May 13, 2009

မ .... ညညဆို ကျွန်တော့်အိပ်မက်တွေ အထီးကျန် (အပိုင်း -၂ ဇာတ်သိမ်း)

(၄)

မ ကျွန်တော့်ကို နားမလည်ခဲ့ဘူး။
နာကြည်းစွာနှင့် သူ တွေးသည်။ အနည်းဆုံးတော့ ကျွန်တော် မကို ဘယ်လောက်ချစ်သလဲဆိုတာ နားမလည်ဘူး။ သို့သော်လည်း အတွေးသည် အတွေးသာ ဖြစ်၏။ သူ့ရင်ထဲတွင် မည်သို့ခံစားရသည်ကို နှုတ်က ဖွင့်ပြောရန် အတွက်ကိုတော့ အမြဲတမ်း ၀န်လေးတတ်သည်။ မ နှင့်ပတ်သက်ရင် အရှုံးဟူသော စကားကို မေ့လျော့ထားခဲ့ရတာ ကာလ မည်မျှကြာပြီလဲ။ အခုမှ မဟုတ်ဘူး။

သူ ထိုင်တတ်သော လက်ဖက်ရည်ဆိုင်ရှေ့မှ ခေါင်းငုံ့ ဖြတ်လျှောက်သွားတတ်သည့် ငယ်နုသော အသက်အရွယ်နှင့် မလိုက်အောင် တမင်ကြီးရင့်ပုံဖမ်း ထားသော မမတစ်ယောက်ကို စတွေ့ကတည်းကပေါ့။ ထိုစဉ်ကတော့ သူသည် မ ပြောတတ်သည့် တန်ဖိုးဟူသောစကားလုံးကို ကောင်းစွာ နားမလည်သော ပေါ့သွမ်းသွမ်း ကောင်လေးတစ်ယောက် ဖြစ်ခဲ့သည်။ (အခု အချိန်မှာ သူနားလည်သည်ကလည်း မ သူ့ဘ၀တွင် ရှိခြင်းနှင့် မရှိခြင်း၏ ကွဲပြား ခြားနားသော တန်ဖိုးသာဖြစ်သည်)

အချစ်နှင့် ပတ်သက်သော ဝေဒနာခံစားရသူများကို လှောင်ပြောင်တတ်စဉ်ကတော့ ထိုဝဋ်သည် ကြီးစွာလည်လိမ့်မည်ဟု သူ မတွေးခဲ့ဖူးတာ သေချာ၏။ ဘယ်လို မိန်းကလေးနှင့်မှ ဘယ်လို အခြေအနေမျိုးကိုမှ ရင်မခုန်ခဲ့ဖူးသော သူသည် မ မျက်နှာလေးကို တစ်ရက်မမြင်ရရင် မနေတတ်မထိုင်တတ်ဖြစ်သော အခါ ကိုယ့်ကိုယ်ကိုပင် ပြန်အံ့သြယူရသည်။ မ ဘေးတွင် ၀ိုင်းဝိုင်းလည်နေသည့် သူ့ထက်လည်း အစစအရာရာ ပြည့်စုံသူများကြားမှ သူ့ကို ရွေးချယ်ခဲ့သည့် အတွက်တော့ မမကို အမြဲ ကျေးဇူးတင်ခဲ့ပါသည်။ မမနဲ့ ချစ်သူဖြစ်ခွင့်ရခဲ့သော ကာလတိုကလေးသည် သူ့ဘ၀၏ အရေးကြီးသော အစိတ်အပိုင်း တစ်ခုဖြစ်သည်။ မနှင့် သူ့ကြားက အတွေးခေါ် အယူအဆတွေ သည်မျှဆန့်ကျင်နေလိမ့်မည်ဟု မသိသေးခင်အချိန်ထိပေါ့။
T
သူ ဆံပင်အရှည်ထားတာ မ မကြိုက်။ သူကြည့်သော စိတ်ကူးယဉ် အချစ် ဇာတ်လမ်းများကို မ မကြိုက် (မ က နည်းနည်းမှ စိတ်ကူး မယဉ်တတ်သူ ဖြစ်သည်) Simple Plan ကို မကြိုက်။ မိုခကို မကြိုက်။ ကျွန်တော့်ကိုပင် မမ ကြိုက်ပါရဲ့လား။ အတူ လမ်းသွားရင်း မ လက်ကလေးကို ကိုင်ထား ခွင့်မရသည့်အခါ ကသိ ကအောက် ဖြစ်ရသည့် ခံစားချက်ကို မမ နားလည်မည် မဟုတ်။

သူနှင့် မ အကြောင်းကို မသိသော မ သူငယ်ချင်းများ နှင့် လမ်းမှာဆုံစဉ်က မောင်လေးပါဟုပြောပြီး မိတ်ဆက် ပေးခဲ့တော့ သူ့ရင်ထဲတွင် ဘယ်လို ခံစားခဲ့ရသည်ကိုလည်း မ ဘယ်တော့မှ လက်ခံလိမ့်မည်မဟုတ်။ ပြောမိလျှင်ပင် သူက အသေးအမွှား လေးတွေကိုပင် ပြဿနာရှာ တတ်သူ၊ အရေးမပါသည့် အရာတွေကို ရှေ့တန်းတင် တတ်သူဖြစ်ရပြန်သည်။ တစ်ခါတလေတော့ သူ့ကို မ ဘာကြောင့်များ ရွေးချယ်ခဲ့ပါသနည်းဟု နားမလည်နိုင် ဖြစ်ရတတ်သည်။ သူ့ထံတွင် မ နှင့် မ သူငယ်ချင်းတွေ အများစု ရှေ့တန်းတင်ကြသော ဘွဲ့ထူး ဂုဏ်ထူးတွေ မရှိ။ လေးစားလောက်သော တည်ငြိမ်မှု မရှိ။ သူ့မှာရှိသည်က မကို သိပ်ချစ်သည့် အချစ်တစ်ခုတည်း။ အဲဒီ အချစ်အတွက်နဲ့ပဲ ကျွန်တော့်ကို ရွေးချယ်ခဲ့တာလို့တော့ ကိုယ့်ကိုယ်ကို အထင်မကြီးရဲတာ အမှန်ပါမမ။ သူငယ် ချင်းများ၏ တိုက်တွန်းမှုဖြင့် စကော်လာတစ်ခုကို လျှောက်ခဲ့စဉ်က မ ကို အသိပေးဖို့ သူ စိတ်ကူးမရခဲ့ပေ။ ဘယ် အသိပေးရဲပါ့မလဲ။ ရရင် တော်သေးရဲ့။
မရခဲ့လျှင် တုံ့ပြန်မည့် စကားလုံးများ၏ ပြင်းထန် စူးရှမှုကို သူ ကြိုသိသည်။ ကံကောင်းထောက်မစွာ သူ အောင်သွားတော့လည်း မ ကို အသိမပေးဖြစ်သေး။ အဓိက ကတော့ မ နှင့် နှစ်နှစ်တာ ကာလရှည်တစ်ခုလုံး ခွဲနိုင်လိမ့်မည်ဟု သူ့ကိုယ်သူ မယုံကြည်တာကြောင့် ဖြစ်သည်။ ထိုအချက်ကလေးသည် ကြီး မားသော ပြဿနာတစ်ခု အဖြစ် မ နှင့်ကျွန်တော့်ဘ၀ ကို ပြင်းပြင်းထန်ထန် လောင်ကျွမ်းစေလိမ့်မည်ဟု ကျွန် တော် ဘယ်တွေးမိခဲ့ပါ့မလဲ မ ရယ်။
မမတို့ မိန်းမတွေရဲ့ ရှုပ်ထွေးဆန်းပြားတဲ့ အတွေးအခေါ် အယူအဆတွေကို ကျွန်တော် ဘယ်နားလည်ခဲ့ပါမလဲ။

(၅)

"အဲဒါ အမှန်ပဲလား"

ဟု သူမ မေးသောအခါ မောင်ပြုံးသည်။
ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိသောအခါ ပြုံးသော အပြုံးဖြစ်၏။ ပါးချိုင့်ကလေး တစ်ဖက် ခွက်ဝင်သွားကာ သွားတန်းကလေးများ လက်ခနဲပေါ်လာသည့် ချစ်စရာ ကောင်းလှသော မောင့်အပြုံးတွင် သူမဒေါသများ အကြိမ် များစွာပျော်ဝင်ခဲ့ဖူးသည်။ ဒီ တစ်ခါတော့ မရတော့ဘူး မောင်။

"မောင် မေးနေတယ်လေ"

"အင်း... ဟုတ်တယ်။ ဒါပေမယ့် ကျွန်တော်က အားလုံးပြီးတော့မှ မ ကို အသိပေးမလို့ စီစဉ်ထားတာ"

"တော်စမ်းပါ။ ဒီ ကိစ္စက ရုပ်ရှင်သွားကြည့်ဖို့ လက်မှတ်ကြိုဝယ်ထားတဲ့ ခပ်ပေါ့ပေါ့ ကိစ္စမျိုးမဟုတ်ဘူး မောင်ရဲ့။ ဘ၀တစ်ခုလုံးရဲ့ အပြောင်းအလဲ။ ကိုယ့်ကို နည်းနည်းပါးပါး တိုင်ပင်ဖို့ စိတ်ကူးမရဘူးလား"

"ဟာကွာ မကလည်း၊ မ မတားလောက်ဘူးဆိုတာ ကျွန်တော်သိတာပဲ"

ကြည့်စမ်း၊ မောင် သူမ ကို သိပ်အထင်သေးခဲ့ပါလား။
ငွေကြေးနဲ့ ဂုဏ်ဒြပ်တွေ ကလွဲလို့ ချစ်သူနဲ့ နှစ်ကာလ ရှည်ခွဲရမည့် အရေးကိုပင် နည်းနည်းမှထည့်မတွက် လောက်ဘူးလို့ တစ်ထစ်ချ ယုံကြည် ထားခဲ့သည်လား။

"မင်းကို မတားဘူးဆိုတာတော့ သေချာတယ်။ ဒါပေမယ့် ကိုယ့်ကိုယ် အသိပေးသင့်တယ်လို့ ပြောနေတာ။ ကိုယ့်ရည်းစား ဘာလုပ်နေတယ်ဆိုတာ ဘေးသူစိမ်းလာပြောမှ သိရတဲ့အဖြစ်ဟာ ဘယ်လောက် ရင်နာစရာ ကောင်းသလဲဆိုတာ မင်းသိရဲ့လား။ ပြောပြရင်လည်း နားလည်မှာ မဟုတ်ဘူး။ ကိုယ်ကပဲ အပြစ်မရှိ အပြစ် ရှာရစ်တတ်တယ်လို့ အစွပ်စွဲခံ ရဦးမယ်။ ဒီမှာ မင်းရှေ့မှာ ရပ်နေတဲ့မိန်းမဟာ မင်းပြောလာမယ့် Surprise ဆိုတဲ့အသံမှာ ဘာလုပ်လို့ ဘာကိုင်ရ မှန်းမသိဘဲ အူကြောင်ကြောင် ကျန်ခဲ့မယ့် သူမျိုး မဟုတ်ဘူးဆိုတာ မှတ်ထား လိုက်စမ်း ညီသစ်ဆင်း"

"မ ဘာဖြစ်လို့ ဒီ လောက်တောင် ဒေါသကြီး နေရတာလဲ။ ကျွန်တော် မ ကို ဖွင့်မပြောဖြစ်သေးတာ Surprise လုပ်ဖို့မဟုတ်ဘူး။ ပြောဖို့ မရဲသေးလို့ အဲဒီ လောက်အချိန်အကြာကြီး မနဲ့ မခွဲနိုင်လို့။ ကျွန်တော်နဲ့ ပတ်သက်လာရင် ဘာလို့ အဲဒီလောက် အရှုံးအနိုင် တွက်ရတာလဲ။ ကျွန်တော့်ကို မချစ်ဘူးလား"

မောင်က သူမကို ထွေးပွေ့နှစ်သိမ့်ရန် ကြိုးစားသော်လည်း ချက်ချင်းပင် ရုန်းထွက်ပစ်လိုက်၏။ မောင် မျက်နှာကလေး ငယ်သွားတော့ အနည်းငယ် သနားသွားသော်လည်း မောင် သူမကို ဖုံးကွယ်ထားသည့် ကိစ္စကို လာပြောစဉ်က သူမသူငယ်ချင်း၏ နှုတ်ခမ်းပေါ်မှာ ချိတ်တွယ်ထားသည့် သရော်မော်ကား အပြုံးကို ပြန်သတိရသွားတော့ သူမသွေးများဆူပွက် လာကြပြန်သည်။

"ကိုယ်ပြောဖူးသလား၊ မင်းကိုချစ်ပါတယ်လို့ ကိုယ် ပြောခဲ့ဖူးသလား"

အသားအရေ ပါးလျား ကြည်လင်သော မောင့်မျက်နှာတွင် ဖြတ်ရိုက်ခံလိုက်ရသလို နာကျင်ရိပ်ဖြင့် နီရဲသွားတော့ သူမစကားလွန်သွားပြီဟု ရိပ်မိသွားသည်။ မောင်က သူမမျက်နှာကို မယုံ နိုင်သလိုကြည့်၏။

အို... မဟုတ်ဘူး မောင် ရယ်။ ကိုယ် မပြောသင့်ဘူး နော်။ အသံမထွက်သော ရင်ထဲက စကားတွေကို မောင် ဘယ်ကြားပါ့မလဲ။ လှည့်ထွက်သွားသော မောင့်ကို စကားတစ်ခွန်ဖြင့်ဖြစ်စေ တောင်းပန်သင့်သော်လည်း သူမနှုတ်ခမ်းများ တင်းတင်း စေ့လျက်သာ ရှိနေခဲ့သည်။ မခွဲနိုင်ဘူးတဲ့လား မောင်။ ကိုယ့်ကို မခွဲနိုင်ဘူးဆိုတဲ့ မောင်ကပဲ စကားလေး တစ်ခွန်းအတွက် နှစ်ပေါင်းများစွာ ထားခဲ့ရက်သလား။

မင်းကိုချစ်တယ်လို့ ပြောခဲ့ဖူးသလားတဲ့။ ဟုတ် မှန်ပေမယ့် သိပ်ရက်စက်တဲ့ စကားဖြစ်ခဲ့သည်။ မ ပြောတာ သိပ်မှန်ပါသည်။ မ အရယ်အပြုံး၊ စကားတွေကို သာယာနေသမျှ အဲဒါတွေရဲ့ အဖြေကို အချစ်လို့ ကျွန်တော် ထင်ခဲ့သည်။ အချစ်စစ်ဆိုတာ စကားလုံးတွေနဲ့ ဖော်ကျူးစရာ မလိုပါဘူးလေလို့ ကျွန်တော် ယုံခဲ့သည်။

နောက်ဆုံးတော့...။ နောက်ဆုံးတော့ စကားလုံး တစ်လုံးအကြည့် တစ်ချက်နဲ့တောင် မကို ပြန်လည်မချေပရဲတဲ့ ကျွန်တော် ဟိုးအဝေး ကြီးကိုလွင့်ခဲ့သည်။ တွေးတောရင်းဖြင့် ခေါင်းကို စိတ်ပျက်ညည်းညူစွာ ခါယမ်း ပစ်လိုက်သောအခါ မက သူ့ကို နားမလည်နိုင်သလိုကြည့်၏။ နှစ်ပေါင်းများစွာ သူ့ နှလုံးသား တစ်ခုလုံးတွင် နေရာ အပြည့်ယူထားနိုင်ခဲ့သော မိန်းမတစ်ယောက် အဖြစ် ကျေနပ်စွာ လက်ခံနိုင် လောက်အောင် မက လှပဆဲ ဖြစ်သည်။ ကော့တေးခွက် ပေါ်တွင် တင်ထားလက်စ ဖြစ်သော သံပရာသီးစိတ်ကလေးကို လက်လှမ်းမိသော အခါ မက တားသည်။

"ရပါတယ် ကိုယ် မသောက်ချင်သေးဘူး"

ရှေ့မျက်နှာစာမှ မြင်နေရသော စားပွဲထက်သို့သာ စိုက်ကြည့်လျက် ပြောစရာစကား များရှားပါးသွားပြန်သည်။ တစ်ခုခုပြောရန် အားယူလိုက်တိုင်း တင်းတင်းစေ့ထားသော မ နှုတ်ခမ်းများကို မြင်ရသောအခါ စကားလုံးများ ပျောက်ဆုံးကုန်သည်။ မ ကို ပြောပြချင်သော စကားများ ရင်ထဲတွင် ရှိသော်လည်း ဘယ်နေရာက စရမည်မှန်း မသိအောင် ပြည့်ကျပ်နေသည်။

"အဆင်ပြေရဲ့လား"

"ဘာကိုပြောတာလဲ"

သူ့အား ပြန်လည်မေး ခွန်းထုတ်သည်ကို မကြိုက်ဟန်ဖြင့် မျက်မှောင်ကြုတ် ကြည့်သောဟန်သည် ဆရာမ တစ်ယောက်အဖြစ် အသား ကျခဲ့သော မ၏ ကိုယ်ပိုင်ဟန် ဖြစ်သည်။ တကယ်တော့ ကျောင်းသား တစ်ယောက်မှာလည်း မရှင်းတဲ့ သင်ခန်းစာ တွေအတွက် ပြန်ပြီးမေးခွန်း ထုတ်ခွင့်ရှိတာပဲမဟုတ်လား။ သူ၏ ကလန်ကဆန်လုပ်လိုသော စိတ်ဓာတ်က ပြန်ပြောရန် တွန်းအားပေးသော်လည်း မ မျက်နှာပေါ်မှ အပြုံးကို ခဏဖြစ်ဖြစ် ထပ်မြင်ချင် သေးသော စိတ်ဓာတ်က အနိုင် ရသွားသည်။

"မဟုတ်ပါဘူး။ ကျွန်တော် တကယ်မရှင်းလို့ပါ"

"အစစအရာရာပေါ့"

"အဲဒီလိုဆိုရင်တော့ တစ်ခုကလွဲလို့ အားလုံး အဆင်ပြေပါတယ်"

သူ၏ ဆိုလိုရင်းကို သဘောပေါက် နားလည်ဟန်ဖြင့် မ ပြုံးပြန်သည်။ ဘာ ဟန်ဆောင်မှုမှ မပါဘဲ ပြုံးရယ်လိုက်လျှင် အလွန်လှသော မရဲ့နှုတ်ခမ်းတွေက ဘာကြောင့်များ အမြဲတမ်း တင်းစေ့ထားခဲ့ပါသလဲ မမ။

ဖန်ခွက်ကို ကိုင်ကာ လက်သည်းနှင့် အကြောင်းမဲ့ ကုတ်ခြစ်နေသော မ လက်သွယ်သွယ်ကလေးတွေကို ဆွဲယူ နမ်းရှိုက်ပစ်လိုက်ချင် စိတ်ကိုချုပ်တည်း လိုက်သော အခါ သူ့ရင်ထဲမွန်းကျပ်လာ သည်။ ဒီဝေဒနာဟာ မ နဲ့ ပတ်သက်မှ ပထမဆုံးခံစား ဖူးသောဝေဒနာဖြစ်သည်။ ချစ်သူ သက်တမ်းတစ်လျှောက်လုံး မ လက်ကလေးကို လူလစ်ရင် ဆုပ်ကိုင်ထားခွင့်မှအပ ဘာမှမရခဲ့သော သူ့ကို သူငယ်ချင်းများက လှောင်ပြောင် ရယ်မောတတ်သည်ပဲ။ ဈေးသွားရန် အဖော်လိုသည့်အခါ၊ ညဥ့်နက်သန်းခေါင် ကျူရှင်မှ ပြန်ရသည့် အခါတွေမှာ ဖုန်းဆက် ခေါ်လိုက်တိုင်း တစ်ခေါက် တစ်ခါမှမငြင်းမိဘဲ အမြဲတမ်းရောက်လာခဲ့တဲ့ ကောင်ကို မ နှလုံးသားရဲ့ ဘယ်နေရာမှာ မ ထားခဲ့ပါသလဲ။ ဘယ်အခွင့်အရေးမှ မတောင်းဆိုခဲ့ဖူးဘဲ မ ပြောသမျှ အမြဲခေါင်းညိတ် နားလည်ပေးခဲ့တဲ့ ကျွန်တော့်ကို ဒီလောက် ရက်စက်ခဲ့တဲ့ မ ကို နည်းနည်းလေးမှ မုန်းမေ့လို့မရတဲ့ အဖြစ်ဟာ ဘယ်လောက် ရယ်စရာကောင်းတဲ့ အဖြစ်ပါလဲ။ ဒီလိုနဲ့ပဲ... ဒီလိုနဲ့ပဲ မရယ်...။

"အိုကေ၊ ဘာမှပြော စရာမရှိရင် ကိုယ်ပြန်တော့မယ်"

"............"

"ကျွန်တော်..."

မှန်တံခါး အပြင်ဘက်ရှိ မြင်ကွင်း အလွန်ေ၀၀ါးနေတာ မိုးတွေ သည်းနေသောကြောင့်ပဲ ဖြစ်နိုင်ပါသည်။

-------------------------------ပြီးပါပြီ-----------------------------------------

တိုက်ဆိုင်လို့ မဟုတ် နှစ်သက်လို့ အောက်တိုဘာ ၂၀၀၈ ရွှေအမြုတေး မဂ္ဂဇင်းကနေ ဖော်ပြလိုက်ခြင်း ဖြစ်ပါသည်။

8 comments:

ဖြိုးဇာနည် said...

ဟေးးးးးနာကွ အရင်ဆုံးဇတ်သိမ်းရတယ်ဝေ့
ကောင်းတာမှရှယ်ဇွန်းတပ်လ္ဘက်ရည်လိုပဲ
ပြန်တောင်မပြန်ချင်တော့ဝူ့း
အစအဆုံးပြန်ဖတ်သွားတယ့်ဟီးဟီး

a said...

နဲနဲ နောက်ကျသွားတယ်
၂ ယောက်မြောက်ပေါ့
ကောင်းတယ်ဗျို့ 
ဆက်ရေးပါ
အားပေးနေတယ်
ကိုရီနိုးရေ
ခင်တဲ့
ဝသန်

နေညိုရင့် said...

ကိုရီနို.. ဒီလို ဇာတ်လမ်း ခပ်ဆင်ဆင်လေးလား.. ဟီး။ ရမ်းသမ်းပြောခြင်းပါ။ မှန်ပါက ဘီယာတိုက်ရန် မသိမသာ လက်တို့ သွားသည်။ :P

ကောင်းကင်ပြာ said...

ကောင်းတယ်ဝေ့၊ နားလည်မှုတွေ လွဲကုန်တာတော့ စိတ်မကောင်းဘူး

တောင်ပေါ်သား said...

လူညာ သိနေတယ်နော့် ဇာတ်လမ်းလေးက ကိုယ်တွေ့အလားပဲ ဟီးးး ဖတ်သွားတယ်ဗျာ.. နောက်များလဲ ဒီလိုတင်ပေးပါဦးဗျာ....


လေးစားလျက်
တောင်ပေါ်သား

ဖိုးစိန် said...

ကောင်းတယ်
ကျနော့်အထင်တော့ ခံစားချက်ခြင်းတူ
ဒါမှမဟုတ် အကြောင်းအရာချင်းတိုက်ဆိုင်လို့ 
ခံစားလို့ရတယ်ပေါ့
ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်

မိုးခါး said...

ဟင်
ဘာမှန်းလဲမသိဘူး .. နောက်ဆုံး ကွဲတဲ့ ဇာတ်လမ်းတွေ မဖတ်ချင်ပါဘူး .. :P

အဆိပ်ခွက် said...

လာရောက်ခံစားသွားပါတယ်ဗျ

ခင်မင်လျှက်
အဆိပ်ခွက်