June 29, 2009

မအိမ်ကံ ( for July ) အပိုင်း - ၁

ယခင်လမှ အဆက်........

အရီးလှအုံဆီလာသာ မအိမ်ကံ။ သမီးက နေ့နေ့ညည ခဏခဏ အဖျားတက်လို့ ကြည့်ခိုင်းလို့ လာသာ။ နေကောင်းကြလား။ ငါဖြင့် စိတ်သာရောက်သယ် လူမရောက်နိုင်ပါဘူး သူငယ်ချင်းမရယ် ရွှေမှုံက စကားပြောရင်း ၀ိုင်းထဲဝင်လာတော့ မအိမ်ကံလည်း လိုက်လာခဲ့သည်။ ရွှေမှုံ နည်းနည်းလေးတော့ ပိန်သွားသည်။ အပျိုတုန်းက ကိုယ်သားကိုယ်ရေလည်း မရှိတော့။ သားသည် မအေကလည်း ဖြစ်ပြန်၊ စိတ်ထောင်းကိုယ်ကျေလည်း ရှိပုံရသည်။ ရွှေမှုံသမီးကလေးကို ငဲ့ကြည့်ပြန်တော့ မှင်တင်တင်။ ကလေးက မလန်းသလိုလို နွမ်းလှသည်။ မျက်လုံး မျက်ဖန်တော့ ရွှေမှုံနှင့် အတူသား။

“သည်လိုပါပဲ ရွှေမှုံရယ်။ ညည်းတို့ အိမ်မှ မဟုတ်ပါဘူး။ ငါလည်း ဘယ်သူ့ အိမ်မှကို မရောက်သာကြာပြီ။ ခေတ်ကာလကလည်း မကောင်းတော့ အိမ်က မခွာဝံ့ဘူး”

ရွှေမှုံက သမီးဖြစ်သူ၏ ရောဂါနှင့်ပတ်သက်၍ မလှအုံကို အကျိုးအကြောင်း ပြောပြသည်။ ကလေးက မနက်အိပ်ရာထ တိုင်းလည်း လန်းသည်မရှိ။ နေ့ခင်းနေ့လယ် ကိုယ်ကလေးပူ ချင်တော့လည်း ပူလာသည်။ တစ်ခါတစ်ရံ ညနေဘက်တွင် အပူအားကြီးတတ်ပြန်သည်ဆို၏။ ကလေးဖျား၊ ကလေးနာ ယတြာမန်းနှင့်ပတ်သက်၍ ရွာမှာ မလှအုံက နာမည်ရသည်။ တော်ရုံတန်ရုံအဖျားတော့ မန်းရုံ၊ ယတြာလုပ်ရုံ၊ ဆေးမြီးတို ကလေးသုံးရုံနှင့် ပျောက်နိုင်လို့ ဆေးဆရာဆီ မသွားလေ့ကြ။ အခုလည်း မလှအုံကို လာမန်းခိုင်းခြင်းဖြစ်ကာ ယတြာတောင်း ခြင်းဖြစ်၏။ မလှအုံက ကလေး၏ မျက်တွင်း မျက်ဆံနှိုက် ကြည့်သည်။ ကိုယ်သားကိုယ်ရေ စမ်းကြည့်သည်။ မေး အောက်၊ ချိုင်းအောက် လက်ခုံနှင့် စမ်းသည်။



“နေတက်ဖျား၊ မွန်းတည့်ဖျား၊ သုံးဗဟိုဖျား၊ နွားရိုင်း သွင်းချိန်ဖျား၊ သူငယ်အိပ်ဆိပ်ဖျား၊ ကြက်ဦးတွန်ဖျားရယ်လို့ ရှိသယ် ရွှေမှုံရဲ့။ ညည်းကလေးက နေ့နေ့ညညဖျားသာဆိုတော့ သူငယ်နာများ မစင်ရော့သလားအေ။ ငါ မန်းသယ်ဆိုသာက အဲသလောက် စုံစီနဖာဖျားသာမျိုးတော့ မစွမ်းဘူး။ အဲသာကျ တော့ဆေးဆရာများမှဖြစ်မှာ။ ကိုင်းပါလေ ရန်ကင်းအောင် တော့ မန်းပေးလိုက်ပါ့မယ်။ ညည်းသမီး နာမည်က ဘယ်သူ”

“မှုံနံ့သာပါ အရီး”

“ကြာသပတေးသမီးပေါ့။ မအေရုပ်ပါကောအေ။ သည် မယ်၊ ငါပြောမယ်။ ကလေး ခြေသည်းလက်သည်းကို ညှပ် ကရော၊ အ၀တ်သန့်သန့်နဲ့ ထုပ်ထား။ ကြာသပတေးသမီးဆို တော့ ပုန်းမဲဇာသားကို ညည်းသမီးအရပ်နဲ့တိုင်းဖြတ်၊ ညအိပ် တော့ ဘေးမှာမြှောင်သိပ်၊ ကြားလား”

“ဟုတ်ကဲ့ အရီး”

“ခုနင်က ခြေသည်းလက်သည်းထုပ်ထားသဲ့ အ၀တ်ထုပ် ကို ခြေရင်းမှာထား။ ဆန်ကို သုံးထုပ်ထုပ်အေ။ တစ်ထုပ်က ခေါင်းရင်းထား၊ တစ်ထုပ်က ခါးနားမှာထား၊ တစ်ထုပ်က ခြေရင်းမှာထား။ နောက်နေ့မိုးလင်းတော့ ခေါင်းရင်းကအထုပ် ကို ဆွမ်းချက်ပြီးလောင်း၊ ခါးကအထုပ်ကို ဆင်းရဲတဲ့လူပေး လိုက်၊ ခြေရင်းကဆန်ကိုချက်ပြီး ခွေးတို့ ကြောင်တို့ ကျွေး။ လက်သည်းခြေသည်းထုပ်ကို အိမ်အနောက်ဘက်ပစ်လိုက်။ အညံ့ကျေကရော၊ မှတ်မိလား”

“မှတ်မိပါတယ် အရီး”

မလှအုံက ကလေးခေါင်းကိုကိုင်ကာ မန်းသည်။ မအိမ် ကံကတော့ ရွှေမှုံ့သမီးကလေး မှုံနံ့သာကိုသာ သေသေချာချာ ကြည့်နေခဲ့သည်။ မလှအုံပြောသလို ရွှေမှုံနှင့်တူသလိုလို ရှိ သော်လည်း ကြီးတော်စံရွှေမျက်နှာကျ ပိန်းပိန်းရိုးရိုးရိပ်ရိပ်ပါ သည်။ မျက်တောင်စင်းစင်း၊ မအိုးမအီဆိုတော့ မျက်နှာက မပွင့်ချင်။ သူ့သမီးကို မအိမ်ကံ ကြည့်နေတာမြင်တော့ ရွှေမှုံက မအိမ်ကံ သမီးကို ဖျတ်ခနဲ သတိရသွားပုံပေါ်၏။ ကလေး ကြည့်ပါရစေ ဆိုလေသည်။

“မအိမ်ကံသမီးကို ငါ ကောင်းကောင်း မမြင်ဖူးသေး ပေါင်အေ၊ ပြစမ်းပါဦး။ ကြည့်စမ်းပါရစီ။ ညည်းသမီး ကလေးက ကံကောင်းပါသယ်အေ၊ လက်ပေါတော့ အထိန်းရ သက်သာမှာပေါ့။ ငါဖြင့် ကလေးတစ်ဖက်နဲ့ ဒေါင်ချာစိုင်း လိုက်ပုံ မပြောပါနဲ့တော့။ သည်ကြားမကျန်းမာတော့တအီအီနဲ့”

မအိမ်ကံက ကျေးဥကို လှမ်းခေါ်တော့ သမီးနှင့်အတူ ရောက်လာခဲ့သည်။ ရွှေမှုံက မအိမ်မြိုင်ကလေးကို အကဲခတ် သည်။ ပြုံးပြသည်။ ပါးကလေးကိုဖျစ်သည်။ လက်မောင်း နှစ်ဖက်ကကိုင်ရင်း ကလေးကို မ၀စတမ်းကြည့်နေခဲ့ပါ၏။ မအိမ်မြိုင်က အတင်းရုန်းသဖြင့် ကျေးဥက ကပျာကယာ ကောက်ချီရသည်။ ရွှေမှုံက ကျေးဥ ချီပိုးထားတာကိုပင် လိုက်ကြည့်နေသေးသည်။ မအိမ်ကံက ရွှေမှုံ့မှတ်ချက်ကို ကြားချင်နေသည်။ ရွှေမှုံ့မျက်နှာက တဖြည်းဖြည်း ပြုံးလာ ရာက အားရ၀မ်းသာဆို ရှာပါ၏။

“လှလိုက်သာတော် ဖအေတူ မအေတူကလေးပါလား။ နှုတ်ကောင်းတော့ နယ်စိုး၊ ရုပ်ကောင်းတော့ ပြည်စိုး။ ညည်းသမီး ညည်းလိုလာမှာပါပဲ မအိမ်ကံရယ်။ တကယ်ပြောသာ ရက်စက်ပါ့အေ”

ညည်းသမီး ညည်းလိုလာမှာတဲ့လား။ ဒါ ဘာကိုပြော တာလဲ။ ညည်းလို ရုပ်ရည်ချောလွန်းလို့ တစ်နယ်လုံးကြား ထင်ပေါ်မယ့် သမီးကလေးလို့ပြောတာလား။ ရုပ်ချောပေမယ့် ကွမ်းတောင်ကိုင်တော့ ဖြစ်မယ်မထင်ပေါင်လို့ဆိုလိုတာလား။ ကိုပြေသိမ်း သတင်းများ မကြားကောင်းမကြားရာ သိထားလို့ များလား။ ညည်းယောက်ျား စစ်မြေပြင်မှာ ကျသွားပြီဆိုမှ တော့ ညည်းသမီး ဘယ့်နှယ်လုပ် ကွမ်းတောင်ဖြစ်တော့မှာတုံး မအိမ်ကံရဲ့လို့များ သဘောရောက်ချင်တာလား။ ထင်လျှင် လည်း ခံရရုံပင်။ ကိုပြေသိမ်းနှင့် ပတ်သက်၍ မအိမ်ကံ ဘာကိုမျှ မကြားရတော့ပြီ။ သေပဲသေရော့လား။ ရှင်ပဲရှင် လေသလား။ မအိမ်ကံ ကိုယ်တိုင်ပင်မသိမှတော့ သူစိမ်း ပြောတာခံရုံပင်။ အမေပန်းရုံရောက်လာတော့ ကြီးတော်စံရွှေတို့ မာကြရဲ့လား မေးသည်။ ရွှေမှုံ့သမီးကလေး တရှောင်ရှောင် ဖျားတာကို မေးသည်။ ရွှေမှုံပြန်သွားတော့ အမေပန်းရုံနှင့် မလှအုံတို့ စကားပြောရင်းကျန်ရစ်ခဲ့ကြသည်။ မအိမ်ကံကတော့ ရက်ကန်းရုံဘက် ပြန်ထွက်လာခဲ့သည်။

ရွှေမှုံ ရောက်လာပြန်တော့ ငြိမ်နေသည့်စိတ်က လှုပ်ရပြန် သည်။ မအိမ်ကံကိုယ်တိုင်ပင် အဖေ အမေငယ်လင်ငယ်မယား မဟုတ်လို့ ကွမ်းတောင်မပိုက်ရသည့်အဖြစ်ကြုံခဲ့ရသည်။ မအိမ် ကံမှာ နှလုံးကွဲမတတ် ခံစားခဲ့ရပါ၏။ မိန်းမသားတစ်ယောက် အဖို့ ကွမ်းတောင်ကိုင်ဖြစ်ခဲ့ရသည်ဆိုသည့်ဂုဏ်က မသေးလှ။ ရွှေမှုံကိုပဲကြည့်။ ဘယ်လိုအခြေ၊ ဘယ်လိုဘ၀ရောက်ရောက် တစ်ချိန်က ရွာကဗန်းတင်ခဲ့ရတဲ့ကွမ်းတောင်ကိုင်ပါတော် ဆို သည့် မာန်ကလေးတ၀င့်ဝင့်။ သည်ရွှေမှုံကပဲ သမီးကလေး မွေးသလို မအိမ်ကံကိုယ်တိုင်လည်း သမီးကလေး မွေးပြန်လို့ သမီးတစ်ခေတ်တစ်ပြန်ကြုံကြပြန်ပြီ။


လေးစားလျှက်
ရီနိုမာန်

အပိုင်း ၂ အား ၇လပိုင်း ၅ရက်နေ့မှာ တင်မှာဖြစ်ကြောင်း...................



7 comments:

Yu Ya said...

၁ လာယူသွားတယ် ;D
နောက်မှ သေချာလာဖတ်မယ်။

ကောင်းကင်ပြာ said...

အင်းးး အိမ်ကံ အိမ်ကံ တော်တော်ဆွဲဆောင်နိုင်တယ်၊ အရမ်းကောင်းနေပီ ရီနိုရေ

ဂျပန်ကောင်လေး said...

ကျနော်ကတော့ရွှေအမြူတေကိုစောင့်ပြီးတော့ကို ဖတ်တော့တာပဲ.. ဟီးဟီး. .ကြိုက်လို့..

နဒီမိုးညို said...

လာဖတ်သွားပါတယ်...စောင့်ဖတ်နေတဲ့
ခန်းဆက်ဝထ္တုရှည် တစ်ပုဒ်ဖြစ်ပါတယ်
ကျေးဇူးတင်ပါတယ်..ရှင်

မငုံ said...

လာဖတ်သွားပါတယ်။ ကောင်းတယ်။ နောက်အပိုင်းလေးကို စောင့်ဖတ်နေပါမယ်။

သားကြီး said...

ထုံးစံအတိုင်းအစ်ကိုရေ...
ကြိုက်ပြီးသားဆိုတော့ ရောက် ၊ ဖတ်၊ မန့်ပြီဗျာ :)

နေဒေးသစ် said...

ဖတ်မလို့ ဖတ်မလို့နဲ့ ဒီနေ့မှ ပြန်ဖတ်ဖြစ်တော့တယ် အကိုရေ .. ဇာတ်လမ်းကတော့ ကောင်းပြီးသားဆိုတော့ အထူးပြောဖို့ မလိုတော့ပါဘူး .. ကိုပြေသိမ်းကတော့ ပျောက်တုန်းနော် ... ဒီလောက် စာရေးသူက ဖွတ်ထားရင်တော့ သေချာပါတယ် .... သူမသေလောက်ပါဘူး ... တစ်နေ့နေ့တော့ ....

နေဒေးသစ်။