ကျွန်တော် အချောသတ် အဆင့် မရောက်သေးပေမယ့် အမေများနေ့ အတွက် ပို့စ်တစ်ခုလောက်တော့ တင်ဖြစ်မှာပါ ... ကို Reenoe ဆီလည်း ပို့ဖြစ်အောင် ကြိုးစားပါ့မယ် ... ဒါပေမယ့် အမှန်အတိုင်း ပြောရရင် ကျွန်တော် ကဗျာမရေးတတ်ဘူးဗျ ... ဘယ်လိုလုပ်ရမလဲ ... ကဗျာ မဟုတ်လည်း ရပါသလား ... အကြောင်းတော့ ပြန်ပါဦးဗျာ ..

Welcome said...

စိတ်ပဲရှိခဲ့တယ်၊ ရေးမဖြစ်ခဲ့ဘူး။

သူကြီးမင်း (တုံးဖလား) said...

အမေများနေ့မှာ အမေကဗျာတွေ စုရေးကြတာ မသိလိုက်ဘူး။
အခုမှ ရှာဖွေပြီး ဖတ်သွားတယ်။

ပျော်ရွှင်ကြည်နူးနိုင်ပါစေ။