October 5, 2009

တစ်ချိန်က ကျနော်

" မောင် ဖေဖေ ကို ထမင်းစားဖို့ သွားခေါ်လိုက်ပါအုံး" ဟု

ကျနော့်အမျိုးသမီးရဲ့ အသံကိုကြားမှပဲ ဖတ်လက်စ စာအုပ်ကို ဘေးချပြီး ဖေဖေကို သွားခေါ်ရန် အိမ်အောက်သို့ ဆင်းလားခဲ့သည်။ ဖေဖေသည် မေမေမရှိတော့တဲ့ နောက်ပိုင်း စကားလည်း သိပ်များများ မပြော၊ ကျန်းမာရေးလည်းအရင်းကလောက် ထူထူထောင်ထောင်မရှိတော့။ အသက် ၇၀ကျော်ပြီး ဖြစ်တဲ့ဖေဖေ တစ်ခါတစ်ခါ ဖေဖေဆီမှာ သူငယ်ပြန်တဲ့ အမူအရာများကိုလည်း တွေ့ရတက်သည်။ ဒီလိုနေအေးတဲ့ ညနေပိုင်းဆိုရင် ဖေဖေကို ဘယ်မှာမှ သွားရှာနေစရာမလို၊ အိပ်ရာထဲမှာရှိရင်ရှိ၊ မရှိရင် ကျနော်တို့ ခြံထဲက သရက်ပင်အောက်က ကွပ်ပျစ်ပေါ်မှာ သူထိုင်နေကျ။ ကျနော် အိမ်အောက်ကနေ ကွပ်ပျစ်ပေါ်ကို လှမ်းကြည့်လိုက်တော့ လက်မှာ ကိုင်ထားတဲ့ စာအုပ်လေးကိုကြည့်နေတာကို ကျနော် သတိထားမိလိုက်တယ်။ ကျနော်လည်း ဖေဖေ အနားလျှောက်သွားလိုက်ပြီ ...
" ဖေဖေ ထမင်းစားရအောင် " လို့ ပြောတော့ ဘာမှမတုန့်ပြန်ပဲ ကွပ်ပျစ်ပေါ်က ဆင်းမယ် အလုပ်မှာ သရက်ပင်ပေါ်ကနေ ငှက်မြည်းသံကို ကြားတော့
" အဲဒါ ဘာငှက်လဲ " လို့ ဖေဖေက မေးတော့
" စာကလေးငှက် လေ ဖေဖေ" ကျနော်ကောင်းမွန်စွာ ပြန်ပြောလိုက်သည်။
" အဲဒါ ဘာငှက်လဲ " ဖေဖေ ထပ်မေးလာသည်။
" စာကလေးငှက်လေ ဖေဖေ"

" အဲဒါ ဘာငှက်လဲ " သုံးလေးခေါက်ဆက်တိုက်မေးလာတော့ ကျနော်လည်း စိတ်မရည်တဲ့ လေသံနှင့်အတူ ဖေဖေ ကို

" ဖေဖေကလည်း စာကလေးငှက်လေဗျာ" ဟု ကျနော်ပြောလိုက်တော့ ဖေဖေဆီမှ နောက်ထပ်မေးခွန်းတွေ ထပ်မကြားရတော့ပဲ ခုနကဖေဖေကိုင်ထားတဲ့ စာအုပ်လေးအား ကျနော်အား လှမ်းပေးပြီး

" မင်းမေမေ ရေးထားတဲ့ ဒိုင်ယာရီလေး ဖတ်ကြည့် " ဆိုပြီး ကျနော့်ကို လှမ်းပေးလာသည်။

* * * * * * * * * * * ** * ** ** * * * * * * * * **

တနေ့ညနေ ကွပ်ပျစ်ပေါ်မှာထိုင်နေတဲ့ ကျမယောက်ျား နဲ့ ကျမသားငယ်လေးတို့ကို ကျမသတိထားပြီး ထိုင်ကြည့်နေမိတယ်။ သူ့တို့ သားအဖနှစ်ယောက်ထိုင်နေတုန်းမှာပဲ မထင်မှတ်ပဲ သူ့တို့အနားသို့ ငှက်ကလေးတစ်ကောင် ကျလာတာကို ကျမသတိထားလိုက်မိသည်။ သားငယ်က " ဖေဖေ ဟိုမှာ....."
ငှက်ကလေးအား လက်ညိုထိုးပြလိုက်သည်။ ဖခင်ဖြစ်သူက ငှက်ကလေးအား သွားကောက်ပြီး သားငယ်လက်ထဲကိုထည့်ပေးလိုက်တယ်။ ပြီတော့ ငှက်ကလေးအား အသိုက်ပေါ်ပြန်ထားဖို့ ပြောရင်း သားငယ်ကို သူ့ပုခုံးပေါ်ကိုထမ်းတင်လိုက်ပြီး အသိုက်ရှိရာကို ရှာပြီးပြန်တင်ပေးလိုက်သည်။ ငှက်ကလေးအား ပြန်တင်ပေးလို့အပြီးမှာ သားငယ်က

" အဲဒါ ဘာငှက်လဲ "
" စာကလေးငှက်" ဖခင်လုပ်သူက ပြန်ဖြေတယ်။

" အဲဒါ ဘာငှက်လဲ "
" စာကလေးငှက် "

" အဲဒါ ဘာငှက်လဲ "
" စာကလေးငှက် "

" အဲဒါ ဘာငှက်လဲ "
" စာကလေးငှက် "

သားငယ်ရဲ့ မနားတမ်းအခေါက်ပေါင်း မြှောက်မြားစွာ ထပ်တလဲလဲမေးမြန်းမှုကို စိတ်ရှည်သည်းခံစွာဖြင့် အဖေလုပ်သူရဲ့ သားအပေါ်ထားတဲ့ ချစ်တဲ့စိတ်၊ နားလည်ခွင့်လွတ်စိတ်၊ သည်းခံတက်တဲ့စိတ်တို့ကိုကြည့် ပြီး ကျမရဲ့ ရင်ထဲမှာ ဒီနေ့ဟာ ကျမဘဝ အမှတ်တရပါပဲ။

* * * * * * * * * * * * * * * * * * * * * * * * * * * * * *

ကျနော်စာအုပ်အားပိတ်ပြီး ဖေဖေအား တစ်ချက်ကြည့်လိုက်ပြီး ကျနော်အားရပါးရ ပွေ့ဖက်လိုက်မိသည်။ ရင်ထဲမှာ အလိုလိုတက်လာခဲ့တဲ့ ဝမ်းနည်းမှုတွေဟာ ကျနော့်ရဲ့ မျက်ဝန်းမှာ မျက်ရည်စတို့နဲ့ အတူ ဖေဖေကို ကျနော် စကားတစ်ခွန်း ပြောလိုက်မိသည်။

" ဖေဖေ သားကိုခွင့်လွှတ်ပါနော် "


လေးစားစွာဖြင့်
ရီနိုမာန်

ဝန်ခံချက်။ ။ မလေးရှား တီဗွီလိုင်းတစ်ခုမှ တခန်းရပ် သရုပ်ဖော်အား ပြန်လည် ခံစားရေးဖွဲ့ ထားခြင်းဖြစ်ပါသည်။ နားလည်သလောက် ဘာသာပြန်ထားခြင်းကြောင့် အမှားများပါခဲ့ရင် ဒီနေရာကနေပဲ တောင်းပန်အပ်ပါသည်။

8 comments:

စိမ်း... said...

အင်း... ဗွီဒီရိုကလစ်လေး ကြည့်ဖူးတယ် ဟုတ်တယ်...
ခုတော့ စာတမ်းထိုးနဲ့ဆိုတော့ ပိုအဆင်ပြေသွားတာပေါ့... :)

မေဓာဝီ said...

မိဘမေတ္တာကို ထပ်ဟပ်စေပြီး တိုတိုနဲ့ထိထိမိမိရှိတဲ့ သရုပ်ဖော်ချက်ကလေးပါပဲ။
မိဘတွေက ကိုယ့်ကို အညစ်အကြေးကအစ မရွံမရှာ လုပ်ပေးခဲ့တာတွေ၊ စိတ်ရှည်ခဲ့တာတွေကို သူတို့အသက်ကြီးလာပြီး လုပ်ကိုင်နိုင်စွမ်း မရှိတော့တဲ့အချိန်မှာ ပြန်အမှတ်ရစေဖို့ သတိပေးလိုက်သလိုပါပဲ။

သူကြီးမင်း (တုံးဖလား) said...

ဟုတ်ပါတယ်။ မိဘမေတ္တာဟာ ဘာနဲ့မှ နိုင်းလို့မရနိုင်ပါဘူး။

moekhar said...

ဖတ်ရတိုင်း ကြည့်ရတိုင်း လေးလေးနက်နက်ခံစားမိပါတယ် ..
ဆန်ရေက ရှားတယ်နော် ..း)

ဂျပန်ကောင်လေး said...

ဖတ်ဖူးသလိုပဲ.. ဒါပေမယ့် ပြန်ဖတ်တော့လည်း ကောင်းနေတာပဲ...

Angel Shaper said...

ကောင်းလိုက်တာ။

yangonthar said...

စုန်သောရေ တွေ ဆန်ပါစေ
မိဘတွေက သားသမီးတွေဆီကနေ
ဘာကိုမှ မမျှော်လင့်ပေမယ့် သားသမီးတွေ
ရဲ့ တုန့် ပြန်မှုဟာ သူတို့ ကို သာယာချမ်းမြေ့ မှုတွေပဲ ဖြစ်စေချင်ပါတယ် .....
ခင်တဲ့
ညီငယ် ရန်ကုန်သား :)

Beauty Studio USA Branded Store said...

ကျွန်တော်လဲ အဲဒီအပိုင်းလေး ကြည့်ဖူးတယ်။ကောင်းလဲကောင်းတယ်။အကိုက ဗမာမှုပြုလိုက်တော့ ပိုပြီးအနှစ်သာရရှိသွားတယ်။