August 15, 2012

ချောင်းသာမှာ ခရီးဆုံးပြီ

မန္တလေးမှာ လည်လို့ပတ်လို့ပြီးတော့ ညနေပိုင်း ၅နာရီလောက်မှာ ဟိုတယ်ကို ချက်အောက်လုပ်လိုက်ပြီး ကားဂိတ်ကို ၇နာရီလောက်မှာ ကျွန်တော်တို့ မနက်က လျှောက်လည်ခဲ့တဲ့ ကားကိုပဲ ထပ်ငှားထားလိုက်ကြတယ်။ မန္တလေးရောက်တော့ ဘာလက်ဆောင်မှမဝယ်ပြန်ရင်လဲ မကောင်းဘူး။ အိမ်လည်း ပြန်ရတော့မှာမို့ မန္တလေးထိုးမုန့်ကို တစ်ယောက် ငါးဗူးစီ ဝယ်လိုက်ကြတယ်။ နှစ်ယောက်ပေါင်း ဘယ်သွားသွား ဘာစားစား ဘာဝယ်ဝယ် စုထားတဲ့ ပိုက်ဆံထဲက ပဲ သုံးကြတယ်။ ခုမုန့်ဝယ်တော့လဲ အဲအထဲကပဲ သုံးကြတယ်။ ကားဂိတ်မဆင်းခင် ရန်ကုန်- ချောင်းသာ ကားဂိတ်ကို ဘိုကင်အရင် ဖုန်းနဲ့ လုပ်လိုက်တယ်။ ညစာစားဖို့ လမ်းမှာ ရပ်ပေးတယ်။ ကားတွေရပ်တဲ့ နေရာက တော်တော်လေးကို ပြောင်းလဲသွားတာပဲ။ အရင်တုန်းကလို မဟုတ်တော့ဘူး။ သပ်သပ်ရပ်ရပ်လေ။ ဘယ်နားလဲလို့တော့ မေးကြည့်လိုက်သေးတယ်။ ဒါပင်မဲ့ ကျနော် မမှတ်မိတော့ဘူး။ 

ဒီလိုနဲ့ ကျနော်တို့ ရန်ကုန်ကို မနက်လေးနာရီလောက်ကြီး ရောက်လာကြတယ်။ ချောင်းသာကား မနက်၆ နာရီထွက်မှာ ဆိုတော့ အချိန်က တော်တော်လေး မှီသေးတယ်။ ဒါနဲ့ ကားငှားပြီး ချောင်းသာကားဂိတ်ကို ထွက်လာခဲ့ကြတယ်။ အဲကွန်ကားတွေက ညပိုင်းမှ ထွက်ကြတာများတယ်။ ကျနော်တို့ကလည်း အချိန်မကုန်ရအောင်လို့ ရတဲ့ ကားနဲ့ လိုက်လာခဲ့ကြတာပေါ့။ ရိုးရိုးဟီနိုးကားကြီး။ ကားပေါ်မှာ လူသိပ်မပါဘူး။ နိုင်ငံခြားသားတွေတော့ လေးယောက်လောက် ပါတယ်။ လမ်းမှာ ကုန်တွေပဲ ရသလောက်တင်ပြီး ထွက်လာခဲ့လိုက်ကြတာ ချောင်းသာ မရောက်ခင် ဥတိုတံတားကို ရောက်တော့ အရင်တုန်းက ရုံးအဖွဲ့နဲ့ ပထမဆုံးအကြိမ်လာတုန်းက ဒီတံတားပေါ်ရောက်တော့ မန်နေဂျာအမကြီးက လှမ်းအော်တာကို သွားသတိရတယ်။ ချောင်းသာနဲ့ တော်တော်လေးနီးပြီ။ သေသေချာချာနားထောင်ကြ လှိုင်းသံတွေ ကြားရလိမ့်မယ်တဲ့။ အဲဒီအချိန်တုန်းက အသည်းအသန် နားထောင်ကြည့်နေတာကိုလည်း သတိရမိပါတယ်။
ချောင်းသာကိုရောက်တော့ ကျနော်တို့ အန်ဘို ဟိုတယ်ရှေ့မှာ ဆင်းလိုက်ကြတယ်။ ဘိုကင်တော့ တင်မထားဘူး။ အခန်းကြည့်မယ်ဆိုပြီး အခန်းတွေ လိုက်ကြည့်ကြတယ်။ ပင်လယ် မျက်နှာစာ မဟုတ်တဲ့ နေရာက ၂သောင်းခွဲ၊ မျက်နှာစာက သုံးသောင်းခွဲ ၊ နောက်တစ်နေရာက ပင်လယ်နဲ့ ပိုနီးတယ်။ သူက လေးသောင်းခွဲ။ ကျနော်တို့ သူငယ်ချင်းနှစ်ယောက်ကတော့ သုံးသောင်းခွဲအခန်းကို အဲကွန် မသုံးဘူးဆိုတာကြောင့် သုံးသောင်းနဲ့ ပေးတယ်။ 
ဒီပုံလေးကတော့ ကျနော်တို့နေခဲ့တဲ့ အခန်းပါ။ နှစ်ညအိပ်ကို စိတ်ရှိလက်ရှိနေခဲ့ကြတယ်။ မနက် တစ်ခါ ညနေတစ်ခါ ရေဆင်းဆော့ကြတယ်။ ကမ်းခြေမှာ လိုက်ရောင်းတဲ့ ပုဇွန်ကင်၊ ငါးကင်တွေဝယ် စားကြတယ်။ ညနေပိုင်း ရေမချိုးခင် အုန်းရည် ဝယ်သောက်ကြတယ်။ 



မနက်စောစောထပြီး ဘုရားရှိတဲ့ ဖက်ကို လမ်းလျှောက်ထွက်ခဲ့ကြပြန်ပါတယ်။

ညနေပိုင်း ရေကူးပြီတော့ ပင်ပန်းလို့ အခန်းထဲမှာ နားနေတုန်း လေတွေ တအားတိုက်လာလို့ အပြင်ထွက်ကြည့်တော့ တော်တော်လေး လှတဲ့ မြင်ကွင်းကို မြင်ခဲ့ရပြန်ပါတယ်။ တော်တော်လေးကြာအောင် ကျနော် ရပ်ကြည့်နေမိပါတယ်။


၂ညအိပ်ပြီး နောက်နေ့ မနက်မှာတော့ ရောက်တဲ့ နေ့ကတည်းက ဝယ်ထားတဲ့ အဲကွန်ကားနဲ့ ရန်ကုန်ကို ပြန်လာခဲ့ကြပါတယ်။ ကျနော်တို့ ခရီးစဉ်လေးကတော့ ဒီမှာပဲ အဆုံးသတ်သွားပါပြီ။ ကျနော်နဲ့ လိုက်တဲ့ သူငယ်ချင်းက သူ့အတွက် ပထမဆုံး ရောက်ဖူးတာ ဖြစ်ပင်မဲ့ ကျနော်အတွက်တော့ ရောက်ဖူးနေကျ နေရာလေးတွေပါပဲ။ ဘယ်အချိန် သွားသွား သွားလို့ မဝတဲ့ နေရာလေးတွေပါပဲ။ ဒီခရီးစဉ်ပြီးတော့ နောက်တစ်ခေါက် ဒီလိုမျိုး ပြန်ဖြစ်ခဲ့ရင် ရှမ်းပြည်အရှေ့ပိုင်း လာရှိုးဖက်ကို သွားကြမယ်လို့ စိတ်ကူးထားပါတယ်။ အဲနေရာကတော့ ကျနော် တစ်ခေါက်မှ မရောက်ဖူးသေးတဲ့ နေရာပါ။

နောက်ဆုံးကျနော်တို့ သူငယ်ချင်းနှစ်ယောက် စုစုပေါင်း ကုန်ကျစရိတ်ကို တွက်လိုက်တော့ ခရီးစဉ် စ လယ် ဆုံး စုစုပေါင်း ၈ သိန်းကုန်ပါတယ်။ တစ်ယောက်ကို လေးသိန်းစီပေါ့။ တကယ်ကို ကျေနပ်ဖို့ ကောင်းတဲ့ ခရီးဖြစ်ခဲ့ပါတယ်။

လေးစားစွာဖြင့်
ရီနိုမာန်

5 comments:

ko said...

လားရှိုးမှာတော့ လည်စရာတွေပေါတယ်ဗျ ရောက်အောင်သွား

mstint said...

ချောင်းသာအလွမ်းပြေလေးဖတ်ရင်း ရိုက်ချက်တွေကို ကြည့်သွားတယ် ရီနိုရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

SHWE ZIN U said...

အင်း ရီနိုမာန်ရေ

ပျော်စရာကြီး အမလည်း အဲလိုခရီးထွက်ရရင် အသွားမှာ သိပ်ပျော်တယ် အပြန်ခရီးကို မုန်းတယ်
အိမ်မက် တွေက နိုးထရမှာစိုးလို့

ခင်မင်တဲ့
အမရွှေစင်

Unknown said...

ခရီးရှည်သွားတာဆိုတော့ ဝတ်ပြီးသားအဝတ်တွေ တည်းခိုတဲ့
ဟိုတယ်မှာ လျှော်တာလား

Ree Noe said...

ဟုတ်တယ်ဗျ။ ရောက်တာနဲ့ အပ်ထားလိုက်တာ။ နောက်နေ့ ပြန်ခါနီးတော့ ရပြီ။