March 16, 2015

၈ညအိပ် ၉ ရက် ခရီးစဉ်

ဒီတစ်ခေါက် မြန်မာပြည်ကို ပြန်လည်မယ်လို့ စိတ်ကူးလိုက်တဲ့ အချိန်မှာတော့ ကိုယ့်အိမ် ကိုယ့်ရာဖြစ်တဲ့ ဇွဲကပင်တောင်ခြေကို ပြန်မယ်လို့ စိတ်ကမရောက်ပဲ စိတ်လက်အပန်းဖြေဖို့ ကမ်းခြေတစ်ခုခုကို သွားဖို့သာ စိတ်က ရောက်နေခဲ့ပါတယ်။ အပန်းဖြေလို့ ဆိုပင်မဲ့ အမှန်တကယ်က စိတ်ထဲအရမ်းအေးချမ်းတဲ့ ဒေသ ( ဥပမာ - ကလော၊ တောင်ကြီး၊ ပြင်ဦးလွင်... စသဖြင့် ) လိုမျိုး၊ တိတ်ဆိတ်တဲ့ ညအချိန်မျိုးမှာ သဘာဝရဲ့ ဂီတသံကြားနေရတဲ့ ကမ်းခြေလို နေရာမျိုးတွေကို ဘယ်နှကြိမ် ဘယ်နှခါ သွားသွား ရိုးသွားတယ်ဆိုတာမျိုး ဘယ်တုန်းကမဖြစ်ခဲ့ပါဘူး။

အခုလည်း ကိုယ်တစ်ယောက်ထဲသွားရတာ အားမရသေးလို့ အခန်းဖေါ်သူငယ်ချင်းတွေကို မဲဆွယ်ရတော့တာပေါ့။ တစ်ယောက်ကို ဘယ်လောက်ဆို ရပြီ။ ဘယ်နှရက်ရက်နေလို့ရမယ်။ စားချင်တာ အကုန်စားလို့ရမယ်။ သူငယ်ချင်းတွေပဲသွားတော့ အရမ်းပျော်ဖို့ကောင်းမှာ။ ဒီမှာနေပြီး ပိတ်ရက်လည်း ပိုက်ဆံကုန်မဲ့ တူတူ ကမ်းခြေမှာ သွားအနားယူလိုက်ရရင် ဘယ်လောက်ကောင်းလိုက်မလဲ ဆိုတဲ့စကားလုံးတွေနဲ့ ပြောပြ ချပြ တွက်ပြလိုက်တော့မှ ကျွန်တော်နဲ့တူတူ ခရီးထွက်ဖို့ သူငယ်ချင်းနှစ်ယောက်က သဘောတူလိုက်ကြတယ်။ အမှန်တကယ်တော့ အဲခရီးစဉ်အတွက် အချိန်က ၈လ၊ ၉လလောက် အချိန်ရသေးတယ်။

ပြန်လည်ဖို့ စီစဉ်ထားတဲ့ ရက်က တရုတ်နှစ်ကူးအချိန်ဆိုတော့ လေယာဉ်လက်မှတ်တွေက ဈေးအရမ်းကြီးသွားမှာ။ ရက်ကပ်မှ ဝယ်ရင် လေယာဉ်လက်မှတ်ဖိုးတင် လေးရာ ငါးရာလောက် ရှိသွားမယ်။ ကျွန်တော်တို့က ခရီးစဉ် စလယ်ဆုံး သုံးဖို့ တစ်ယောက်ကို ၆၀၀ လောက်ပဲ မှန်းထား၊ တွက်ထားတာဆိုတော့ လေယာဉ်လက်မှတ်ကို ရက်ကပ်မှ ဝယ်လို့ မဖြစ်တော့ဘူး။ ကြိုဝယ်မှ ရတော့မယ်။ ဒါနဲ့ လေယာဉ်လိုင်းတွေကို အွန်းလိုင်းကနေ စရှာပြီး လက်မှတ်ဈေးတွေ စုံးစမ်းရတော့တယ်။ နောက်ဆုံး ဈေးအသက်သာဆုံးဖြစ်တဲ့ ဂျက်စတား လေယာဉ်လိုင်းနဲ့ သုံးယောက်စာ ၅၄၃ ဒေါ်လာနဲ့ အသွားအပြန်လက်မှတ်ကို အွန်းလိုင်းကနေ ဝယ်ထားလိုက်ကြတယ်။

ကြိုတင်စီစဉ်ထားတဲ့ ကိစ္စတွေဆိုရင် ပျက်တတ်လွန်းလို့ ကျွန်တော်မှာ ကြိုပြီး ရင်မခုန်ရတဲ့ အဖြစ်။ အရေးတကြီး အလုပ်တွေများ ပေါ်လာမလား။ သူဌေးမှ ခွင့်ပြုပါ့မလား။ စီစဉ်ထားတာတွေ အစီအစဉ်တကျ ဖြစ်မှဖြစ်ပါမလား။ လား ပေါင်းများစွာနဲ့အတူ ပြန်ရမဲ့ရက်ကို ရောက်လို့လာခဲ့ပါပြီ။ ကံကောင်းချင်တော့ ကျွန်တော်လုပ်နေတဲ့ အလုပ်ကလည်း ခရီးမထွက်ခင် တစ်ပတ်အလိုမှာ ဖြတ်ထားနိုင်ခဲ့တယ်။ နှစ်တိုင်းပေးနေကျ အပိုဆုငွေကလည်း ခရီးမထွက်ခင် တစ်ရက်အလိုမှာ ရလိုက်ပြီ။ ခရီးထွက်ဖို့ အိတ်ကလည်း ပြင်ဆင်ပြီးတာ တစ်ပတ်လောက်ကတည်းက အဆင်သင့်။ ဒီလိုနဲ့ ကျွန်တော်တို့ သူငယ်ချင်းသုံးယောက် ၂လပိုင်း ၁၂ ရက်နေ့ မနက်ပိုင်း ဖလိုက်နဲ့ ကျွန်တော်တို့ရဲ့ ခရီးစဉ်ကို  စတင်လိုက်ကြပါတော့တယ်။

၁၂.၀၂.၂၀၁၅ ( ကြာသပတေးနေ့)

ကိုယ့်ပြည်ကိုယ့်ရွာကို ပြန်ရတော့မယ် ဆိုတဲ့စိတ်က ပျော်နေပင်မဲ့ ဝယ်ထားတဲ့ ကီလိုနဲ့ သယ်လာရတဲ့ လူကြုံပစ္စည်းတွေ အဆင်မှပြေပါ့မလား။ အွန်းလိုင်းမှာ ဝယ်ရင် ကီလို ၂၀ မှ ၂၆ဒေါ်လာလောက်ပဲ ပေးရတာ။ လေဆိပ်ရောက်မှ ဝယ်ရရင် တစ်ကီလို ၂၀ တောင်ပေးရမှာ။ အထုပ်တွေ မချိန်ရသေးမချင် စိတ်က ဒုံးဒုံးမချနိုင်သေးဘူး။ ထင်ထားတဲ့ အတိုင်းပါပဲ ဝယ်ထားတာ ကီလိုတစ်ရာ။ ချိန်ကြည့်လိုက်တော့ ကီလို ၁၁၆ကီလိုဖြစ်နေပြီ။ ဘယ်လိုမှ အဆင်မပြေတဲ့အဆုံး ၁၀ကီလိုလောက် ဆွဲထုတ်ပြီး လက်ဆွဲလိုက်ရတယ်။ ဘာပဲပြောပြော စိတ်က အခုမှပဲ ပျော်ဖို့သတိရတော့တယ်။

မြန်မာစံတော်ချိန် ၁၁ နာရီလောက်မှာ ရန်ကုန်မြေကို ကျွန်တော်တို့ စီးလာတဲ့ လေယာဉ်ဆိုက်ရောက်ခဲ့တယ်။ ကိုယ့်မြေကိုယ်ရေကို ဘယ်နှကြိမ်ပဲ ပြန်ရပြန်ရ ကျွန်တော်ကတော့ ရင်ခုန်စမြဲ။ နွေးထွေးသလို ခံစားရတယ်။ လုံခြုံအေးချမ်းသွား သလိုလည်း ထင်ရတယ်။ ကိုယ်စီစဉ်ထားတဲ့ ခရီးစဉ်ကို ကိုယ်တိုင် အကောင်အထည်ဖေါ်ရတော့မယ်ဆိုတဲ့ စိတ်က ကျွန်တော်ရဲ့ ခြေလှမ်းတွေမှာ သိသိသာသာ   ထင်ရှားလို့ နေပါတော့တယ်။

ဒီနေရာမှာ ပြောစရာတစ်ခုကျန်ခဲ့တယ်။ ကျွန်တော် စီစဉ်ထားတဲ့ ကမ်းခြေခရီးစဉ်က ၂ လပိုင်း ၁၅၊ ၁၆ရက် ၂ညအိပ်ခရီးစဉ်။ ကျွန်တော်တို့ ဝယ်ထားတဲ့ လေယာဉ်လက်မှတ် အသွားအပြန်ရက်က ၂ လပိုင်း ၁၂ရက်ကနေ ၂၀ ရက်နေ့အထိ။ စုစုပေါင်း ၉ ရက်ခရီးစဉ်။ ကမ်းခြေကို သွားမှာ အလယ် ၂ ရက်ထဲ။ ရှေ့ ၂ ရက် ၊ နောက် သုံးရက်က ပိုနေတာ။ လုပ်စရာကိစ္စက မရှိတော့ ရန်ကုန်မှာလည်း မနေချင်ဘူး။ ဒါနဲ့ ရှေ့ ၂ရက်ကို ရက်တိုခရီးစဉ်လေး တစ်ခုဆွဲလိုက်တယ်။ ဘယ်သွားမလဲ။ ဘယ်သွားလို့ ရလဲ။ ဘယ်သွားချင်လဲ ဆိုတဲ့ မေးခွန်းမျိုး ကိုယ်ဖာသာ ကိုယ်မေးလိုက်တယ်။

ရက်တိုသွားလို့ရတဲ့ နေရာတွေကို စဉ်းစားကြည့်လိုက်တော့ ကျိုက်ထီးရိုးနဲ့ ပြည်ကို စဉ်းစားလို့ ရသွားတယ်။ ကျွန်တော်နဲ့ တူတူလိုက်တဲ့ သူငယ်ချင်းတွေက ကျိုက်ထီးရိုးကို ရောက်ဖူးတယ်။ ပြည် ကို မရောက်ဖူးဘူး။ ကျွန်တော်က ကျိုက်ထီးရိုးလည်း မရောက်ဖူးသေး၊ ပြည်လည်း မရောက်ဖူးသေးဘူး။ကျွန်တော်အနေနဲ့ ကျိုက်ထီးရိုးထက် ပြည်ကိုပဲ စိတ်ဝင်စားနေမိတယ်။ ကျိုက်ထီးရိုးကို ဘာကြောင့် မသွားချင်ရသလဲဆိုတဲ့ အဖြေ ကျွန်တော်မှာ မရှိဘူးဖြစ်နေတယ်။ ကဲ....ထားပါတော့။ ကျွန်တော်တို့ ပြည်သွားဖို့ပဲ ဆုံးဖြတ်လိုက်ကြတယ်။

ရန်ကုန်ရောက် နေ့လယ်စာ စားပြီတဲ့ အချိန်က ၁၂ခွဲ။ ပြည်ကို သွားဖို့ လက်မှတ်ဝယ်ထားတာက  နေ့လယ်  ၃ နာရီခွဲ။ အချိန်က အများကြီးကျန်နေပင်မဲ့ နေ့လယ်ပိုင်း ပူတဲ့ အပူချိန်က တက်ကြွနေတဲ့ ကျွန်တော့်ရဲ့စိတ်တွေကို နွမ်းလျသွားစေခဲ့ပါတယ်။ ပူပူလောင်လောင်ဖြစ်နေတဲ့ အပူချိန်ကို ကားဂိတ်မှာ ထိုင်စောင့်ပြီး အချိန်ဖြုန်းဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ကားဂိတ်ကိုရောက်တော့ နေ့လယ် ၁နာရီခွဲတော့မယ်။  ၁ နာရီခွဲထွက်မဲ့ကားမှာ နေရာရှိသေးတာကြောင့် ဆိုင်းမဆင့်ပဲ တက်လိုက်လာခဲ့ကြတယ်။

ပြည်ကိုရောက်တဲ့အချိန်မှာတော့ ည ၇ နာရီခွဲနေပြီ။ ဘိုကင်ကြိုတင်ထားတဲ Pyay Strand Hotel ရောက် ပစ္စည်းတွေ နေရာချ၊ ဟိုတယ်ဘေးက စားသောက်ဆိုင်မှာ ညစာစားတယ်။ နောက်နေ့သွားမဲ့ ခရီးစဉ်ကို ထမင်းစားရင်း ဆွဲလိုက်ကြတယ်။ ခရီးပန်းလာပြီဖြစ်တဲ့ သူငယ်ချင်းနှစ်ယောက်ကတော့ ထမင်းစားပြီးဟိုတယ် ပြန်နားလိုက်ကြတယ်။ ကျွန်တော်နဲ့ သူငယ်ချင်းကတော့ ပြည်ရဲ့ ညဈေးတန်းကို အမြည်းသဘောနဲ့ လမ်းလျှောက်ထွက်ခဲ့ကြတယ်။

ခရီးစဉ် ပထမနေ့ကို ည ၁၁ နာရီလောက်မှာ ဟိုတယ်ပြန်ပြီး အဆုံးသတ်လိုက်ကြတယ်။


ရီနိုမာန်

1 comment:

ဇွန်မိုးစက် said...

ဒီတစ်ခေါက် ခရီးစဉ်အကြောင်း ရီနို မရေးဖြစ်တော့ဘူး ထင်နေတာ။ ဓာတ်ပုံတွေလည်း တင်ပေးဦးနော်။
ကျိုက်ထီးရိုး မရောက်သေးဘူးဆိုလို့ အံ့သြသွားတယ် တကယ်။ :D