November 25, 2009

မအိမ်ကံ ( For Dec အပိုင်း - ၁)


ယခင်လမှ အဆက်
၃၂။
“ဗုဒ္ဓေါစ မင်္ဂလာ လောကေ ဗုဒ္ဓေမင်္ဂလ မာဂမ္မသဗ္ဗ အန္တရာယာ ၀ိနသန္တု။ ဓမ္မောစ မင်္ဂလောလောကေ ဓမ္မ မင်္ဂလ မာဂမ္မ သဗ္ဗအန္တရာယာ ၀ိနသန္တု။ သံဃောစ မင်္ဂလော လောကေ သံဃမင်္ဂလ မာဂမ္မ သဗ္ဗအန္တရာယော ၀ိနသန္တု။ လောကေ လောက၌ ဗုဒ္ဓေါစ မြတ်စွာဘုရားသည် မင်္ဂလော မင်္ဂလာရှိပါ ပေ၏။ လောကေ လောက၌ ဓမ္မော တရားတော်မြတ်သည် မင်္ဂလော မင်္ဂလာ ရှိပါပေ၏။လောကေ လောက၌ သံဃောစ သံဃာတော်မြတ်သည် မင်္ဂလော မင်္ဂလာ ရှိပါပေ၏။ သည် မင်္ဂလာသုံးပါးကို အာဂမ္မအကြောင်း ပြု၍ သဗ္စအန္တရာယာ အလုံးစုံသော အန္တရာယ်တို့သည် (၀ါ) အလုံးစုံသော မကောင်းမှုတို့သည် ၀ိနဿန္တု ကင်းစင်ပပျောက်ကြရတယ်။ အဲသလို မှုတ်လား ဒကာမကြီး”

“တင်ပါ့ ဘုရား”

“တစ်ခါမှ မြတ်စွာဘုရားက ဟောတော်မူသယ်။ သတ္တ၀ါတွေဟာ အလိုမရှိအပ်၊ မနှစ်သက်အပ် မမြတ်နိုးအပ်တဲ့ တရားတွေ ဆုတ်ယုတ်ရင် ဘယ်လောက်ကောင်းမလဲ။ အလိုရှိအပ်၊ နှစ်သက်မြတ်နိုးအပ်တဲ့ တရားတွေချည်းရှိနေရင် ဘယ်လောက်ကောင်းမလဲလို့ တွေးကြတယ်တဲ့။ ကောင်းတာတွေချည်း အလိုမရှိဘူးဘား ဒကာမကြီး”

“အလိုရှိပါတယ် ဘုရား”

မကောင်းတွေချည်း ကျတော့ကောလိုချင်ရဲ့လား”

“မလိုချင်ပါ ဘုရား”




“တစ်ခါက မလ္လတိုင်း ဥရုဝေလ ကပ္ပရွာကြီးမှာ မြတ်စွာ ဘုရား သီတင်းသုံး နေတော်မူခိုက် ဘဒြက ရွာသူကြီးက ဆင်းရဲခြင်း အကြောင်းနဲ့ ပတ်သက်လို့ ဟောတော်မူပါဘုရား လို့လျှောက်သယ်။ သည်တော့ ဘုရားက အတိတ်ကို ဆောင်ပြီး ဟောရင်လည်း သင်ယုံမှာ မဟုတ်။ အနာဂတ်ကို ဆောင်ပြီးတော့ ဟောရင်လည်း သင်ယုံမှာ မဟုတ်။ လက်ငင်း ပစ္စုပ္ပန်မှာ ဖြစ်နေသာကို မေးမယ်တဲ့။ ဥရုဝေလ ကပ္ပရွာကြီးမှာ လူတွေ ဆင်းရဲ ကြသယ်၊ သေကြသယ်၊ ဆုံးရှုံးကြသယ်၊ အကဲ့ရဲ့ခံကြ ရသယ်၊ စိုးရိမ် ပူဆွေး နေကြရသယ်။ အဲသည့် လူတွေနဲ့ သင်နဲ့ ပတ်သက် သလားတဲ့ မေးသယ်”

“တင်ပါ့ဘုရား”

“ဘဒြက သူကြီးက မပတ်သက်ပါ ဘုရားပေါ့။ မပတ်သက်တော့ သင်ပူပန် သောက ရောက်ရသလား၊ ဆင်းရဲဒုက္ခလို့ ထင်သလား။ ကိုယ်စိတ်နှစ်ပါးဆင်းရဲလေခြင်းလို့ ခံစား ရသလားလို့ မေးပြန်သယ်။ သည်တော့ ဘဒြကသူကြီးက တပည့်တော်နဲ့ မပတ်သက်လို့ အဲသလိုလည်း မခံစားရပါဘူး ဘုရားတဲ့။ အဲသည်အထဲမှာ ကိုယ့်မိကိုယ့်ဘကိုယ့်ဆွေကိုယ့် မျိုးတွေ ပါနေပြီဆိုပါတော့ ဘယ်လို ခံစားရမလဲတဲ့။ ပူဆွေး သောက ရောက်ရမှာပါဘုရားလို့ ဘဒြကသူကြီးက ပြန် လျှောက်တယ်။ ရှင်းတယ်နော် ဒကာမကြီး”

“ရှင်းပါတယ် ဘုရား”

“ဒါနဲ့ ဘုရားရှင်က ဘဒြက သူကြီး သင်ပဲဖြေပါ။ အဲဒါ ဘာပြုလို့လဲတဲ့။ သည်တော့ ဘဒြက သူကြီးက ချစ်ခင် တွယ်တာလို့ပါ ဘုရားလို့ လျှောက်သယ်။ သည်တော့မှ ဘုရားရှင်က အဲဒါ အကြောင်းရင်းပဲတဲ့။ ချစ်ခင်ခြင်းတည်း ဟူသော ဆန္ဒသည် ဒုက္ခဆင်းရဲ၏ အကြောင်းရင်းဖြစ်တယ်လို့ ဟောတော်မူသယ်”

“တင့်ပါဘုရား”

“ဒါကို ဒကာမကြီး မအိမ်ကံ နှလုံးသွင်းပါ။ ပုထုဇဉ်တွေ ဖြစ်လို့ ဘုရား ရဟန္တာများလို မကျင့်ကြံနိုင်သော်လည်းပဲ နှလုံး သွင်းပြီး စိတ်၏ ချမ်းသာခြင်းကို တည်ဆောက်ရမယ်။ သည်ကနေ့ မွေးနေ့၊ မွေးရက်က စပြီး နောင်မွေးနေ့၊ မွေးရက် တွေတိုင်းမှာ တရားနဲ့ ပြည့်စုံသော ဘ၀ကို ရယူပွားများ နိုင်ဖို့လိုတယ်။ ဟုတ်ကဲ့လား ဒကာမကြီး”

“တင်ပါ့ ဘုရား”

“ကိုင်း ရေစက် ချရအောင်။ သည်အချိန် ကလေးဟာ အင်မတန် အရေးကြီးသယ်။ တစ်မျှင်ချင်း လွင့်သွားတဲ့ ဆံပင်များကို တစ်စုတည်း ဖြစ်အောင် ကျစ်ထားသော ဆံစုကဲ့သို့ ဟုတ်ပြီလား။ အာရုံ ကလေးမှာ တည်ပြီး အကုသိုလ် အဖို့ဘာဂ ကိုအောက်မေ့၊ မေတ္တာ စိတ်ကလေးပြုပြီး ညွှတ်ထားမယ်။ တတ်စွမ်းသမျှ လှူဒါန်းရသော ဒါန ကုသိုလ်ကို ရည်မှတ်ပြီး ကောင်းမှု ကုသိုလ်ကို ရည်မှတ်ပြီးလျှင် ဘ၀တစ်ပါး ခြားကြ ကုန်ပြီဖြစ်သော မိဘဘိုးဘွား များကအစ မိမိ မျက်မှောက်၌ ရှိကြကုန်သော ပုဂ္ဂိုလ်စသည် ဖြင့် အာရုံညွှတ်ထားရမယ်။ ဟုတ်ပြီလား၊ ကိုင်း လိုက်ဆို ဒကာမကြီး”

“ဘန္တေ ဘုရား”

“ဘန္တေ ဘုရား”

“နိဗ္ဗာနဿ...နိဗ္ဗာန်ကို ရည်မှတ်၍”

“နိဗ္ဗာနဿ...နိဗ္ဗာန်ကို ရည်မှတ်၍”

“သစ္ဆိကရဏတ္ထာယစ မဂ်ဥာဏ် ဖိုလ်ဥာဏ်တို့ဖြင့် မျက်မှောက် ပြုရပါလိုခြင်း အကျိုးငှာ လည်းကောင်း”

“သစ္ဆိကရဏတ္ထာယစ မဂ်ဥာဏ်ဖိုလ်ဥာဏ်တို့ဖြင့် မျက်မှောက်ပြုရပါ လိုခြင်း အကျိုးငှာ လည်းကောင်း”

“သုခတ္တာယစ ကိုယ်စိတ်နှစ်ပါး ကျန်းမာ ချမ်းသာစေ ခြင်းအကျိုးငှာ လည်းကောင်း”

“သုခတ္တာယစ ကိုယ်စိတ်နှစ်ပါး ကျန်းမာ ချမ်းသာစေ ခြင်းအကျိုးငှာ လည်းကောင်း”

“အန္တရာယ ၀ိဂမ္မနတ္ထာယစ အန္တရာယ် ကင်းခြင်း၊ ဘေးကင်းခြင်းအကျိုးငှာ လည်းကောင်း”

“အန္တရာယ ၀ိဂမ္မနတ္ထာယစ အန္တရာယ် ကင်းခြင်း၊ ဘေးကင်းခြင်း အကျိုးငှာ လည်းကောင်း”

“၀ိဇာယနကာလေ မအိမ်ကံ၏ မွေးနေ့၊ မွေးလ၊ မွေးရက် ကျရောက်ရာ အခါသမယ၌”

“၀ိဇာယနကာလေ မအိမ်ကံ၏ မွေးနေ့၊ မွေးလ၊ မွေးရက် ကျရောက်ရာ အခါသမယ၌”

“တိသရဏေနုသဟ သရဏဂုံ သုံးပါး၌ တည်ပါကုန်၍”

“တိသရဏေနုသဟ သရဏဂုံ သုံးပါး၌ တည်ပါကုန်၍”

ငုံ့ထားသော မျက်နှာတွင် မျက်ရည်တွေ တာကျိုးအံ့ ဆဲဆဲ ရှိသော်လည်း မအိမ်ကံ စိတ်ကို စိတ်နှင့်ပင် တုပ်နှောင် ထားခဲ့သည်။ ရေစက်ချ ကရားမှ ကနုတ် ပန်းခက်ကလေးတွေကို မြင်နေရသည်။ ကရားထိပ်မှ တစ်ပေါက်ချင်း ချလွှတ်သော ရေစက်ကို သတိနှင့် ထိန်းရင်း စိတ်ကို မပျံ့လွင့်အောင် ကြိုးစား ထားပါ၏။ ထိန်းထားသည့် ကြားက အဖေ့ကို မြင်ယောင်သည်။ အမေ့ကို မြင်ယောင်သည်။ မလှအုံကို မြင်ယောင်သည်။ ဦးပဉ္စင်းက မိမိ မျက်မှောက်၌ ရှိကြကုန်သော မိမိ မျက်မှောက်၌ မရှိကြကုန်သောတဲ့။ ရှိကြကုန် သောက ဘယ်သူတွေလဲ၊ မရှိကြကုန် သောက ဘယ်သူတွေလဲ။ သည်စိတ်က ခေါင်းထဲ ရောက်လာပြန်တော့ ရေစက် ကရားက တသွင်သွင် ကျနေသော ရေစက် တစ်ပေါက်ချင်းကို မမြင်ရပြန်။ မျက်ရည်များဖြင့် ဝေေ၀၀ါးဝါး ဖြစ်ရပြန်ပါ၏။ သတိတရား ၀င်လာ ပြန်တော့ မျက်ရည်ကို ထိန်းသည်။ လိုက်ဆို နေရသည့် ရေစက်ချကို ကတုန်ကယင် မဖြစ်အောင် ထိန်းရသည်။ စိတ်ကို မလွင့် မပျံ့အောင် ထိန်းရသည်။

“သမာနစ္ဆန္ဒာ တစ်ဦးနှင့် တစ်ဦး ဆန္ဒ တူညီကြကုန်သည် ဖြစ်၍”

“သမာနစ္ဆန္ဒာ တစ်ဦးနှင့် တစ်ဦး ဆန္ဒ တူညီကြကုန်သည် ဖြစ်၍”

“သမ္မောဒမာနာ ကြည်သာရွှင်လန်း ၀မ်းမြောက်ကြကုန် သည်ဖြစ်၍”

“သမ္မောဒမာနာ ကြည်သာရွှင်လန်း ၀မ်းမြောက်ကြကုန် သည်ဖြစ်၍”

ဖြစ်၍...ဖြစ်၍...ဖြစ်၍။ မအိမ်ကံ ညည်းစိတ်ကို ငြိမ်နေအောင် တည်ထားစမ်း။ ရေစက် ချတုန်း ချသခိုက် အချိန် ကလေးမှာ မပျံ့လွင့်စေနဲ့။ ပြုခဲ့ဖူးတဲ့ ကုသိုလ်အဖို့ကို ၀မ်းမြောက်ဝမ်းသာ ရကြစမ်းပါစေ။ ငါ့အသက် လေးဆယ် ပြည့်ပြီပဲ။ နှစ်ပေါင်းလေးဆယ် ဆိုတဲ့ လူ့ဘ၀ သက်တမ်းမှာ ညည်း ကုသိုလ်တွေ ပြုခဲ့ပြီပဲ။ ပေးခဲ့၊ ကမ်းခဲ့၊ လှူခဲ့၊ တန်းခဲ့ပြီပဲ။ ဖြည့်ဟဲ့၊ ဖို့ဟဲ့၊ ကျွေးဟဲ့၊ မွေးဟဲ့ ရှိခဲ့ပြီပဲ။ သံသရာကြီး ရှည်သရွေ့ ၀ဋ်ဆင်းရဲကြီး ရှည်မှာပဲ။ ဇာတိဒုက္ခ၊ ဇရာဒုက္ခ၊ ဗျာဓိဒုက္ခ၊ မရဏ ဒုက္ခတွေ ရှိနေမှာပဲ။ ချစ်လျက်နဲ့ ကွေကွင်း ရခြင်း ဆင်းရဲ၊ မချစ် မနှစ်သက်ဘဲ ပေါင်းသင်း ဆက်ဆံရခြင်း ဆင်းရဲ။ ဘ၀တူမျှ အခြေတကျ ရှိချင်သော်လည်း ရှင်ကွဲကွဲ ရတဲ့ ဒုက္ခဆင်းရဲ...ဒါတွေလည်း ရှိမှာပဲ။ အို သတိလွတ်ရ ပြန်ပါပကော။ သတိ၊ သတိ။

“ဣစ္ဆိတပတ္တိတ ဗောဓိဥာဏ်ဏံ အလိုရှိအပ် တောင့်တအပ်သော ဗောဓိဥာဏ်ဏ်ကို”

“ဣစ္ဆိတပတ္တိတ ဗောဓိဥာဏ်ဏံ အလိုရှိအပ် တောင့်တအပ်သော ဗောဓိဥာဏ်ဏ်ကို”

“လဘိတွာ ရကြကုန်၍”

“လဘိတွာ ရကြကုန်၍”

“နိဗ္ဗာနံ နိဗ္ဗာန်သို့ ပါပုဏိသာမ ရောက်ရပါလို၏”

“နိဗ္ဗာနံ နိဗ္ဗာန်သို့ ပါပုဏိသာမ ရောက်ရပါလို၏”

ရေစက်ချအပြီးမှာတော့ မအိမ်ကံ လှိုက်ခနဲ ခံစားလိုက် ရသည်။ တစ်ချက်ရှိုက်ခြင်းနှင့် အတူ မျက်ရည်တွေ သွန်ကျ လာခဲ့ပါ၏။

၁၃၂၂ ခု၊ တပို့တွဲလ။
မအိမ်ကံ အသက် လေးဆယ်တင်းတင်း ပြည့်ခဲ့ပြီ။ မနက်ကပင် ရွာဦး ဆရာတော် ဦးခေမိန္ဒထံတွင် လွန်လေပြီးကြသူ တို့အတွက် မွေးနေ့ ကုသိုလ်ပြုခဲ့သည်။ ဘုန်းကြီးကျောင်းကို အ၀င်နတ် လမ်းရှည်ပြီး တစ်လျှောက်ဖြတ်တော့ ကိုပြေသိမ်းကို သတိရသည်။ နတ်လမ်းထဲမှာပဲ မအိမ်ကံကို မေတ္တာ ရှိကြောင်း သူပြောခဲ့တာ မဟုတ်လား။ သည်တစ်ခါတော့ ဆွမ်းချိုင့်ကို လက်က ဆွဲရင်း မအိမ်ကံ တစ်ယောက်တည်း ကျောင်းကို လာခဲ့ရပြီ။ ကျေးဥနှင့် သမီးငယ် ခိုင်က အိမ်မှာ နေခဲ့ကြပါ၏။ ဆရာတော် ဆုံးမလိုက်သော ရေစက်ချ တရားကို နာယူရတော့လည်း အပူကလေး ငြိမ်းရသလိုလို ရှိခဲ့သည်။ ရွှံ့နှင့်လုပ်သော နားတောင်းလို၊ ရွှေရည် ပွတ်ထားသော နှစ်ပြားတန် ကြေးနားတောင်းလို အပေါ်ယံလှရုံ ဟန်ဆောင် မထားနဲ့လို့လည်း ဆရာတော်က မှာလိုက်သေးသည်။ ဆရာတော်က မအိမ်ကံ အကြောင်းကို သိနေလို့များလား။ အတွင်းစိတ်က မငြိမ်းနိုင်ဘဲ ဟန်မဆောင်နဲ့လို့ မိန့်ချင်ပုံ ရပါ၏။

အခုတော့လည်း သည်အိမ်ကြီးမှာ မအိမ်ကံပဲ ရှိတော့သည်။ အဖေ မရှိတော့။ အမေ ပန်းရုံ ကွယ်လွန်ရှာခဲ့ပြီ။ မလှအုံလည်း ဆုံးပါးခဲ့ရပြီ။ သမီးကြီးမြိုင်ကို မြင်းခြံ ပို့ခဲ့သည့် ၁၃၁၉ ခုနှစ်က ရေတွက်လျှင် လေးနယုန်ပင် ကျော်ခဲ့ပြီ။ သည်လေး ငါးနှစ် အတွင်းမှာ မအိမ်ကံတို့ အိမ်ကြီးထဲက လူသုံးယောက်ကို ဖဲ့ယူ သွားခဲ့ပြီ။ အသက်လေးဆယ် ဆိုသည့် အရွယ်က ဘ၀မှာ အားအရှိဆုံး အချိန်ပင်။ ရင့်ကျက်သော ဘ၀ဖြင့် ရှေ့ခရီးကို လှမ်းရန် ခြေလှမ်းပြင် ခိုက်မှာပင် တစ်စုံ တစ်ယောက်က တွန်းလှဲပစ် လိုက်သလို ပုံလျက်သား လဲခဲ့ရသည်။

“ကျေးဥရယ်၊ ဖြစ်ရပုံများတော့အေ အမေဆုံးသယ်၊ မလှအုံ ဆုံးသယ်။ သည်ကြားထဲ ညည်းအမေ အရီး ကြာညွန့် ပါဆုံးသွားသာကကော မအိမ်ကံကို အငြှိုးနဲ့ လုပ်နေသလိုပဲ အေ။ ငါ အရိပ်ခိုရသယ့် လူတွေကိုချည်း တမလွန် ခေါ်သွား သာကတော့ တဆိတ်စာ ဖြေနိုင်စရာတောင် အကြောင်း မရှိပါလား အေရယ်။ ဆရာတော်ကတော့ ဟောရှာပါရဲ့။ ငါ ရေစက်တောင် ဖြောင့်အောင် မချနိုင်ခဲ့ပါဘူးအေ။ ငါမျက်ရည်ကျသာ ကို သမီးကလေး မမြင်စေချင်လို့ ညည်းတို့ကို ထားခဲ့သာ ပါ။ ကျောင်းက အပြန် နတ်လမ်းထဲမှာ ငါထိုင်ငိုမိသယ်။ ဘ၀ အကြောင်းများ မကောင်းပါဘူးအေ”

ကျေးဥကိုပင် ပြောမိခဲ့ရပါ၏။ ကျေးဥကတော့ တရား ရှိသူလိုပင် မလှုပ်မခြောက် ရှိနေလေသည်။ မအိမ်ကံကို သနားစရာ သတ္တ၀ါ တစ်ကောင်လို ကြည့်နေခဲ့သည်။ သည်လောကဓံလောက်တော့ ကျေးဥတို့က ခါးစောင်းတောင် တင်လိုက်ချင်သေး ဆိုသည့် မျက်နှာဖြင့် ရှိနေခဲ့သည်။ သူကကော ဘာထူး လို့လဲ။ အမေဆုံးသည်။ ယောက္ခမ မိဘ ဆုံးသည်။ မအိမ်ကံ ကြုံသလောက် ကျေးဥက ဖြစ်ရလေခြင်းရယ်လို့ မညည်းခဲ့။ မအေ ဆုံးတုန်းက ငိုခဲ့သည်။ ယောက္ခမ ဆုံးတော့ မျက်ရည် ကလေး သီသီ ဝေ့ခဲ့သည်။ ဒါပါပဲ။ သည့်နောက်တော့ စပ်လို့တောင် ပြောတာမျိုး မရှိ။ မအိမ်ကံမှာ ကျေးဥကို ကြည့်ပြီး တရားကျရ မလိုလို။ ညည်းမခံစားရဘူးလား ဆိုတော့ ခံစားလို့ကော ပြန်ရှင်လာမှာမှ မဟုတ်သာတဲ့။

“မအိမ်ကံရယ်၊ ငါလည်း လူပါဟယ်။ စိတ်မကောင်း မဖြစ်ဘဲနေပါ့မလား။ ငါ့ယောက္ခ မရီးလှအုံ ဆိုရင် ဆူဆူငေါက် ငေါက်နဲ့ ငါ့အပေါ် ကောင်းရှာသယ်။ အမေရင်းနဲ့ မခြားပါဘူးအေ။ အမေနဲ့ ရီးလှအုံ ဆုံးပါးကြသာ ငါ့အတွက် အင်မတန် ထိခိုက်ရသယ်။ ကြီးပန်းရုံဆိုပြောမနေနဲ့တော့၊ ဘယ်သူ့ အပေါ် မဆို စိတ်ကောင်း နှလုံးကောင်း ရှိခဲ့ရှာသယ်။ ကြီးပန်းရုံ ဆုံးတုန်း ငါကျွမ်းပစ် ငိုခဲ့မိသာပါအေ။ ဒါပေသိ ငါဖြေသယ်။ သြော် သူတို့ခမျာ အသက်ကြီး ရှာကြပြီ။ ဘ၀ ၀န်ထမ်းခဲ့ကြရသဲ့ နှစ်ထမ်းကြီး ရှည်လှပြီ။ ငါတို့တောင် သူတို့လောက် သီလ ကောင်းပါ့မလား အောက်မေ့မိသယ်။ အမှည့် တ၀င်းဝင်း၊ အကင်း တပြိုက်ပြိုက်ကိုးအေ့”

“အောင်မယ် ရသေ့မကတောင် ဟုတ် တုတ်တုတ်ပါလားဟဲ့။ အေးပါအေ၊ ညည်းလည်း ခံစား ရမှာပါပဲလေ။ တို့နှစ်ယောက်စလုံး အတူတူပါပဲ။ တို့အားကိုး အားထား ပြုရသဲ့ သူတွေ ချည်းဆိုတော့ အပဲ့ကြီး ပဲ့ရသာပါပဲ။ အင်း၊ ငါကတော့ ရှင်ကွဲ ပိုသာပေါ့ ကျေးဥရယ်”
ရှင်ကွဲ ပိုသာပေါ့အေ ဆိုသည့် စကားကြောင့် ကျေးဥ ငိုင်သွားခဲ့ရသည်။ ဘာမှ မပြောသာတော့။ မအိမ်ကံကို တစိမ့်စိမ့် ကြည့်နေတာပဲ ရှိသည်။ မအိမ်ကံ ငယ်ငယ်၊ မအိမ်ကံ အပျိုပေါက်၊ မအိမ်ကံ အပျိုဖားဖား၊ မအိမ်ကံ သားသည်မအေ။ တစ်လျှောက်လုံး ကျေးဥ မျက်စိအောက်မှာပဲ ရှိခဲ့သူ။ ခံစားမှု ကြီးသလို မဟုတ်တာ လုပ်ရမှာကို စက်ဆုပ်သူ။ မမှန်တာ ရှိလျှင်၊ မတရားတာ တွေ့လျှင် ရှေ့က ရပ်ပြီး ရင်ဆိုင် ၀ံ့ရဲသူ။ ဓားမကြောက်၊ လှံမကြောက် မိန်းမချောကို တစ်ခါတစ်ရံ ကျေးဥပင် အံ့သြရသည်။ ရုပ်ရည် ချောမောသည်။ ကိုယ်ကျင့် တရားကောင်းသည်။

ရပ်ရွာအပေါ် ညှာတာသည်။ မိဘတွေကို ခြေဆုပ်လက်နယ် ရှိသည်။ လင်သားကို ရိုသေသည်။ သား သမီးတွေကို ငှက်တောင်သိမ်းသိမ်းနိုင်သည်။ သို့သော် တစ်ခု ခုကို ထင့်လိုက်မိပြီ ဆိုလျှင်လည်း ဇွဲကြီး နပဲကြီး ပြန်သည်။ ဆုံးမ မရ၊ ဖျောင်းဖျ မရ။ လက်တွင်းဆုပ်မိလျှင် မဖြေတော့ တာမျိုးရှိသည်။

လေးစားစွာဖြင့်
ရီနိုမာန်

ဆရာမခင်ခင်ထူး ရေးသားပြီး ရွှေအမြုတေမှ ကူးယူဖေါ်ပြပါသည်။


1 comment:

ညီညီ said...

မအိမ်ကံ အစ အဆုံး တင်ပေတာ ကျေးဇူးတင်ပါတယ် ကိုရီနိုရေ.။ ဆရာမ ခင်ခင်ထူးရဲ့ "အညာသူ အညာသား ကျမ ဆွေမျိုးများ" စာအုပ်ရှိရင်လည်း တင်ပေးပါဦးခင်ဗျာ.။

ခင်မင်တဲ့

ညီညီ