May 13, 2009

မ .... ညညဆို ကျွန်တော့်အိပ်မက်တွေ အထီးကျန် (အပိုင်း -၁)

စာရေးဆရာ ဝေဟံ ရေးသော ဝတ္တုတိုဖြစ်ပါတယ်။ ကျွန်တော်နှစ်သက်မိ၍ ပြန်လည်ခံစား ဖော်ပြပေးခြင်း ဖြစ်ပါသည်။

အမြှုပ်တွေ အပေါ်က ဖုံးလွှမ်းနေသဖြင့်သာ အငွေ့ မထွက်ဟန်ရှိသော ကော်ဖီတစ်ခွက်သည် သူမရှေ့တွင် (သူမလိုပင်) တိတ်ဆိတ်စွာ ရှိနေသည်။ အပြင်မှာ မိုးတွေ သည်းနေသောကြောင့် လည်းကောင်း၊ အနည်းငယ် စိုစွတ်နေသော အ၀တ်အစားများကြောင့် လည်းကောင်း၊ ချမ်းစိမ့် လာသော်လည်း ဘာကြောင့်မှန်းမသိ ကော်ဖီကို မသောက် ဖြစ်သေးချေ။ ဘာကိုများ စောင့်စားမိပါလိမ့်။ ကော်ဖီသောက်ခြင်း ဆိုတာဟာ သူမ တစ်ယောက်တည်း ဖြင့်ပြီးမြောက် နိုင်သောအရာပဲ မဟုတ်လား။


အမြဲတမ်းလိုလို နောက်ကျတတ်သော ယောက်ျား တစ်ယောက်ကို ဘာကြောင့်များ မိုက်မဲစွာ စောင့်နေမိပါသလဲ။ ဟင့်အင်း။ မောင့်ကို ဒီနေ့တွေ့ရမှ ဖြစ်မည်။ မောင် မရှိတဲ့ ကာလများအတွင်း မောင့်ကို သူမ မည်မျှ မြတ်နိုးခဲ့ကြောင်း သေချာလာခဲ့သည်။ မောင့် မျက်နှာလေးကို စိုက်ကြည့်ရင်းပြောဖို့ ရည်ရွယ်ထား သောစကားများစွာ သူမရင်ထဲမှာ ရှိပါသည်။ ဒါတွေဟာ သူမ ဆီပြန်လာဖို့ ဆွဲဆောင်တာမဟုတ်ဘဲ ရင်ထဲက စကားတွေသာ ဖြစ်ကြောင်း မောင် ယုံကြည်မယ် ဆိုရင်ပေါ့လေ။ တစ်ချိန်တုန်းကတော့ သူမ အမြဲလို ထိုင်တတ်သော ကော်ဖီဆိုင်တွင် သူမရှေ့မှ အမြဲလို နေရာယူပြီး စောင့်ကြည့်တတ်သော မျက်ဝန်းညို ညိုလေးများကို ဟက်ဟက် ပက်ပက် ရယ်မော ပစ်ခဲ့ဖူးသည်။ ကော်ဖီတစ်ခွက်ကို ရှေ့ချရင်း စာရေး စာဖတ်လုပ်ကာ စိတ်ထွက်ပေါက်ကို ရှာတတ်ကာစ အချိန်တွေတုန်းကတော့ ထိုမျက်ဝန်း ကလေးများသည် သူမကို မြတ်နိုးရိပ်များ တစ်ဖိတ်ဖိတ်လက် နေခဲ့ပါသည်။ ဆယ်စုနှစ် ထက်ဝက်စာ ကာလကြာပြီး နောက် ထိုမျက်ဝန်းလေးတွေ သူမအနားမှာ မရှိတော့တာ ကတော့ သင်္ခါရတရားပဲ ဖြစ်သည်။ ချိန်းထားသည့် အချိန်ကို ဆယ်မိနစ်ခန့် လွန်သွားသောအခါ မစောင့်သင့်တော့ပြီဟု စိတ်မြန်လက်မြန် ဆုံးဖြတ်ကာ ပြန်ရန် မတ်တတ် ထရပ်လိုက်လေသည်။ (မောင့်ကို သိပ်ချစ်သည်မှာ မှန်သော်လည်း အရှုံးအနိုင် တွက်တတ်တဲ့စိတ်က ကိုယ့် ရင်ထဲမှာ ရှိနေတုန်းပဲ)
ထိုစဉ်မှာပဲ သူမနောက်မှ ခပ်သုတ်သုတ် ၀င်လာသော ခြေသံနှင့်အတူ ရင်းနှီးပြီးသား မောင့်ကိုယ်နံ့ကလေးကို ရမိသည်။ စောစောက စိတ်တိုထားသော အရှိန်ဖြင့် မျက်နှာကို တင်းထားမိသော်လည်း မောင်နှင့် သူမကြားတွင် ထိုသို့သော ပတ်သက်မှုမျိုး မရှိတော့သည်ကို ရုတ်ချည်းသတိရသွားလေသည်။

(၂)

သူမနှင့် တွေ့ဆုံလျှင် ပြောမည်ဟု ကြိုတင် စဉ်းစားထားသော စကားလုံးများသည် အကြိမ်ကြိမ် ရင်ခုန်ခဲ့ဖူးသော အကြည့်စူးစူးတို့တွင် ကျဆုံး သွားပြန်သည်။ ခေါင်းမော့ကာ သူမ မျက်လုံးများထံသို့ ရင်ဆိုင်ရန် အားယူမိသော်လည်း တကယ်တမ်းတော့ သူ့ရှေ့တည့်တည့်မှ စားပွဲဆီသို့သာ စိုက်ကြည့်နေဖြစ်သည်။ နဖူးဆီသို့ ၀ဲကျနေသော ဆံပင်များကြားမှ ခိုးကြည့်မိသောအခါ တင်းတင်းစေ့ထားသော ဆိုးဆေးမတင်သည့် နှုတ်ခမ်းပါး တစ်စုံကို ဦးစွာ မြင်ရ၏။ အိပ်မက်ထဲထိ လိုက်ပါ နှောင့်ယှက်ခဲ့သော မ၏ နှုတ်ခမ်းတို့သည်သူ့ဘ၀ တစ်ခုလုံးကို ဆုတ်ဖြဲပစ်နိုင်သော စကားလုံးတို့ တည်နေရာလည်း ဖြစ်သေးသည်။

"ဘာလို့ နောက်ကျ နေတာလဲ"

ပထမဆုံး စပြောလာသော စကားမှာပင် မမ ဘာမှ မပြောင်းလဲသေးပါလားဟု သူ သေချာသွားတော့သည်။

"ကားလမ်းတွေ ပိတ်နေလို့ပါ"

ပြောနေကျ ရိုရိုကျိုးကျိုး အသံပါမသွားစေရန် အတတ်နိုင်ဆုံး ထိန်းသေးသော်လည်း မအောင်မြင်ကြောင်း သူသိသည်။ ဒါပဲပေါ့။ ဝေးကွာနေသော ကာလရှည် တစ်လျှောက်လုံး ဘယ်မိန်းမကိုမှ စိတ်ကစားလို့ မရအောင် ထိန်းချုပ်ထားနိုင်ခဲ့သော သီတာမေ ရဲ့အစွမ်းတွေ။ အို... ဒါတွေကို ပြောပြလို့လည်း ယုံမှာ မဟုတ်ပါဘူး။ မမရဲ့မျက်လုံး တွေက သူ့ကိုကြည့်သမျှ သံသယတွေ အမြဲ ဖုံးလွှမ်း ထားတာပဲ မဟုတ်လား။

"ဘာပြုံးတာလဲ"

"ကျွန်တော် ပြုံးခွင့် မရှိဘူးလား"

ရုတ်တရက် ဖြစ်ပေါ်လာသော မခံချင်စိတ်ဖြင့် ပြန်ဖြေလိုက်မိသော်လည်း ဒီလို မပြောသင့်ဘူး ထင်သည်။ သူ့ အထင်မှန်ကြောင်းကို မမပြုံးသော အပြုံးတွင် တွေ့ရလေသည်။
နှုတ်ခမ်းပါးလေး တွန့်ကွေးသွားရုံမျှ အပြုံးဖြစ်သော်လည်း ခါးသီးသောအဓိပ္ပာယ် များစွာပါဝင်ကြောင်း သူ နားလည်၏။ မင်း မရင့်ကျက်သေးပါလားဟု မှတ် ချက်ပြုလိုဟန်ရှိသော၊ အရမ်း ကလေးဆန်ပါလားဟု လှောင်ပြောင်သရော်ရိပ် အပြည့်ရှိသော ထိုအပြုံးကို သူမနှင့် ချစ်သူဘ၀ကတည်းက ကြိမ်ဖန်များစွာ လက်ခံ ရရှိဖူးသည်။ ချစ်သူဟူသော အသုံးအနှုန်းကို သတိပြုမိ သွားသောအခါ သူ့ရင်ထဲတွင် စူးစူးရှရှ နာကျင်လာသည်။ ဒီအသုံးအနှုန်းဟာ ကျွန်တော် တစ်ဖက်သတ် သုံးစွဲနေခဲ့ရတာများလား။ ကျွန်တော့်ကို တကယ်ပဲ မချစ်ခဲ့ဘူးလား မမရယ်။ အတွေးများစွာဖြင့် သူမကို ကူကယ်ရာမဲ့စွာ လှမ်းကြည့်မိတော့ သူ့ကို လုံးဝ စိတ်ဝင်စားဟန် မရှိဘဲ မီနူးထဲမှာ တစ်စုံတစ်ခုကို ရှာဖွေနေသည်ကို တွေ့ရ၏။ နှစ်ပေါင်းများစွာ မိန်းမတစ်ယောက်ရှေ့ ဒူးထောက်နေ ခဲ့ရလောက်အောင် ညံ့ဖျင်းလှသော သူ့ကိုယ်သူ ပထမဆုံး အကြိမ် မုန်းတီးမိတော့သည်။

(၃)

သူမရှေ့တွင် အပြစ်ရှိ သော ကလေးငယ် တစ်ယောက်လို တွန့်ဆုတ်ဟန်ရှိသော မောင့်ကို မြင်ရသော အခါ စောင့်ဆိုင်းရစဉ်က ခံစားရသော ဒေါသများသည် လွယ်ကူစွာ ပျော်ဝင် သွားကြသည်။ တကယ်ဆို အပြစ်ရှိတာ ကိုယ်ပါ မောင်ရယ်။ ကိုယ် မှားယွင်းခဲ့တာ၊ တွေဝေခဲ့တာ။
ပတ်ဝန်းကျင်ကဆိုတဲ့ စကားတွေကို ယိုင်နဲ့လွယ်လွန်းခဲ့တာ။ တကယ်ဆို ကိုယ်တို့နှစ်ယောက် တည်ဆောက်ရမယ့် ဘ၀ဟာ ကိုယ်တို့နှစ်ယောက်နဲ့ပဲ သက်ဆိုင်တာ မဟုတ်လား။ ဘာကြောင့် တခြားလူ အမြင်ကို ဂရုစိုက်ရမှာလဲ။
မောင်နှင့် ဝေးကွာနေစဉ် ကာလတစ်လျှောက်လုံး ရင်ထဲတွင် ပဲ့တင်ထပ်မြဲ စကားတို့သည် အသံအဖြစ် စီးဆင်းရန်အတွက်မူ နှောင့်နှေးလျက်ရှိ၏။ ပြောစရာ စကားတစ်ခုကိုမှ ရှာမရသော အခါ စားပွဲပေါ်က မီနူးကို ဖွင့်မိသည်။ တစ်ခုခုသောက် ရရင် ကောင်းမှာပဲ။

Tequilla Sunrise, Black Russian, Screw Driver ဟင့်အင်း ပြင်းလွန်း တယ်။

"Gin Fizz တစ်ခွက်"

သူမ တစ်စုံတစ်ရာ ပြောရန်ပြင်တော့ သူမ ဘာပြောမည်ကို ကြိုတင် ရိပ်မိဟန်ရှိသော မောင်က ၀င်ပြောသည်။

"သံပရာသီးကို အစိတ်လိုက်ပဲ ယူခဲ့"

မတွေ့ရတာကြာပြီ ဖြစ်သော်လည်း သူမအကြိုက်ကို မောင် မှတ်မိဆဲပါလားဟု ကြည်နူးစွာ မောင့်ကိုကြည့်တော့ မောင် ပြုံးသည်။

"ကျွန်တော် ဟိုမှာ တစ်ယောက်တည်းနေတုန်းက မကြာခဏ သောက်ဖြစ်တယ်။ ကိုယ့်ဟာကိုယ် စပ်သောက်တာဆိုတော့..."

ရှေ့ဆက်ပြောရမည့် စကားကို ပြောသင့်မပြောသင့် ချိန်ဆနေဟန်ရှိ၏။

"မ စပ်သလောက် မကောင်းဘူး"

ဒီလိုအပြောတွေ ဒီလို အပြုံးတွေနဲ့ပဲ မောင် သူမကို မချစ်ဘဲ မနေနိုင်အောင် ဆွဲဆောင်နိုင်ခဲ့တာပေါ့။ သူမ ကြိုတင် စိတ်ကူးယဉ်ခဲ့သော ကိုယ့်ထက် အသက်ကြီး ကိုယ့်ထက် ပညာတတ် တည်တည်ငြိမ်ငြိမ် ယောက်ျား တစ်ယောက်၏ ပုံရိပ်သည် သူမထက် အသက်လေးနှစ်မျှ ငယ်သော သာမန်မေဂျာတစ် ခုမှကောင်လေးတစ်ယောက် ဖြစ်သော မောင်နှင့်တွေ့သော အခါ လွင့်ပြယ်စပြု၏။

ယောက်ျား တစ်ယောက်ကို တော်ရုံနှင့် အထင်မကြီး တတ်သောသူမ၊ ပတ်ဝန်းကျင်မှ သူမ သူငယ်ချင်းများကပင် သူမနောက်မှ အမြဲလို လိုက်ပါနေတတ် သောမောင့်ကိုမြင်လျှင် ချစ်စရာလေးဟု မှတ်ချက်ပြုကြတော့ သူမ ကိုယ်တိုင်လည်း မောင့်ကို သိပ်ချစ်မိနေကြောင်း ၀န်ခံရတော့သည်။

ဦးနှောက်နှင့် စဉ်းစားလျှင် ဘယ်လိုမှ လက်ခံနိုင်ဖွယ်ရာမမြင်သော မောင့်ကို အချစ်တစ်ခုတည်းနှင့် ဇွတ်မှိတ် ဆုံးဖြတ်ခဲ့ခြင်းသည် သူမ၏ အကြီးဆုံးအမှားဖြစ် ဟန်တူသည်။ လေးနှစ် ဟူသော အသက်ကွာဟမှုသည် တချို့သော လူတွေအတွက် အကြောင်းမဟုတ်သော်လည်း ရှိရင်းစွဲ အသက်အရွယ်ထက် လူကြီးဆန်ချင်သော သူမနှင့် ဘယ်တော့မှ ရင့်ကျက်သည့်ပုံ မပေါက်သော မောင်တို့တွင်တော့ ကြီးမားသောပြဿနာ ဖြစ်သည်။ မောင့်ကို လက်ခံ လိုက်မိခြင်းအတွက် ကိုယ်ရင်ဆိုင်ရသော ဖိအားတွေကို မောင် ကိုယ်ချင်းစာပါရဲ့လား။ ကလေးကို မုန့်ပေးကြိုက်တာဟု စသလိုလိုနှင့် အတည်ပြောကြသော စကားတင်းများ၊ အပြစ်တင်ငြူစူသော မျက်လုံးများ လက်ညှိုးများ သူမ ဘယ်လို ရင်ဆိုင်ခဲ့ရမလဲဆိုတာ မောင်တွေးမိပါ့မလား။ အို... တကယ်တော့ မောင် သူမကို နားမလည်ခဲ့ပါဘူး။

9 comments:

နေညိုရင့် said...

အပိုင်း(၁) ဖတ်ပြီးကြောင်း၊ ဆက်လက် မျှော်နေကြောင်း၊ အကြောင်းကြောင်းကြောင့် ပြန်သွားပြီ ဖြစ်ကြောင်း.. အကြောင်းကြားခဲ့ပါတယ်။ :P

ဝသန်မိုး said...

ရပါတယ်
ကြီးရင်မှီ
ငယ်ရင်ချီ
ဒုန့် ဝေါ်ရီ ပါ
း)

ဖိုးစိန် said...

နောက်လာမည့်အပိုင်းကိုမျှော်နေမိသည်

မြူးသျှရီ said...

ကိုရီနိုရေ.
ရောက်လာတယ်ဆက်ရန်မျှော်နေပါသည်

မိုးခါး said...

နောက်အပိုင်းတွေစောင့်မျှော်နေပါတယ် .. မြန်မြန်လေးနော် :D

တောင်ပေါ်သား said...

အပိုင်းတွေ ရှိနေသေးတယ်ဗျ ဆန့်တငင်ငင်ကြီးး မြန်မြန်လေး လုပ်ပါဗျို့


လေးစားလျက်
တောင်ပေါ်သား

မြစ်ကျိုးအင်း said...

အဲဒီဝတ္ထု ဖတ်ဖူးတယ်...မဂ္ဂဇင်းမှာလေ...
အခုပြန်ဖတ်တော့လည်း ကောင်နေတာပါပဲ...။
အပိုင်း၂ လည်း လာဖတ်ပါအုံးမယ်

မေတ္တာရောင်ပြန် said...

ဖတ်လို့ကောင်းတဲ့ ၀ထ္ထုလေးပါ။ နောက်ဆက်တွဲလေး မျှော်နေပါတယ်နော်။

ခင်မင်လျှက်
မကြီး

ဖြိုးဇာနည် said...

ဒါပေါ့ ချီထားရမယ်ဆိုရင်လဲကောင်းတာပဲ
မှီနေရရင်တော့ပိုသက်သာတာပေါ့
အဟတ်ဟတ့်