March 30, 2015

ခရီးစဉ် အဆုံးသတ်ခဲ့လေပြီ

၁၈.၀၂.၂၀၁၅ ( ဗုဒ္ဓဟူးနေ့)

ညတုန်းက ပြန်တာနောက်ကျပင်မဲ့ ဒီနေ့မနက် သူငယ်ချင်းတွေနဲ့ မနက်စာစားဖို့ ချိန်းထားတာမို့ အစောကြီးထပြီး မြို့မကျောင်းလမ်းပေါ်က Oriental House ဆိုင်မှာ မနက်စာစားဖြစ်ကြတယ်။ မနက်စာစားပြီးတော့ သူငယ်ချင်းတွေနဲ့ လမ်းခွဲလိုက်တယ်။ ကျွန်တော်က မနက်ဖြန် အလှူကိစ္စအတွက် ပိုက်ဆံသွားထုတ်ရအုံးမယ်လေ။

အဲဒီနေ့က အမှတ်တရပါပဲ။ အွန်လိုင်းမှာ ခင်တာကြာခဲ့ပင်မဲ့ အပြင်မှာ တစ်ခါမှ မတွေ့ဖူးသေးတဲ့ ကိုဏီလင်းညို၊ အန်တီတင့်၊ ညီမမြတ်မွန်၊ အစ်မနော်ဖောနဲ့ မခင်မင်းဇော်။ အပြင်မှာ သိလည်းသိ၊ ခင်လည်းခင်နေတဲ့ တလနွန်၊ မောင်မျိုး ၊ မနိုဘယ်မိုးနဲ့ မဇွန်မိုးစက်တိုလည်းပါတယ်။ ကျွန်တော်တို့ တွေ့ဖြစ်ကြတဲ့ ဆိုင်ကတော့ Lady potato  လို့နာမည်ပေးထားတဲ့ မမဒမ်ကိုးရဲ့ ဆိုင်မှာပါ။ ကျွန်တော်တို့တတွေ စကားတွေအများကြီး ပြောဖြစ်ကြတယ်။ ခင်ဖို့လည်း ကောင်းကြတယ်။ နေ့လယ် ၁ နာရီလောက်မှာ ကျွန်တော်တို့ လမ်းခွဲလိုက်ကြတယ်။ လမ်းမခွဲခင် ကျွန်တော်ရယ် တလနွန်ရယ် မဇွန်မိုးစက် သုံးယောက်သာ မနက်ဖြန်အလှူအတွက် တိုင်ပင်ဖြစ်ကြတယ်။

အဲဒီနေ့က ညပိုင်းပြန်ရောက်တော့ ည ၁၁ နာရီထိုးတော့မယ်။ မနက်ဖြန်လည်း အစောကြီးသွားရအုံးမှာဆိုတော့ စောစောပဲ နားလိုက်ကြတယ်။

၁၈.၀၂.၂၀၁၅ ( ကြာသပတေးနေ့)

ဒီနေ့ကို ရောက်လာခဲ့ပြီ။ အပိုင်း (၃) မှာရေးခဲ့တဲ့ OBYG ရဲ့ အလှူနေ့ပေါ့။ ကျွန်တော်တို့ စာရေးဖော်လည်းဖြစ် အဖွဲ့ဝင်လည်းဖြစ်တဲ့ တလနွန်၊ မဇွန်မိုးစက်နဲ့ ကျွန်တော်တို့ က တစ်ကား။ အဖွဲ့ဝင် သုံးယောက်က နောက်ကားတစ်စီး။ စုစုပေါင်းကား၂စီးနဲ့ ကျွန်တော်တို့ မနက် ၈ နာရီလောက်မှာ ထွက်လာခဲ့ကြတယ်။ ကျွန်တော်တို့ လှူဖို့ရည်ရွယ်ထားတဲ့နေရာက သံလျင် သီလဝါ သီလရှင်သင် ပရဟိတ ပညာရေးကျောင်းပဲ ဖြစ်ပါတယ်။

ကျောင်းမှာက ကျောင်းအိပ်၊ကျောင်းနေ မိဘမဲ့ ကလေးနဲ့ သီလရှင် စုစုပေါင်း (၄၅) ဦးလောက်ရှိပါတယ်။ ရွာထဲက ပိုက်ဆံမတတ်နိုင်တဲ့ မိသားစုမှ ကလေးတွေလည်း ကျောင်းတက်တယ်လို့ သိရပါတယ်။ ကျောင်းဖွင့်ရက်မှာ ကလေး စုစုပေါင်း ၆၀ ကျော် ၇၀ လောက်ရှိတယ်လို့လည်း ပြောပါတယ်။ အဲဒီနေ့က အဖွဲ့ဝင်ဖြစ်တဲ့ ညီငယ်နှင့်ညီမငယ်တို့ရဲ့ မင်္ဂလာတစ်နှစ်ပြည့်အတွက် ကလေးတွေကို ဒန်ပေါက်နဲ့ ကြက်သားဟင်း ကျွေးတယ်။ အလှူရှင်ကတော့ ပုံမှန်မရှိဘူးလို့ ဆရာလေးကပြောပါတယ်။ တစ်လမှ နှစ်ခါလောက်ပဲ လာလှူကြတယ်။ ကျန်တာတော့ ကျောင်းက ဒိုင်ခံကျွေးရတယ်။

ကျွန်တော်တို့ ဝယ်သွားတဲ့ ဆန်ငါးအိတ်၊ ဆီ ငါးပုံးကလည်း အထောက်အကူဖြစ်သွားစေပါတယ်။ အလှူငွေ ကောက်ခံလို့ရတဲ့ သိန်း၂၀ကို ကျောင်းဆောက်တဲ့ နေရာနဲ့ ကျောင်းအထွေထွေအတွက်လှူဒါန်းလိုက်ပါတယ်။

အဲဒီနေ့က ကျွန်တော်တို့ အလှူပြီးတော့ အိမ်မပြန်သေးပဲ ရေလယ်ကျောက်တန်းကို ဘုရားဖူးသွားခဲ့ကြသေးတယ်။ ကားနှစ်စီးနဲ့ စုစုပေါင်း ၁၀ယောက် ပျော်စရာကြီးပါပဲ။ ဘုရားကပြန်တော့ အွန်လိုင်းမှာ ခင်တာကြာပင်မဲ့ အပြင်မှာ တစ်ခါမှ မတွေ့ဖူးသေးတဲ့ သူငယ်ချင်း မြစ်ကျိုးအင်းနဲ့လည်း တွေ့ဖြစ်ပါသေးတယ်။ စကားမပြောဖြစ်တာကြာတော့လည်း စကားတွေက ပြောမကုန်အောင်ပါဘဲ။ နောက်တစ်စီးက သူငယ်ချင်းတွေက သာကေတရွှေပုဇွန်အအေးဆိုင်မှာ စောင့်နေကြတာမို့ စကားလက်စဖြတ်ပြီး ထွက်လာခဲ့ရတယ်။

ရွှေပုဇွန်မှာ အအေးသောက်ပြီး အဲ့ဆိုင်ကနေပဲ အားလုံးလမ်းခွဲလိုက်ကြတယ်။ သူတို့နဲ့ လမ်းခွဲလိုက်ပင်မဲ့ လမ်းကြောင်းမပျက်သေးတဲ့ ကျွန်တော်မှာတော့ ဟိုတယ်ပြန်၊ ရေမိုးချိုးပြီး Feel မှာချိန်းထားတဲ့ အစ်မတွေဆီလာပြီး ညစာ တူတူစားတယ်။ စကားတွေပြောကြတယ်။ အစ်မတွေနဲ့လမ်းခွဲတော့ ည ၈ နာရီကျော် ၉ နာရီလောက်ရှိတော့မယ်။ မနေ့က ကျွန်တော့်ကို လက်ဆောင်ပေးမယ်ဆိုပြီး မပေးဘဲပြန်သွားတဲ့ ကိုဏီဆီက လက်ဆောင်သွားယူလိုက်တယ်။ ကိုဏီဆီကပြန်တော့ ၁၁ နာရီကျော်သွားပြီ။ ညကျရင် ကားနဲ့ ရန်ကုန်ရဲ့ညအလှကို ခံစားမယ်လို့ပြောထားတဲ့ သူငယ်ချင်းတွေလည်း ကျွန်တော့်ကို စောင့်ရင်းအိပ်ပျော်သွားကြပြီ။

၂၀.၀၂.၂၀၁၅ ( သောကြာနေ့)

ဒီနေ့တော့ ကျွန်တော်တို့ ပြန်ရတော့မယ်။ လေယာဉ်ချိန်က ည ၇ နာရီမှ ဆိုပင်မဲ့ ကျွန်တော့်အတွက်အချိန်မှ လောက်ပါမလားလို့ စိုးရိမ်နေရတဲ့ အဖြစ်။ ရန်ကုန်ကိုပြန်ရောက်ကတည်းက ကိုယ်အလုပ်နဲ့ကိုယ် ရှုပ်နေခဲ့တာ။ ရွှေတိဂုံဘုရားကို မရောက်ဖြစ်သေးဘူး။ ဒီနေ့မှမသွားရင် ရောက်တော့မှာ မဟုတ်ဘူး။ ဒါနဲ့ ကျွန်တော် မနက်စောစောထ သူငယ်ချင်းနဲ့တူတူ ဘုရားတက်ခဲ့ကြတယ်။ ဘုရားပေါ်ရောက်တော့လည်း ကျွန်တော်အတွက် ထွေထွေထူးထူး ဘာမှမရှိဘူး။ အစကတည်းက ဆုတောင်းတာ ဝါသနာမပါတဲ့ အတွက် ဦးသုံးကြိမ်ချပြီးရင် ပြီးပြီ။ ဘုရားရင်ပြင်တော်ပေါ် တစ်ပတ်ပတ်ပြီး ပြန်ဆင်းခဲ့ကြတယ်။ ပြန်ဆင်းမှ ကျွန်တော် အရမ်းလိုချင်နေတဲ့ ဘုရားပုလ္လင်လေး ၂ခုဝယ်ခဲ့တယ်။

ဘုရားပေါ်ကဆင်းမှ ကျွန်တော်တို့ မနက်စာသွားစားကြတယ်။ လေဆိပ်ကို ညနေလေးနာရီလောက်တော့ ဆင်းမှအဆင်ပြေမယ်။ မဟုတ်ရင် ကားလမ်းပိတ်တာနဲ့ ဘာနဲ့ဆို မမှီမှာလည်း ပူရသေးတယ်။ လုပ်ချင်တာတွေကလည်း များတော့ လုပ်သင့်တာကို အရင်လုပ်လိုက်တယ်။ လက်ထဲမှာ ပိုက်ဆံက မကျန်တော့ဘူး။ ဒါကြောင့် ဘဏ်မှာ ပိုက်ဆံသွားထုတ်လိုက်တယ်။ ပိုက်ဆံထုတ်ပြီးတော့ အဲနေ့မှာမှ ရုံတင်တဲ့ ရုပ်ရှင်ကားကို ဝင်ကြည့်လိုက်တယ်။ ကားနာမည်တော့ မမှတ်မိတော့ဘူး။ ပြေတီဦး၊ နေမင်း၊ စိုးမြတ်သူဇာနဲ့ မိုးဟေကိုတို့ပါတယ်။ ဟာသကားပေါ့။ ဆရာမ ခင်ခင်ထူးရဲ့ ဝထ္တုကိုပြန်ရိုက်ထားတာ။ရုပ်ရှင်ရုံကထွက်တော့ နေ့လည် ၂ နာရီကျော်ပြီ။

ပန်းဆိုးတန်းလမ်းမှာ ဖတ်ချင်တဲ့စာအုပ်တွေ ပြေးဝယ်။ နေ့လည်စာ စားပြီး ဟိုတယ်ပြန် ပစ္စည်းသိမ်းရတော့တာပေါ့။ ကျွန်တော်တို့ရဲ့ ၈ ညအိပ် ၉ ရက်ခရီးစဉ်လေးကတော့ ဒီနေ့ဟာ နောက်ဆုံးပါပဲ။ ၉ရက်ခရီးစဉ်မှာ မရောက်ဖူးသေးတဲ့ နေရာကိုလည်း ရောက်ခဲ့တယ်။ စိတ်လက်အပန်းဖြေမဲ့ နေရာမှာလည်း အေးအေးချမ်းချမ်း နေခဲ့ရတယ်။  ကျွန်တော်ခင်၊ ကျွန်တော်ချစ်တဲ့ သူတွေကိုလည်း တွေ့ခဲ့ရတယ်။ အလှူလည်း လှူခဲ့ရတယ်။ ၉ရက်ဆိုတဲ့ အချိန်အတွင်းမှာ လုပ်ချင်တာတွေကော၊ လုပ်သင့်တာတွေကော လုပ်ခဲ့ရပြီတဲ့နောက်မှတော့ စင်ကာပူက အဆောင်ကိုပြန်ရောက်တော့ ည ၂ နာရီကျော်နေပြီ။ ကျွန်တော့်အတွက်တော့ ဒါဟာ ပုံမှန်ပါပဲ။

ဒီနေရာမှာပဲ ကျွန်တော်ရဲ့ ၈ ညအိပ် ၉ ရက်ခရီးစဉ်လေးကို အဆုံးသတ်လိုက်ပါရစေ။

ရီနိုမာန်




1 comment:

Maung Myo said...

အလောတကြီး ခရီးစဉ်တွေး)


ဆုံခွင့်ရတာ ၀မ်းသာပါတယ် နောက်လည်းလည်နိုင်ပါစေ