April 4, 2010

ဆို ပေမဲ့ အမှတ်တရ ဖြစ်ခဲ့ရပေါ့

...... သားငယ် ... အမေ မကြိုက်တာ မလုပ်နဲ့လို့ ပြောထားတယ်နော်။ .. ပြောထားပါရက်နဲ့ ဆက်လုပ်နေမယ်ဆိုရင် ... အမေ့.. အဆိုးမဆိုနဲ့နော်....

အမေ ပြောပြောနေကျ စကား ကျွန်တော်နားထဲမှာ အလိုလိုရောက်လာသည်။ အမေ့ရဲ့ စကားကို နားမထောင်ချင်၍ မဟုတ်။ လူတစ်ကိုယ် အကြိုက်တစ်မျိုးဆိုသလို ဝါသနာကလည်း ဘယ်အရပ် ဘယ်ဒေသရောက်ရောက် ဖုံးကွယ်ထားလို့မှ မရတာပဲလေ။ အမေ ဘာကြောင့် မကြိုက်တာလဲ ဆိုတာကိုတော့ ကျွန်တော်လည်း မမေးဖြစ်ခဲ့ပေ။ ငယ်ငယ်ကျောင်းသား ဘဝတုန်းကတော့ အမေရိုက်မှာ ကြောက်ခဲ့တဲ့ အတွက် ဝါသနာဆိုတဲ့ အရာကြီးကို ဝှက်ထားလိုက်မိတယ်။ ဝါသနာဆိုတဲ့ အရာကလည်း ... ဆင်သေကို ဆိတ်သရေနဲ့ ဖုံးလို့ မရသလို.. လူတစ်ယောက်ရဲ့ ဝါသနာ ဆိုတာကိုလည်း တားဆီးလို့မှ မရနိုင်တာပဲလေ...
၁၀တန်း မအောင်ခင်အထိ လွတ်လွတ်လပ်လပ် မနေခဲ့ရပင်မဲ့ ၁၀တန်းအောင်ပြီးသွားတဲ့ နောက်ပိုင်းမှာတော့ အမေ့ရဲ့ နားလည်မှုနဲ့ အတူ ကိုယ့်စိတ်ကြိုက်နေနိုင်ခဲ့တယ်။ ဒါပေမဲ့ အမေ ပြောပြောနေကျ စကားကတော့ ကျွန်တော်နားထဲမှာ ကြားယောင်နေဆဲပါပဲ။ အမေ့ကို ချစ်တော့လည်း အမေ စိတ်ဆင်းရဲ စေမဲ့အကြောင်းတွေကို မျက်ကွယ် ပြုနိုင်ခဲ့ပေမဲ့ ကိုယ်ဝါသနာပါတဲ့ အလုပ်ကိုတော့ ကျွန်တော် မစွန့်လွတ်နိုင်ခဲ့ပါဘူး။

ကျွန်တော် ၁၀တန်းအောင်ပြီးသွားတဲ့ အချိန်မှာတော့ အိမ်ရဲ့ စီပွားရေး အခြေအနေဟာ ပြိုလဲစ ပြုနေခဲ့ပြီ။ အခြေအနေ အကြောင်းအမျိုးမျိုး ကြောင့် ဝါသနာပါတဲ့ အလုပ်ကို မေ့ထားခဲ့ပြီး မိသားစု ဝမ်းရေး ဒုက္ခမေ၇ာက်ရ စေဖို့အရေး ကြိုးစားရတော့ တာပေါ့။ ဘဝမှာ ကံကောင်းရင် ဆက်တိုက် ကံကောင်းတက်ကြသလို၊ ကံဆိုးရင်လည်း မုဆိုးမ သွားရာ မိုးလိုက်လို့ ရွာ ဆိုတဲ့ စကားပုံ အတိုင်း လောကမှာ ကျွန်တော့ ရဲ့ တစ်ဦးတည်းသော အဖေ က ကျွန်တော်တို မိသားစုကို ထားသွားပြန်တယ်လေ။ အဖေဆုံးလို့ မျက်ရည်ငိုပွဲ ဝင်ဖို့ အရေးထက် ကျန်နေခဲ့တဲ့ မိသားစုကို ငါ့ဘယ်လို စောင့်ရှောက်ရမလဲ ဆိုတဲ့ အတွေးက ဦးနှောက်ထဲပြည့်နှက်လို့ လာခဲ့ရပြန်တယ်။

ကိုယ့်တိုင်းပြည်၊ ကိုယ့်ရပ်ရွာမှာ ကိုယ့်မိသားစု အတွက် လုံလောက်အောင် မရှာနိုင်တဲ့ အဆုံး တိုင်းတစ်ပါးမှာ ကျွန် လို့ နာမည်မတက်ခံရရုံတမယ် ကိုယ့်ရဲ့ လုပ်အားနှင့်ညီမျှတဲ့ လုပ်အားခလေးနဲ့ မိသားစု စားဝတ်နေရေး ပြေလည်ဖို့ အရေး တိုင်းတစ်ပါးကိုရောက် ခဲ့ရပြန်တယ်။ သူများ မိုးခါးရေ သောက်လို့ လိုက်သောက်မိပါတယ်။ ကိုယ့်အလှည့်ကျမှ အရိုးကိုက်နေတဲ့ အလှည့်နဲ့ တိုးလို့ ပုဂံမဆေးရအောင် မနည်းကြိုးစားခဲ့ရပြန်တာပေါ့။

အမေ့ကို ကျနော် ခါးလှအောင် မထားနိုင်သေးပေမဲ့ ဝမ်းဝအောင်တော့ ကျွန်တော် ထားနိုင်ခဲ့ပါတယ်။ ယောကျာ်းကလည်း ဆုံး၊ စီးပွားရေးကလည်း ကျ၊ မုဆိုးမ ပူပူနွေးနွေး သောကတွေ များနေတဲ့ အမေ က ကျွန်တော်ကိုတော့ သောကတွေ ဝေမျှ မပေးခဲ့ပါဘူး။ အမေ့ရဲ့ ကျန်းမာရေး အခြေအနေကြောင့် အလုပ်တစ်ခုမှ ပေးမလုပ်ပေမဲ့ ကျွန်တော်ပို့တဲ့ ငွေဟာ အမေ့အတွက် မလုံလောက်ဘူး ဆိုတာ အမေ မပြောပင်မဲ့ ကျွန်တော် သဘောပေါက်ပါတယ်။ အမေ့ကို ကျေးဇူးတင်တယ် အမေ။ ပို့သမျှငွေကို နည်းတယ် များတယ် တစ်ခွန်းမှ မပြောပဲ ...... သားငယ် ကျန်းမာရေး ဂရုစိုက်နော်...... အမေ့ အတွက် ဘာမှ မပူနဲ့...... သားငယ်လေး အဆင်ပြေဖို့ အရေးကြီးတယ် ....... သားငယ် အဆင်ပြေမှ အမေတို့ အတူတူနေနိုင်မှာ .... ဆိုတဲ့ အမေဆီက ဒီစကားတွေ ကြားရတိုင်း မျက်ရည်မလွယ်တဲ့ ကျွန်တော် မျက်ရည်ကျရတဲ့ အထိပါပဲ။

တစ်ခါတစ်လေ အမေနဲ့ ဖုန်းပြောဖြစ်တဲ့ အချိန်တွေမှာ အမေ့ဆီက ကျွန်တော် အတွက် စိုးရိမ်နေတဲ့ အရိပ် ပူပန်နေတဲ့ စကား တွေကို ကြားနေခဲ့ရတယ်။ အမေ ဘာအတွက် ပူပန်နေတယ် ဆိုတာလည်း ကျွန်တော် သိတယ်။ ဘာကြောင့် စိုးရိမ်နေတယ် ဆိုတာလည်း ကျွန်တော် နားလည်တယ်။ ဒါကြောင့်လည်း ကျွန်တော် အမေ့ကို ပြန်အားပေးမိတာကတော့........ အမေ့မှာ ရှိတဲ့ ခါးဝတ်တန်ဆာကိုပြန်ကြည့်.ပါ အမေ..... ဟိုး အရင် အဖေရှိစဉ်ကထက် ကျွန်တော် မထားနိုင်သေးဘူးဆိုရင် အမေ စိတ်ပူစိုးရိမ်နေတဲ့ ကိစ္စတွေ ဖြစ်လာနိုင်စရာ အကြောင်း မရှိဘူး အမေ.... လို့ ကျွန်တော် ပြန်ပြောလိုက်တော့ အမေ ကျေနပ်နေတယ် ဆိုတာ ကျွန်တော် သိပါတယ် ။

ဒါပင်မဲ့ အမေ... ကျွန်တော်ကို တစ်ခုလောက်တော့ ခွင့်ပြုစေချင်တယ်။ ကျွန်တော် ငယ်ငယ်တုန်းက ကျောက်သင်ပုန်း ပေါ်မှာ ကျောင်းစာမလုပ်ပဲ သီချင်းစာသားတွေရေးနေမိလို့ အရိုက်ခံခဲ့ရတာတွေ ...... ကျွန်တော် ရေးခဲ့တဲ့ ဒိုင်ယာရီ စာအုပ်တွေကို အမေ မီးရှို့ ခဲ့တာ.... ကျွန်တော် စိတ်လိုလက်ရ ရေးထားတဲ့ ရင်တွင်းဖြစ် ကဗျာစာ ကြမ်းတွေကို အိမ်သာသုံး စက္ကူအဖြစ် လုပ်ခဲ့တာတွေကို ကျွန်တော် စိတ်ထဲ မရှိခဲ့ပါဘူး။ လူကနေတယ် ပညာက မနေဘူး ဆိုသလိုပဲ စိတ်က အမေ့ရဲ့ စကားကို နားထောင်ချင်ပင်မဲ့ ဝါသနာက တားလို့ မရဘူး အမေ။

ဒါကြောင့် အမေ မသိအောင်၊ အမေ မကြိုက်တဲ့ စာရေးခြင်း အလုပ်ကို ရီနိုမာန် နာမည်နဲ့ ဘလောဂ့်လေးကို ကျွန်တော် လုပ်နေခဲ့တာ ဒီနေ့ ဆို တစ်နှစ် တင်းတင်းပြည့်သွားခဲ့ပြီ ....... ( အမှတ်တရ လေး အဖြစ် တကယ်မဟုတ်တဲ့ အကြောင်းအရာ တစ်ချို့နဲ့ ဒီပို့စ်လေးကို ရေးပါသည်)


လေးစားစွာဖြင့်
ရီနိုမာန်

မှတ်ချက်။ ။ အောက်ဖေါ်ပြပါ Essay ၊ ကဗျာ နှင့် စာစုများသည် ကျွန်တော် BLOG တစ်နှစ်ပြည့် အမှတ်တရ အတွက် မူပိုင် ရထားပါကြောင်း.................
နှင့် ရေးပေးကြသော အကိုတွေ အမတွေ အားလုံးကိုလည်း ကျေးဇူးတင်ပါကြောင်း ...............

~~~~~~~~~~~((((((((((((((၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊))))))))))))))))))~~~~~~~~~~~~~~~~~

ဧပြီတစပြင်



နောက်ဆုံးနှင်းစက်ကလေး၏ နှုတ်ဆက်သံကို မနေ့က ကြားခဲ့ရသည်။ ကျွန်မတို့သည် ဆောင်းကာလ တစ်လျှောက်လုံး မီးတောက်မီးလျှံများကို စာတိုက်က တဆင့် တစ်ဦးကို တစ်ဦး ပေးပို့ခဲ့ကြ၏။ (ယင်း လျို့ဝှက်ချက်ကို မည်သူမှ သိရန်မလိုပါ။) လမ်းခုလတ်တွင် အခန့်မသင့်၍ အေးခဲ ငြိမ်သက်သွားသော မီးတောက်များအကြောင်းကိုတော့ နေ့စဉ်မှတ်တမ်းတွင် မင်နီတား၍ မှတ်တမ်းတင်ခဲ့ကြသည်။

ဧပြီလ၏ နေ့လည်ခင်းနေက ခြစ်ခြစ်တောက်ပူနေသည်။ ဧပြီလပြီးရင် ဧပြီ မလာဘူး ဟု ဆိုသည်။ ကျေးဇူး တင်စွာ ဝမ်းနည်းမိပါသည်။ ကျွန်မတို့တွင် ဒီနှစ် နွေရာသီအကြောင်း ပြောဆိုရန် စကားမရှိပါ။ ခွင့်ပြုချက် မရသဖြင့် တစ်ဝက်တစ်ပျက် ပွင့်နေသော ပြတင်းဝမှ တဆင့် နွေရောင်ကောင်းကင်ကို ကျွန်မတို့ ပြိုင်တူ မော့ကြည့်မိကြသည်။ အဝါရောင်ရင့်ရင့် ဘက်လုနေသော ပန်းတချို့ ပွင့်နေကြသည်။

တစ်ရံခါတုန်းဆီကတော့ မြောက်ပြန်လေနှင့်အတူ မျောရွေ့လွင့်ပါလာသော အက္ခရာများကို သယ်ယူ ခဲ့ကြ ဖူးသည်။ အဝါရောင် ရနံ့များနှင့် ရောနှောရန်။ မဖြစ်နိုင်ခြင်း အဘိဓာန်ထဲမှာ ဝေါဟာရများကို အတည်ပြုပေး ခဲ့ကြဖူးသည်။ နပိုလီယံထံ ပေးပို့ရန်။ ကိုယ့်နောက်ကျောအတွက် ဓားကို ကိုယ်ပြန်သွေးပေးခဲ့ဖူးသည်။ ပန်းပဲ မောင်တင့်တယ်ကို ဆက်သရန်။ ဝံပုလွေများနှင့် တရင်းတနှီး (လေးစားစွာ) လက်ဆွဲ နှုတ်ဆက် ခဲ့ကြဖူးသည်။ မြေခွေးများနှင့် လမ်းခွဲထွက်ခွာရန်။ ဦးခေါင်းတစ်လုံးကို အသိဥာဏ်လျော့ပါးစွာ ဖွင့်ကြည့်ခဲ့မိ ဖူးသည်။ (တကယ်ဆို ထိုမျှ မိုက်မဲရန် မသင့်ပါ။) ခုထိတော့ ရွှေတွင်းတွေ ဘယ်မှာရှိမှန်း ကျွန်မ မသိသေးပါ။ အဝါရင့်ရောင် ပန်းများ (ပိတောက်ဟု လူတချို့က ခေါ်သည်) ကတော့ ကဗျာဆရာများ၏ စကားလုံးတွေ ကြားထဲတွင် ရွှေရည်လူးကျန်ခဲ့၏။

ကိုယ့်ကိုယ်ကို ပြန်လည်ရှာဖွေနေသော ဧပြီတစ်ရက် ကို ကျွန်မက ရှာဖွေ တွေ့ရှိသွားသည်။ ဘာမှတော့ အသုံးမဝင်ပါ။ (ကျွန်မမှ လူတွေကို အရူးလုပ်တာ ဝါသနာမပါတာ) ယူစရာသံဝေဂ ဘာမှ လက်ကျန် မရှိတော့တဲ့ ၃၂ ကောဌာသ ကြီးက ခုန်ဆွခုန်ဆွနှင့် မဏ္ဍပ်တွင်းမှာ မြူးလို့။ ကျွန်မကတော့ ပျော်ရွှင်မှုတွေဆီ ခုန်ချလိုက်တိုင်း ဘယ်တော့မှ လေထီးမပွင့်ခဲ့သူဖြစ်သည်။ နောင်တရ မျက်ရည်ကျစရာ ပင်နယံများကား လည်ပတ်စရာဆီကုန်နေသော ဘီးများကဲ့သို့ သိပ်အသုံးအဝင်တော့။ သင်္ကြန်ဟု လူအများက သတ်မှတ် ခေါ်ဆိုနေသော ရေစက်များသည် ပြောင်းလဲခြင်းဆီ ဥိးတည်နေကြသည်။

ကျွန်မကတော့ လူတစ်ယောက်၏ နောက်ဆုံးဝါကျကို ဖတ်ခဲ့ရဖူးသည်။ လူဖြစ်ရတာ ကောင်းတယ် ..တဲ့။ စိတ်အချဉ်ပေါက်နေသော ဂီတသံတစ်ခုကိုလည်း ကြာခဲး့ရသည်။ လူဖြစ်ရတဲ့ ဒုက္ခ … တဲ့။ အခါအားလျော်စွာ လွဲချော်နေတတ်သော ပုံပြင်များနှင့် ပတ်သက်၍ ကျွန်မတို့တွင် မည်သည့်တာဝန်မှ မရှိကြောင်း အရေးတယူ ပြောပြရန် ပုဂ္ဂိုလ် မရှိပါ။ မြေပုံတစ်ခုထဲတွင် ပျောက်ဆုံးနေသော မြို့တော်ကြိးများ အကြောင်းကိုတော့ ကြားဖူးနားဝ ပုံပြင် တစ်ပုဒ်အနေနှင့် နားဆင်လိုပါသည်။

ကုသိုလ် အပြည့်အသိပ် တစ်ဝက်နှင့် ဆဲရေးသံ အလျှံအမောက် တစ်ခြမ်း။ ထိုအရာများသည် ဧပြီ၏ ဝေစုများ တဲ့လား။ နူးညံ့မှုထဲက ပုံပြင်များဆီ သီချင်းတအေးအေးနှင့် မရောက်ရောက်အောင် လျှောက်သွား နေသော စိတ်ရောဂါ ဝေဒနာသည် တစ်ယောက်သည် မှန်ထဲရှိ ကျွန်မ၏ ပုံရိပ်များနှင့် ခပ်ဆင်ဆင် တူနသည်။ ကျွန်မသည် ဘုရားသခင်လွယ်ပိုးသွားသော အိတ်ကြီး၏ အပေါက်တစ်ပေါက်မှ ကံအား မလျော်စွာ ကျကျန်ခဲ့သူလည်း မဟုတ်ပြန်။ သို့သော် အဝါရောင် ရနံ့များနှင့် မျက်နှာချင်းဆိုင် တည့်တည့်ကြီး တိုးခဲ့ရသည်။ ထိုရနံ့များကို ဆေးစစ်ကြည့်သောအခါ အရာအားလုံးသည် နဂ္ဂတစ်။ ကျွန်မ ဘာကိုမှ အတည့် မမြင်ရတော့ပါ။

တစ်ချိန်က လစ်လပ်နေခဲ့သော ခုံတန်းလျားများ လက်မှတ်ကုန်သွားခဲ့ကြပြီ။ တချို့သော မိုးပိတောက် များသည် ဇွန် ဇူလိုင် ကျမှ ပွင့်တတ်သည်။ ထူးဆန်းသော ငိုရှိုက်သံတစ်စက်ကြောင့် တံခါးကို ခေါက်ကြည့်ရာ အထဲတွင် ရိုးရာပွဲတော်တစ်ခု ကျွန်မကို ချောင်းကြည့်နေခဲ့၏။ ကျွန်မ ရင်ဘတ်ထဲတွင် အစီအစဉ်တကျ ထည့်သိုထားသော ဝါကျများနှင့် မီးကုန်ယမ်းကုန် ပေါက်ပစ်လိုက်သည်။ ပိတောက်တွေ တဖောင်းဖောင်း ပေါက်ကွဲသံနှင့်အတူ ရေစက်များ ခမ်းခြောက် အေးစက်သွားကြ၏။ ဧပြိသည် အဆုံးသပ် တံခါးတစ်ချပ်နှင့် ခပ်ဆင်ဆင် တူနေခဲ့ပြန်သည်။

တိုင်ကပ်နာရီတစ်လုံး၏ နရီစည်းသံသည် သင်တုန်းဓား တစ်လက်ဆီမှ လာသောအသံနှင့် တူနေ၏။ ထိုအသံသည် ပိတောက်ခြောက်ရောင် ဖြစ်သည်ဟု ရေစက်တချို့က ကျွန်မကို သတင်းပေးခဲ့သည်။ ( ထိုသတင်း၏ အသုံးဝင်မှုသည် အင်မတန်မှ နုံနဲ့ နေခဲ့၏။ )

ခင်ဗျားကို ကျွန်တော် ပျော်ရွှင်အောင် ထားပါ့မယ်… ချာလီချက်ပလင်၏ နှုတ်ထွက် စကားတော့ မဟုတ်ခဲ့ပါ။ သို့သော် CNN ကကြေညာသွားသော ထိုစကားလုံးကို ကြားတော့ ကျွန်မတို့ ငိုကြွေးခဲ့ကြရသည်။ သင်္ကြန်ရေနှင့် မတူသော မျက်ရည်များက အဝါရောင်အနုများ ဖြစ်သည်။

မင်းဆီကို ငါ လာနေခဲ့တာကြာပြီ .. ခုထိ မရောက်နိုင်ခဲ့သေးဘူး …. နှင်းစက်ကလေးတစ်စက်၏ ကြေကွဲသံကို နွေဦးက နာခံနိုင်စွမ်း မရှိသလို ကျွန်မ ထုံပေပေ ပြန်ကြည့်နေခဲ့မိသည်လား။ ဧပြီ၏ နေ့လည်ခင်း နေသည် အရှိန်ပြင်းလွန်းလှသဖြင့် လူများကို စိတ်ဖောက်ပြန်စေနိုင်သည်။ ကျွန်မတို့ အားလုံး မာဆိုးကို သတိရခြင်းနှင့်အတူ စည်းပြင်ဖက်ကို ထွက်ရပ်လိုက်ကြသည်။ (သုံးစက္ကန့်မျှသာ) မလျှော်ဖွပ်ရသေးသော ကံကြမ္မာ အသစ်စက်စက်ကြီးတစ်ပုံ မှိုတက်နေပုံက ရင်နာစရာ။ နေခြည်တုတွေက အနောက်ဘက်မှာ နေဝင်တော့မည်မှာ သေချာနေပြီလားမသိ။ အသစ်ဟူသော ဝေါဟာရကို ပိုက်ထားရင်း အဟောင်းတွေနှင့် လူတချို့ အလုပ်ရှုပ်နေ ကြသည်။ ရာသီစာများကို ချချကျွေးတတ်သော ကိစ္စကို ပြင်ဆင်ချက်ချရန် ညီလာခံ ခေါ်သင့်နေပြီ ထင်သည်။ ချက်နည်းပြုတ်နည်း လမ်းညွှန် စာအုပ်များထဲတွင် ပိတောက်နှင့် ငုများကို သင်္ကြန်ရေနှင့် ရောနှော ချက်ပြုတ်နည်း ပါဝင်နေသည်က အံ့သြစရာ ။ အော်ဒါ မှာထားသော ဟင်းပွဲများနှင့် ဒုက္ခရောက်နေသော အယ်ဒီတာ တချို့ကို ကျွန်မ အားနာသည်။ အမှန်တော့ ကျွန်မသည် အချက်အပြုတ်ကျွမ်းကျင်သော သူတစ်ယောက် မဟုတ်တာတော့ ကိုယ့်ဘာသာကိုယ်ပဲ သိသည်။ ထို့အပြင် ကျွန်မက ရာသီစာများကိုလည်း မကြိုက်တတ်ချေ။

မေးခွန်းများနှင့် ယက်ဖောက် ဖျော်စပ်ထားသော နေ့ရက်တချို့သည် ဧပြီ ဖြစ်သည်။ သစ္စာဖောက်ဟု စွပ်စွဲခံရသော အဝါရောင်ပန်းများနှင့် လောကဓံကို ကြံ့ကြံ့ ခံနိုင်သည်ဟု (လျှာအရိုးမရှိတိုင်း) ဖွဲ့ဆိုခံရသော အဝါရောင်ပန်းများက အားလုံးကို ကျောခိုင်းနှုတ်ဆက်သွားခဲ့ကြပြီ။ ထုံးစံအတိုင်း ဧပြီသည် နွေနှင့်အတူ အထီးကျန်စွာ ကျန်ရစ်ခဲ့၏။ သိကြားမင်းကတော့ ထုံးစံအတိုင်း ကျွန်မတို့ရှိရာ ခရီးထွက်လာနေပြီ။ သေချာတာက သူ ဘယ်သောအခါမှ ကဗျာဆရာတစ်ယောက်ကို စီးနင်းလိုက်ပါလာမှာ မဟုတ်ချေ။

ပွဲတော်တစ်ခု၏ အူသံကို ကြားရသည်။ ထိုအူသံသည် စွတ်စိုသော အဝါရောင် ဖြစ်၏။



မနော်ဟရီ

(ကိုနေမျိုး၏ ကဗျာဆရာ ဝံပုလွေကို ဖတ်အပြီး ..)

၂၀၀၇ ဧပြီ၊သောကြာ စာစောင်

~~~~~~~~~~~~~ ။ ။ ။ ။ ~~~~~~~~~~~~~~~~~~~~~~


လူငယ်ဆိုတာ ဘယ်တော့မှ မခမ်းခြောက်တဲ့ ပန်းပွင့်

လူငယ်လေး ပေါက်ရောက်ရာ
ရာသီဥတုက ကြမ်းတမ်းခက်လျော်လို့
လူငယ်တွေမှာ ကျားကုတ်ကျားခဲ လက်ယက်တွင်းလေးတွေ ကိုယ်စီ
လူငယ်တွေ အခုရေကြည်တူး အခုရေနောက်တွေ သောက်ချနေကြပေါ့

လူငယ်လေး ဒီလိုနဲ့ အပြိုင်းအရိုင်းရှင်သန်
လူငယ်လေး ဒီလိုမျိုး အပြိုင်အဆိုင်ပေါက်ရောက်
လူငယ်တွေဟာ မြေဇာပင်မဟုတ်ဘူး
လူငယ်တွေဟာ ပေါင်းမြက်တွေ မဟုတ်ဘူး

လူငယ်လေးက ကိုယ့်ပုခုံးပေါ်ကိုယ်တံပိုးတင်ပြီးထွန်ယက်
လူငယ်လေးက ကိုယ့်ကိုယ်ရည်ကိုယ်သွေးတွေကို အိပ်သွန်ဖါမှောက်ပျိုးကျဲ
လူငယ်လေးက ကိုယ့်ကိုယ်ကို စိုက်ရင်းပျိုးရင်း
လူငယ်လေးက ကိုယ့်ကိုယ်ကို ကျီးခြောက် စာခြောက်လုပ်နေရ
လူငယ်လေးတွေ ကျီးကြည့်ကြောင်ကြည့်ကြည့်နေရ..
လူငယ်လေး ကိုယ့်ကိုယ်ကို ရိပ်သိမ်းတော့မယ်ဆိုရင်ပဲ
ရာသီဥတုအစိုးမရတဲ့ ခေတ်ကြပ်နှစ်ကြပ်ထဲ..
မိုးသည်းထန် တိမ်ထူထပ် နှင်းခါးရိုက်
လူငယ်လေးရဲ့ စိုက်ကွင်းမှာမှ ပိုးဖလံကောင်တွေ ကျကျနေတတ်တယ်...

လူငယ်လေးခမျာ လျာထားချက်ပြည့်မှီအောင် ဖူးခွင့်သီးခွင့်မရ..
လူငယ်လေးမှာ အဖျင်းအမှော်တွေ ကြားညှပ်ပါပါလာတတ်ပြီ
လူငယ်တွေရဲ့ ဘယ်ခေတ်ဘယ်သမိုင်းမျက်နှာစာမှာဖြစ်ဖြစ်
လူငယ်တွေ ကိုယ့်ကိုယ်ကို ဥယျဉ်မှူး လုပ်တတ် လုပ်နေကြသမျှ
လူငယ်ဆိုတာ ဘယ်တော့မှ မခမ်းခြောက်တဲ့ ပန်းပွင့်တွေပါပဲ..

လူငယ်လေးက ဆုတောင်းနဲ့ အိပ်မက်တွေကို အယုံအကြည်မရှိဘူး
လူငယ်လေးအတွက် မျှော်လင့်ချက်ဆိုတာ ကွန်ပြူတာဂိမ်းက တက်တော့မယ့် အမှတ်တွေပေါ့
လူငယ်တွေမှာ လက်တွေ့ဆန်ဆန်အတွေးအမြင်သွေးတွေက တဒိတ်ဒိတ်ဆူပွက်လို့
လူငယ်တွေက ယဉ်ကျေးမှု အသစ်နဲ့ ပျိုမြစ်ဖူးပွင့်ချင်ကြတယ်
အဲဒီ့မှာ တောင်ပြိုသလို အရှိန်နဲ့ လှိမ့်ဆင်းလာကြတဲ့ ကဗျာတွေ သီချင်းတွေ ဖက်ရှင်တွေ
လူငယ်တွေဟာ တစ်စုံတစ်ရာကို တိတ်တိတ်လေး အော်အော်နေကြောင်းပြသရဲ့

လူငယ်တွေက
ယှဉ်ပြိုင်မှုတွေ ကစားနည်းအသစ်တွေ ဒီဇိုင်းအဆန်းတွေကို စိတ်ဝင်စားကြသလို..
လူငယ်လေးက အမေရိကန်အိုက်ဒေါကို ရင်ခုန်လှုပ်ခတ်တတ်သလို...
လူငယ်တွေဟာ ခေတ်ကို အလင်းနဲ့ စဖွင့်တတ်တဲ့ အာရုဏ်ဦးတွေဖြစ်သလို..

လူငယ်တွေဆိုတာမျိုးက
အလျော်အစားများတဲ့ ဗိုလ်လုပွဲတွေအတွက်လည်း..
သည်း ထိတ် ရင် ဖို စောင့် ကြည့် နေ သူ တွေ..။ ။


အိန္ဒြာ
(၁.၄.၂၀၁၀)

~~~~~~~~~~~~~~~~~~~~~~~~ ။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~


chinese garden က ငါးတွေလို လွတ်လပ် ပျော်မြူး.. နေတတ်သလို

အမြဲ ပြုံးနေတတ်ပြီး... သူငယ်ချင်း အားလုံးအား ကြိုဆိုလျှက်..

ချိုချဉ်လေးတွေကျွေး..၊ နာမည်လေးတွေမေး.. ဓာတ်ပုံလေးတွေ ပေး..

မအိမ်ကံ ကိုလည်း မွေးစားထားသေးတယ်..။

တစ်ခါတစ်ခါကျ.. သူက.. ဟာသလေးတွေလဲ ပြောတတ်တယ်..

မှတ်သားစရာလေးတွေတွေ့လဲ မျှဝေပေးချင်ပြန်တယ်..။

ဟိုရေး ဒီရေး ဆိုပြီး စိတ်ကူးပေါက်ရာတွေလဲ လိုက်ရေးးပါသေးရဲ့ (တော်သေးတယ်.. ဟိုချစ်.. ဒီချစ် လိုက်ချစ်တာတော့ မရေးလို့)

တစ်ခါတစ်ခါတော့

စိတ်ကူး ချစ်သူ
ထဲမှာ သူမ လှပါတယ် လို့ ချစ်သူကို စိတ်ကူးယဉ်ပုံဖော်ပြပြီး...

ငါ့ရင်ထဲမှာ...................
မင်းကိုချစ်တော့
ဆိုတာမျိုးတွေ

မင်းရဲ့ အထိအတွေ့မှာ
ငါ့အချစ်တွေ ပျော်ဝင်သွားတာ
တကယ်ကို မသိလိုက်ရပါလားကွာ..........။ ( အဟေးဟေး....ဟေ့)

ဆိုပြီးလဲ ကဗျာတွေ ထထ အော်တတ်သေးး..

အသည်းနှလုံးမရှိတဲ့ လူသား လို့ သူငယ်ချင်းတွေကို လက်ခမောင်းခတ်ထားပြီး စာတွေ..၊ ကဗျာတွေမှာကျ လွမ်းချင်းချလိုက် ချစ်ပြလိုက်.. သိပ်မမိုက်ပါဘူးဗျ.. နော.....

ဒီကြားထဲ
ဘယ်သူက သူ့ကို စကြိုက်ပါတယ်ဆိုပြီးတော့လဲ ကြွားတတ်သေးတယ်.. အံ့ရော.. ဟေဟေ့

စိတ်ကူးပေါက်ရာ တွေလဲ.. လျှောက်လျှောက်ရေးးတတ်သလို

အမှတ်တရ ခရီး ဆိုပြီး ခရီးတွေလဲ ခဏခဏ ထွက်သေးတယ်ထင်ပါရဲ့


သူငယ်ချင်း အပေါင်းအသင်း ခင်တတ်ပြီး မွေးနေ့မှန်သမျှ မလွတ်တမ်း လိုက်စား (အဲလေ) မမေ့အောင် သတိပေးတတ်သေးတယ်..။




အမေ့ကို လွမ်းလို့ကျတဲ့ မျက်ရည်တွေပါ
အမေ့ကြောင့် ကျနော် အသက်ရှင်နေရတာပါ
အမေ့ ဆီ သားတစ်နေ့ ပြန်လာခဲ့မယ်နော်
အမေနဲ့ သား အတူတူ နေမယ်နော် . အမေ...

အမေကို အင်မတန် တန်ဖိုးထား ချစ်မြတ်နိုးတဲ့ သားလိမ္မာလေးလဲ ဖြစ်သေးတယ် (လို့ ယူဆရတာပဲ)


1981 စက်တင်ဘာ 10ရက် နေ့လည် နှစ်နာရီမှာမွေး.. ကြာသပတေးသားး လေး နေချင်တဲ့မြို့က ကလောမြို့တဲ့ဗျ..။


အဲဒီ ကြာသပတေးသားက တစ်ခါတစ်ခါကျ သောကြာသားတောင် အရှုံးပေးရအောင် စကားကလဲ များ.. ပုံပြောကလဲ ကောင်း..။

လောကကြီးကိုလဲ ဟော့သလို ပုံပြောသေးတယ်ခဗျ..

ငါ ယုံကြည်ချက် အပြည့်နဲ့
ကြိုးစားနေတယ် လောကကြီးရယ်။ တဲ့



မြန်မာစကားပုံလည်း ရှိတယ်လေ။ ညောင်စေ့လောက် လှူပင်မဲ့ ညောင်ပင်ကြီးလောက် ရနိုင်တယ်


အဲဒီလို ပြောတော့ အလှူအတန်းလဲ ရက်ရောတဲ့ကောင်ကလေးထင်တယ်။ အလှူခံထွက်ရင် သတိတရ စာရင်းတို့ထားတာပေါ့..။ ဘာရမလဲ..။

ဒါပေမဲ့ ခုလိုလေး ပြောထားဖူးလေတော့လဲ အရိပ်သုံးပါးလေး ကြည့် အလှူခံရမဲ့သဘော ရှိနေပြန်တယ်။

ပုထုဇဉ်ဖြစ်တဲ့ကျနော် ဒေါသမထွက်ပဲလဲ မနေနိုင်ပြန်ဘူး။ ခုနောက်ပိုင်းတော့ ကျနော်ဒေါသကို နည်းတစ်မျိုးနဲ့ ပြောင်းထိန်းလိုက်တယ်။ ဒေါသထွက်လာပြီး ဆိုရင်တော့ တေမိထုံ နှလုံးမူပြီး ဘယ်သူကိုမှ စကားမပြောပဲ နေလိုက်တော့တယ်။

(စကားမပြောတော့ရင် စိတ်ဆိုးနေလို့ ဆိုတာ မှတ်မိနေမှပဲ...။)

ညီလေးက စိတ်ထောင်း ကိုယ်ကျေဆိုတဲ့ စကားလုံးက သင့်နှင့် ခက်ဝေးဝေးမှာ ရှိနေမှာပါပဲ....... လို့ ပြောခဲ့တဲ့စကား လက်တွေ့ကျင့်သုံးနေတာတော့ အမှန်ပဲ.. တနေ့တခြား..... ဖောင်း... ဖောင်းလာတယ်.. (ပါးတွေ ပြောတာပါ)

ခုတလောတော့ သူငယ်ချင်းတွေကို အင်တာဗျူး ပြီး တင်နေသလို

သူငယ်ချင်းတွေကိုလဲ အိတ်ဖွင့်ပေးစာတွေ ပို့ပို့နေလေရဲ့။

မင်းမရှိတော့ ငြိမ်းချမ်းလိုက်တာ
ဆိုတဲ့ ညီလေးရဲ့ ကမ္ဘာ လေးထဲမှာ....

ဒီစိတ်ကြောင့် လုပ်ချင်တာတွေ မလုပ်ပဲ ဒီစိတ်ကို အကောင်းဆုံးပြန်ခိုင်းနိုင်တဲ့ လူသားဖြစ်ပါစေလို့ ဆုတောင်းဆန္ဒပြုလိုက်ရပါတယ်။

(ရှိသမျှ ပို့စ်တွေ အကုန် လိုက်စု ရေးရရင် ညီလေးရဲ့ဘလော့ မွေးနေ့ပွဲလေး ဒီစာကြောင့် လေးမှာ စိုးလို့ တော်သေးပြီကွာ..။ ခုတောင် တော်တော် လေရှည်နေသလားပဲ။ ရေးပြီး ပြန်ဖတ်က်ြည့မှ ကိုယ် ပြောနေတာက ဘောလုံးပွဲ ကြေငြာနေတဲ့ အသံအတိုင်းပါလားးးး)

ဘလော့လေး တစ်နှစ်ပြည့်မှ နောင် သားစဉ်မြေးဆက်ထိ အဓွန့်ရှည် တည်တံ့နိုင်စေသော်ဝ်.....

ချစ်ခင်စွာဖြင့်

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


နာမည်ကျော် အကျွန်ုပ် ဘလော်ဂါ၏ လူမသိသူမသိ အင်တာဗျူး အစီအစဉ်

တနေ့သ၌ အကျွန်ုပ်သည် မိမိ၏ မွေးရပ်ဌာနေဆီသို့ ပြန်ခဲ့လေသည်။ ထိုအခါအကျွန်ုပ်၏ ဘကြီးဖြစ်သူ ဘကြီးထွန်းနှင့် စကားလက်ဆုံ ဆွေးနွေးခဲ့ပုံများကို စာဖတ်သူများ ဖတ်စိမ့်သောငှာ ပြန်လည် ဝေမျှလိုက်ပါသည်။

အကျွန်ုပ်။ ဘကြီးထွန်းမာရဲ့ ချာရဲ့နော်ဗျာ။ အရင်လို လမ်းတွေဘာတွေလျှောက် သတင်းပုလင်းတွေ နားထောင်သေးလားဗျ။

ဘကြီးထွန်း။ ဟေ မောင်မောင်ပါလားကွ ဘယ်တုန်းက ရောက်သတုန်း။ ရောက်တုန်း အခါးရေလေး သောက်ပါဦးဟ။ မင့်မလည်း ထွက်သွားလိုက်တာ ရွာနားတောင် အဝေးပြေးခြောက်လမ်းသွား ဖောက်ပြီးတာတောင် ပြန်ရောက်မလာနိုင်ဘူး။

အကျွန်ုပ်။ ဟုတ်ပ ဘကြီးရာ ရေကြည်ရာမြက်နုဆိုပါတော့ဗျာ။ ဒါပေသိ ကျုပ်ရပ်ရွာတော့ တနေ့မှ မေ့မရတာအမှန်ပါ။ မဲဇာတောင်ခြေရတုတောင် အခွင့်သင့်တိုင်း နှုတ်က ရွတ်နေမိတာဗျ။ စာရေးတဲ့အထဲလည်း မကြာမကြာရေးမိပါတယ်။ ဒီရွှေပြည်ကြီးရယ် ခရီးက ဝေးသဟာမို့လို့။

ဘကြီးထွန်း။ အိမ်း မင်းက စာရေးသကိုး။ ဘယ်မှာတုန်းမောင်ရာ။ ငတို့လည်း ဖတ်ရှုကြည့်ရတာပ။ မင်းတို့ခေတ်လူငယ်တွေ နည်းပညာအသစ်တွေနဲ့ ဘယ်လောက်ယဉ်ပါးနေသလဲဆိုတာ။

အကျွန်ုပ်။ ဟာ နည်းပညာတော့ ပြောမနေပါနဲ့တော့ ဘကြီးရေ။ ကျုပ်တို့အချင်းချင်း စကားတီးတိုးပြောလို့ရအောင် ဆီဗောက်ဆိုတာလေးပါထည့်ထားသဗျ။ မြင်ကွင်းကျယ် ကြည့်ချင်သလား မြင်ကွင်းကျဉ်းကြည့်ချင်သလား။ စာလုံးကြီးကြီး ကြည့်ချင်သလား စာလုံးသေးသေးကြည့်ချင်သလား။ နောက်ခံကို အဖြူနဲ့ကြိုက်သလား အမည်းနဲ့ကြိုက်သလား စာလုံးကို ကိုယ်ကြိုက်တဲ့ ပုံစံနဲ့ကို ကြည့်လို့ရတာဗျ။

ဘကြီးထွန်း။ ဟေ တယ်လည်း နေရာကျပါလား မောင်ရာ။ ဒါနဲ့ ဘယ်သူတွေကများ အကဲဖြတ်တင်သတဲ့တုန်း။

အကျွန်ုပ်။ ဟာ ဘကြီးကလည်း အခုခေတ်က လွတ်လွတ်လပ်လပ်ခေတ်ဗျ။ ခဏခဏ ရွတ်နေရတဲ့စကားလုံးလိုပဲ။ အားလုံးက ကိုယ့်စိတ်ကြိုက် ကိုယ့်ဖန်တီးမှုချည်းပေါ့ဗျ။ ဘောင်တွေ ကုလားနားတွေနဲ့ဆို ကြည့်မကောင်းပါဘူးဘကြီးရာ။ ခေတ်ရေစီးကြောင်းအတိုင်းပေါ့။

ဘကြီးထွန်း။ အိမ်း မင်းပြောတော့လည်း မှန်တာပါပဲလေ။ ဒါနဲ့ ဘယ်သူတွေကများ ဖတ်ရှုကြတာတုန်းကွ။

အကျွန်ုပ်။ ဒါတော့ သိပ်လွယ်သဗျ။ ကျုပ်စာရေးပြီးရင် ရေးပြီးတဲ့ အကြောင်းလေး အချင်းချင်းလက်တို့ သတင်းပေးလိုက်တာပဲ။ အချင်းချင်းဆိုတာက သူတင်ရင် ကိုယ်ဖတ် ကိုယ်တင်ရင် သူဖတ်ပေါ့ဗျာ။ လာမဖတ်တဲ့သူတွေကိုလည်း ခုံအောက်က လက်တို့ပြီး လာလကွာ မြန်မြန်လကွာ မင်းပဲကျန်တော့တာတို့ ဘာတို့ လုပ်ပေးရတာပေါ့။ အခုကာလက မာကတ်တင်းဆိုတာ ဖြစ်နေပြီ။ အဲ့ဒီတော့ မာကတ်တင်းကောင်းကောင်းဆင်းနိုင်မှ အောင်မြင်မှာပေါ့ဗျ။

ဘကြီးထွန်း။ ခေတ်ကြီးကိုတော့ တို့လိုက်မမှီတော့ပါဘူးကွာ။ ဒါနဲ့ မင်းက ဘာအကြောင်းများ ရေးသတုန်း။

အကျွန်ုပ်။ အင်….အယ်……အာ ဒါတော့ ပြောရသိပ်ခက်တယ်ဗျ

ဘကြီးထွန်း။ ဟင်….မင်းရေးတာလေးတော့ မင်းသိသင့်သပေါ့မောင်။

အကျွန်ုပ်။ ဒါက ဒီလိုရှိတယ် ဘကြီးရ။ ကျုပ်ရေးတဲ့ အကြောင်းအရာတွေက တယ်များတာဗျ။ ဗဟုသုတ ဖြစ်ဖို့ အတွက် ဟိုအရပ်က ဟိုသတင်းတွေ။ တနေ့တနေ့ ရုံးသွားရုံးပြန် ကားတွေကြပ်လာတယ်ဆိုတဲ့အကြောင်းတွေ။ တိုးတက်လာတဲ့ နည်းပညာတွေ။ ဘ၀ပေးဇာတ်လမ်းတွေ။ ပညာပေးဆောင်းပါးတွေ။ ရုပ်ရှင်ရိုက်သူတွေရဲ့ လိုအပ်ချက်တွေ။ ကျုပ်ရဲ့ နေ့စဉ်အောင်မြင်မှုတွေ များမှ များသိပ်ကိုများသဗျ။

ဘကြီးထွန်း။ အေးကွ တယ်လည်း ရေးစရာများတာပါပဲလား။ ဒီလောက်ပြည့်စုံအောင် မင်းလည်း တော်တော်လေး လေ့လာရမှာနော် ဟေ့ကောင်။

အကျွန်ုပ်။ ကမ္ဘာကြီးက ရွာကြီးဖြစ်နေပြီလေ ဘကြီးရ။ အပ်ကျတာတောင် သိနေမင့်ဟာပဲ။

ဘကြီးထွန်း။ ဒါနဲ့များ မင့်ဒွေးလေးဆုံးတာ မင့်ဆီက ၀မ်းနည်းစာလေး ဘာလေးတောင် မလာပါပဲကော။

အကျွန်ုပ်။ အာ…အင်… အီး ဒါတော့ ခွင့်လွှတ်ဗျာ။ ဒွေးလေး သတင်းကို ကျုပ် အင်တာနက်မှာ မရှာလိုက်မိဖူးဗျ။ ပြီးတော့ ဒီလောက်ခမ်းနားကြီးကျယ်တဲ့ စာတွေရေးဖို့ ကျုပ်ကို ကျုပ်တိုးတက်အောင် လုပ်ရသေးတာဗျ။ ဟိုစာလေးကြိုက်ရင် ကူး ဒီစာလေးသဘောကျရင် မ,လာနဲ့ အချိန်မလောက်ဖူးဖြစ်ဖြစ်နေတယ်ဗျာ။ အခုတောင် ရွာကိုချစ်လွန်လွန်းလို့ ပြန်လာတာ။ ကျုပ် အတွေးထဲက စာတွေ ပျောက်သွားမှာတောင် စိုးနေမိတယ်။

ဘကြီးထွန်း။ မင်းရဲ့ စာတစ်ပုဒ်နဲ့ ဘယ်အရာကို အကျိုးကျေးဇူးပြုပြီးပြီလဲ ငမောင်။

အကျွန်ုပ်။ အကျိုးပြုသပေါ့ဘကြီးရာ။ တလောက ကျုပ်ရေးလိုက်တဲ့ ရထားပေါ်မှာ အမှိုက်မချရ ပို့စ်ကြောင့် ကျုပ်သူငယ်ချင်း အရင်းကြီးတွေ နောင်ရထားပေါ်မှာ အမှိုက်မချတော့ဘူးဆိုတဲ့ အသိတရား ရသွားသဗျ။ နာမည်အကြီးဆုံးပို့စ်ဖြစ်တဲ့ မိဘကိုကျေးဇူးဆပ်ဆိုတဲ့ ပို့စ်ဆိုရင် ကြိုက်လှချည်ရဲ့ဆိုပြီး ဟိုလူကလည်း သူ့ဘလော့မှာ တင်ပါရစေ။ ဒီလူကလည်း သူ့ဆိုဒ်မှာ တင်ခွင့်ပြုပါနဲ့ကို ဖြစ်နေတာဗျ။

ဘကြီးထွန်း။ အိမ်း ကောင်းသကွ။ ဒါနဲ့ မင့်အမေ မနှစ်ကတည်းက လေဖြတ်သွားတာ မင့်ကို တမျှော်မျှော်နဲ့မောင်။ သူ့သတင်းကြားရင် သူသားက ပြေးလာမှာတဲ့ဗျ။ သူ့ကိုသိပ်ချစ်တဲ့သားဆိုပြီး ခြံစည်းရိုးကိုင်မိတိုင်း ငိုင်ပြီး တတွတ်တွတ်ရွတ်ရင်း ၀ါမထွက်ခင် သူအသက်ထွက်သွားတာပါပဲကွာ။

အကျွန်ုပ်။ တရားနဲ့ဖြေမှပေါ့ ဘကြီးရာ။ ကျုပ်ဖြင့် အွန်လိုင်းက တရားတွေနာတာနဲ့တင် အတော်လေး တရားကျနေဖြင့်ပဲ။

ဘကြီးထွန်း။ အင်း ဟုတ်တော့လည်း ဟုတ်တာပေါ့မောင်ရာ။ ဒါနဲ့မင်းက တို့ရပ်ရွာကို ဘယ်တော့ပြန်လာမလဲကွ။ မင့်အမေရှိတုန်းက သူ့သားကို ကျောင်းမှာ ဆရာပြန်လုပ်စေချင်တာချည်း ပြောနေတာ။ မင်းကလည်း မင်းဘ၀တိုးတက်ရေး ထွက်သွား သူ့ခမျာလည်းမတားသာဘူး။

အကျွန်ုပ်။ ပြန်လာမှာပေါ့ ဘကြီးရာ။ ကျုပ်တို့ရပ်ရွာအရေး ကျုပ်က တတပ်တအား ပါဝင်မပေါ့။ အခုလည်း ဆိုင်ရာဆိုင်ရာ တဒေါင့်တနေရာကနေ ကျုပ်ပါဝင်နေတာပါဗျ။ ဟိုးတလောက တောင်ပေါ်ဒေသမိဘမဲ့ကလေးတွေကို ပြုစုစောင့်ရှောက်ဖို့ အလှူခံပေးတယ်ဆိုတဲ့ သတင်းဘကြီးဖတ်လိုက်ရမယ်ထင်တယ်။ ဒါ ကျုပ်လုပ်တာဗျ။ အဲ့ဒီသတင်းကို ကျုပ် အသိသတင်းထောက်မလေးက ရေးပေးပြီး ကျုပ်နဲ့ခင်တဲ့ အယ်ဒီတာက အရှေ့မျက်နှာဖုံးမှာ ဖော်ပြပေးတာဗျ။ ဒါ့အပြင် နာဂစ်တုန်းကလည်း ကျုပ်က စွမ်းစွမ်းတမံပါခဲ့သေးတာ။ ကိုယ့်ရပ်ရွာအရေးတော့ လက်နှေးနေလို့ ဘယ်ဖြစ်လိမ့်မလဲ။ ဘကြီးလည်း ဂျာနယ်များများသာဖတ် ငမောင့် နာမည် ပါကို ပါစေရမယ်ဗျာ။

လောလောဆယ်တော့ ပြန်မလာနိုင်သေးဘူးဗျာ။

ဘကြီးထွန်း။ အေးလေ လူတိုင်းတော့ သူ့အခက်အခဲနဲ့သူပေါ့။ ဒါနဲ့ မင့်စာတွေကို ငတို့ဘယ်လိုများ ဖတ်ရမလဲ။

အကျွန်ုပ်။ အင်း ဒါတော့ အင်တာနက်ဆိုတာလိုသဗျ။ ဒီလိုလုပ်ဗျာ ဘကြီးတို့က ရွာကို မီးရအောင် အရင်လုပ်။ ပြီးတော့မှ အင်တာနက်ဆိုတာချည်းကို တတ်ပေါ့။ အဲ့ဒီအချိန် ကျုပ်ရွာပြန်ရောက်နေပြီဆို တစ်ရွာလုံးကို အင်တာနက်ကြည့်တတ်အောင် သင်ပေးမယ်ဗျာ။ ရွာနဲ့ ကမ္ဘာကြီးကို တစ်သားတည်းဖြစ်အောင် လုပ်မယ်။

ဘကြီးထွန်း။ ဟမ်……အေးအေး မျှော်ပေါ့ မောင်ရာ။ မျှော်ပေါ့။

အကျွန်ုပ်။ စကားတော့ ပြောကောင်းပါပေ့ ဘကြီးရေ။ ကျုပ်လည်း ပြန်ရဦးမဗျ။

ဘကြီးထွန်း။ အေးလကွာ ပြန်ဟ နေဖြင့် အတော်မြင့်နေပြီပဲ. မင့်မလဲ ဒီရောဂါက တယ်ရင့်နေပြီပဲလေ…………………..

အမည်မသိ ရှေးစာဆို တစ်ဦး

17 comments:

အိုက်ခီလောက် said...

အဟတ် ကိုကြီးရီနို တစ်တဲ့ 
ဟဟ
သောင်းကျန်းအုန်းမယ် ခုတော့ပြန်ဖတ်လိုက်အုန်းမယ်
အင်တာဗျူးကတော့မကြိုက် ဟဟ

Julian said...

ရီနိ

ဘလော့ဂ်တစ်နှစ်ပြည့်လေးမှာ မဂျူတကယ်ကိုဘာမှလက်ဆောင်မပေးနိုင်ခဲ့ပါဘူး

သို့သော်အမြဲတော့တစ်ခုခုရေးပေးချင်ခဲ့ပါတယ်

စာရွက်မှအကြမ်းချရေးထား ဟိုတစ်စ ဒီတစ်စ ဖြစ်နေပြီး ကိုယ်တိုင်ကဒီရက်ပိုင်းအတွင်း ကျန်းမာရေးမကောင်း ပူပန်စရာတွေများ လူမှုသောကတွေကြားထဲမှာဆိုတော့ တာဝန်မကျေသလိုဖြစ်သွားခဲ့တယ်။

မဂျူစာမရေးတတ်ပါဘူး ရေးရင်လဲပေးချင်တဲ့အကြောင်းအရာကိုမရောက်တော့ဘဲ လည်ထွက်နေတာများပါတယ်။ နောက်ဆုံးတော့လဲလူကြီးလေသံနဲ့ဘဲဆုံးမသွားပါအုန်းမယ်

မသိတာမရှိအောင်လေ့လာစူးစမ်းပြီးမကောင်းခြင်းကောင်းခြင်းတွေကိုခွဲခြားသိနိုင်ပါစေ... သတိတရားမြဲမြံရှိပါစေ......

မဂျူ

ချစ်ကြည်အေး said...

ရီနို မောင်လေး ဘလော့က တနှစ်ပြည့်သွားပြီတဲ့လား စာလေးတွေ အများကြီး ဆက်ရေးနိုင်ပါစေနော်...:)

မိုးခါး said...

ပျော်ရွှင်စွာနဲ့ ဆက်လက် ဘလော့ဂင်းနိုင်ပါစေဗျို့... :D

MANORHARY said...

နှစ်တစ်ရာတိုင်စေ ...း)

ဇွန်မိုးစက် said...

မောင်လေးရီနိုရေ...တစ်နှစ်ပြည့်သည်မှသည် နောင်နှစ်ပေါင်းများစွာအထိ ဘလော့ဂ်ဂင်းနိုင်ပါစေ။

အိမ်အသစ်လေးကို ပိုကြိုက်တယ်လို့ ပြောပါရစေ။ ဒီမောင်နှမတွေ ခုတလော အိမ်သစ်တွေနဲ့ တယ်ဟုတ်နေကြပါလား။ နောက်ဘယ်သူ့အလှည့်လာဦးမလဲ မသိဘူးနော်။း)

ခင်တဲ့
မဇွန်

ဇွန်မိုးစက် said...

မောင်လေးရီနိုရေ...တစ်နှစ်ပြည့်သည်မှသည် နောင်နှစ်ပေါင်းများစွာအထိ ဘလော့ဂ်ဂင်းနိုင်ပါစေ။

အိမ်အသစ်လေးကို ပိုကြိုက်တယ်လို့ ပြောပါရစေ။ ဒီမောင်နှမတွေ ခုတလော အိမ်သစ်တွေနဲ့ တယ်ဟုတ်နေကြပါလား။ နောက်ဘယ်သူ့အလှည့်လာဦးမလဲ မသိဘူးနော်။း)

ခင်တဲ့
မဇွန်

ချော (အစိမ်းရောင်လွင်ပြင်) said...

တစ်နှစ်ပြည့်မှသည် နောင်နှစ်ပေါင်းများစွာတိုင်
ခိုင်မာတည်တံ့နိုင်ပါစေ..
စာတွေအများကြီး ရေးနိုင်ပါစေနော်

Mogok Thar said...

ဘလော့ အမှတ်တရနေ့လေးအတွက်..
ဆန္ဒမွန်တွေ တသီကြီး (စိတ်ထဲကနေ) ရွတ်ဖတ်သွားတယ်...။

ပျော်ရွှင်ချမ်းမြေ့ပါစေ....

noblemoe said...

နှစ်သစ်မှာ အသစ်စန်းတွေနဲ့ ပေါ့ လေ
အမေကို စိတ်ချမ်းသာအောင်ထားနိုင်မှာပါ အမေမကြိုက်တဲ့အလုပ်ဆိုပေမဲ့လည်း ဒီစာရေးတဲ့အလုပ်က သီလမပျက်တဲ့တွက် အမေသိလည်းခွင့် လွတ်မှာ ပါ။ ငယ်တဲ့အရွယ်မှာ စာမှာပဲ အာရုံထားစေချင်လို့  တခြားစာတွေပေးမရေးချင်တာနေမှာပါ ။ အမေကိုချစ်တဲ့ မောင်လေးရေ မောင်လေးစိတ်ရှိတဲ့အတိုင်း အမေကို စိတ်ချမ်းသားအောင်ထားနိုင်မယ်ဆိုတာယုံကြည်တယ်။ ကြိုးစားနေတဲ့ သူပဲ လေ ရည်မှန်းချက်တွေပြည့်လာမှာပါ။
သာယာချမ်းမြေ့ပြီး ပြီးပြည့် စုံတဲ့ဘဝကိုပိုင်နိုင်ပါစေနော်
မိုး

ရေတမာ said...

အကိုရေ နောင်နှစ်ပေါင်း များစွာတိုင် စာတွေဆက်လက်ရေးသားနိုင်ပါစေ

သမီးကြီး said...

အမေကိုချစ်တဲ့ ကိုရီနိုမာန်, ချစ်တဲ့သူအားလုံးနဲ့အမြဲပျော်ရွှင်စွာအတူနေနိုင်ပါစေ။ စာတွေအများကြီး ဆက်ရေးနိုင်ပါစေရှင်။

ဝေလင်း said...

ရင်ကမွေးတဲ့ သား တစ်နှစ်ပြည့်ပြီတဲ့လား...
နောက်ကျပေမယ့် ဆုတောင်းပေးချင်ပါသေးတယ်။ အဓွန့်ရှည်ပါစေလို့...

Ree Noe Mann said...

အိုက်ခီလောက်၊ မဂျူ ၊ မချစ်ကြည်အေး၊ ညီမလေးမိုးခါး၊ မကြီး မနောဟရီ၊ မဇွန်မိုးစက်၊ ချော၊
ကိုမိုးကုတ်သား၊ မနိုဗယ်မိုး ၊ ညီလေး ရေတမာ၊ သမီးကြီး နှင့် ဝေလင်းတို့ ကို အထူးပဲ ကျေးဇူးတင်ပါကြောင်း ပြောကြားလိုပါတယ်။ ကျနော်ရဲ့ တစ်နှစ်ပြည့်ဘလောဂ့်လေးကို သတိတရ ရှိလို့ပဲဖြစ်ဖြစ်၊ မထင်မှတ်ပဲ ရောက်လာလို့ ဖြစ်ဖြစ် ကော်မန့်ပေးသွားကြတဲ့ အထက်က မောင်နှမတွေ အားလုံးကိုကျေးဇူးတင်ပါကြောင်း........
ကောမန့်မပေးပဲ စီပုံးမှာ အော်သွားတဲ့ အမခင်ဦးမေ ကိုလည်း ကျေးဇူးတင်ပါတယ်။

Dream said...

ဘာလိုလိုနဲ့ တစ်နှစ်တောင် ပြည့်သွားပြီကိုးးးး

ဘလော့တစ်နှစ်ပြည့်မှသည် နောင်နှစ်ပေါင်း များစွာတိုင်
ဆက်လက် ဘလော့င်္ဂင်းနိုင်ပါစေ...

ချစ်တဲ့ဘလော့ဂါ မောင်နှမတွေနဲ့လဲ အမြဲ ပျော်ရွှင်စွာ လက်တွဲ နိုင်ပါစေ......

မယ်ကိုး said...

ဘလော့လေး တစ်နှစ်ပြည့်မှသည် နောင်ရာသက်ပန် စာတွေဆက်လက်ရေးနိုင်ပါစေ။

ခင်မင်စွာဖြင့်

SHWE ZIN U said...

တနှစ်သားလေး ရီနိုမာန်ကို လာရောက်အားပေးသွားတယ် နော် တနှစ်ပြည့်ကနေ လူပျိုကြီး ဖြစ်ပြီး မိန်းမချောချောလေး ရလို့ နှစ်၁၂၀ ထိတိုင် ကျမ်းမာပျော်ရွှင်နိုင်ပါစေ

ခင်တဲ့
ရွှေစင်