April 2, 2010

မအိမ်ကံ ( ဇာတ်သိမ်း) အပိုင်း ၂

“ညည်းကိုတွေ့ရတော့ ရှင်အိမ်ကံကို သတိရလှ သကွယ်။ ဘိုးသာထန်၊ ကြီးပန်းရုံ၊ ရီးလှအုံ၊ အဖေကို ဖိုးငွေနောက် ညည်းအဖေ ဆရာလေး ကိုပြေသိမ်း။ သွားလေသူတွေ အားလုံးကို ငါသတိရ လိုက်သာ။ ဒုက္ခ သုက္ခတွေကို ညည်းကိုယ်တိုင် မကြည့်ရက်လို့ ထွက်သွားသလို ပါပဲအေ။ ကျေးကျေး ကတော့ ညည်းတို့ ဇာတ်ရုပ်တွေ ထဲမှာ မထင်မရှား ပါခဲ့ရပေသိလို့ ငါ့ ရှေ့မှာ အကုန်ဖြစ်ခဲ့ သာကိုး။ သည်အိမ်ကြီးမှာ တစ်ခါက ပျော်ခဲ့ ရွှင်ခဲ့ ရယ်ခဲ့မောခဲ့ရသဲ့ အဖြစ်တွေဟာ ပဲလှေ့သဲ့ အခါ လွင့်ကုန်သဲ့ အဖျင်းအမှော်တွေလိုပဲ လွင့်ကုန်လိုက်သာ ရက်ကန်းသံ တညံညံ ခြူကုံးသံ တလွင်လွင်နဲ့ မီးခိုးမစဲ မီးမစဲခဲ့သဲ့ အိမ်ကြီးဟာ ချက်ချင်းပဲ သုသာန်လို ဖြစ်သွားခဲ့သာ ပါအေ”

“နောက်ဆုံးအခေါက် မြင်းခြံကို သွားခါနီးမှာ အမေ ပြောခဲ့သဲ့ စကားကို မြိုင် မှတ်မိသယ်။ အပြစ်ရှိမှ ရှုံးသာ မဟုတ်ဘူး၊ အပြစ်မရှိလည်း ရှုံးသာပါပဲတဲ့။ အမှားရဲ့နောက်မှာ မီးပွားတွေ ပါလာ တတ်သယ်တဲ့။ မီးပွားဆိုသာ အမှိုက်တောင်းကိုလည်း လောင်နိုင်သယ်။ ရွှေနန်းတော်ကိုလည်း လောင်နိုင်သယ်တဲ့။ အမေ မှန်ပါသယ်”


“ကိုင်းပါအေ။ ဒါတွေ ထားလိုက်ဦး။ ထမင်းစားကြ။ ကလေးမလေး ခမျာ ဆာရော့မယ်။ ကျေးကျေး လက်ရာတော့ မဟုတ်ပါဘူးအေ။ အေးငြိမ် ချက်ပြုတ် နေရသာပါ။ ညည်း ဦးလေး ဖိုးတုတ်တော့ ကိုင်းထွန်နေသယ်။ လာမှာပါ ကိုင်းလာ”

ရီးကျေးဥက ထမင်းခူး ခပ်နေစဉ် မအိမ်မြိုင်က ကျေးကျေးတို့ အိမ်ရှေ့ခန်း ကလေးကို လိုက်ကြည့် နေခဲ့သည်။ ၀ါးထရံမှာ ဓာတ်ပုံတစ်ပုံ။ မအိမ်မြိုင်၏ ပုံပင်။ မှန်မရှိ၊ ဘောင်မရှိ။ ဓာတ်ပုံ အတိုင်း ထရံမှာ ၀ါးနှီးစ ကလေးများဖြင့် ထိုးကာ ကပ်ထားခြင်း ဖြစ်၏။ ဓာတ်ပုံထဲက မအိမ်မြိုင်က အပြင်က မအိမ်မြိုင်ကို ပြုံးပြနေသည်။ မအိမ်မြိုင်နှင့် မအိမ်မြိုင် တစ်ယောက်ကို တစ်ယောက် ကြည့်နေကြ သော်လည်း ကိုယ်မဟုတ်သလို စိမ်းလွန်းလှသည်။

“မြိုင်ရေ ထမင်းစားလိုက်ဦး”
မအိမ်မြိုင်တို့ သားအမိ မီးဖိုဘက်ကို ထွက်လာခဲ့ကြသည်။

“မြိုင် မြင်းခြံကို မသွားခင်နေ့တွေ အထိ မြိုင့်စိတ်ထဲမှာ တခြား ဘာမှ မရှိခဲ့ပါဘူး ကျေးကျေးရယ်။ ယုံပါတော့။ အမေက တစ်ညလုံး အအေးကြီးထဲ ငုတ်တုတ်ထိုင် နေခဲ့တာတွေ မြိုင့်ကို စကားတွေ မပြောစဖူး အများကြီး ပြောခဲ့တာတွေကို မြိုင် အံ့သြရတာက လွဲလို့ အမေ့ကို အပြစ် မမြင်မိပါဘူး။ အမေက မိဘဆိုတော့ မြိုင့်ကို ကလေးလို မြင်နေသာပေါ့ ကျေးကျေး ရယ်။ မှန်သာ ပြောရရင် မြိုင့်မှာ ချစ်သူ ရှိနေပါပြီ။ ချစ်သူဆိုပေသိ ချက်ချင်း ခိုးရာလိုက်ရမယ့် ချစ်သူမျိုး မဟုတ်သလို အဲသလောက်လည်း မြိုင် မမိုက်မဲပါဘူး။ ဦးဝေဠုရဲ့သား သက်ဦးဝေဟာ မြိုင့်ကို အင်မတန် ချစ်ခင် ရှာသူပါ။ မြိုင်နဲ့ သက်ဦးဝေဟာ သာမန် ချစ်သူမျိုး မဟုတ်ပါဘူး။ အမှားလည်း မရှိခဲ့ကြပါဘူး။ အဖေနဲ့ ပတ်သက်လို့ မြိုင့်ကို ကူညီခဲ့တဲ့ မိတ်ကောင်း ဆွေကောင်း အဖော်ကောင်း ချစ်သူမျိုးပါ။ အမေ မသိတဲ့ အချက်က အဖေဟာ မြိုင့်ကို တောထဲကနေ အကြိမ်ကြိမ် ဆက်သွယ်ခဲ့သယ် ဆိုသာပါ။ စာတွေ ရောက်ရောက် လာသယ်။ မြင်းခြံ အထွက်က မရှောင်သာ ဇရပ်မှာ အဖေဟာ လှည်းသမား ယောင်ဆောင်ပြီး လာစောင့် နေသာမျိုးတောင် ရှိခဲ့သယ်။ မြိုင်သွားတွေ့တဲ့ အခါ သက်ဦးဝေကပဲ စက်ဘီးနဲ့ လိုက်ပို့သယ်။ အဖေဟာ သူ့ယုံကြည်ချက်ကို သူရဲရဲ ဆုပ်ကိုင်ထားသူ ဖြစ်ပေမယ့် အမေနဲ့မြိုင်တို့ကို ချစ်ခင် ရှာလွန်းသူပါ။ ဒါကို အမေ မသိပေမယ့် မြိုင်သိသယ်။ အဖေဟာ သူ မပြောမဆို ရှိခဲ့တဲ့ အမှားကြောင့် အမေ့ကို ရင်မဆိုင်တော့ပါဘူး။ မပြော မဆိုရှိခဲ့ ရတာကလည်း သူ့အကြောင်းနဲ့ သူပါ။ အဖေ့ကို သနားတဲ့ စိတ်က မြိုင့်မှာ ဖိစီးနေသာကို အနားက သက်ဦးဝေပဲ သိသယ်။ အင်မတန် အန္တရာယ်ကြီးတဲ့ အလုပ်ကို မကြောက်မရွံ့လိုက်ပါ ကူညီလို့ သူ့ကျေးဇူးကို မြိုင် မမေ့ဘူး။

“အဖေဟာ မြိုင်နဲ့နီးလိုက် ဝေးလိုက်ပါပဲ။ ပျောက်ချင်တဲ့ အခါ ပျောက်သွားသလို ပေါ်ချင်တော့လည်း ပေါ်လာတတ် သယ်။ ရွာက ဦးကျော်ဒင်တောင် ရုပ်ဖျက်ပြီး ရောက်လာတတ်သယ်။ အဖေ့ဆီက လာတဲ့ စာတိုင်းကို မီးရှို့ပစ်ရတယ်။ ဦးလေး သက်မင်း သိမှာလည်း စိုးရသေး သာကိုး။ ကျောင်းရှေ့မှာ ပုဆိုး စုတ်ကလေး ဖြန့်ခင်းပြီး မုန့်ကလေး လေးငါးထုပ် ချရောင်းတဲ့ ခပ်စုတ်စုတ် လူတွေ့ရင် အဖေ လွှတ်လိုက်တဲ့ လူဆိုတာ မြိုင်သိသယ်။ မုန့်ဝယ်ရင်း မေးလိုက်ရင် ဟုတ်နေသာပဲ။ တစ်ခါ တလေ အဖေ့ကို မြင်းခြံ ဆိပ်ကမ်းဘက်မှာ သွားတွေ့ရသယ်။ သက်ဦးဝေ လိုက်ပို့သာပဲ။ စာကတော့ ခဏခဏရသယ်။ မာကြောင်းသာကြောင်း၊ အမေ့ကို သတိရကြောင်း၊ မြိုင်တို့ ညီအစ်မကို လိမ္မာ ရေးခြား ရှိစေချင်ကြောင်း၊ အဖေ့ကို နားလည် ကြစေချင်ကြောင်း တွေလောက်ပါပဲ။

အဖေ့ လူတစ်ယောက်နဲ့ တွေ့ပြီးရင်၊ အဖေ့ စာတစ်စောင် ဖတ်ပြီးရင် မြိုင်ငိုသာပဲ။ ဒါတွေ အမေ မသိဘူး။ အမေ လုပ်ရမယ့်အလုပ်ကို မြိုင်လုပ်နေ သာပါ ကျေးကျေးရယ်။ တစ်ဖက်က ဖအေ၊ တစ်ဖက်က မအေ။ မြိုင့်မှာ ဖအေ့သွေးပါ သယ်ပြောရမယ်။ မြိုင် ဘာကိုမှ ကြောက်ဘူး။ အဖေ့နောက် လိုက်ဖို့ပဲ စိတ်ရှိသယ်။ အမေက ကွမ်းတောင်ကိုင် ဖြစ်စေချင် သလို အဖေက သူ့စိတ် သွင်းပေးနေတဲ့ ကြားမှာ မြိုင်ကြီးပြင်းခဲ့ ရသာပါ ကျေးကျေး။

“မြိုင်ဟာ သမီးကြီး ဖြစ်သလို ပညာတတ်လည်း ဖြစ်သယ်။ အမေ မသိတာတွေ အများကြီးရှိသယ်။ အမေက ကွမ်းတောင်ကိုင် ဖြစ်ရင် ဘ၀မှာ နေပျော်ပြီလို့ ရိုးရိုးကလေး မြင်ရှာသယ်။ အပြစ်တင်သာ မဟုတ်ပါဘူး ကျေးကျေးရယ်။ သူ့သမီးကြီး မြိုင်ရဲ့စိတ်ထဲမှာ ဘာတွေ ဖြစ်နေသလဲဆိုတာ အမေ မသိနိုင်ဘူး။ ကျောင်းပိတ်ရက် ရွာပြန်နေရပေသိ မြိုင်မြင်းခြံ ကိုပဲ ပြန်ချင်နေခဲ့သာပါ။ ချစ်သူကြောင့် မဟုတ်ဘူး၊ အဖေ့ကြောင့်။ မြိုင့်မှာ မြင်းခြံသွားရမယ့် ရက်ကိုပဲ မျှော်နေရသယ်။ အမေက ဖြီးလိမ်း ၀တ်စားပြီး ရွာထဲသွားကြရအောင် ဆိုလို့သာ ကြော့ကြော့မော့မော့ ၀တ်ရစားရ သာပဲရှိသယ်။ မြိုင် ကွမ်းတောင်ကိုင်ဖြစ်ဖို့ လူလုံး ပြရသာကို စိတ်မပါဘူး။ အမေက ကွမ်းတောင် ကိုင်ရမယ် ဆိုတုန်းက ကိုင်ပါ့မယ် ပြောခဲ့ပါသယ်။ တကယ်လည်း ဖြစ်ရင် ကိုင်မှာပါ။ ၀န်လေးတဲ့ အလုပ်မှ မဟုတ်သာပဲ။ အမေလည်း စိတ်ချမ်းသာရမယ့် ကိစ္စပဲ။ ဒါပေမယ့် အဲသည့် မြင်းခြံကို သွားခွင့်ရလိုက်တဲ့ ရက်အတော အတွင်းမှာပဲ ဘယ်လိုမှ မရှောင်သာ၊ မတိမ်းသာ၊ မလှည့်သာ၊ မပဲ့သာတဲ့ အကြောင်း ကိစ္စတွေ စုပြုံကျလာခဲ့သယ်။

“တစ်ချက်က ဘကြီးမြတ်သာနဲ့ ဖုန်းဆက်တော့ ငါ့တူမ ချက်ချင်း လာခဲ့ရမယ်တဲ့။ တက္ကသိုလ် ဖွင့်ရက် လိုသေးပေမယ့် မြို့ကို ကြိုလာစေချင် သတဲ့။ ဘကြီး လာမကြိုနိုင်ရင် ကြီးကြီးစိမ်းနဲ့ ခိုင်တို့ လာခေါ်လိမ့်မယ်တဲ့။ မြိုင့်ရင်တွေ တုန်သွားခဲ့သယ်။ မြိုင် ရန်ကုန် ရောက်သွားခဲ့ရင် အဖေနဲ့ ဝေးရတော့မယ်။ ရွာအကြောင်း၊ အိမ်အကြောင်း အဖေသိဖို့ ခက်ရှာတော့မယ်။ နောက်တစ်ချက်က သက်ဦးဝေ ယူလာတဲ့အဖေ့ရဲ့သတင်း။

“ဘကြီးဆီကို အမေကောင်းကောင်း မကျန်းမာသေးလို့ ကျောင်းဖွင့်မှပဲ လာပါရစေလို့ မြိုင် တယ်လီဖုန်း ဆက်လိုက်သယ်။ ညီမလေးခိုင်နဲ့ စကား ပြောရတော့လည်း အဖေ့ အကြောင်း ဘာကြားသလဲတဲ့။ အဖေ့ကို လွမ်းသယ်တဲ့။ မြိုင် တို့ ညီအစ်မရဲ့စိတ်တွေက အဖေ့ဘက် ညွတ်နေသလို ဖြစ်နေကြသာ မြိုင်တို့ ကိုယ်တိုင်တောင် မသိခဲ့ကြဘူး။ အမေ့ကို အော်တို စာအုပ် ယူဖတ်ရပါ့ မလား ဆိုတုန်းက မိဘကို မြိုင်မပြောသင့်တဲ့ စကားပြောမိခဲ့သယ်။

ကျေးကျေး မှတ်မိမှာပေါ့။ မြိုင် မှားသွားမှန်း ချက်ချင်းသိပါသယ်။ အမေဟာ ရိုးဖြောင့် စင်ကြယ်ရှာ သယ်။ သနား ကြင်နာတတ်သယ်။ တောသူ ကျောင်းဆရာ ကတော် ဆိုပေသိ ပညာနဲ့ ဝေးရ ရှာသာကို မြိုင်တို့ သတိမထား မိခဲ့ကြဘူး။ မိသားစု လေးယောက်မှာ ပညာတတ် သုံးယောက်နဲ့ အတူနေရတဲ့ တောသူ မိန်းမသားကြီး တစ်ယောက်ရဲ့စိတ်နှလုံးကို အဖေရော မြိုင်တို့ ညီအစ်မပါ ခပ်ပေါ့ပေါ့ သဘောထား မိခဲ့ကြသယ်။ အဖေ့အတွက် အမေ့လို မိန်းမသား နောက်ထပ် မရှိတော့ သလို အမေ့လို အမေမျိုး မြိုင်တို့ နောက်ထပ် မရနိုင် တော့ဘူးဆိုသာ သိရပြီ ဆိုတဲ့ အချိန်မှာ နောက်ကျ သွားခဲ့ပါပြီ ကျေးကျေးရယ်။

“အမေ သည်လို ဖြစ်လိမ့်မယ်၊ သည်လို လုပ်လိမ့်မယ်၊ သည်အဖြစ်ဆိုးမျိုး ရောက်လိမ့်မယ်လို့ ဘယ်သူ ထင်မှာတုံး။ ကျေးကျေးလည်း အနားမှာ ရှိနေသူပဲ။ ကျေးကျေးတောင် မသိလောက်ဘူး ဆိုသာ မြိုင်ယုံပါသယ်။ မြင်းခြံကို မြိုင်ရောက်သွားချိန်မှာ သိပ်ပြီး မရေရာတဲ့ သတင်း တစ်ခုကြားသယ်။ တောတွင်းမှာ အဖေ ကျသွားပြီဆိုတဲ့ သတင်းပါ။ မြိုင့်ခေါင်းကို မိုးကြိုးပစ်လိုက် သလိုပါပဲ။ မြိုင် ဘာလုပ်ရမလဲ။ ရန်ကုန်က ဘကြီး ကလည်း ခေါ်နေပြီ။ အမေကလည်း ရွာပြန်ခဲ့၊ ကွမ်းတောင်ကိုင်လှည့် ဖြစ်နေပြီ။ တောတွင်းမှာ အဖေကလည်း ကျသွားပြီ။

“အရွယ်နဲ့ မမျှတဲ့ ဆုံးဖြတ်ချက်ကို မြိုင် ချလိုက်ရသယ်။ မှားချင်လည်း မှားခဲ့ ပါလိမ့်မယ်။ သည်အမှားကြောင့် နောက်က မီးပွားတွေ ပါလာသယ် လို့ပဲပြောပြော မြိုင့်မှာ ကျဉ်းကြား ကျပ်ကြား ကျနေခဲ့သယ်။ သည်သတင်းကို ပေးသူက သက်ဦးဝေ ဆိုတော့ မြိုင် စဉ်းစားရပြီပေါ့။ အဖေကျဆုံးသာ မှန်ရင် မြိုင် ကွမ်းတောင်ကိုင် ဖြစ်စရာ မရှိတော့ဘူးလေ။ အဖေ့ အကြောင်း လူမသိ ပါဘူးလေ ဆိုပြီး နတ်ကြီးလှတဲ့ ကွမ်းတောင်ကို မြိုင်ညာပြီး မကိုင်ချင်ဘူး ကျေးကျေးရယ်။ မြိုင့် တစ်သက်လုံး လိပ်ပြာမသန့်သာ မလုပ်ချင်ပါဘူး။ သည်ကိစ္စပေါ် သွားရင် ရွာလည်း ကျက်သရေ ယုတ်မယ်။ မြိုင်လည်း တစ်ဘ၀ အရှက်ရမယ့် ကိစ္စ။ မအိမ်ကံ့သမီး ဖအေ မရှိတော့မှန်း သိလျက်နဲ့ ကွမ်းတောင်ကိုင်သေးသယ် ဆိုရင် မြိုင်တို့ မိဘမျိုးရိုး ဂုဏ်ကိုပါ ညစ်နွမ်းအောင် လုပ်ရာ ရောက်တော့မယ်။ ဟုတ်ပြီ။ သည်သတင်း အမေ့ကို ပြန်လာပြောဖို့ရာ ကျပြန်တော့ မြိုင် ဘယ်လို ပြောထွက်မှာ တဲ့လဲ။ အမေ့ခမျာ အဖေဆုံးသာရော၊ မြိုင့်လက်က ကွမ်းတောင်ပြုတ်ကျ သွားသာရော ခံနိုင်ရည်ရှိမယ် မဟုတ်ဘူးလို့ မြိုင်တွက်သယ်။ သတင်းကလည်း သေချာသေးသာ မဟုတ်တော့ သက်ဦးဝေနဲ့မြိုင် တိုင်ပင်ရသာပေါ့။

“ငါအဖေ့နောက် လိုက်ချင်သယ်။ ဘယ်လို လိုက်ရမလဲ ဆိုတော့ သက်ဦးဝေက နင်တစ်ယောက်တည်း ဘယ်လိုလုပ် လိုက်မှာလဲ။ တောထဲလိုက်ဖို့ ဆိုသာ မှိုရှာ မျှစ်ချိုး သွားသာမျိုး မဟုတ်ဘူး။ ဘယ်ဆီ ဘယ်ဝယ်မှန်း မသိတဲ့ လူတစ်ယောက်ကို နင့်လို မိန်းကလေး တစ်ယောက်တည်း ဘယ့်နှယ့် လုပ်ဖြစ်မှာလဲ ပေါ့လေ။ သူပြောသာ မှန်ပါသယ်။ ဒါပေမယ့် မြိုင် ဆုံးဖြတ် ပြီးပြီ။ နောက်မဆုတ်တော့ဘူးလို့ပေါ့။

“နောက်မနက်မှာ သက်ဦးဝေက သူပါ တောထဲ လိုက်ခဲ့တော့မယ်လို့ ပြောလာသယ်။ မြိုင် ယူကျုံးမရ ဖြစ်ရပြီပေါ့။ သူလည်း ပညာသင်လက်စ၊ အညွန့် တလူလူနဲ့ မိကောင်းဖခင် သားသမီး မဟုတ်လား။ မြိုင့်ကို ချစ်သူ တစ်ယောက် အနေနဲ့ သည်အချိန်မှာ ရှေ့က မရပ်တည်ရင် ငါညံ့ရာ ကျတော့မယ် ဆိုတဲ့ သူ့စိတ်ဓာတ်ကို လေးစားပေမယ့် မြိုင် အတန်တန် တားခဲ့သယ်။ မြိုင့်ကိစ္စမှာ သူမပါစေ ချင်ဘူး။ ပြောသာ ပြောရသာ ကျေးကျေးရယ်၊ မြိုင်တစ်ယောက်တည်း ဆိုရင်လည်း ဘာလုပ်လို့ ဘယ်သွားရမယ် ဆိုသာ မသိပါဘူး။ နောက်ဆုံးတော့ မြိုင့် အနွံအတာ ကို ခံနေကျ အတိုင်း သက်ဦးဝေက မြိုင့်ကိုလိုက် ပို့ဖို့ပြင်တော့သယ်။

“ပြောပါရစေတော့။ သက်ဦးဝေက မြိုင့်ကို စကားတစ် ခွန်းပြောသယ်။ သည်စကားဟာ ထူးဆန်းတဲ့ စကားပါ။ တို့နှစ်ယောက်အတူ သွားကြရင် လုံခြုံမှုရှိအောင် ချစ်သူ ဆိုသာထက် လက်ထပ်ပြီးမှ ဇနီးမောင်နှံ အဖြစ် သွားချင်သတဲ့။ ဒါကို မြိုင်စဉ်းစားသယ်။ သူနဲ့မြိုင် ဘယ်သောင်ဆိုက်လို့ ဘယ်ကမ်း ရောက်ကြရမယ် မသိဘူး။ သည်တော့ နှစ်ဦးသား ပေါင်းဖက်ပြီး သွားရသာက ပိုအဓိပ္ပာယ် ရှိသယ် ဆိုသာလည်း မှန်ပါသယ်။ မြိုင်ရွာကို မပြန်ချင်တော့ဘူး။ အဖေ ကျသွားပြီ ဆိုသာကို စုံစမ်းမယ်။ ကိုယ့်ချစ်သူနဲ့ ခိုးရာ လိုက်ပြေးသွားပြီ ဆိုတဲ့အဖြစ်မျိုး ဆိုပေသိ မြိုင့်အတွက် လုံခြုံမှုရှိမယ် ဆိုသာ မငြင်းနိုင်ဘူး။

သူ့မိဘများ ဘက်ကလည်း မြိုင်နဲ့ခိုးရာ လိုက်ပြေးကြသယ်ဆိုရင် နောက်ဆက်တွဲ ပြဿနာ မရှိတော့ဘူး။ သည်လိုနဲ့ မြိုင်နဲ့ သက်ဦးဝေ တောထဲ ရောက်သွားကြသယ်။ မြိုင် မြင်းခြံကို ထွက်လာပြီး ရက်မကြာခင်မှာပဲ အိမ်ထောင် ကျခဲ့သယ် ပြောပါတော့။ မသေချာတဲ့ သတင်း အပေါ် မြိုင်တို့ နှစ်ယောက် ဆုံးဖြတ်ခဲ့ကြသာ ဆိုပေမယ့် နောင်တော့ သည်သတင်းဟာ မှန်နေသာ ပါပဲ။ အဖေတောထဲမှာ ကျသွားသယ်ဆိုသာ အမှန်ပဲ ကျေးကျေး”

မအိမ်မြိုင် ရွာခြေ ပြန်ကပ်ပြီ ဆိုသည့် သတင်းက နောက်တစ်ရက်မှာပင် ရွာလုံးကြားခဲ့ကြ လေပြီ။ တချို့က ကရုဏာဖြင့် လာရောက် ကြည့်ခဲ့ကြသည်။ မအိမ်မြိုင် သမီး မအိမ်စိုကို ကြည့်ကြသည်။ မအိမ်မြိုင်တောင် သားသည် အမေ ဖြစ်ခဲ့ပြီ တဲ့လား။ မအိမ်မြိုင် အိမ်ထောင်ကျပြီ ဆိုတာ ရွာက သိနှင့်ကြရိုး မှန်သော်လည်း ရွာကို ရောက်လာတော့ လင်သား မပါတာကို ထူးဆန်းနေကြသည်။ ဘယ်သူကမှတော့ ဖွင့်ဟ မမေးကြပါ။ တချို့က ရွာထဲ အလည်ခေါ်ကာ ကျွေးမွေးကြသည်။

“ငါ့မြေး နာမည် ဘယ်သူတဲ့တုံး”

“မအိမ်စို”

“အဖေကကော”

“သေပြီ”

ကွယ်ရာမှာ မေးကြသော်လည်း မအိမ်စိုက သည့်ထက် မပြောတော့ ခက်သားပင်။ မိဘက သင်ထားတာ မဟုတ်။ မအိမ်စို ကိုယ်တိုင်က ဥာဏ်ရည် မမီသည့် ကလေး တစ်ယောက်လို ဖြစ်နေတာကို သဘောပေါက် ကြသဖြင့်လည်း သည်လောက်ပဲ သိခွင့် ရခဲ့ကြသည်။ မအိမ်စိုက ရုပ်ရည်အားဖြင့် ချစ်စရာ ကောင်းသူ ကလေးပင်။ မအိမ်ကံတို့ ဘက်ကို တူသဖြင့် ကြည်ကြည်စင်စင် ရှိရှာ ပါ၏။ သို့ပေသိ မျက်လုံးတွေက ဂနာ မငြိမ်ဘဲ ရှိသည်။ မျက်နှာကလေးက နုနုနယ်နယ် ဆိုသော်လည်း စိတ်ကြီးချင်သည့် အခါ ကြီးတတ်သည်။ စကားကောင်း ပြောနေရာက ဒေါသတကြီး ရှိချင်ရှိသည်။ တစ်ခါတစ်ရံ အိမ်ဝိုင်းကျယ်ကြီးထဲမှာ ကလေး တစ်ယောက်လို ကစားချင် ကစားနေတတ် ပါ၏။ ပြိုလဲလုလု ပဲမှော်စင်ကို ပတ်ပြေးချင် ပြေးနေတတ်သည်။ ပဲမှော်စင်အောက် ၀င်နေတတ်သဖြင့် ရီးကျေးဥက ဆွဲထုတ်ရသည်ပင် အခါခါ။

“သည်အောက်ကို မ၀င်ရဘူး ငါ့မြေးရဲ့။ မြွေပါး ကင်းပါးနဲ့။ အမေကြီး ကျေးတောင် မ၀င်ဘူး။ နောက်မ၀င်နဲ့နော် ကြားလား”

“မြွေပါးကင်းပါးဆိုတာ ဘာလဲ ကျေးဥ”

“မြွေလေ၊ မြွေကိုပြောသာ”

“မကြောက်ဘူး”

မအေက ကျေးကျေး ခေါ်သော်လည်း မအိမ်စိုက ကျေးဥ လို့ခေါ်လေသည်။ အမေကြီး ကျေးလို့ ခ်ါဖို့ သင်သော်လည်း မရ။ တစ်ခါတစ်ခါ မအိမ်ကံများ ၀င်စားလေသလား ထင်မိ သည်။ မအိမ်ကံ ဆုံးသည့်အချိန်နှင့် မအိမ်စို မွေးသည့်ရက် တွက်ကြည့်တော့လည်း မအိမ်စိုမွေးသည့် ရက်က နောက်ကျသည် ဆိုတော့ ဖြစ်ချင်လည်း ဖြစ်နိုင်သည်။ ကျေးဥလို့ ခေါ်တာ တင်မကပါ။ စိတ်ကူးရလျှင် ရီးကျေးဥကို ငေးနေတတ်သည်။ ပြုံးပြတတ်သည်။ ထိုအခါမျိုးတွင် မအိမ်ကံ၏ စိုရွှန်းရွှန်း မျက်ဝန်းများကိုပင် သတိရမိ တတ်သည်။ မအိမ်မြိုင်ကို သည် သဘောထား ပြောပြတော့ ဖြစ်နိုင်သည် ဆိုပါ၏။ မအိမ်မြိုင် ပြောပြသလောက် မအိမ်စို ကိုယ်ဝန် လွယ်ထားစဉ် မိခင် မအိမ်ကံကို အိပ်မက် မကြာခဏ မက်သည် ဆိုပြန်ရာ ထင်မည်ဆို ထင်လောက်သည်။ မအိမ်စိုကလေးက တောတွင်း တစ်နေရာမှာ ကြီးပြင်းရသည့် အပြင် ပတ်ဝန်းကျင် ခန်းခြောက်ရာမှာ နေထိုင် ခဲ့ရသည့် အတွက်ပေလားတော့ မသိ။ မအိမ်စို၏ စရိုက်က ကြမ်းချင်သည်။ တဇွတ်ထိုးနိုင်သည်။ ပြောမနိုင် ဆိုမကောင်း ကလေးဖြစ်သည်။

မအိမ်မြိုင်ကတော့ သည်ကိစ္စတွေကို ဖြစ်ရိုးဖြစ်စဉ်လို့ သဘောထားပုံ ရသော်လည်း ရီးကျေးဥ ကတော့ ရေရှည် အတွက် စိတ်စနောင့်စနင်း ဖြစ်နေရပါ၏။ တစ်ခါလည်း အိမ်မှာ ကျိုထားသည့် နို့အိုးကို မှောက်ပစ်သည်။ ထမင်းစားရင်းက ဖိတ်ကျသော ထမင်းလုံးတွေကို ကောက်စားချင် စားသည်။ ကျန်ကောင်းကျန်ရာ ပန်းပင်တွေက ပန်းပွင့်တွေကို ခူးကာ ဓား တစ်ချောင်းနှင့် နုပ်နုပ်စဉ်းချင် စဉ်းနေတတ်သည်။ လူကြီး တွေစကားပြောနေခိုက် ပျောက်သွားတတ်သဖြင့် လိုက်ရှာရ တာလည်း ခဏခဏပင်။ ညကြီးသန်းခေါင်ကျော် အိပ်ရာထဲက ထသွားကာ အိမ်ဝိုင်းကြီးထဲမှာ လျှောက်သွားနေလို့ ဘကြီး ဖိုးတုတ်က ရှာခေါ်ခဲ့ရသည်။ ထိုညက မအိမ်စို ပြောစကားကြောင့် ရီးကျေးဥပင် လန့်သွားခဲ့ရသည်။

“ကျေးဥ ညက မြင်းကြီး တစ်ကောင်တွေ့တယ်။ သမီး မြင်းကြီးနဲ့ လျှောက်သွားတာ”

မအိမ်ကံ ဆုံးခါနီး ရက်တွေတုန်းက မြင်းကြီး စိန်ပွင့်ကို တွေ့ခဲ့ကြောင်း ပြောဖူးတာကို ရီးကျေးဥ သတိရမိ၍ ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် မအိမ်မြိုင်တို့ သားအမိ ပြန်ရောက်လာလို့ ၀ိုင်းတိုက်ထဲမှာ စိုပြည် လာခဲ့ရသည်။ မအိမ်မြိုင် ရောက်လာကြောင်း ရန်ကုန်က ဘကြီး မြတ်သာထံနှင့် ထနောင်းတိုင်ရွာက ဆွေမျိုး များသိစေရန် လူလွှတ် အကြောင်းကြားဖို့ တာဝန် ရှိသော်လည်း ရီးကျေးဥ လူမလွှတ်ဖြစ်သေး။ မအိမ်မြိုင်၏ ရှေ့ရေးကို ရီးကျေးဥ မသိရသေး။ မေးလို့ကလည်း မကောင်းနိုင်။ သည်အိမ်ကြီးက သူတို့အိမ်၊ သည်ဝိုင်းက သူတို့ဝိုင်း။ သူတို့ ယာတွေကိုင်းတွေ ရှိသေးသည်။ မအိမ်မြိုင် သားအမိသာသည် အိမ်ကြီးမှာ တစ်သက်လုံးနေမည် ဆိုလျှင်တော့ ရီးကျေးဥ ၀မ်းသာလိုက်ရမယ့် ဖြစ်ချင်း။

တစ်ရက်မှာတော့ မအိမ်မြိုင်က အိမ်ကြီးကို ဖွင့်ကြည့်ချင်သည် ဆိုလာခဲ့၏။ ပဲမှော်တိုက် ထဲကို ရနိုင်သလောက် ၀င်ကြည့် ချင်သည် ဆို၏။ အိမ်မကြီးကို သော့ရယ်လို့ ခတ်ထားတာ မဟုတ်ဘဲ တံခါးမကြီးကို သစ်သားနှစ်ချောင်း ကန့်လန့်ရိုက် ပိတ်ထားလိုက်ခြင်းသာ ဖြစ်သည်။ ဦးဖိုးတုတ်က သစ်သား နှစ်ချောင်းကို ခွာကာ ဖွင့်ပြသည်။ ရီးကျေးဥ ကိုယ်တိုင်ပင် အိမ်မကြီးထဲကို မရောက်တာ ကြာပြီဆိုတော့ အောက်ထပ်ရော၊ အပေါ်ထပ်ပါ လိုက်ကြည့်ခဲ့ ပါ၏။ ဖုန်တွေက ထုကြီးတက်လျက်။ တံခါးတွေက ဖွင့်လိုက်တိုင်း ညည်းသံ ထွက်နေကြ သည်။ ပိတ်ထားခဲ့စဉ်က အတိုင်း ပျဉ်နံရံတွေမှာ ကိုပြေသိမ်း မြေဖြူနှင့် ရေးခြစ်ထားသော အင်္ဂလိပ်စာတွေ၊ ဂဏန်းတွေ ရှိသေးသည်။ မအိမ်ကံ၏ အ၀တ်အစား သေတ္တာများနှင့် အ၀တ် အစားတွေကလည်း သည်အတိုင်း။ ရီးကျေးဥက မအိမ်ကံ အ၀တ်ဟောင်းတွေကို လှူပစ်ချင်ခဲ့ သော်လည်း သူ့သဘောနှင့် သူ မလုပ်လို သဖြင့် သည်အတိုင်း ခေါက်ရိုးမပျက် ရှိနေခြင်း ဖြစ်သည်။ မအိမ်မြိုင် သည်လို လိုက်ကြည့်တာ အိမ်ကြီးပေါ်မှာများနေချင်ရော့လား။ နေချင်တော့လည်း နေရုံပေါ့။

“အဖေနဲ့အမေ့ကို လွမ်းလို့ လိုက်ကြည့်သာပါ ကျေးကျေး ရယ်။ သည်လို မြင်ရပြန်တော့ အရိပ်တွေက ခြောက်လှန့်နေ သလိုပဲ။ မြိုင့်ရှေ့ရေးကို ဘကြီးနဲ့ တိုင်ပင်ရဦးမယ်။ ထနောင်း တိုင်က အမျိုးတွေ ဆီကိုလည်း မြိုင်သွားမှာပါ။ သည်အိမ်ကြီး ပေါ်ကို မြိုင်နေလို့ မဖြစ်ပါဘူး။ မြိုင်လေ အမေ့ကို ခုထိ ကြောက်နေမိတုန်းပဲ”

မအိမ်မြိုင်က သူ့ရှေ့ရေးကို တွေးပြီးသားဖြစ်လိမ့်မည်။ မြိုင်နှင့်ခိုင်တို့ညီအစ်မအတွက် အမွေတွေကို ဘကြီးမြတ်သာ ကိုင်ထားတာဆိုတော့ ပူစရာမရှိ။
“ပဲမှော်တိုက် ကတော့ ပြိုလုလုရယ်။ အတွင်းကို မ၀င်စေ ချင်ဘူး။ ချုံတွေ၊ နွယ်တွေ တိုးဖို့ရာလည်း မလွယ်ဘူး။ တိုင်တွေက တစ်ဖက်ကျွံပြီး စောင်းနေသာလေ။ ညည်း ဘကြီး မြတ်သာက မဖြိုရဘူးပြောခဲ့သယ်”

“ချုံတွေ၊ နွယ်တွေရှင်းပြီး ပဲမှော်တိုက်ကို ပြန်တည့်ရင်ကော ကျေးကျေး”

“ကြမ်းတွေ ဆွေးပြီ။ ရက်မတွေ၊ ဆင့်တုံးတွေ၊ စရွေး တွေချောင်ကုန်ပြီ။ ကျေးကျေး သဘောကတော့ မလုပ်စေချင်ဘူး။ ပြီးတော့ မရှိကောင်းတော့ဘူး ထင်သာပဲလေ”

“ဟုတ်ပါသယ်လေ”

ချည်ထုပ်အဟောင်းတွေ၊ အထည်ရက်ပြီးသား အထုပ်တွေ၊ ဆိုးဆေးတွေ၊ ဆိုးဆေးအင်တုံကြီးတွေ၊ ရက်ကန်းပစ္စည်း ဟောင်းတွေကတော့ အိမ်ထောင့် တစ်နေရာမှာ ရုံထိုးပြီးထား သည်။ ဖုန်တသောသော ရက်ကန်းစင်ဟောင်း တွေက မိုးရွာ အစို၊ နေပူအခြောက်။ ဒါတွေမြင်ရပြန်တော့ အသစ်ဖြစ်ရပါ၏။ ရီးကျေးဥက အ၀တ်အစား ပါမလာသော မအိမ်မြိုင်ကို မအေ့ အ၀တ်အစားတွေ ယူဝတ် ပါလို့ပြောခဲ့သည်။ သည် အ၀တ်အစားတွေ ညည်းအတွက် ထားခဲ့သလို ပါပဲအေလို့ ဆိုခဲ့သည်။ မအိမ်မြိုင်က များလှသော အ၀တ်အထည် တွေကို ထုတ်ကြည့်ရင်း မျက်ရည်တွေ ကျနေခဲ့ပါ၏။

“ဒါတွေ မြင်ရတော့လည်း သွားလေသူကြီးကို သတိရ လိုက်သာအေ။ ညည်းနဲ့ ညည်းအမေပြန်များ ဆုံလိုက်ရရင် သည်လိုဖြစ်လိမ့်မယ် မထင်ဘူး။ မအိမ်မြိုင် ခိုးရာ လိုက်သွား ပြီဆိုသာ ကြားတဲ့နေ့က ဒေါသတွေ ကြီးလိုက်သာအေ။ မြစ်နား ရွာတွေမယ် ၀ါဆိုဝါခေါင် ရေတိုးချိန် ကမ်းပါးပြိုသလိုပါပဲ။ ညည်းကို တော်တော် မျှော်လင့်ရှာသယ်။ သူ့တုန်းက မဖြစ်ခဲ့တဲ့ ကွမ်းတောင်ကိုင် ငါ့သမီးကျ ဖြစ်ရစေ့မယ် ရယ်လို့ အနှစ်လေး ဆယ်လုံးလုံး စောင့်ခဲ့ရရှာ သူပါအေ။ ညည်းအကြောင်းကြားတော့ တုန်လှုပ်သွား သလောက် ဆရာလေး ကိုပြေသိမ်း ဆုံးသွားတဲ့ အခါ ငြိမ်သွား ခဲ့သယ်။ မအိမ်ကံ သည်လောက် မငြိမ်ဖူးဘူး။ ချက်ချင်းပဲ တရားရသွား သလို ငြိမ်သက်သွားသာ ဆိုတော့ ကျေးကျေးလည်း မထင်ခဲ့ဘူး။ အဲသည့်ရက်က ရွာမှာမကြုံ ဖူးတဲ့ အလှူကြီး ကလည်း ရှိသယ်။ ညည်းသိသားပဲ။

ဒါပေသိ သမီးမရှိတော့ဘူး ဆိုတဲ့ နောက် မှုံနံ့သာ ကွမ်းတောင် ကိုင်တော့မယ် ဆိုသာလည်း ကြားရော ဆောက်တည်ရာ မရရှာတော့ဘူး ပြောပါတော့အေ။ သူဟာ ညည်းတို့နဲ့ တစ်နေ့ ခွဲရတော့မယ်ဆိုသာ သိသူပါ။ သမီးနှစ်ယောက် မြို့ကျောင်းရောက်လို့ ပညာတွေ စုံကြရင် ရွာကို ပြန်စောင်းငဲ့ကြမယ် မဟုတ်ဘူးဆိုသာ သူသိပါသယ်။ လင်ယောက်ျား ဆန္ဒ ပြည့်ဝပါစီတော့ ရယ်လို့ သမီးတွေ ပညာတတ် ဖြစ်သွားရင် ပြီးရောလို့ သဘောထားရှာသယ်။ သူကတော့ တစ်ယောက်တည်း တောမှာပဲ ကျေးကျေးတို့နဲ့ နေရ တော့မယ် ဆိုသာလည်း တွက်ပြီးသားအေ့။ ညည်းအမေ ကွမ်းတောင် ကိုင်စေချင်သာ ကွမ်းတောင်ကိုင်ဆိုတဲ့ ပကာသနကို မက်လို့ မဟုတ်ဘူး။ ကွမ်းတောင်ကိုင်ဆိုသာ စည်းတွေ ကမ်းတွေနဲ့ ရွေးချယ်ထားတဲ့ ရွာ့မိန်းမကောင်း ဆိုသာကို မက်သာ။ တန်ဖိုးရှိတဲ့ မိန်းမဆိုသာကို လိုချင်ရှာသာ။ ရွာ့ကျက်သရေကို ဆောင်နိုင်တဲ့ မိန်းမမြတ်ဆိုတဲ့ ဂုဏ်ကို ခံချင်ရှာသာ။

ဒါပေမယ့် ရှင်အိမ်ကံက အရှုံးကို ရင်မဆိုင်ဝံ့ ရှာဘူး။ သူ့ဘ၀မှာ အမြဲတမ်း နိုင်ခဲ့သူ ဆိုတော့ သူရှုံးရမှာကို သေမလောက် ကြောက်ရှာသယ်။ အသက်နဲ့ လဲပြီး အနိုင်ယူလိုက် မဟဲ့ရယ်လို့ သူတွေးမိခဲ့ ပုံရသယ်။ မှန်ပါသယ်။ သူသည်လို လုပ်လိုက်တော့ မှုံနံ့သာ ကွမ်းတောင်ကိုင် မဖြစ်ရရှာတော့ ဘူးပေါ့။ လာဘ်ဦး လွဲရသယ်ပေါ့လေ။ တကယ်တော့ မအိမ်ကံမှာ အငြိုးတွေ၊ အာဃာတတွေ၊ မကောင်းတဲ့ စိတ်တွေနဲ့ လက်စားချေခဲ့သာမျိုး မဟုတ်ဘူးဆိုသာ ကျေးဥယုံသယ်။ သည်ကိစ္စနဲ့ ပတ်သက်ပြီး သူအခါခါ ရှုံးခဲ့ရခြင်း အပေါ် မခံမရပ်နိုင် လွန်းလို့ နိုင်ပေါက်ကို တိုးဝင်သွား ခဲ့ရှသာပဲ။ သည်တော့ သူနိုင်သယ်လို့ ကျေကျေနပ်နပ်ကြီး ခံယူ သွားရှာသာ ပေါ့အေ။ ဒါပေသိ အနိုင် မကျန်ခဲ့ဘူး။ အကျည်းတန်သာ ကျန်ခဲ့သယ်”

ရီးကျေးဥက ပါးပြင်ပေါ်က တလိမ့်လိမ့် ကျဆင်းလာသော မျက်ရည်တွေကို သုတ်သည်။ ငယ်ကပေါင်းခဲ့သည့် ငယ်ပေါင်းသူငယ်ချင်းမအပေါ် အပြစ်ရယ်လို့ မြူမတင်စေချင် တော့ပါ။
“ကိုင်း ပြီးခဲ့သာတွေလည်း ပြီးပါပြီလေ။ မှိုတစ်ကျင်း မြင်းတစ်ပြေးတဲ့။ မှိုကျင်းများ ကောင်းမိရင် မြင်းတစ်ပြေးစာ တမျှော်တခေါ်ကြီး နုတ်လို့ မနိုင်ဘူး။ အကုသိုလ်များလည်း အဲသလိုပဲ။ တမျှော် တခေါ်ကြီးအေ့။ မဆုံးနိုင်ဘူး။ သံသရာက ပါကရောပေါ့လေ”

လမ်းပေါ်မှာ လှည်းတွေ တအီအီ။ ဇောင်ချမ်းကုန်း ရွာကတော့ ပူပြင်းသော နယုန်လနေရောင်တွင် စူးစူးတောက်လျက် ရှိ၏။ အိမ်ကြီးပေါ်က ဆင်းလာကြတော့ မအိမ်စိုက လှေကား ဆံတွေမှာ ရိုက်ထားသော ငွေမတ်စေ့ ကလေးတွေကို နင်းကာ နင်းကာ ဆင်းလာခဲ့သည်။ ရီးကျေးဥက ဒါကိုမြင်လိုက်တော့ အမှတ်တရ ပြောလိုက်ပါ၏။

“ညည်းအမေ ရှင်အိမ်ကံလည်း အဲသလိုပဲ လှေကား အတက်အဆင်းတိုင်း မတ်စေ့ပြားတွေကို နင်းနင်းတက်သယ်၊ နင်းနင်းဆင်းသယ်။ အဲသာ တစ်သက်လုံးပဲ။ သေချာပါသယ် အေ။ ညည်းသမီးက ရှင်အိမ်ကံပါ။ မဟုတ်မှသာ လွဲကရော”

“မြိုင်နဲ့ သက်ဦးဝေ တောထဲမရောက်ခင် ရန္တပိုရွာကလေး မှာ တစ်လနီးပါးလောက်ခိုခဲ့ကြရသယ်။ လူကြီးတွေက ရှာလေသလား မသိပါဘူး ကျေးကျေးရယ်။ အမေ့ကို သတိရလိုက်သာ မပြောပါနဲ့တော့။ ရန္တပိုက သက်ဦးဝေရဲ့သူငယ်ချင်း တစ်ယောက်ရဲ့ ရွာပါ။ ရန္တပိုရွာမှာ မြိုင်တို့ ဆက်သွယ်တဲ့ လူ မလာမချင်း အောင်းနေခဲ့ကြသယ်။

“တစ်နေ့တော့ လူတစ်ယောက်က မြိုင်တို့ကို လှေကလေး တစ်စီးနဲ့ လာခေါ်သယ်။ မြိုင်တို့ အဆက်အသွယ် လုပ်တဲ့ လူတော့ မဟုတ်ဘူး။ ကြားလူပါ။ ဒါပေသိ စိတ်ချရမှန်း သိလို့ လိုက်သွားခဲ့ကြသယ်။ မြိုင်နဲ့ သက်ဦးဝေတို့ အကြင်လင်မယား အဖြစ် ပေါင်းဖက်ခဲ့ကြပြီ ဆိုတော့ နှစ်ယောက်အားနဲ့ အကြောက်အရွံ့ မရှိခဲ့ကြဘူး ကျေးကျေးရဲ့။ သည်လူကပဲ တစ်ဖက်ကမ်းကို ကူးပြီး မြေတော်နယ် တစ်ကြောကိုဖြတ်ပြီး ရွာတစ်ရွာကို လိုက်ပို့သယ်။ အဲသည်ကမှ ပခုက္ကူဘက်ကို ကူးဖို့ပါ။ အဲသည် ရွာမှာ ခဏ ခိုကြရင်း ကြာလာတော့ မြိုင် တစ်ရက်မှ မနေချင် တော့ဘူး။ ခက်တာက တောထဲကို ၀င်ဖို့ဆိုသာ အဆက်အသွယ် မရှိဘဲ မဖြစ်ဘူးကိုး။ နောက်တော့ လူတစ်ယောက် လာခေါ် ပါသယ်။ သည်လူကလည်း အဖေ ကျဆုံးသွားပြီ ဆိုသာ မကြား ပါဘူးလို့ ပြောတော့ မြိုင် အားတက်သွားမိသယ်။ သူခေါ်ရာ နောက်ကို လိုက်ရင်း အဖေကျသွားပြီ ဆိုသာ မဟုတ်ပါစေနဲ့လို့ မြိုင်တစ်လမ်းလုံး ဆုတောင်းသယ်။

“ပြောကြစတမ်းဆိုရင် မြိုင်တို့မှာ နိုင်ငံရေးနဲ့ ပတ်သက်လို့ တောထဲဝင်ဖို့ အထိ စိတ်ရှိကြသာ မဟုတ်ပါဘူး။ မြိုင့်စိတ်ထဲမှာ တစ်ခုပဲရှိသယ်။ အဖေ ရှိသေးရင် မြေပေါ်ကို ပြန်ခေါ်မယ်။ အမေ့ကို စိတ်ချမ်းသာစေ ချင်သယ်။ မြိုင်တို့ ညီအစ်မ ပညာစုံကြရင် အဖေနဲ့ အမေ့ကို လုပ်ကျွေးမယ်။ မြိုင့်စိတ်ကူးတွေ ပေါ့လေ။ မြိုင်တို့ကို လိုက်ပို့တဲ့သူက တောတွင်းမှာ အခြေအနေ မကောင်းပုံတွေကို ပြောပြသယ်။ ဒါတွေထားပါတော့ ကျေးကျေးရယ်။ မြိုင်တို့လည်း ဝေခွဲရခက် နေသာပေါ့။ မြိုင်တို့ တောထဲရောက်ပြီး တောတွင်း အဖွဲ့အစည်းနဲ့ ဆက်သွယ်မိပြီဆိုရင် မြိုင်တို့ လွတ်အောင်ရှောင်ရတော့မယ်။ သည်တော့ နယ်မကျွံခင် စဉ်းစားကြရသာပေါ့။ သက်ဦးဝေက တောထဲ မ၀င်ဘဲ ရွာတစ်ရွာမှာ အခြေချပြီး သတင်း စုံစမ်းကြည့်ချင်သယ်လို့ ပြောတော့ မြိုင်လည်း သဘောတူလိုက်သယ်။ စမ်းတ၀ါးဝါး လိုက်နေသာနဲ့ စာရင် သေချာမှ လိုက်ခေါ်သာ ကောင်းမှာကိုး။

“မြိုင်တို့ အဲသည်ရွာမှာ ရှိတုန်း မြိုင်တို့ကို ခေါ်လာတဲ့ လူက နောက်လူတစ်ယောက်ကို ခေါ်လာခဲ့သယ်။ သူက အဖေနဲ့ အတူ နေခဲ့တဲ့လူ။ ဦးဘသောင်းတဲ့။ မြင်းခြံနယ်သားပဲ။ သူက သတင်း နှစ်ခုပေးသယ်။ နှစ်ခုစလုံး မကောင်းတဲ့ သတင်းတွေပါ ကျေးကျေးရယ်။ သူက အဖေ ကျဆုံးသွားသယ်ဆိုတာ အမှန်ပဲတဲ့။ သူ့မျက်စိရှေ့မှာ တွေ့မြင်လိုက်ရတဲ့ အဖေကျဆုံး ပုံတွေပြောပြတော့ မြိုင်ဖြင့် ကြောက်လိုက်သာ။ တောထဲ မလိုက်ကြနဲ့၊ အခြေအနေတွေက တော်တော့်ကို ဆိုးနေလို့ ပြောသာတဲ့။ နောက်သတင်းက အမေ ဇောင်ချမ်းကုန်းမှာ ဆုံးရှာပြီဆိုတဲ့ သတင်းပဲ။ အဲသည်အချိန်မှာ မြိုင် မူးလဲသွားခဲ့သယ်။ ရွာကပဲ ဆေးဝါးကုသ ပေးကြသယ်။ မြိုင့်မှာ ကိုယ်ဝန် ရှိနေပြီဆိုသာ သိလိုက်ရပြီ။

လေးစားစွာဖြင့်
ရီနိုမာန်

No comments: