March 24, 2015

၈ ညအိပ် ၉ ရက်ခရီးစဉ် ( ၃ )

 ၁၆.၀၂.၂၀၁၅ ( တနင်္ဂနွေနေ့)

ဒီနေ့ ကျွန်တော်တို့အဖွဲ့ ဘာလုပ်ဖြစ်ကြလဲဆိုတော့ မနက်ပိုင်း ဟိုတယ်က ကျွေးတဲ့ မနက်စာစားပြီး ကမ်းခြေမှာ လမ်းလျှောက်ကြတယ်။ သဲဖြူကျွန်းကို သွားဖို့ အမြန်ယာဉ်လက်မှတ်ဝယ်တယ်။ လက်မှတ်က တစ်စောင်ကို ၆ ထောင်ကျပ်။ အနည်းဆုံးလေးယောက်စာ ဝယ်ရတယ်။ ကျွန်တော်တို့ ဟိုတယ်ကနေ စက်လှေဆိပ်ကို ဆိုက်ကယ်နဲ့ သွားကြတယ်။ ဆိုင်ကယ်ခက တစ်ယောက်ကို ငါးရာကျပ်။ စက်လှေဆိပ်ကို အသွား ဆိုင်ကယ်သမားတွေက ကျောက်မောင်နှမကိုလည်း သွားလို့ရတယ်။ ဆိုင်ကယ် တစ်စီးကို တစ်နာရီသုံးထောင်။ တစ်နာရီဆို အသွားအပြန်လောက်တယ် ဆိုတာနဲ့ အိုကေ သွားကြမယ်ပေါ့ ဆိုပြီး သဲဖြူကျွန်းအပြန်လာစောင့်နေဆိုပြီး မှာထားခဲ့လိုက်တယ်။

Speed Boat လို့ခေါ်တဲ့ အမြန်ယာဉ်နဲ့ သဲဖြူကျွန်းကို ထွက်လာခဲ့ကြတယ်။ ကျွန်တော့်သဘောနဲ့ ကျွန်တော်ဆိုရင်တော့ လာဖြစ်မှာ မဟုတ်ဘူး။ အရင်တစ်ခေါက်က ကျွန်တော်ရောက်ဖူးပြီးသား။ ဒါပင်မဲ့ ဒီတစ်ခေါက်က သူငယ်ချင်းတွေလည်း မရောက်ဖူးသေးတာမို့ လိုက်ပို့တဲ့ သဘောနဲ့ လိုက်လာခဲ့တာ။ မြန်မာဇာတ်ကားတစ်ကားမှာ ကျွန်တော်ကြည့်ဖူးတယ်။ စေ့စပ်ကြောင်းလမ်းတာကို အဲ့သဲဖြူကျွန်းပေါ်မှာ သွားလုပ်တယ်။ ဘယ်လိုစိတ်ကူးမျိုးနဲ့ လုပ်သလဲတော့ မသိဘူး။ ကျွန်တော်ဆို နောက်တစ်ခေါက်သွားဖို့တောင် အနိုင်နိုင်စဉ်းစားရမယ်။ ကျွန်းပေါ်သွားပြီး ဘာမှလည်း ရှိတာမဟုတ်ဘူး။ ဒါပင်မဲ့ စပိဘုတ် စီးရတာတော့ အရသာ ရှိသဗျာ။

သဲဖြူကျွန်းကပြန်ရောက်တော့ ကျွန်တော် ခဏကပြောထားတဲ့အတိုင်းပဲ ဆိုင်ကယ်ငှားပြီး ကျောက်မောင်နှမကို ထွက်လာခဲ့ကြတယ်။ ကျွန်တော်က တစ်စီး သူငယ်ချင်း နှစ်ယောက်က နှစ်ယောက်တစ်စီးနဲ့ စုစုပေါင်း သုံးစီးထွက်လာခဲ့ကြတယ်။ ၁၅ မိနစ်လောက်တော့ မောင်းလိုက်ရတယ်။  ကျောက်မောင်နှမ ဘာတွေ နာမည်ကြီးလဲတော့ ကျွန်တော်လည်း မသိဘူး။ ဘုန်းကြီးကျောင်းတစ်ကျောင်းရှိတယ်။ ငါးကြော်နဲ့ အုန်းရည်ရောင်းတဲ့ ဆိုင်လေးတစ်ဆိုင်ရှိတယ်။ ဒီလောက်ပါပဲ။ အပြန်ကျမှ ဟိုတယ်တွေရှိတဲ့ဖက်က ပြန်လာခဲ့တယ်။ ဟိုတယ် အချို့ရှိတယ်။ ရေကတော့ ချောင်းသာရေထက် ကြည်တယ်။ သူက မြစ်နဲ့ ဝေးလို့လည်းပါလိမ့်မယ်။

ကျောက်မောင်နှမကပြန်ရောက်တော့ နေ့လယ် ၁ နာရီထိုးတော့မယ်။ ဒါနဲ့ ကျွန်တော်တို့ တည်းတဲ့ ဟိုတယ် အနောက်ဖက်အခြမ်းမှာ ရှိတဲ့ စားသောက်ဆိုင်မှာပဲ မှာစားလိုက်ကြတယ်။ အစားအသောက်နဲ့ပတ်သက်ပြီး တန်တယ်လို့ပဲ ပြောရမယ်။ ခုကျွန်တော်တို့ ငါးယောက်စားတာ သုံးသောင်းမပြည့်ဘူး။ စားတာများသွားလို့နဲ့ တူပါတယ်။ ဟိုတယ်ပြန်ရောက်တော့ ခဏလှဲမယ်လို့ စဉ်းစားလိုက်ပင်မဲ့ အိပ်ပျော်သွားရတဲ့အထိပါပဲ။

အိပ်ယာနိုးတော့ ရေဆင်းဆော့တယ်။ ညနေစာကို မနေ့က ကျွန်တော်တို့ နဲ့အတူတူစားတဲ့ မိသားစုနဲ့ပဲ မနေ့က ဆိုင်မှာပဲ သွားစားဖြစ်ကြတယ်။ ဒီညတော့ ကျွန်တော်တို့ နည်းနည်း ပင်ပန်းနေကြပြီ။ ထမင်းစားပြီး ဆက်ရန်ရှိတဲ့ ပွဲတွေကို ပင်ပန်းလို့ဆိုပြီး အကြောင်းပြပြန်လာခဲ့ကြတယ်။ ဟိုတယ်ရောက်မှ သူငယ်ချင်းလေးယောက်တိုင်ပင်ပြီး ဟိုတယ်က အနှိပ်ခန်းမှာ သွားအနှိပ်ခံကြတယ်။ အဲဒီညက ကျွန်တော်တို့ နှစ်နှစ်ချိုက်ချိုက် အိပ်ပျော်သွားခဲ့ကြတယ်။

၁၇.၀၂.၂၀၁၅ ( တနင်္လာနေ့ )

ဒီနေ့တော့ ကျွန်တော်တို့ ရန်ကုန်ပြန်ကြရတော့မယ်။ မနက်စာစားပြီးတော့ အခန်းပြန် ပစ္စည်းတွေ သိမ်းလိုက်ကြတယ်။ ရန်ကုန်ပြန်ရောက်လည်း နားရအုံးမှာ မဟုတ်ဘူးဆိုတာ ကျွန်တော်သိနေတယ်။ဘာဖြစ်လို့လဲဆိုတော့ ၁၉ ရက်နေ့မှာ လုပ်မဲ့အလှူအတွက် ပိုက်ဆံကိစ္စဘာမှ မလုပ်ရသေးလို့ပဲ။ သြော်..... ပြောဖို့ တစ်ခုမေ့နေတာ။ ၁၉ရက်နေ့မှာ အလှူလုပ်ဖို့က ဒီမလာခင် ၂ လလောက်အလိုကတည်းက စီစဉ်ထားတာ။ ဒီနေရာမှာ ကျွန်တော်တို့ အဖွဲ့လေးအကြောင်း နည်းနည်းတော့ ပြောပါရစေ။ ကျွန်တော်တို့ အဖွဲ့နာမည်ကို OBYG ( Oversea Burmese Youth Group) ဆိုပြီး ၂၀၁၀ လောက်ကတည်းက ဖွဲ့ထားခဲ့တာ။ ပထမတော့ အဖွဲ့ဝင် လေးငါး ဆယ်ယောက်လောက်နဲ့ တစ်လကို တစ်ယောက် စင်ကာပူ ငါးဒေါ်လာ စုခဲ့ကြတယ်။ လေးနှစ်အတွင်းမှာ စင်ကာပူဒေါ်လာ ၇ ထောင်ကျော် လှူဒါန်းနိုင်ခဲ့တယ်။ ပထမတစ်နှစ်မှာ ကလေးငါးယောက်ကို ကျောင်းထားပေးခဲ့တယ်။ ဒုတိယနှစ်မှာ ကလေးရှစ်ယောက်နဲ့ တတိယနှစ်မှာတော့ ကလေးငယ် ကိုးယောက်ကို ကျောင်းထားပေးနိုင်ခဲ့တယ်။ OBYG က တွေ့တဲ့နေရာ လှူတာမျိုးတော့ မဟုတ်ပါဘူး။ OBYG အနေနဲ့ ပထမဆုံး ဦးစားပေး လှူဖြစ်တာက မိဘမဲ့ကလေးငယ်တွေ အတွက်ပါ။ ဒုတိယကတော့ သက်ကြီးရွယ်အို အဖိုးအဘွားတွေ၊ နောက်ဆုံးကတော့ သဘာဝဘေးကျတဲ့ နေရာတွေကို လှူဖို့ဆိုပြီး ရည်ရွယ်ပြီး ဖွဲ့ထားတဲ့ အဖွဲ့ပဲ ဖြစ်ပါတယ်။

အခုလည်း အဖွဲ့ဝင်မောင်နှမတွေကိုယ်တိုင် ပါဝင်လှူဒါန်းတဲ့ အလှူလေးတစ်ခုဖြစ်ဖို့ စီစဉ်လိုက်တဲ့ သဘောပါပဲ။ ကဲ ခုတော့ ခရီးအကြောင်းလေးပဲ ဆက်လိုက်ကြရအောင်။ ရန်ကုန်ပြန်ရောက်တော့ ညနေ လေးနာရီကျော် ငါးနာရီလောက်ဖြစ်နေပါပြီ။ ဖိုးစိန်လမ်းက  FAME ဟိုတယ်မှာ ခဏနားလိုက်တယ်။ ရန်ကုန်ရောက်တော့ သူငယ်ချင်းနှစ်ယောက်က တစ်နေရာ၊ ကျွန်တော်နဲ့ သူငယ်ချင်းနှစ်ယောက်က တစ်နေရာစီ တည်းကြတယ်။ ရန်ကုန်ပြန်ရောက်တော့ သိတဲ့အတိုင်းလူတွေလည်း မဲသဲနေကြပြီ။ မဲတာက မဲတာ တစ်ပိုင်း၊ ပင်ပန်းတာက ပင်ပန်းတာ တစ်ပိုင်း သူ့အပိုင်းနဲ့ သူထားပြီး အဲ့ညက သူငယ်ချင်းလိုက်ပို့တဲ့ ကလပ်ဘ် ရောက်သွားခဲ့တယ်။ ဟိုတယ်ပြန်ရောက်တော့ ည တစ်နာရီကျော် နှစ်နာရီထိုးတော့မယ်။

ပင်ပန်းလား ဆိုတော့ ခုထိပင်ပန်းတယ်လို့ မငြီးမိသေးဘူး။ ဒီလိုနဲ့ ကျွန်တော်တို့ရဲ့ ၆ ရက် ကုန်ဆုံးသွားခဲ့ပြီ။


ရီနိုမာန်

4 comments:

ဇွန်မိုးစက် said...

အပိုင်းသစ်တွေ့တိုင်း အစ်မ လာဖတ်တယ်နော်။း)

Ma Tint said...

ခရီးစဉ်လေးတွေ ဖတ်သွားတယ် ရီနို....

Maung Myo said...

ပျော်စရာကြီး သွားချင်လိုက်တား)

ဒါနဲ့ရေကူးတော့ ဘာဝတ်စုံနဲ့ကူးလဲငင်း)

Ree Noe Mann said...

အပိုင်း အသစ်တိုင်း ဖတ်ပေးတဲ့ အမ ဇွန်မိုးစက်ကိုလည်း ကျေးဇူးပါ

ခရီးစဉ်လေးတွေကိုဖတ်သွားတဲ့ အန်တီတင့်ကိုလည်း ကျေးဇူးပါဗျ။

မောင်မျိုး က မြန်မာပြည်မှာ ရှိနေတဲ့အတွက် ခရီးသွားလို့ကောင်းတဲ့ အခွင့်အရေးရှိပါတယ်။
ရေကူးတော့ ရေကူးဘောင်းဘီဝတ်ကူးတာပေါ့ကွ။