December 10, 2009

မအိမ်ကံ ( For Dec အပိုင်း - ၄)

“အဆင်ပြေရဲ့လား အစ်ကို။ မအိမ်ကံတော့ ၀မ်းလည်း သာပါရဲ့၊ စိတ်ထဲလည်း မကောင်းဘူး။ သမီး နေပျော်ရဲ့လား အစ်ကိုရယ်။ အစ်ကို့ သမီးက ရိုးပါအေးပါ ဘိသနဲ့ရှင်။ ထမင်း ဆာလို့လည်း ဆာတယ်ပြောမှာ မဟုတ်ဘူး။ ထမင်း မ၀လို့ လည်း မ၀သေးဘူး ပြောမှာ မဟုတ်ဘူး။ ညဘက် ညရေး ညတာ နောက်ဖေး နောက်ဖီ”

“အားလုံး အဆင်ပြေပါတယ် အိမ်ကလေးရယ်။ မောင်သက်မင်း မိန်းမဘက်က မိန်းကလေး တစ်ယောက်လည်း ရှိတယ်။ အတန်းတူပဲ။ အပေါ်ထပ်မှာ တစ်ခန်းတည်း နေကြတယ်။ စားအတူ၊ အိပ်အတူ၊ ရေချိုး အတူပါဗျာ”

“အစ်ကို မုန့်ဖိုး ပေးခဲ့ရဲ့လား”

“ပေးခဲ့ပါတယ်။ အစ်ကိုပြန်မယ် လုပ်တော့ ဇောင်ချမ်းကုန်းကို လွမ်းလို့တဲ့ ငိုသေးတာလေ။ ဘွားအေကြီး လွမ်းတာလား၊ မအေ လွမ်းတာလား၊ သူ့ညီမ လွမ်းတာလားတော့ မသိ ဘူး။ ငိုတာတော့ ငိုတယ်”

“ငိုသယ် ဟုတ်လား။ ဒါဆို တော်တော် ဟုတ်လာပြီ ကော”

မအိမ်ကံက သူ့သမီး ငိုတယ်ဆိုလို့ တစ်ဖက်က ၀မ်းသာ ရသေးသည်။ ခံစားတတ် ရှာပါလားလို့ တွေးမိ၍ ဖြစ်ပါ၏။ ကိုပြေသိမ်းကတော့ သူ့အရွယ်နှင့် သူ့ခံစားမှုက ဗီဇအရ ရှိကြတာချည်း ဖြစ်ကြောင်း၊ ထုတ်ဖော်ပြသခြင်း၊ မပြသခြင်းသာ ကွာကြောင်း၊ သိပ်ကြီး စိုးရိမ်ရန် မလိုကြောင်းတွေ ပြောပြသည်။ ဘာပဲဖြစ်ဖြစ် မိခင်ဆိုတော့ ပူရသား။ အဖော်ရှိတာ တော့ကောင်းပါရဲ့။ အဖော်ကကော။ လှည်းထက် ဘီးကြီးနေ မှာစိုးရသေးသည်။ မိန်းကလေးချင်းပေသိ အတုဆိုး ကူးမှာ စိုးရသည်။ တစ်ရက်တော့ သမီးကြီး မြိုင်ရှိရာ မြင်းခြံကို မအိမ်ကံ လိုက်သွားရမည်။ တစ်ပတ်တန်သည်၊ နှစ်ပတ်တန်သည် နေလိုက်ဦးမည်။ ခွဲရတော့လည်း လွမ်းသား သမီးရယ်။

မလှအုံကတော့ သူ့ဘွားအေကို အသေးစိတ် ပြောပြ နေရပါ၏။ ဘွားအေကြီးကလည်း မေးလိုက်တာ စုံလို့။
“အရီးမြေးမ ၀မ်းပျော့သလား၊ မာသလားတောင် ကျုပ် ကြည့်ခဲ့ပါ့တော် ကိုင်း”

မလှအုံက ရွဲ့ပြောတော့မှ အမေ ပန်းရုံ အမေး ရပ်တော့သည်။ အမေပန်းရုံ အလှည့်ပြီးတော့ မအိမ်ကံက မေးရပြန်သည်။ ကိုပြေသိမ်း ပြောတာလည်း ပြောတာပေါ့။ မိန်းမသားချင်း မေးစရာတွေ ရှိသား မဟုတ်လား။ မလှအုံက မြင်းခြံ ကျောင်းပို့သာ ကောင်းသာပေါ့အေ့ဆိုလို့ မအိမ်ကံ ၀မ်းသာရ သည်။ မလှအုံ စိတ်ပြောင်း သွားလောက်အောင် ဘာတွေများ တွေ့ခဲ့လို့ပါလိမ့်။

“သမီးကငိုဆို မလှအုံ”

“ငိုပါ့အေ။ ဘယ်သူ့လွမ်းလို့တုံးလို့ မေးတော့ ညည်း သမီးက ဘာပြောမှတ်သလဲ”

“ပြောပါဦး”

“ကျေးကျေးကိုသဲ့သော်၊ ကျေးကျေးကိုသဲ့”

မအိမ်ကံ ရယ်လိုက်ရတာ။ ဘယ်သူ့ လွမ်းလွမ်းပါအေ။ လွမ်းရ ကောင်းမှန်းသိဖို့ လိုသာပါ သမီးရယ်။
“ဘယ်သူ့ကို သတိရရပါ မလှအုံရယ်။ လွမ်းတတ်စိတ် ကလေး ရှိသာကိုပဲ ၀မ်းသာရသေး။ ပညာတတ်သာနဲ့ အမျှ မအိမ်ကံတို့နဲ့ ဝေးဝေး သွားရတော့မှာ မဟုတ်လား။ ပညာတွေ တတ်လေ၊ အတန်းတွေကြီးလေ မန်းလေးတို့၊ ရန်ကုန်တို့မှာမှ ရှိတဲ့ သက္ကသိုလ် ဆိုတာကို ပို့ရမယ့် ကလေးဆိုတော့ မအိမ်ကံ ကလည်း လွမ်းလက်စ သိမ်းတတ်အောင် နေနေရပါသယ်လေ။ တစ်ခုပဲ ရှိတယ်”

“ဘာပါလိမ့်”

“သြော် မအိမ်ကံ သမီးကို ရွာစိတ်၊ တောစိတ် ကလေးတော့ မပျောက်စေချင်ဘူး။ တောသူတောင်သား မိဘမျိုးရိုးက မွေးသာဆိုတော့ ပဲကြဲနှမ်းကြဲ၊ တလင်းနယ်တလင်းခေါက်၊ မောင်းထောင်းဆန်ဖွပ်၊ ရက်ကန်း၊ ထင်းခွေတတ်စေချင်သယ်။ လုပ်မစားပေသိလို့ မိဘများ သည်လို ဘ၀နဲ့ နေခဲ့ကြသယ်ဆိုသာ ရင်ထဲ ရောက်စေချင်သာပါ။ ပြီးတော့ သူ့ရုပ်သူ့ရည်နဲ့ ကွမ်းတောင် ကိုင်ရသယ် ဆိုဦးတော့ မက်မက်စက်စက် ရှိစေချင်သယ်။ မြို့သူပညာ တတ်ဖြစ်လို့ မကိုင်ချင်ပါဘူး။ ရှက်စရာကြီးပါ အမေရယ် ဖြစ်မှာများ မအိမ်ကံ အင်မတန် စိုးရိမ်သယ်”

မလှအုံ ဘာမှ မပြောတော့ပါ။ မအိမ်ကံ ရင်ထဲက အစိုင်အခဲကို ကျေအောင် ချေချင်လှသော်လည်း မချေရက်တော့။ ကမ္မသကာလို့သာ သဘောပိုက်လိုက်ပါ၏။ ကံပါတော့လည်း ဖြစ်တော့မပေါ့။ ကံမပါတော့လည်း လွဲရုံပ။ ဘယ်သူ့ဘယ်သူ ကမှ မန်ကျည်းစေ့ တွင်းချ မပြောနိုင်သည့် ကိစ္စကို မလှအုံကလည်း မပူချင်တော့တာပါသည်။ ခေတ်တွေကလည်း ပြောင်းခဲ့ပြီ။ မလှအုံ ကိုယ်တိုင်မြင်းခြံမှာ တစ်ပတ်ဆယ်ရက် နေခဲ့ဖူးပြီ ဆိုတော့ ခေတ်ကာလ ၀တ်ပုံစားပုံ၊ ပြောပုံဆိုပုံတွေ မျက်စိထဲ မတွေ့ခဲ့။ သို့သော် ခေတ်က ဖြစ်လာတာကို တားဆီးဖို့ခက် သားပင်။ မအိမ်ကံ ဘ၀မှာ ကွမ်းတောင် မကိုင်ခဲ့ရတော့ သမီးကို ကိုင်စေချင်တာကိုလည်း အပြစ် မမြင်ချင်တော့ပါ။ သည်စိတ်ရှိလို့လည်း ဘယ်သူ့မှ ထိခိုက်တာ မဟုတ်တော့ ဖြစ်ပါစေ လို့သာ ဆုတောင်းရုံ ရှိတော့သည်။

“ရွာစိတ်ရပ် စိတ်တော့ မပျောက်ပါဘူးအေ။ ပျောက်ခဲ သာပဲ။ တောထမင်း တောဟင်းနဲ့ လူဖြစ်ရသဲ့ ကလေးပါအေ။ ဖြစ်ချိန်တန်တော့ သိကြားမင်း ဖျက်တောင် ပျက်နိုင်ပေါင်ပါ ရှင်အိမ်ကံရယ်။ ငါ့ညီမ မပူပါနဲ့ ဟိုမှာလည်း စိတ်ချရပါ့ တော်။ ကျောင်းကို ငါကိုယ်တိုင် နှစ်ရက်၊ သုံးရက်လိုက်ပို့ သယ်၊ ကြိုသယ်။ ငါဖြင့် မြင်းခြံ တစ်ကျောင်းလုံး မြိုင်ကလေး အလှဆုံး ထင်မိသယ်။ ဘုရား စူးရစေ့ရဲ့”

သည်စကားတွေ ကြားပြန်တော့ မအိမ်ကံ ၀မ်းသာပီတိ ဖြစ်ရပါ၏။ သမီးကြီး မရှိတော့ ၀မ်းထဲဟာ သလိုလို၊ လွမ်း သလိုလိုတော့ ရှိသား။ သမီးငယ်ခိုင်က ကြုံရာကျရာ လူနှင့် နေတတ် ထိုင်တတ်သည်။ ဖအေ့ ကျောင်းမှာလည်း ကျောင်းမှာ မို့၊ အိမ်မှာလည်း အိမ်မှာမို့ သူငယ်ချင်း အဖော်တွေနှင့် တရုန်း ရုန်း၊ ချက်ချက်ချာချာကလည်း ရှိလိုက်ပါဘိသနဲ့။

သည်လိုနှင့် ရက်ကလေး ညောင်းလာတော့ မအိမ်ကံနှင့် ကျေးဥတို့ မြင်းခြံကို လိုက်သွားခဲ့ကြသည်။ ဖိုးကူးက လှည်းမောင်း။ သမီးခိုင်နှင့် ကျေးဥသား နှစ်ယောက်ပါပါတော့ မအေ လိုက်လာတာကို မအိမ်မြိုင် ၀မ်းသာအားရ ရှိခဲ့ရှာပါ၏။မောင်သက်မင်းတို့ ၀ိုင်းကမြို့နှင့် လှမ်းတော့ လှမ်းသည်။ ကျောင်းကို စက်ဘီးနှင့် သွားတာတောင် နာရီ တစ်မတ်လောက်တော့ ကြာပါ၏။ အတူနေသည်ဆိုသော ကလေးမကလေးက လိမ်လိမ်မာမာ ယဉ်ယဉ်ကျေးကျးနှင့် ပတ်တီးချားလည် ရှိလို့ တော်သေးရဲ့ အောက်မေ့ရသည်။ မောင်တွေ၊ ညီမတွေ တရုန်းရုန်းနှင့် ဆိုတော့ မအိမ်မြိုင် ကိုယ်တိုင်က ရွာမှာထက် ပိုသွက် လာသလား ထင်ရသည်။ တစ်ရက်နေပါဦး၊ နှစ်ရက် နေပါဦး တားနေလို့ ရက်တွေ ပိုကြာခဲ့ရပါ၏။ သမီး မျက်နှာ တွေ့ရတော့လည်း မအိမ်ကံ ရင်ထဲ ၀သွားခဲ့ရသည်။ သမီး အတွက် ယူသွားသော စားသောက်ဖွယ်ရာတွေ၊ ထဘီ အင်္ကျီတွေ ပေးခဲ့သည်။ အတူနေကလေးမအတွက်ပါ လက်ဆောင်ပေးခဲ့သေးသည်။

“အမေတို့ ပြန်တော့မယ်နော် မြိုင်ကလေး။ လှည်းက အခင်းအလုပ်သုံးရဦးမှာဆိုတော့ ပြန်မှဖြစ်မှာ။ အမေတို့ အလုပ် တွေကလည်း တန်းစီနေသာလေ သမီးရဲ့။ ကျောင်းပိတ်ရက် ကျေးဥနဲ့ အခေါ်လွှတ်လိုက်မယ် ပြန်လိုက်ခဲ့နော်။ စာတွေ လည်း ကြိုးစား၊ အတန်းတွေရလာရင် ဖအေနဲ့သမီး အင်္ဂလိပ် လို ပြောကြစမ်းပါအေ။ အမေ နားထောင်ချင်လို့”

မအိမ်ကံက တတွတ်တွတ် မှာသည်။ မအိမ်မြိုင်က မြေကြီးပေါ် ပုံ့ပုံ့ကလေးထိုင်ပြီး မအေကို ကန်တော့တော့ မအိမ်ကံ မျက်ရည်တွေကို မျက်တောင်ခတ်ပြီး မနည်းကြီး သိမ်းရသည်။ သမီးကြီးမြိုင်က မြင်းခြံရောက်မှ မျက်နှာ ကလေးပိုလို့တောင် ပွင့်လာသလားပဲ။ မောင်သက်မင်း လင်မယားက သမီးကြီးကို ဂရုတစိုက် ရှိကြတာတွေ့တော့ မအိမ်ကံ စိတ်ချရပါ၏။ ကျေးဥကလည်း မှာစရာ ရှိတာတွေ မှာသည်။ ကျေးကျေးမုန့်တွေ ပို့ပေးမယ်ဆိုတာက လွဲလို့ ဘာမှ လည်းမပြောတတ်။ သည်လိုနှင့် မြိုင့်ဆီက ပြန်ခဲ့ကြသည်။ မြင်းခြံ သမီးဆီ ရောက်တဲ့ရက် ဆိုပြီး မအိမ်ကံ စာအုပ်နှင့် မှတ်ထားသည်။

၁၃၁၉ ခု ၀ါဆိုလဆန်း ၁၃ ရက်။
ရွာရောက်တော့ အမေပန်းရုံက မြေးအကြောင်း မေးလို့ အပိုတွေပါ ထည့်ပြောရပါ၏။
“ဆောင်းဝင်ရင် ရာသီ အေးပါပြီအေ။ အမေပါ လိုက်ခဲ့ ပါဦးမယ်”
အမေပန်းရုံက မြေးဆီလိုက်ချင်လို့ ပြောခဲ့သည့်စကား။ သို့သော် အမေခမျာ မြိုင့်ဆီ မရောက်နိုင်ခဲ့ရှာတော့ပါ။

မွေးနေ့ဆိုတော့ မအိမ်ကံ ခေါင်းလျှော် ရေမိုးချိုးပြီး ကတည်းက သန့်သန့်စင်စင် ၀တ်ဆင်ပြီး ဘုန်းကြီးကျောင်းကို ဆွမ်းချိုင့် ပို့လှူသည်။ တရားနာ၊ ရေစက်ချ၊ အမျှအတန်းပေး ဝေခဲ့သည်။ ရက်ကန်း သမတွေကို မနက်ဆွမ်းခံပြန်ချိန်ခေါ် ထားသဖြင့် လူစုံတက်စုံ ရောက်လာကြသည်။ ထမင်းကျွေး သည်။ ထဘီ တစ်ကွင်းစီနှင့် ငွေတစ်ရာစီ ပေးခဲ့သည်။ မွေးနေ့ ကုသိုလ်ပင်။ အရီးကြာညွန့် မရှိသည့် နောက်ပိုင်း ရက်ကန်း ခေါင်းဖြစ်လာသော အရီး ညိုညက်ကို ပိုကန်တော့ခဲ့ပါ၏။ အရီးကြာညွန့်လောက် မဟုတ်လှသော်လည်း တော်သင့်သ လောက်တော့ တော်ရှာပါသည်။ ရက်ကန်း ခေါင်းမထားလို့ မရ။ အနားမှာ ရက်ကန်းခေါင်း ရှိမှ အလုပ်တွင်သည်။ ဆူတန်တာဆူ၊ ငေါက်တန်တာငေါက်၊ ခေါက်တန်တာခေါက်ရသူ ဆိုတော့ ကလေးမတွေကလည်း ကြောက်ကြပါသည်။

“မကြာညွန့်တော့ မပြောတတ်ပေါင်အေ။ ငါဖြင့်သည် ကောင်မတွေကို နေ၀င်ရိုးရီ နအုပ် ပြန်သိမ်းရသာ ကျလို့။ ကလေးတွေဆိုတော့ တစ်ယောက် တစ်ပေါက်ကိုးအေရဲ့။ ပြောသာ ပြောနေသာ လိမ္မာကြရှာပါသယ်”

အရီးညိုညက် စကားကို မအိမ်ကံ ရယ်မိခဲ့ရသေးသည်။ နေ့လယ်ဘက်မှာတော့ မအိမ်ကံ တစ်ယောက်တည်း။ သမီးခိုင်နှင့် ကျေးဥတို့က အောက်ထပ်မှာ။ မနက်က စောစော ဆွမ်းထချက်ရသဖြင့် မျက်တောင်တွေက စင်းချင် လာခဲ့ပြီ။ အိပ်ရာပေါ် အသာ လှဲလိုက်ပေသိ အိပ်လို့မပျော်။ အတွေးတွေသာ အပြေးအလွှား ရောက်လာပြန်ပါ၏။ အလှူနှင့် လက်နှင့် မပြတ်ခဲ့ သော အမေ။ လူတကာကို နင့်နင့်ပိုးပိုး ပေးလိုက်ရမှ အနေ ဖြောင့်ရှာသော အမေ။ အသက် လေးဆယ်ကျော်ကာမှ သမီး မအိမ်ကံကို မွေးပြီး အသက် ခုနစ်ဆယ်ကျော်၊ ရှစ်ဆယ် အထိ သည်သမီးကို ရင်အုပ်မကွာ ထိန်းသိမ်း စောင့်ရှောက်ခဲ့ရှာသော အမေ။ မအိမ်ကံ အမေ့ကို စိတ်ရောက်ရပြန်ပါ၏။

အမေပန်းရုံဆုံးတော့ ၁၃၁၉ ခုနှစ်၊ ၀ါခေါင်လဆုတ်ရက် ထဲမှာဖြစ်၏။ ရောဂါကြီးရယ်လို့ မ၀င်ခဲ့သော်လည်း ကောက်ကာငင်ကာ အဖျား ၀င်ရာက ဆုံးခဲ့ရခြင်းဖြစ်သည်။ ဆရာ ဆောင်ကိုပင့်ပြီး ဆေးကုသော်လည်း ဆရာဆောင်က စမ်းသပ် လိုက်ကတည်းက ပထ၀ီ ပျက်ပြီဟု ဆိုခဲ့ပါ၏။ ကိုပြေသိမ်း ကတော့ မြင်းခြံကို ချက်ချင်းပို့ပြီးကုသရန် စီစဉ်ခဲ့ရှာသည်။ မအိမ်ကံ ကိုယ်တိုင်က အမေ သည်လို ဖြစ်လိမ့်မည် မထင်ခဲ့။ အာဂန္တုရောဂါပါလေလောက်သာ ထင်ခဲ့ရာက ဆေးဆရာက အားမရကြောင်း ပြောမှ ထိတ်လန့်ခဲ့ရပါ၏။ ၀ါခေါင်လဆုတ် ၆ ရက်နေ့၊ ကြာသပတေးနေ့ မိုးမချုပ် တချုပ်မှာပဲ အမေပန်းရုံ သည်အိမ်ကြီးက ထွက်ခွာ သွားခဲ့ရှာသည်။ မအိမ်ကံ ယူကျုံး မရစွာ ငိုကြွေးခဲ့ရသည်။ သမီးကြီးမြိုင့်ဆီကို သွားချင်လှချည့် တဖွဖွ ပြောရာက ဆုံးရှာခဲ့တာကို မအိမ်ကံ မဖြေနိုင်အောင် ဖြစ်ခဲ့သည်။ ဘွားအေနှင့် မြေးဦးမ ရှင်ကွဲပင်မက သေကွဲကွဲ ခဲ့ကြရရှာပြီ။ တစ်ခုတော့ ဖြေစရာ ရှိပါ၏။ အမေ ပန်းရုံခမျာ ဝေဒနာမရှိ။ အိပ်နေရင်းက ပျက်စီးခဲ့ရခြင်းဖြစ်သည်။

“အရီးရေ။ ကျုပ်နဲ့ လွှဲသွားခဲ့သာပေါ့ ဟုတ်လား။ သား သမီးတွေ၊ မြေးတွေကို ကျုပ်နဲ့ စိတ်ချသယ်ပေါ့လေ။ သူတော် ကောင်းမကြီးရေ။ အားကိုးခဲ့သလား။ ဘယ်သူက ဘာပြောပြော ဘယ်သူက ဘယ်လိုဆိုဆို သူကြီး ကတော်ရယ်လို့ အဆိပ် မရှိတဲ့ ဘုရားအစ်မ၊ ကျောင်းအစ်မကြီးရေ”

မလှအုံ ဟစ်ဟစ်ငိုတော့မှ အမေ့ ဂုဏ်ကျေးဇူးတွေကို မအိမ်ကံ ထင်းထင်းကြီး မြင်ခွင့်ရပါ၏။ ဟုတ်သားပဲ။ အမေ ဘယ်သူကိုမှ စိတ်မဆင်းရဲစေခဲ့တာ အမှန်ပင်။ အာဏာရှိလို့၊ ငွေရှိလို့၊ တတ်နိုင်လို့ စကားအရာနှင့်ပင် မစီးပိုးခဲ့ရှာ။ ဘယ်သူနဲ့ ဖြစ်ဖြစ် သူက အရှုံးခံလိုက်ဖို့ ၀န်မလေး။ ခွင့်လွှတ်သည်းခံ လိုက်ဖို့ ၀န်မလေး။ လှူခဲ့ တန်းခဲ့တာတွေလည်း မနည်းပါ။ ရှိသမျှ စည်းစိမ်ထက်ဝက်လောက်ကို သူတစ်ပါး အတွက် ဖဲ့ပေး ခဲ့သူဖြစ်သည်။ အမေ ဆုံးတော့မှ အိမ်ကြီးမှာ လူတွေ လျော့သွားခဲ့တာ မအိမ်ကံ သတိထားမိလိုက်သည်။ အဖေနှင့် အမေ ပြီးတော့ အဝေး တစ်နေရာဆီ ရောက်နေကြသော အစ်ကို မောင်မြတ်သာနှင့် သမီးကြီးမြိုင်။ မိသားစုတွေဟာ ဘာကြောင့်များ တစ်မိုးအောက်မှာ ရာသက်ပန် အတူနေခွင့် မရကြရတာပါလိမ့်။

ဘွားအေကြီး နာရေးမှာ မအိမ်မြိုင်ကို ကျောင်းကခွင့်က လေးခံကာ လေး၊ ငါးရက်ပြန်ခေါ်ထားခဲ့ရပြီး ပြန်သွားခဲ့ရ သည်။ မြိုင်ကသတိရတိုင်း ငိုရှာပါ၏။ အစ်ကိုမောင်မြတ် သာကတော့ မြေချကို မမီ။ ရက်လည် ဆွမ်းသွတ် အမီတော့ ရောက်လာခဲ့သည်။ အစ်ကိုက ရာထူးတစ်ဆင့် တက်ပြီး ဗိုလ်မှူးကြီးတောင် ဖြစ်သွားခဲ့ပြီကော။ တာဝန်တွေ ရှိသေးတော့ ရက်ကြာကြာ မနေနိုင်ခဲ့။ နှစ်ညအိပ်နှင့်ပင် ရန်ကုန် ပြန်သွားခဲ့ လေသည်။ မအိမ်ကံကတော့ သမီးနှစ်ယောက်ကို ဖက်ရင်း မျက်ရည်တွေတွေကျရတာ အကြိမ်ကြိမ်ပင်။

“အမေလည်း အသက်ရရှာပါပြီ အိမ်ကလေးရယ်။ အိမ်ကလေးတောင် အရွယ်ရပြီပဲ။ တစ်နေ့လူတိုင်း ကြုံကြရမှာ ပါကွယ်။ စိတ်ကို ဖြေပါ”

ကိုပြေသိမ်းက အားပေးခဲ့ပါသည်။ အမေ့အတွက် ရည် စူးကာ မအိမ်ကံစိတ်ရှိသလောက် လှူဒါန်းခဲ့သည်။ သည်အိမ်ကြီးမှာ နောက်ထပ်ကြုံရတာတွေကလည်း ပြောလို့ပင် ယုံစရာ မရှိ။ မတော်တဆ တိုက်ဆိုင်မှုပဲလား၊ တစ်စုံတစ်ရာသော ပယောဂပေပဲလား။ မအိမ်ကံမသိ။ အမေပန်းရုံဆုံးပြီး ဆယ့်တစ်လ အကြာမှာ မလှအုံ ဆုံးပြန်သည်။

၁၃၂၀ ခုနှစ်၊ ဒုတိယ ၀ါဆိုလဆုတ် ၃ ရက်။
ထိုနေ့က မလှအုံကပင် “နောက်လ ညည်းအမေ ဆုံးသာ အခါလည်ပြည့်ပြီတော်။ သူတော်ကောင်းမကြီး မနေ့တစ်နေ့ ကလိုပါပဲအေ” လို့ ပြောခဲ့သေးသည်။ မလှအုံက ဖျားခဲ နာခဲသည်။ ဖျားတယ်၊ နာတယ်ရယ်လို့လည်း မရှိ။ သူ့ဆေးနှင့် သူတောင်စမ်းစမ်း၊ မြောက်စမ်းစမ်း ပျောက်သွားရတာ များသည်။ အမေဆုံးတော့ တစ်အိမ်လုံး မလှအုံ ခေါင်းပေါ် အထုပ် ကျလာခဲ့သည်။ သူပဲ အဖေ၊ သူပဲ အမေဆိုသလို အမေ အရာထားကာ နေရာ ပေးခဲ့ကြသည်။ ကိုပြေသိမ်းကပင် မလေးမစား မရှိ။ ညနေဘက် ထမင်း စားသောက်ပြီး အိပ်ရာ အ၀င်မှာ မူးသည်ဆိုကာ သွေးဆေးလျက်တာ မြင်လိုက်ရသေးသည်။ ည ရှစ်နာရီလောက်မှာ ချွေးစေးတွေ ပြန်လာကာ ဆုံးပါးခဲ့ရ ခြင်းဖြစ်၏။ မအိမ်ကံတို့မှာ ဆေးဆရာတောင် ပြေးပင့်ချိန် မရလိုက်ကြ။

သေခြင်းတရားကို မအိမ်ကံ ထိတ်လန့်သွားခဲ့သည်။ ဘယ်လို ဖြစ်ရတာလဲ။ မမြင်နိုင်သည့် စွမ်းအား တစ်ခုကများ ရွှေမှုံ ပြောခဲ့ဖူးသလို မြားတစ်စင်းရှဥ့် တစ်ကောင်ပစ်သလို ပစ်ချ နေတာများလား။ မအိမ်ကံတို့ အိမ်ကြီးကိုပဲ ခလုတ်တိုက်နေ ကြရော့သလား။ ကိုဖိုးငွေ၊ ဖိုးတုတ်၊ ဖိုးကူး၊ ကျေးဥ။ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်နေကြရှာသည်။ မျက်ရည် မကျကြဘဲ အံ့သြလွန်းစွာ ကြောင်နေကြတာကို မအိမ်ကံ ရင်နာ ရသည်။


ဆက်လက်ဖော်ပြပါမည်။

လေးစားစွာဖြင့်
ရီနိုမာန်

မှတ်ချက်။ ။ ရွှေအမြုတေမှ ဖေါ်ပြခြင်းဖြစ်ပါသည်။

3 comments:

Welcome said...

ပျော်ပျော်ကြီး ဖတ်သွားပါ၏။

ပြန်ရှယ်ပေးလို့ ကျေးဇူး။

Anonymous said...

We can read it online at http://shweamyutay.com/index.php?option=com_content&view=article&id=1737&Itemid=&ed=56. You can't say it's your post because you didn't even spend a single effort/ type a single word for this article. All you did was copy and paste. Please don't make the web sick with "Duplicate Contents", Dude!

Ree Noe said...

ကျေးဇူးတင်ပါတယ်ဗျာ။ ခုလို ကောမန့်ပေးတဲ့ အတွက်ပါ။
ပိုစ့်ကိုသာ ကြည့်ပြီး စာကိုဆုံးအောင်မဖတ်တဲ့
ခင်ဗျာကိုပဲ အပြစ်ပုံချရတော့မှာပါပဲ။
ကျနော်အနေနဲ့ ကျနော်ရေးပါတယ်၊ ကျနော် ဝတ္တူပါလို့
တစ်ခွန်းမှ မပြောခဲ့ပါဘူး။ ပို့စ်ရဲ့အောက်ဆုံးမှာ မှတ်ချက်
ပါပြီးသားပါ။ စာကို သေသေချာချာဖတ်ပြီမှ ကောမန့်ပေးတာ
ခင်ဗျာ အတွက်ကောင်းမှာပါ။ အဲလိုမှ မဟုတ်ရင်ခင်ဗျာရဲ့
ကောမန့်တွေက တန်ဖိုးမရှိဘဲ တစ်ဖက်သာကိုစောကား
သလိုဖြစ်သွားနိုင်ပါတယ်။

လေးစားစွာဖြင့်
ရီနိုမာန်