October 15, 2009

လေးသင်္ချေ နဲ့ ကမ္ဘာတစ်သိန်း

ဒီတစ်ခေါက်တော့ ကျနော် တွေ့ရှိမိတဲ့ ဘုရားရဲ့ ကျင့်စဉ်နှင့် ပတ်သက်ပြီး တစ်ခုလောက်သတိထားမိလို့ ပြန်လည်မျှဝေတယ်လို့ ပဲသဘောထားပေးကျပါ။ သိလို့ တက်လို့ ပြောခြင်းမဟုတ်ပါ။ မျှဝေခြင်း မျှသာဖြစ်ပါသည်။

တစ်နေ့ ဘလောဂ့်ဂါအမတစ်ယောက်နဲ့ အတူ Bukit Batok မှာရှိတဲ့ ဆရာကြီး မင်းသိင်္ခရဲ့ တပည့်ရင်းဖြစ်တဲ့ ဆရာမနှင်းဧရာလွင် ဆီကိုရောက်သွားကြပါတယ်။ ဆရာမအိမ်ကိုေ၇ာက်တော့ ဆ၇ာမက ခင်ပွန်းကြီး ၁၀ပါးကို ကန်တော့ဖို့ အတွက်ပြင်ဆင်နေတာကို တွေ့ရတယ်။ ကျနော်တို့ ရောက်ပြီး ဘုရားဝတ်ပြုပြီးတော့ ဆရာမက ကျနော်ကို မျက်နှာစိမ်းမှန်းသိတော့ စာအုပ်တစ်အုပ်ကို လှမ်းပေးပါတယ်။ ကျနော်လည်း အမှုမဲ့ အမှတ်မဲ့ သိမ်းထားလိုက်တယ်။

ကွန်ပျုတာကလည်း ပျက်၊ အလုပ်ကလည်း ပါးဆိုတော့ သိမ်းထားတဲ့ စာအုပ်လေးကို ဖတ်မယ်ဆိုတော့မှ ပိုင်းလော့ဆရာတော် အရှင်ဇေယျပဏ္ဏိတ ဟောကြားထားတဲ့ ကျေးဇူးပြစ်မှား ဒဏ်ဆယ်ပါးနှင့် ခင်ပွန်းကြီးဆယ်ပါး ကန်တော့ခန်း စာအုပ်လေးထဲမှ ကျနော် မသိတာလေးတွေကို သိလိုက်ရတယ်။ တစ်ချို့စကားလုံးဆိုရင် ကြားဖူး၊ ပြောဖူးပေမယ့် စကားရဲ့ အဓိပ္ပါယ်ကို သေသေချာချာ မသိခဲ့ပါဘူး။ ဆရာတော်ရဲ့ ဒီစာအုပ်လေးကို ဖတ်လိုက်ရတဲ့ ကျေးဇူးကြောင့် ကျနော် မသိသေးသော အသိတွေကိုရရှိလိုက်ရပါတယ်။ စာအုပ်ထဲမှာလည်း ဆရာတော်ရဲ့ တကယ့်ကိုယ်တွေ့တွေကိုလည်း သိရှိခွင့်ရလိုက်ရတဲ့ အတွက် ကျနော် မှာ ဗဟုသုတ တိုးပွားစေခဲ့ပါတယ်။

ဒီစာအုပ်ထဲမှ ကျနော် ပြန်လည်မျှဝေချင်တဲ့ အကြောင်းအရာကတော့ ဘုရားဖြစ်ဖို့ရာ ကျင့်ကြံ့ခဲ့တဲ့ ကာလလေးတစ်ခု အကြောင်းပါ။ ကျနော်တို့ သိထားပြီးဖြစ်တဲ့ ဗုဒ္ဓမြတ်စွာဘုရား ဟာဆိုရင် သဗ္ဗေညုရွှေညာဏ်တော်ကို ရဖို့ရာ လေးသင်္ချေ နဲ့ ကမ္ဘာတစ်သိန်း ကျင့်ကြံလာခဲ့ပြီးမှ လောကမှာ အတုမရှိတဲ့ ဗုဒ္ဓမြတ်စွာဘုရား အဖြစ်ကို ရရှိခဲ့ခြင်း ဖြစ်ပါတယ်။ ခုကျနော် ပြောချင်တာကလည်း ဒီ လေးသင်္ချေ နဲ့ ကမ္ဘာတစ်သိန်း ဆိုတဲ့ ကာလကို ရှင်းပြမှာဖြစ်ပါတယ်။

ကျနောတို့ နှုတ်ကနေ အလွယ်တကူ ပြောထွက်လာတဲ့ ဒီ လေးသင်္ချေ နဲ့ ကမ္ဘာတစ်သိန်း ကို ကျနော်တို့ သေသေချာချာသိလို့ ပြောနေကျတာလား ? ကြားဖူးလို့ ပြောနေကျတာလား ဆိုတာတော့ ကိုယ့်ကိုတိုင် ပဲ ပြန်မေးကြည့်ပါ။ လေးသင်္ချေ ဆိုတဲ့ အရေအတွက်ကို သိသွာရင်း ဘုရားရဲ့ ပါရမီကို အကြွင်းမဲ့ ယုံကြည်သွာပါလိမ့်မယ်။ ကျနော်တို့ မြန်မာ သင်္ချာမှာတောင် ကုဋေ ထိသာကြားဖူး သင်ဖူး တာပါ။ သင်္ချေ ဆိုတဲ့ အရေအတွက်ဟာ ၁ရဲ့ နောက်မှာ သုည အလုံးရေပေါင်း ၁၄၀ ရှိတယ်လို့ ဆရာတော်က ဟောကြားခဲ့တယ်။ လေးသင်္ချေ ဆိုတော့ ၄ ရဲ့ အနောက်မှာ သုည အလုံးပေါင်း ၁၄၀ရှိမယ်။ ဒါတွေဟာ ခုနှစ်တွေ မဟုတ်ဘူးနော်။ ကမ္ဘာလုံး အရေအတွက် ကိုပြောတာ။ ကမ္ဘာလုံး အရေတွက် လေးသင်္ချေ နဲ့ ကမ္ဘာတစ်သိန်း နေထိုင်ကျင့်ကြံ လာပြီးမှ လောကမှာ တုနှိုင်းစရာမရှိတဲ့ တစ်ပါးတည်းသော ဗုဒ္ဓုမြတ်စွာဘုရားဆိုတာကို သိရှိနားလည်ခဲ့ရတယ်။

တစ်ကမ္ဘာ ကိုဘယ်လောက်ကြာပါသလဲလို့ မေးတော့ ဘုရားရှင်က ယခုလိုဖြေကြားခဲ့တယ်။ ` ချစ်သားတို့ အလျား (၁၂) မိုင်၊ အနံ (၁၂) မိုင်၊ အမြင့် (၁၂) မိုင်ရှိတဲ့ ကန်ကြီးထဲကို မုံညင်းစေ့ အပြည့်ထည့်ပြီး အနှစ် (၁၀၀)ကြာမှ မုံညင်းစေ့ တစ်စေ့ဖယ်မယ်။ ထိုမုံညင်းစေ့များ ကုန်သွားသောကာလသည် တစ်ကမ္ဘာခန့် ဟုမှတ်တဲ့ ` ဘုရားရှင်တော်မြတ်က ဒီလိုမိန့်တော် မူခဲ့တယ်။

သံသရာဆိုတာ ပြတ်တယ်မရှိဘူး။ ဒါကြောင့် ဘုရားရှင်ဟာ သတ္တာဝါတွေရဲ့ ဘဝအစကို မဟောဘူး။ ဘာလို့လဲဆိုတော့ အချိန်မပေးနိုင်တာ။ ဘုရားရှင်ဟာ လူဘဝ အစနဲ့ ပတ်သက်ပြီး ယခုလိုလဲ ဟောခဲ့ပါသေးတယ်။

ချစ်သားတို့- လူတစ်ယောက်ရဲ့ အကြောင်းကို နောက်ဆုတ်တွေးလိုက်ရင် ငါဘုရား (၄၅) ဝါ ပြည့်တာတောင် အစရောက်မှာ မဟုတ်ဘူး `တဲ့။ အချိန်ပေးရတယ်။ ဒါကြောင့် ဘုရား မဟေားဘူး။ အကျိုးမထူးလို့တဲ့။

ကိုယ်မမြင်တာကိုလည်း ဖြီးဖြန်းပြီး မဟောဘူး။ အထင်နဲ့လည်း မဟောဘူး။ လိုအပ်ရင်တော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ဘယ်လောက်က ဘာဖြစ်ခဲ့တယ်။ သံဝေဂရအောင်၊ တရားရအောင် တော့ ဟောတယ်လို့ ဆရာတော်ကြီးများလည်း အမိန့်ရှိခဲ့တယ် ဆိုတာကိုသိခဲ့ရပြန်ပါတယ်။

ဒါကြောင့် ကျနော်တို့နေထိုင်နေတဲ့ တိုတောင်းလှတဲ့ ဒီလူ့လောကမှာ အသက်ရှင်နေထိုင်နေစဉ် ကောင်းတာလေးတွေကို ရွေးလုပ်ကြပြီး၊ စိတ်ကောင်း နှလုံးကောင်းလေထားပြီး လူ့လောကကြီးကို အကောင်းမွန်ဆုံး ဖြတ်သန်းသွားနိုင်ကျပါစေလို့ ဆုတောင်းရင်း……………..

လေးစားလျှက်
ရီနိုမာန်

13 comments:

Angel Shaper said...

ကိုရီနိုကြီးရေ....
ဆရာတော်ရဲ့ စာအုပ်လေးဖတ်ပြီး မသိတာတွေ သိလိုက်တဲ့ အကို့ မျှဝေမှု ပိုစ့်လေး လာဖတ်တယ်။
လောကကြီးကို စိတ်ကောင်းနှလုံးကောင်းလေးနဲ့ အလှဆင်ကြမယ်။

Sein Lyan Tun said...

လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း

ရှစ်သင်္ချေနဲ့ ကမ္ဘာတစ်သိန်း

တစ်ဆယ့်ခြောက်သင်္ချေနဲ့ ကမ္ဘာတစ်သိန်း

သံသရာ အဆက်ဆက်ဖြည့်ဆည်းနေရမယ့် ဘဝအထုံတွေ လွတ်မြောက်ချင်ပါတယ်..

ခုထိ ပုထုဇဉ်ဘဝကနေ ကျတ်တွင်းရေသောက်နေရတုန်းဆိုတော့ ဘယ်ဆီဘယ်လမ်းလှမ်းရမယ်မသိပေမယ့် တတ်နိုင်သလောက်တော့ သံသရာတိုချင်ပါတယ်...

ချစ်တဲ့

ဖိုးချစ်

မျက်မှန်လေး said...

ဟုတ်တယ်။ကိုရီနို ရေ။စိတ်နှလုံးကောင်းဖို့က အဓိက ဘဲ

တောင်ပေါ်သား said...

အင်း ဗုဒ္ဓဘာသာဝင်မဟုတ်တော့ သိပ်နားမလည်ဘူး ဒါပေမဲ့ သေချာတာတခုကတော့ သက်ရှင်နေထိုင်နေစဉ် ကောင်းတာလေးတွေကို ရွေးလုပ်ကြပြီး၊ စိတ်ကောင်း နှလုံးကောင်းလေးထားပြီး လူ့လောကကြီးကို အကောင်းမွန်ဆုံး ဖြတ်သန်းသွားနိုင်မယ်ဆို အရာရာ သာယာ လှပါနေမှာပါ အကိုရေ...

လေးစားလျက်
တောင်ပေါ်သား

Anonymous said...

တကယ် ဗဟုသုတ ရစေပါတယ် လေးသင်္ချေ ကိုတော့ နောက်က သုည ၁၄၀ ပါတာတော့သိတယ် ဒါပေမဲ့ ကမ္ဘာ တစ်လုံးရဲ့ အချိန်ကို နှမ်းစေ့တွေနဲ့ တွက်ကတော့ တကယ်မသိခဲ့ဘူး ဗဟုသုတရစေတဲ့ ပို့စ်လေးပါပဲ ကိုရီနိုရေ

ဂျပန်ကောင်လေး said...

တယ်ကောင်းလိုက်တဲ့စာ... ကြုံရင် အီးဘုတ်လုပ် ပို့ပေးပါလား အစ်ကို...စာအုပ်ကိုပြောတာ..

စိမ်း... said...

စိမ်းဖတ်ဖူးတယ် အဲ့ဒီစာအုပ်ကို ... ဒါပေမယ့် မေ့နေပြီ... ခု ပြန်ပြီး သံချောင်းခေါက်ပေးတဲ့အတွက်ကျေးဇူးပါ အစ်ကိုရေ... :)

မေလေး said...

အကိုတော်ရေ
ပို့စ်လေးအတွက်ကျေးဇူးပါ
လောကမှာ စိတ်ကောင်းရှိဖို့ အဓိကပါ။
မှန်လိုက်လေ။

Anonymous said...

ဒါကြောင့် ကျနော်တို့နေထိုင်နေတဲ့ တိုတောင်းလှတဲ့ ဒီလူ့လောကမှာ အသက်ရှင်နေထိုင်နေစဉ် ကောင်းတာလေးတွေကို ရွေးလုပ်ကြပြီး၊ စိတ်ကောင်း နှလုံးကောင်းလေထားပြီး လူ့လောကကြီးကို အကောင်းမွန်ဆုံး ဖြတ်သန်းသွားနိုင်ကျပါစေလို့ ဆုတောင်းရင်း……………..

thanks for good words.

Momiji

ရေတမာ said...

လေ့လာသွားပါတယ်။ ဆုတောင်းတွေ ပြည့်ပါစေ

သားကြီး said...

အစ်ကိုကြီးရေ
ရောက်၏
သမီးကြီးပြောသလိုပဲလောကကြီးကို
စိတ်ကောင်းနှလုံးကောင်းနဲ့အလှဆင်ကြရမယ်
တန်ဖိုးရှိတဲ့ပိုစ်လေးပါပဲ

သားကြီး said...

မရောက်ဖြစ်ခဲ့တဲ့ရက်တွေအတွက်ဆောရီး
ခုအတိုးချပြီးပြန်ဖတ်မယ် အားလုံးကို

ညီညီ said...

ဗုဒ္ဓဘာသာဝင်တိုင်း သိသင့်တဲ့အချက်ပါ။ အခုမှသိတာပါ. မျှဝေပေးတဲ့အတွက် ကျေးဇူးပါ ကိုရီနိုရေ.

ခင်မင်လေးစားလျှက်

ညီညီ(အနာဂါတ်သံစဉ်)