October 29, 2009

ကိုယ်တိုင်ကြုံဖူးမှသိတော့တယ်

ကိုယ်ကိုတိုင် ကြုံတော့မှပဲ တစ်ပါးသူတုန်းက ဘယ်လိုခံစားခဲ့ရတယ် ဆိုတာကို နားလည်တော့တယ်။ ကျနော်ငယ်ငယ်တုန်းက အမေကိုယ်တိုင် ကြုံတွေ့ခံစားခဲ့ရတဲ့ အဖြစ်လေးကို မနေ့ညမှ ကျနော်ကိုယ်တိုင် ခံစားလိုက်ရတော့မှပဲ အမေခံစားလိုက်ရတဲ့ ဝေဒနာကို နားလည်နိုင်တော့တယ်။

ဒီလိုဗျ.. ကျနော် သုံးနှစ်သားလောက်မှာ အဖေတာဝန်ကျတဲ့ တောင်ငူမြို့မှာ ဓမ္မာစကြ်ာရွတ်ဖတ်ပူဇော်ခြင်းကို တစ်မြို့လုံး ကားနဲ့ပတ်ပြီး ရွတ်ဖတ်ပူဇော်ကြတာ။ အဲဒီ အထဲမှာ အမေလည်းပါတယ်။ ရွာလေး တစ်ရွာနားရောက်တော့ ကားရပ်ပြီး ခဏနားကြတယ်။ ကားပေါ်မှပါလာကြတဲ့ အမျိုးသမီး အားလုံးလည်း အပေါ့အပါးသွား အညောင်ဆန့်ကြနဲ့ပေါ့။ အမေလည်း အပေါ့အပါးသွားပြီး ပြန်အလာမှာ အမေအရှေ့က ဖြတ်သွားတဲ့ ဝက်ဖြူကလေးနှစ်ကောင်ကိုတွေ့တော့ ဘာရယ်မဟုတ်ပဲ ပါးစပ်က လွတ်ကနဲ ထွက်သွားတယ်။

" ဟယ်..... ဝက်ကလေးတွေက ချစ်စရာလေးတွေ၊ ရွှေဖျဉ်ကြီး ရွှေဖျဉ်လေး ကျနေတာပဲ " တဲ့။

ဒီလိုနဲ့ ကားပြန်ထွက်တော့ ကားပေါ်မှာ အမေ တံတွေးမြိုချလိုက်တာ တံတွေးသီးပြီ လည်ပင်းမှာ နားသလို ခံစားလိုက်ရတယ်။ သိပ်မကြာခင်မှာပဲ နာ သထက် နာလာတယ်။ တံတွေးတောင် မြိုချလို့ မရတဲ့ အထိဖြစ်လာတယ်။ ကားပေါ်မှာပါလာကြတဲ့ အန်တီတွေကလည်း ဘာဖြစ်လို့ ဖြစ်မှန်း မသိတော့ စိတ်ပူပြီ...

" ဟန်လေး သမီးဘာတွေ အစားမှားလို့လဲ "

" သမီး ဘာတွေများ ပြောမှားလုပ်မိလိုက်လဲ "

" ဟန်ဟန် သမီး ဘုရားပဲ အာရုံပြုထား "


ဆိုတဲ့ မေးခွန်းသံတွေသာ ကြားရပြီ အမေဆီမှ တစ်ခွန်းမှ ပြန်မပြောနိုင်ပဲ ခေါင်းညိတ်ခေါင်းခါ သာလုပ်နိုင်ခဲ့တယ်။ ကားတွေလဲ မဏ္ဍပ် ရောက်တော့ ရွတ်အဖွဲ့ကို ကြာဇံဟင်းခါးကျွေးတယ်။ အမေကလည်း ဗိုက်ကဆာတော့ ကြာဇံဟင်းခါးကိုသောက်တာ ဘယ်လို့မှ သောက်လို့ မရဘူး။ သောက်ကလည်း သောက်ချင်ဆိုတော့ အမေမှာ တော်တော်လေး စိတ်ပျက်ခဲ့ရတဲ့ အချိန်ပေါ့။ ဘေးကကြည့်နေတဲ့ လူတွေတောင် အမေကို သနားနေကြပြီ။

အမေကိုယ်တိုင်လည်း စဉ်းစားတယ်။ ငါဘာများ ပြောမှားဆိုမှားရှိလို့လဲပေါ့။ စဉ်းစားရင် စဉ်းစားရင် အမေသတိရသွားတယ်။ လမ်းမှာ ဝက်နှစ်ကောင်ကိုကြည့်ပြီး ပြောခဲ့မိတာ သတိရပြီ ချက်ချင်းပဲ စိတ်ထဲကနေ တောင်းပန်လိုက်တယ်။
" သမီး ဘယ်လိုရည်ရွယ်ချက်နဲ့မှ ပြောရခြင်း မဟုတ်ရပါဘူး။ မထင်မှတ်ပဲ ပါးစပ်က လွတ်ကနဲထွက်သွားတာပါ။ မသိလို့ပြောမိတာ ခွင့်လွှတ်ပေးပါ ဘာညာသာလကာပေါ့"
အမေကတော့ ပြောပြတယ် ကျနော်က မမှတ်မိတော့တာ။ အများကြီးမှ အများကြီး ဆုတောင်းလိုက်ရတာတဲ့လေ။ ဆုတောင်းလို့ ကြာဇံချက်လေး တစ်ဇွန်းလောက် သောက်ကြည့်လိုက်နဲ့ လုပ်ရင်းလုပ်ရင်းနဲ့ မထင်မှတ်ပဲ အနာသက်သာသွားတယ်တဲ့။ အမေပြောပြတုန်းကတော့ ဪ... အဲလောက်လဲ ခံစားရမှာမဟုတ်ပါဘူး။ အမေပြောတာပိုတာလဲ ဖြစ်မှာပါလို့ တွေးလိုက်မိတယ်။

ကဲ ကိုယ့် အလှည့်လည်းရောက်ရော ပိုတယ်လို့ကို မထင်တော့ဘူး။ "ဟုတ်မှာပါ ဟုတ်မှာပါ "အမေခံစားရတာ ငါဖြစ်တာထက်ပိုဆိုးမှာ ပါလို့နားလည်သွားတော့တယ်။ ဖြစ်ပုံကဒီလို.....................

အမှန်က အပူကန်တာ။ အာခေါင်မှာ အပူဖုပေါက်တာ။ အဲဒီညမှာပဲ အကျိုးနဲ့ အကြောင်း တိုင်ဆိုင်သွားတော့ အကြောင်းအရာလေး ဖြစ်ရသလိုပေါ့။ ညဦးပိုင်းမှာပဲ ကျနော်က ဘုရားစင်ကိစ္စ သူငယ်ချင်းကို ဘုရားစင်က ကုတင်နဲ့ ထိထားရင် ကုတင်လှုပ်ရင် ဘုရားသောက်တော်ေ၇တွေလည်း လှုပ်သွားရင် ဘုရားဘုန်းပေးတဲ့ အခါ အဆင်မပြေဖြစ်မှာပေါ့ ဆိုတာကို အမူအရာနဲ့ သူငယ်ချင်းကို လုပ်ပြခဲ့မိတယ်။

မနက်ကြတော့ အာခေါင်မှာ အပူဖုက တော်တော်ကိုနာနေပြီ။ တံတွေးမြိုချလိုက်ရင်လည်း တော်တော်လေးကို နာကျင်ခဲ့ရတယ်။ အလုပ်ကလည်း မသွားလို့ မရ။ အသွားဘူးဆိုရင် တစ်ရက်ကြိုပြောရမှာကိုး။ အလုပ်သွား၊ အလုပ်ထဲလည်း ဘယ်သူနဲ့မှ စကားမပြောနိုင်၊ ဖြစ်နေတာ ကျနော် ဘဝ။ တော်တော်လေးကို ဆိုးခဲ့တဲ့ ဘဝ အချိန်ပိုင်းလေးပါ။ ညနေငါးနာရီလောက်ထိ ထမင်းမစား ရေမသောက်ပဲ နေခဲ့ရတယ်။ ဘုရားကိုလည်း ဆုတောင်းပေါ့။ ငါးနာရီနောက်ပိုင်းလောက်မှ အပူကျသွားတယ်ထင်ပါ့ ရေစသောက်လို့ရတယ်။ ဗိုက်ကလည်း ဆာနေတော့ ဖြစ်ချင်ရာဖြစ်ဆိုပြီး ထမင်းလည်း စားလိုက်တော့ စားလို့ ရသွားတယ်။

ကိုယ့်ကိုတိုင် ဖြစ်တော့မှပဲ အမေပြန်ပြောပြခဲ့တာတွေကိုလက်ခံနိုင်တော့တယ်။ နောက်ပြီး ဝဋ် ဆိုတာ နောင်ဘဝမရှိဘူး ဆိုတာကိုလည်း ပိုပြီး နားလည်သဘောပေါက်လာတယ်။ ဒါကြောင့် ရှေ့လူကြီးတွေကပြောတာ "သွားသတိ၊ လာ သတိ၊ စား သတိ၊ နေ သတိ၊ ပြော သတိ "တဲ့။

လေးစားစွာဖြင့်
ရီနိုမာန်

16 comments:

ဆောင်းနှင်းရွက် said...

ဒါပေါ့ ကွယ် ..(လူကြီးအသံ)
သွားသတိ၊
လာ သတိ၊
စား သတိ၊
နေ သတိ၊
ပြော သတိ ။

အဲ့ဒီ့ ဝဋ် ဆိုတာ
တကယ် ကြောက်ဖို့ကောင်းတယ် ..

အခု ဘ၀လူဖြစ်ချိန်မှာ
အကောင်းဆုံးဖြစ်အောင်
ကြိုးစားရမယ် ..
ကြောက်လို့ ......

မိုးစက်အိမ် said...

အင်းဗဟုသုတပါဘဲ အစ်ကိုရေ . . . အစ်ကို့ အမေ
ကြုံခဲ့ ရပုံကတော့ တကယ်ထူးဆန်းပါတယ် ရှေးရိုး
အစဉ်အလာဆိုတာ ပစ်ပယ်လို့ မရဘူးဆိုတာလည်း
နားလည်သဘောပေါက်မိပါတယ် . . .

ညီညီ said...

ဟုတ်တယ်အစ်ကိုရ..။ ကျွန်တော်တို့ မြို့က ပုပ္ပါးနဲ့ နီးတယ်လေ.။ ကျွန်တော်တို့သွားတိုင်း ပုပ္ပါးမြေထဲရောက်တာနဲ့ စကားပြောတာရော အစားအသောက်အနေအထိုင်ပါ ဆင်ခြင်ရတယ်။
ဘယ်နေရာမဆို အပြောအဆို အနေအထိုင်ဆင်ခြင်တာအကောင်းဆုံးပေါ့ဗျာ.။

ခင်မင်လေးစားလျှက်

ညီညီ(အနာဂါတ်သံစဉ်)

မဆုမွန် said...

အင်း သတိထားရမယ့်အချက်ပဲ အစ်မလည်း ကိုယ်နေတာက သူများတိုင်းပြည်က တိုက်ခန်းကျဉ်လေးမှာပဲဆိုတော့ ဘုရားစင်ရှေ့နဲ့ ကိုယ်အိပ်တဲ့နေရာက ကပ်လျက်ဖြစ်နေတော့ ဘုရားကို အရိုအသေမယ့်ရာကျမယ့် ပုံစံမျိုး မဖြစ်အောင် သတိထားရမယ် အနေအထိုင် အပြောအဆို ဆင်ခြင်ရမယ်.. ပို့စ်လေးအတွက် ကျေးဇူးပါ

တောင်ပေါ်သား said...

အင်း ဘယ်အရာမဆို "သွားသတိ၊ လာ သတိ၊ စား သတိ၊ နေ သတိ၊ ပြော သတိ " ဟုတ်ပါတယ် အားလုံးကို သတိရှိနေရင် ကောင်းပါတယ်။ ငါ့အကို သတိထား နောက်တခါး)

လေးစားလျက်
တောင်ပေါ်သား

မေဇင် said...

ဟုတ်တယ်...နောင့် လဲ ဘာရယ်မဟုတ်...အဲ့လို ပြောမိ လုပ်မိ တတ်တယ်.. သတိလေးပေးတဲ့ ကျေးဇူးပါ... :)

Waing said...

အင်း ဘယ်နေရာမှာပဲဖြစ်ဖြစ် ကံ၃ပါးထဲက ၁ပါးပါးနဲ့ ပြစ်မှားမိခဲ့ရင်တောင် အပြစ်ဖြစ်တတ်တယ်နော် သတိနဲ့တော့ နေကြတာ အကောင်းဆုံးပါ ကျန်းမာရေးလည်း ဂရုစိုက်ပါ ကိုရီနိုရေ....
ခင်လျက်
ဝိုင်း

ပုံ့မေ said...

အင်း..သတိကပ်နေတာတော့ အကောင်းဆုံးပေါ့ အစ်ကိုရ.......

ဒါနဲ့  ရွှေဖျဉ်ကြီး ရွှေဖျဉ်လေး က ဘာလဲ အစ်ကို... နတ်တွေလား....

မသိလို့ မေးတာပါ..... :)

စိမ်း... said...

မင်းကြီးမင်းလေးလား မသိဘူး... ၀က်သားမစားရဘူးတို့ ဘာတို့ ကြားဖူးတယ်...
သိပ်တော့နားမလည်ဘူး ဒါပေမယ့် သူတို့လည်း ဘုံတစ်ခုအနေနဲ့ရှိတယ် လူတွေထက်လည်း တချို့နေရာတွေမှာ ပါဝါပိုရှိတယ်( အမှန်တော့ နတ်စိမ်းတွေရဲ့ status က လူ့ဘုံရဲ့အောက်မှာပါ... ) ဆိုတော့ သူတို့လည်း စိတ်ဆိုးရင် လုပ်မိမှာပေါ့... မစော်ကားမိအောင်သတိထားမှ အဆင်ပြေမယ်ထင်တယ်...

မေလေး said...

တိတ်ကဲ

သားကြီး said...

ဒီလိုကိစ္စမျိုးတွေရှိသလား(ပေါင်ချိန်ကြီးအသံနဲ့)
အင်းပေါ့လေ ဒါတွေကလည်းဘယ်လိုပြောရမလဲမသိဘူး
ဒါတော့ ဒါပေါ့လေ

မငုံ said...

ဝဋ္ဋ်မှာအမြဲ ငရဲမှာအပ တဲ့ ။ ၀ဋ္ဋ်ကတော့ ချက်ချင်းလည်တာ လက်တွေ့တွေ အများကြီးပဲ။ မသိလို့ ပြောမိဆိုမိတယ်လဲ မရဘူး။ မလွတ်နိုင်ဘူးနော်။ သတိထားကြတာပေါ့နော့

သိင်္ဂါကျော် said...

ရတနာ သုံးပါးလည်း မပြစ်မှားကောင်းဘူး.. မမြင်အပ်တဲ့ ပုဂ္ဂိုလ်တွေလည်း မပြစ်မှားကောင်းဘူး... ရည်ရွယ်လို့ပဲ ဖြစ်ဖြစ် မရည်ရွယ်ပဲပဲ ဖြစ်ဖြစ်... :)

သူကြီးမင်း (တုံးဖလား) said...

ဝဋ်မှာအမြဲ ငရဲမှာ အပ ဆိုသည်ကြောင့်လဲ... ဒီဝဋ်ကြွေး မကုန်ဆုံးသရွေ့ လေ..

ကိုထီးရဲ့ သီချင်းလေးကို အမှတ်ရသွားတယ်။ တိုက်ဆိုင်မှုတွေက ဖြစ်တတ်ပါတယ်။

ဗဟုသုတပေါ့ဗျာ။

mabaydar said...

အင်း.. မဗေဒါလဲ စိတ်ထဲကမပါပင်မဲ့ ရွှတ်နောက်နောက်နဲ့ မစဉ်းစားပဲ ပြောတတ်တာတွေရှိတယ်.. သတိထားမှ... ပိုစ့်လေးက သတိပေးတဲ့အတွက် ကျေးဇူးနော်...

မိုးထက်အိမ် said...

အဲ.. ကျနော် ကျနော့် အမွှာညီမလေးတွေကို ဗျတ်ဝိ ၊ ဗျတ္တဆိုပြီး နောက်ပြီး အဲဒါဖူးတယ်..... အဲ ဒုတ်ခွပါပဲ... တောင်းပန်ဖို့ လိုလားမသိနော်.... ဘယ်လိုလုပ်ရပါ့.... အစစအရာရာ သတိထားတာပဲ ကောင်းတယ်နော်.....