October 4, 2009

မအိမ်ကံ ( For Sep အပိုင်း - ၂ )

အရာရာ သိတတ်၊ မြင်တတ်သော မလှအုံ စကားကလည်း မပစ်ပယ်သာပါ။ ဆရာဆောင်ကလည်း အရေးကြီးလျှင် မိန့်မှာပေါ့။ ဆေးတစ်ဖုံ ပေးပြီး ပြန်ကြွ ခဲ့လေပြီ။ သို့သော် မအိမ်ကံခမျာ မအေ ဆိုတော့ ပူရပါသကော။ ကိုယ့်ဝေဒနာနဲ့ ကိုယ်၊ ကိုယ့်အကြောင်းနဲ့ ကိုယ်ဆိုတော့ ဆယ်ရေးတစ်ရေး၊ ကိုးရေး တစ်ရာ ဟုတ်နေခဲ့သော် ဘယ်လို လုပ်မလဲ။ သူတစ်ကာက ဖြစ်တော့မှ ဘွာဘွာခတ်ကြရုံက လွဲလို့ အခြား မတတ်နိုင်။ တို့ကလည်း တို့ထင်သာ ပြောရသာ ကိုးအေရဲ့ ဆိုတာနှင့်ပြီး ရတော့မည်။ မအိမ်ကံ သမီး အတွက် လက်ဦးချင်သည်။ ဆေးဦးချင်သည်။ ကိုပြေသိမ်း ပြန်လာလျှင် မြင်းခြံကိုသွားပြီး အင်္ဂလိပ်ဆေး ဆရာဝန်ကို ပြလျှင် ကောင်းလေမလား။ ဆရာဆောင်ကလည်း နယ်လုံးပေါက် သမားကောင်းပါပဲလေ။
ဒါတွေက တစ်နေ့လယ်လုံး၊ တစ်ညနေလုံး ဖြစ်ခဲ့တာ တွေပင်။

အမေပန်းရုံက ခြင်ထောင်လှပ်ကြည့်တာ အကြိမ်ကြိမ်။ မြေးဦးကို နဖူးစမ်းရတာ အခါခါ။ မျက်ရည် စမ်းစမ်းကျရတာ အလီလီ။ မလှအုံက အချိန်ကျသည်နှင့် ဆေးတွေလူး၊ ပါးစပ်က အန္တရာယ်ကင်း ဂါထာတွေရွတ်။ ပြောရလျှင် သူတို့က လည်းသည်အတိုင်း ထိုင်နေကြရုံပင်။ မအိမ်ကံ ပြောတာကို မယုံကြသလို ငြင်းဆန်ကြသော်လည်း ဟုတ်များ နေမလား ဆိုသည့် ဒွိဟစိတ်လည်း ရှိနေကြမှာအမှန်ပင်။
မအိမ်ကံက ကျေးဥကို တိုင်ပင်သည်။ ညဥ့်နက်စတုန်း က ကျေးဥ အိပ်နေသော်လည်း တစ်မှေးသာ မှေးခြင်းဖြစ်၏။ မိုးလင်းလုလု။ လရောင်က ရွာပေါ် ကျရောက်နေတာကို မြင်နေရပါ၏။

“ကျေးဥရယ်၊ ငါတော့ သမီးနဲ့ မခြား ပူလောင် နေရသယ်။ သမီးခမျာ ဝေဒနာနဲ့ မလိုက်အောင် ပူပြင်းရှာပါပကောအေ။ ညည်းတောင် မညည်းနိုင်ရှာတော့ဘူး။ မတော် ဖိတ်စင်”


“အို မဟုတ်သာအေ။ မအိမ်ကံကလည်း လူတကာသည် လိုဖျားချင်သဲ့ အခါ ဖျားကြသာပဲဟာ။ သည်လိုပါပဲ။ နောက် တော့လည်း ပျောက်ကြသာပါပဲ။ ဆရာဆောင့်ဆေးက ညည်း ငယ်ငယ်ကတည်းက မအိမ်ကံဖြစ်အောင် ထထူသဲ့ ဆေးတွေ ပါအေ။ သမားများ ကြည့်သာနဲ့ သိကြ သူတွေပါ။ ဆရာက စောင့်ကြည့်ဆိုသာ ကြည့်ရုံပ။ မအိမ်ကံ ညည်းအိပ်ပါတော့ ငါတစ်လဲ ကြည့်မယ်”

“မဟုတ်ဘူး ကျေးဥ။ ငါပူသာ တစ်ချက် ရှိသေးတယ်”

“ဘာများပါလိမ့်”

“သည်ရောဂါက ဟုတ်ခဲ့သော် ရုပ်ပျက် ဆင်းပျက် ဖြစ်ကျန်ခဲ့သာသဲ့။ ငါ့သမီးလေးများ မပြောကောင်း မဆိုကောင်း အဲသလိုများဆိုရင်”

“ပြောပါ မအိမ်ကံ။ ငါသိပါသယ်။ ကွမ်းတောင်ကိုင် မဖြစ်မှာ စိုးသာ မဟုတ်လား။ ညည်းစိတ်ကူး မလွဲစမ်းပါနဲ့ အေ။ ညည်း ငါ့သူငယ်ချင်းပါ။ ငါ့ကျေးဇူးရှင်ပါ။ ညနေက စားထားသဲ့ ညည်းတို့ ထမင်းဝမ်းထဲ ရှိပါသေးသယ်။ ညည်း အစွဲကြီးလွန်းသယ်။ ညည်း အကုန်ကောင်းတယ်။ သည်တစ် ချက်တော့ ညည်း မဟုတ်ဘူး။ တောင်ယာရှင်ကို မျောက်က နှင်သလို ဖြစ်နေရင်လည်း ငါ့ကို ပါးသာရိုက်လိုက်ပါ တော့အေ”

“မဟုတ်သာ ကျေးဥရယ်။ ညည်း ငါ့ကို မဟုတ်သာ မပြောဘူးဆိုသာ ယုံပါသယ်။ ငါငင်တိုင်း ညည်းသိမ်းရသာ ငါအသိဆုံးပါအေ။ ငါအစွဲကြီးသာ မဟုတ်ပါဘူး။ သည်ကိစ္စ မှာ ငါ့ကိုယ်ငါ ရှုံးခဲ့သယ်လို့ ထင်နေသယ်။ အဲသည့် စူးက ဆူးဖြူတစ်ချောင်းလို ရင်ထဲ နစ်ဝင်နေသာ ငါမနုတ်နိုင်ဘူး။ ဘယ်သူမှလည်း မနုတ်နိုင်ဘူး။ သည်ကိစ္စမှာတော့ ခုံကျူး တော့ ခုံတာ၊ ၀တ်လုံကျူးတော့ ၀တ်လုံတာ၊ မင်းစေကျူး တော့ မင်းစေတာပဲအေ”

ကျေးဥက မထူးတော့ပြီလို့များ တွေးမိလေသလား မသိ။ မအိမ်ကံ ပြောနေသမျှ ငြိမ်နားထောင်နေခဲ့သော်လည်း ပြော စရာရှိတာ ပြောမှဖြစ်တော့မည် ဆိုသည့် မျက်နှာဖြင့် မအိမ်ကံ ကို စိုက်ကြည့်နေခဲ့သည်။

“ညည်းစိတ်ကို ငါမမြင်နိုင်ပါဘူးအေ။ ညည်းက ခံစားရ သူဆိုတော့ ငါ့က ပြောနေရင် ယပ်လှဲ တရား ဟောသလို ဖြစ်ရော့မယ်။ ငါပြောမယ် သည်အချိန်မှာ ကလေး အသက်ရှင်ရေးကသာ အရေးကြီးသယ်။ အကျည်းတန်ကျန်တော့ကော ဘာဖြစ်သလဲ။ ကွမ်းတောင်ကိုင် မဖြစ်ရတော့ကော ဘာဖြစ် သလဲ”

“ဘာရယ် ကျေးဥ”

“ညည်းကို ငါပြောပြီးသား။ ငါ့ကို ပါးသာရိုက်လိုက် တော့လို့။ ငါက ညည်းတို့အိမ်မှာ ခရေပွင့်လည်းကောက်၊ စာလည်း ခြောက်ရသူပါ။ ငါတစ်လျှောက်လုံး နားထောင်လာ ခဲ့သူပါ။ တစ်လျှောက်လုံး ညည်းကို အကဲခတ် လာခဲ့သယ်။ တစ်နေ့နေ့ သည်စိတ်တွေ လျော့တန်ကောင်းရဲ့။ ပျောက်ပျက် တန်ကောင်းရဲ့လို့ အောက်မေ့ခဲ့သယ်။ ဘုရားမှာတောင် ဆုတောင်းပါ့အေ။ ညည်းယုံသာ ယုံလိုက်ပါတော့။ အခု ငါပြောသာက ပြောရမယ့် အချိန်မို့ ပြောသာ ညည်းစိတ်တွေ လျှော့ဖို့ကောင်းပြီ”

ကျေးဥက ကျိတ်ငိုရင်း ရှိုက်နေခဲ့သည်။ မအိမ်ကံမှာ အနာပေါ် တုတ်ကျသလို အသားဆတ်ဆတ်များပင် တုန်ရပါ ၏။ သူ့ဘ၀မှာ အသက်တမျှ အရေးကြီးသော ရည်မှန်းချက်ကို လျှော့ရမတဲ့လား။ မလျှော့ဘူး။ လျှော့ကို မလျှော့ဘူး။ သမီးနှစ်ယောက်စလုံး ကွမ်းတောင်ကိုင် ဖြစ်ကိုဖြစ်ရမယ်။ မအိမ်ကံ ကိုယ့်နှုတ်ခမ်းကိုသာ ဖိကိုက်ထားမိလေသည်။

သည်စကားတွေက ကျယ်ကျယ်ပြောလို့ မကောင်း။ အနားမှာ မလှအုံ အိပ်နေသည်။ မလှအုံသာ နိုးနေလျှင် ကောင်းကောင်း ကြားနိုင်သည်။ မြိုင်ကလေးကိုလည်း ကွမ်းတောင် ကိုင်ဖြစ်ဖို့ မျှော်လင့်နေသတဲ့ဆိုတာ အမေပန်းရုံ မသိစေချင်။ ဘယ်သူမှလည်း မသိစေချင်ပါ။ အမေသာ သိလျှင် ရင်ကျိုး ရှာလိမ့်မည်။ ဖြစ်ရလေ သမီးရယ်။ ညည်းမှာ သည်အပင်ကြီး မကျနိုင်သေးပါလားလို့ ပြောရော့မည်။ စိတ်မကောင်းခြင်း ကြီးစွာ ဖြစ်လိမ့်မည်။ အနှစ် နှစ်ဆယ် လုံးလုံး သည်စိတ်၊ သည်ဝေဒနာ ကျေပါစေတော့ ရယ်လို့ ဖုံးဝှက်ထားခဲ့ရ သူခမျာ မြေးမကလေးအထိ မခန်းမခြောက် ပါလာနေသေးတာကိုများ သိလျှင် ယူကျုံးမရဖြစ် ရှာလိမ့်မည်။

“အေးလေ။ ငါ့ရင်ထဲ မကောင်းဘူး။ ငါ့လင်စစ်ထွက်တုန်းက ငါသည်လောက် ဗလောင်မဆူခဲ့ဘူး။ အဖေ သေတုန်းကလည်း ငါသည်လောက် ယောက်ယက် မခတ်ခဲ့ဘူး။ အခုဟာက ငါမျှော်မှန်းထားမှန်းသိလို့ အကုသိုလ်က သက်သက်ဝင်ဖိစီးသာ။ ငါ့သမီးကျမှ သည်လိုဖြစ်ရလေခြင်း ရယ်လို့ သူတကာ့ သားသမီးဖြစ်ပါတော့လားလို့ ပြောချင်သာ မှုတ်ပါဘူးအေ။ ငါမယုတ်ညံ့ပါဘူး။ အခုဟာက မုန့်သည် မယားလုပ်ပြီး မုန့်အနားသား စားရတာမျိုး ဖြစ်နေလို့ပါ”

ကျေးဥက ဒူးပေါ် မေးတင်ကာ မအိမ်ကံကို ခပ်ငေးငေး ကလေး ကြည့်နေပါ၏။ တကယ်တော့ မအိမ်ကံကို သည်လို ကဏ္ဋကောစ မတိုက်ချင်ပါ။ မတိုက်လည်း မတိုက်ဝံ့ရဲခဲ့ ပါ။ သို့သော် မအိမ်ကံ ထင်သလိုသာ မြိုင်ကလေးတစ်ခုခု ဖြစ်လျှင် မအိမ်ကံ ရူးလောက်သည်။ ငယ်ပေါင်းဆိုတော့ မအိမ်ကံအကြောင်း အူမချေးခါးသိပြီးသား။ မအိမ်ကံ မကြိုက် သည့် စကားကိုပြောမိရပြီ။ ကျေးဥက စကားလွှဲလိုက်သည်။

“ကလေးဖြစ်ရသာ ငါ့အပြစ်လည်း ပါပါသယ်အေ။ အဲသည့် မနက်က ရက်ကန်းရုံထဲ အလုပ်များနေတော့ မြိုင်က လေးက တို့နဲ့ လာဆော့နေသာ။ ခဏနေတော့ ထမင်းစား မလားမေးသာ မစားချင်ဘူးတဲ့။ ဒါနဲ့ အိမ်ပေါ်တက် သွားသာပဲ။ ရိုးရိုးဖျား ထင်ပါရဲ့အေ စောင့်ကြည့်ပါဦး”

မအိမ်ကံနှင့် ကျေးဥ စကားတွေပြောနေတာကို မလှအုံ ကြားနေရပါသည်။ မလှအုံ နိုးနေတာကြာပြီ။ မအိမ်ကံ ပြောနေသည့် စကားတွေ ကြားသလို၊ ကျေးဥပြောနေတာတွေ လည်း လုံးစင်လုံးကောက် ကြားပါ၏။ မလှအုံ အသာမှိန်း နေရလေပြီ။ မအိမ်ကံ၏ စိတ်ကို သိလိုက်ရတော့ အံ့သြလွန်း ရပါသည်။ မအိမ်ကံကို စိတ်ပြင်ပါတော့လို့ အနူးအညွတ်ပြော နေသည့် ကျေးဥကိုလည်း ကျေးဇူးသိတတ်လေခြင်းလို့ အောက်မေ့ရပါ၏။ မလှအုံခမျာ ခန္ဓာကိုယ် မလှုပ်သော်လည်း စိတ်တွေ ပြေးလွှားနေရပြီ။ မအိမ်ကံ ဖက်စိမ်းကွမ်းတောင် မကိုင်ခဲ့ရတာကို နားကြည်းမှန်း သိခဲ့သော်လည်း သည်လောက် အထိပါလာလိမ့်မည် မထင်ခဲ့။

ဒါဆိုလျှင် မောင်ပြေသိမ်း စစ်ထွက်တုန်းကလည်း မအိမ်ကံ ခံစားခဲ့ရမှာပဲပေါ့။ အကယ်၍ စစ်မြေပြင်မှာသာ မောင်ပြေသိမ်း ကျခဲ့ပြီဆိုပါတော့ မြိုင်ကလေး ကွမ်းတောင်ကိုင် ဖြစ်စရာမရှိ။ ဒါနဲ့တောင် မအိမ်ကံ ဣနြေ္ဒကောင်းခဲ့လှချည်လား။ သည်ကိစ္စ အရီးပန်းရုံ သိလို့မဖြစ်။ အကြောင်းဆိုက်လာခဲ့သော် သူလည်း ဖျောင်းဖျရတော့မည်။ ကျေးဥနှင့် မအိမ်ကံ စကားစပြတ်လှတော့မှ မလှအုံ လှုပ်လာပါ၏။

“ဟောတော်၊ ငါ့အိပ်ပျော်သွားချက်တော့ ကလေးလည်း ကြည့်ကြပါဦးဟယ်။ ငါ့မြေး အိပ်ပျော်နေတယ်ထင်ပါ့။ နိုး ရင်ဆေးလူးကြစို့။ ကျေးဥ ဆန်ပြုတ်ကလေး တစ်ဆုပ်ပြေး ကျိုစမ်း။ မအိမ်ကံ အိပ်လိုက်တော့ အစ်မ ကြည့်မယ်။ ကနေ့ မောင်ပြေသိမ်း ရောက်ကောင်းပါရဲ့”

“ပြောသွားပုံတော့ သည်ကနေ့ ရောက်ရက်ပဲ။ မပြောတတ်ပေါင် မလှအုံရယ်။ သမီးနဲ့မှ တိုက်တိုက်ဆိုင်ဆိုင်”

“သြော် သူလည်း ဖအေပါဟဲ့။ ကျောင်းလည်းပါရ၊ ရက်ကန်းလည်းပါရ ရက်ကန်းရုံလည်းပါရ သွားဆို သွားရှာ ပါသယ်။ စိတ်မပူပါနဲ့ ငါ့မြေးက ၀က်သက်နေမှာပါ။ ၀က်သက်များ ထွက်ခါနီးပူသယ်”

ကျေးဥ ဆင်းသွားသော်လည်း မလှအုံက ဘာမှမကြား သလို နေခဲ့သည်။ မိုးစင်စင်လင်းပြီဖြစ်၍ အိမ်အောက်ဆီက ဆွမ်းခံ ကိုယ်တော်တွေ အရုဏ်ဆွမ်း အိမ်စဉ်ရပ်တော်မူကြတာ ကြားရပြီ။ မအိမ်ကံက မျက်လုံးတွေကို မှေးရင်းက အိပ်ပျော် သွားရှာပါ၏။ သည်တော့မှ မလှအုံမှာ မျက်ရည်တွေ သွန်ကျ လာခဲ့ရသည်။ သည်အိမ်ကြီးမှာ ပွဲဦး အပျိုတော် ထွက်ပါပြီ ဆိုကတည်းက ကန်တော့ပွဲကြီး ရွက်ခဲ့ရသူ။ အခုတော့ မိုးလင်း ခါနီးပြီ။ နှစ်ပါးသစ္စာထားတွေလည်း ပြီးပြီ။ စခန်းချခဲ့ကြ ပြီ။ မအိမ်ကံခမျာ ဘယ်ဘ၀က ရေစက်၊ ဘယ်ဘ၀က အကြောင်းများလည်း မသိ။ ပုတ်ကျဲတော့ နချေး(နွားချေး) ၀င်သတဲ့။ ဘ၀အကြောင်းကံကျဲသခိုက် အကုသိုလ်တွေ စိမ့်ဝင် တာမျိုးပင်။

အမေပန်းရုံ အိမ်ပေါ်တက်လာသည်။ မလှအုံက မျက်ရည်သုတ်ရင်း အသံမထွက်ဖို့ လက်ရိပ်ပြပါ၏။ မြေးက လေးကို နဖူးစမ်းကြည့်တော့ ငွေ့ငွေ့ကြီး ပူနေသေးသည်။ ချွေးတွေလည်း ရွှဲလို့။ မလှအုံက အင်္ကျီလဲပေးဖို့ပြင်သည်။ အင်္ကျီမလဲခင် ဆေးလူးရပါ၏။ ဆရာဆောင့်ဆေးက ဆေးပတ် မလည်သေးလို့လားတော့ မသိ။ သိသိသာသာ အပူကျသွား တာမျိုး မရှိသေး။

“ညည်း ညီမက ဘာသဲ့လဲ လှအုံ”

“ဘာမှ မပြောရှာပါဘူး။ မောင်ပြေသိမ်း လာရင် မြင်းခြံမှာ အင်္ဂလိပ်ဆရာဝန်နဲ့တော့ ပြချင်သတဲ့”

“အေးလေ။ သူတို့သဘောပေါ့”

အမေပန်းရုံ ဆင်းသွားတော့ မအိမ်ကံ အိပ်နေတာကို မလှအုံ စိုက်ကြည့်နေရှာလေသည်။

နောက်တစ်ရက်တွင် ကိုပြေသိမ်း ပြန်ရောက်လာသည်။ ရက်ကန်း ပစ္စည်းနှင့် ဆိုးဆေးထုပ်တွေ ပါလာခဲ့သည်။ ရောက် ရောက်ချင်းပင် သမီးကြီး နေမကောင်းကြောင်း မအိမ်ကံက ပြောပြသည်။ ကိုပြေသိမ်းခမျာ ထမင်းပင် မစားနိုင်သေးဘဲ သမီး၏ အခြေအနေကို စိုးရိမ်တကြီး တက်ကြည့်ပါ၏။ အဖျား မကျသေး။ သုံးရက်ရှိပြီဖြစ်သော်လည်း ကိုယ်သား ကိုယ်ရေက အပူအားကြီးနေသေးသည်။ ကိုပြေသိမ်းက ပိတ်ထားသည့် တံခါးတွေ ဖွင့်ခိုင်းသည်။ ပိတ်ခြင်ထောင်ကြီးကို ဖြုတ်စေသည်။ လင်းလင်းချင်းချင်းဖြစ်အောင်နှင့် လေကောင်း လေသန့်ရအောင် စီစဉ်ပေးခြင်းဖြစ်သည်။ မအိမ်ကံကတော့ လေတဖြူးဖြူး တိုက်နေတာကို စိုးရိမ်နေပါ၏။ လေမိပြီး ချွေးငုတ် မခံနဲ့လို့ မလှအုံက မှာထားတာ မဟုတ်လား။

“အိမ်ကလေးတို့က တံခါးတွေလည်းပိတ်။ ပိတ်ခြင် ထောင်ကြီးကလည်း ချထားလေတော့ ကလေးက ဘယ်လန်း ပါမလဲ။ တကယ့်ကို လူမမာကြီးဖြစ်နေတော့တာပဲ။ ဒါမျိုးက လေနဲ့ အလင်းရောင် လိုတယ်။ ကြည့်စမ်းပါဦး။ ဒါကလေးကို ခြုံပေးတဲ့ စောင်ကြီးတွေလား။ ဖယ် ဖယ် ဖယ်ပစ်လိုက်”

လေးစားစွာဖြင့်
ရီနိုမာန်





2 comments:

စိမ်း... said...

ဖတ်ရတာ အားမရဘူးနော်... တိုးလိုးတန်းလန်းနဲ့... ဟင်း ဟင်း...
:P
ကောင်းနေတော့လည်း စောင့်သာဖတ်ပေဦးတော့ မိစမ်းရေ့...

စိမ်း... said...

ဖတ်ရတာ အားမရဘူးနော်... တိုးလိုးတန်းလန်းနဲ့... ဟင်း ဟင်း...
:P
ကောင်းနေတော့လည်း စောင့်သာဖတ်ပေဦးတော့ မိစမ်းရေ့...