April 12, 2010

လူငယ်ဆိုတာ ဘယ်တော့မှ မခမ်းခြောက်တဲ့ ပန်းပွင့်

လူငယ်လေး ပေါက်ရောက်ရာ
ရာသီဥတုက ကြမ်းတမ်းခက်လျော်လို့
လူငယ်တွေမှာ ကျားကုတ်ကျားခဲ လက်ယက်တွင်းလေးတွေ ကိုယ်စီ
လူငယ်တွေ အခုရေကြည်တူး အခုရေနောက်တွေ သောက်ချနေကြပေါ့

လူငယ်လေး ဒီလိုနဲ့ အပြိုင်းအရိုင်းရှင်သန်
လူငယ်လေး ဒီလိုမျိုး အပြိုင်အဆိုင်ပေါက်ရောက်
လူငယ်တွေဟာ မြေဇာပင်မဟုတ်ဘူး
လူငယ်တွေဟာ ပေါင်းမြက်တွေ မဟုတ်ဘူး

လူငယ်လေးက ကိုယ့်ပုခုံးပေါ်ကိုယ်တံပိုးတင်ပြီးထွန်ယက်
လူငယ်လေးက ကိုယ့်ကိုယ်ရည်ကိုယ်သွေးတွေကို အိပ်သွန်ဖါမှောက်ပျိုးကျဲ
လူငယ်လေးက ကိုယ့်ကိုယ်ကို စိုက်ရင်းပျိုးရင်း
လူငယ်လေးက ကိုယ့်ကိုယ်ကို ကျီးခြောက် စာခြောက်လုပ်နေရ
လူငယ်လေးတွေ ကျီးကြည့်ကြောင်ကြည့်ကြည့်နေရ..
လူငယ်လေး ကိုယ့်ကိုယ်ကို ရိပ်သိမ်းတော့မယ်ဆိုရင်ပဲ
ရာသီဥတုအစိုးမရတဲ့ ခေတ်ကြပ်နှစ်ကြပ်ထဲ..
မိုးသည်းထန် တိမ်ထူထပ် နှင်းခါးရိုက်
လူငယ်လေးရဲ့ စိုက်ကွင်းမှာမှ ပိုးဖလံကောင်တွေ ကျကျနေတတ်တယ်...

လူငယ်လေးခမျာ လျာထားချက်ပြည့်မှီအောင် ဖူးခွင့်သီးခွင့်မရ..
လူငယ်လေးမှာ အဖျင်းအမှော်တွေ ကြားညှပ်ပါပါလာတတ်ပြီ
လူငယ်တွေရဲ့ ဘယ်ခေတ်ဘယ်သမိုင်းမျက်နှာစာမှာဖြစ်ဖြစ်
လူငယ်တွေ ကိုယ့်ကိုယ်ကို ဥယျဉ်မှူး လုပ်တတ် လုပ်နေကြသမျှ
လူငယ်ဆိုတာ ဘယ်တော့မှ မခမ်းခြောက်တဲ့ ပန်းပွင့်တွေပါပဲ..

လူငယ်လေးက ဆုတောင်းနဲ့ အိပ်မက်တွေကို အယုံအကြည်မရှိဘူး
လူငယ်လေးအတွက် မျှော်လင့်ချက်ဆိုတာ ကွန်ပြူတာဂိမ်းက တက်တော့မယ့် အမှတ်တွေပေါ့
လူငယ်တွေမှာ လက်တွေ့ဆန်ဆန်အတွေးအမြင်သွေးတွေက တဒိတ်ဒိတ်ဆူပွက်လို့
လူငယ်တွေက ယဉ်ကျေးမှု အသစ်နဲ့ ပျိုမြစ်ဖူးပွင့်ချင်ကြတယ်
အဲဒီ့မှာ တောင်ပြိုသလို အရှိန်နဲ့ လှိမ့်ဆင်းလာကြတဲ့ ကဗျာတွေ သီချင်းတွေ ဖက်ရှင်တွေ
လူငယ်တွေဟာ တစ်စုံတစ်ရာကို တိတ်တိတ်လေး အော်အော်နေကြောင်းပြသရဲ့

လူငယ်တွေက
ယှဉ်ပြိုင်မှုတွေ ကစားနည်းအသစ်တွေ ဒီဇိုင်းအဆန်းတွေကို စိတ်ဝင်စားကြသလို..
လူငယ်လေးက အမေရိကန်အိုက်ဒေါကို ရင်ခုန်လှုပ်ခတ်တတ်သလို...
လူငယ်တွေဟာ ခေတ်ကို အလင်းနဲ့ စဖွင့်တတ်တဲ့ အာရုဏ်ဦးတွေဖြစ်သလို..

လူငယ်တွေဆိုတာမျိုးက
အလျော်အစားများတဲ့ ဗိုလ်လုပွဲတွေအတွက်လည်း..
သည်း ထိတ် ရင် ဖို စောင့် ကြည့် နေ သူ တွေ..။ ။


အိန္ဒြာ
(၁.၄.၂၀၁၀)

လေးစားစွာဖြင့်
ရီနိုမာန်

ဒီကဗျာလေးကလည်း ကျွန်တော်ရဲ့ ဘလောဂ့်လေး တစ်နှစ်ပြည့်တုန်းက ကဗျာ ဆရာမ အိန္ဒြာ ဆီက လက်ဆောင် ရခဲ့တဲ့ ကဗျားလေး ဖြစ်ပါတယ်။ အမှတ်တရ ဖြစ်အောင် ပိုစ့်တစ်ခု အနေနဲ့ ပြန်တင်ပြလိုက်ရပါတယ်ဗျာ။

3 comments:

တလနွန် said...

အားမာန် နဲ့  ဒီလိုကဗျာမျိုးကို သဘောကျတယ်..နှစ်ခြိုက်မိတဲ့ ကဗျာပါပဲ..

noblemoe said...

လူငယ်ဆိုတာ ဘယ်တော့မှ မခမ်းခြောက်တဲ့ ပန်းပွင့်တွေပါပဲ..(အဲဒီစာသားလေးတွေ အရမ်းကောင်းတးယ်)
လူငယ်ဆိုတာ ဘယ်တော့မှ မခမ်းခြောက်တဲ့ ပန်းတစ်ပွင့် လို ပါ ပဲ ဘယ်တော့မှ သုညဆိုတဲ့နေရာမှာရပ်မနေပါဖူး
အဓိက ကတော့ ကိုယ်ဟာ သုညမဟုတ်ဖူး ဆိုတာလည်းသိမှတ်ပြုဖို့ လိုပါတယ်။
ဘဝတစ်လျှောက်လုံးသာယာချမ်းမြေ့ပြီးမောင်လေးရည်မှန်ချက်တွေကို ၂ နှစ်အတွင်း ပြည့်နိုင်ပါစေရန်တောင်းဆုပြုလိုက်ပါတယ်နော်
သာယာချမ်းမြေ့ပါစေ........
မိုး

Angel Shaper said...

ကဗျာလေးလာဖတ်သွားပါတယ်။
ပန်းပွင့်လေးတွေလည်း ထာဝရ ပွင့်လန်းနိုင်ပါစေ။
ပျော်ရွှင်ဖွယ်သော နှစ်သစ်ဖြစ်ပါစေ။