August 13, 2012

ဝါဆို ဝါခေါင် ရေတွေကြီးတော့...

ဒီတစ်ခေါက် ကျွန်တော် အိမ်ပြန်သွားတာ အမှတ်တရ ဖြစ်စေတဲ့ အကြောင်းအရာတွေ အများကြီး ရခဲ့တယ်။ အမှတ်တရတွေ အများကြီးထဲမှာမှ မှတ်မှတ်ရရဖြစ်နေတဲ့ အကြောင်းလေးကို သူငယ်ချင်းတွေနဲ့ တွေ့တိုင်း ပြောပြောပြနေမိတယ်။ ကျွန်တော်နေတဲ့ အိမ်လေး အကြောင်းကို အရင်းပြောပြမှ ရလိမ့်မယ်။ လွယ်လွယ်မြင်အောင် ပြောရမယ်ဆိုရင် ကျွန်တော်နေတဲ့ အိမ်လေးက ကရင်ပြည်နယ် ဘားအံမြို့ မှာရှိတယ်။ ဘားအံမြို့ပေါ်မှာလား ဆိုတော့ မဟုတ်ဘူး။ ဘားအံကိုရောက်ဖို့ သံလွင်မြစ်ကို ဖြတ်ရတယ်။ သံလွင်မြစ်ကို မရောက်ခင် မြိုင်ကလေး ဘိလပ်မြေစက်ရုံရှိတယ်။ သံလွင်တံတား မဆောက်ခင်ကတော့ ဘားအံကိုရောက်ဖို့ ကုန်တင်သင်္ဘောနဲ့ သံလွင်မြစ်ကို ဖြတ်ပြီး မှ ဘားအံကိုရောက်တယ်။ အဲဒီအချိန်တုန်းကတော့ မြိုင်ကလေးက စည်းကားတယ်လို့ ပြောလို့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြိုင်ကလေးကနေကူးမှ ဘားအံကိုရောက်မှာဆိုတော့ လူတွေရော၊ ကားတွေရော အကုန်လုံး ဇတ်ဆိပ်မှာ စည်းကားနေတာပေါ့။

အဲအချိန်တုန်းက သာမည ဆရာတော်ဘုရားကြီးက နာမည်ကြီးနေတဲ့ အချိန်ဆိုတော့ကာ မြိုင်ကလေးဇတ်ဆိပ်ဟာ ပွဲတော်အလာ ဖြစ်နေတော့တာပေါ့။ ခုနောက်ပိုင်း သံလွင်တံတားကြီးဆောက်ပြီးသွားတဲ့ အချိန်မှာတော့ ခုနက စည်းကားနေပါတယ် ဆိုတဲ့ သင်္ဘောဆိပ်ဟာ သုသာန်တစ်ခုမှာ ရှိတဲ့ ဇရပ်တစ်ဆောင်လိုပါပဲ။ ခြောက်ကပ်သွားလိုက်တာ ဘာဆိုဘာမှ မရှိတော့အောင်ပါပဲ။ ကျွန်တော်ကတော့ သဘောကျတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြိုင်ကလေးဖက်က လှမ်းကြည့်လိုက်ရင် မြင်နေရတဲ့ ရွှေရင်မျှော်ဘုရားကို သည်ဖက်ကမ်းကနေ ငေးမောကြည့်နေရတဲ့ အရသာကို ကျွန်တော် အရမ်းနှစ်သက်လို့ပါ။ ကျွန်တော်အိမ်ပြန်တိုင်း မသွားမဖြစ်တဲ့ နေရာတွေထဲက ဒီနေရာဟာလည်း တစ်ခု အပါအဝင်ပေါ့။ ကျွန်တော်နဲ့အတူ လိုက်လည်တဲ့ သူငယ်ချင်းတွေကိုလည်း အမြဲပို့ပေးဖြစ်တယ်။ 


အမှန်တိုင်းပြောရရင် ကရင်ပြည်နယ်က ကျွန်တော့်ဇာတိလည်း မဟုတ်ဘူး။ ဒါပင်မဲ့ အမေဖက်က ဆွေမျိုးတွေက ဘားအံမှာ အခြေချတာများတယ်။ အမေ့ကလည်း ဆွေမျိုးတွေနဲ့ နီးတဲ့ နေရာမှာ နေချင်တာကြောင့် ကရင်ရွာထဲမှာ ခြံဝယ် အိမ်ဆောက်ထားလိုက်ကြတယ်။ ပထမတော့ အဲအိမ်မှာ မနေသေးပဲ အဖေတာဝန်ကျတဲ့ နယ်မှာပဲ အဖေနဲ့ အတူလိုက်နေကြတယ်။ အဖေဆုံးသွားမှ ကျွန်တော်တို့ ကိုယ့်အိမ်လေးမှာ ကိုယ်ပြန်နေဖြစ်ကြတယ်။ အရင်တုန်းကတော့ အဲအိမ်မှာ မနေချင်တာ အမှန်ပဲ။ ကျွန်တော်က ရန်ကုန်မှာမွေးတဲ့ ကောင်ဆိုတော့ ရန်ကုန်မှာ နေချင်တဲ့ စိတ်ကတော့ အမြဲပဲ။ ဒါပင်မဲ့ နေလာတာကြာတော့လည်း ကိုယ့်အိမ်လေးကို သံယောဇဉ်ဖြစ်မိသွားတယ်။ အခုချိန် အမေက ရောင်းမယ်ပြောရင်တောင် ကျွန်တော်က မရောင်းနိုင်တော့ဘူး။ ဟိုးအရင်တုန်းကတော့ ကျွန်တော်က ရောင်းချင်တယ်။ အမေက မရောင်းချင်ဘူး။ ခုတော့ အမေက ရောင်းချင်တယ် ကျနော်က မရောင်းချင်တော့ဘူး။ အေးအေးဆေးဆေး နေရတဲ့ ကိုယ့်အိမ်ကိုယ့်ယာကို မက်မောလာတက်ကြတာ အသက်ကပဲ စကားပြောလို့လား မပြောတက်ပါဘူး။

အခုဆို မြိုင်ကလေးမှာ ဘိလပ်မြေစက်ရုံက နှစ်ရုံတောင် ဖြစ်နေပြီ။ စက်ရုံသစ်နဲ့ စက်ရုံဟောင်းပေါ့။ ၇န်ကုန်ဖက်က လာရင် စက်ရုံသစ်ကို အရင်ဖြတ်ရတယ်။ စက်ရုံသစ်ကို ဖြတ်ပြီးမှ စက်ရုံဟောင်းကို ရောက်တယ်။ စက်ရုံဟောင်းကို ဖြတ်ပြီးရင်တော့ စက်ရုံဈေးဆိုတာ ရှိတယ်။ စက်ရုံဈေးကျော်လာရင်တော့ မြိုင်ကလေးလမ်းဆုံကို ရောက်ပြီ။ ဘာကြောင့် လမ်းဆုံဖြစ်နေရတာလည်းဆိုတော့ ရှေ့တည့်တည့်ကို သွားရင် ကျွန်တော်ခုနကပြောတဲ့ ဇတ်ဆိပ်ကိုေ၇ာက်မယ်။ ညာဖက်ကို ချိုးလိုက်ရင်တော့ သံလွင်တံတားကို သွားတဲ့ ဖက်။ ခုနောက်ပိုင်းကားတွေ တော်တော်များများက ညာဖက်ပဲ ချိုးသွားကြတယ်။ လမ်းဆုံကိုရောက်ပြီးဆိုရင်တော့ ကျွန်တော်တို့ အိမ်ကိုရောက်ဖို့ သိပ်မလိုတော့ဘူး။ အရင်တုန်းက ဆိုရင်တော့ အိမ်ကိုဝင်တဲ့ လမ်းထိပ်ရောက်မှ ကားကို ရပ်ခိုင်းလိုက်တယ်။ ခုနောက်ပိုင်း အိမ်ပြန်ရင် လမ်းဆုံမှာပဲ ဆင်းလိုက်တယ်။ လမ်းဆုံကနေ အိမ်အထိ လျှောက်လမ်းမှ ဂျပန်ပိတောက်ပင်တွေရဲ့ ရနံ့ကို ကျွန်တော် နှစ်သက်မိနေပြန်ပါတယ်။

ကျွန်တော်တို့အိမ်က ကရင်ရွာထဲမှာရှိတယ်။ ဘေးပတ်ဝန်းကျင်မှာလည်း ကရင်အိမ်တွေကြီးပဲ။ ကျွန်တော်တို့အိမ်က အဲရွာရဲ့ ပထမမြန်မာအိမ်လို့ ပြောလို့ရတယ်။ ကရင်ရွာထဲကို မြန်မာအိမ်ရောက်လာတဲ့ အတွက် သူတို့ မနှစ်သက်ကြဘူးဆိုပင်မဲ့ ဘာမှ တော့မပြောကြပါဘူး။ ဗုဒ္ဓဘာသာ ကရင်ရွာဆိုတော့ ဘုရားတရားလည်း အရမ်းရိုသေ ကိုင်းရှိုင်းကြတယ်။ တရွာလုံးလူကြီးတွေများတယ်။ လူငယ်တွေမရှိဘူးဆိုတာတော့ မဟုတ်ဘူး။ ရှိတယ်။ ၁၀တန်းအောက် ကလေးတွေတော့ရှိတယ်။ ၁၀တန်းရောက်ပြီးဆိုရင်တော့ ကောင်လေးကော၊ ကောင်မလေးကော တောင်ပေါ်တက်ကြတာ များတယ်။ ကျွန်တော်တို့အခေါ် တောင်ပေါ်ဆိုတာ ရှမ်းပြည်ကိုပြောတာ။ ရှမ်းပြည်ဆိုတာကလည်း မြန်မာပြည်မြေပုံထဲက ရှမ်းပြည်နယ် မဟုတ်ပြန်ပါဘူး။ ဘန်ကောက်ကို ကျွန်တော်ဖက်က တောင်ပေါ်လို့ခေါ်ကြတယ်။ တောင်ပေါ်ဆိုရင် လူတိုင်းသိပြီ။ ဘန်ကောက်သွားပြီး အလုပ်သွားလုပ်ကြတာမျိုးကို ပြောတာပါ။

ရွာထဲမှာ ဗုဒ္ဓဘာသာအိမ်တွေများတယ်ဆိုပင်မဲ့ ခရစ်ယာန်အိမ်တွေလဲ ရှိပါတယ်။ အများကြီးလာဆိုတော့ အများကြီးမဟုတ်ပါဘူး။ သေသေချာချာ လက်ချိုးရည်တွက်မယ်ဆိုရင် ၁၀အိမ်တောင် မပြည့်ပါဘူး။ ကျွန်တော်တို့ရွာထဲ စနေစတုန်းက ဘုရားရှိခိုးကျောင်းမရှိဘူး။ ဒါပင်မဲ့ ဆန်ဒေးတိုင်း ဘုရားရှိခိုးကြတယ်။ သုံးလေးနှစ်လောက်ရောက်တော့ ဘုရားကျောင်းမြေနေရာကိုသတ်မှတ်လိုက်ကြတယ်။ သိပ်အကြီးကြီးတော့ မဟုတ်ဘူး။ ၁၀နှစ်လောက်ကြာတော့ ဘုရားကျောင်းမှာ ခေါင်းလောင်းလေးတောင် တပ်ထားကြပြီးပြီ။ ဒါပင်မဲ့ ခရစ်ယာန်အိမ်ခြေကို ရေကြည့်လိုက်မယ်ဆိုရင် လက် ၁၀ချောင်း ခုထိမပြည့်သေးပါဘူး။ ဒါလည်း ကျွန်တော်တို့ ရွာလေးရဲ့ ထူးခြားချက်ပါပဲ။

ကရင်ရိုးရာအိမ်တွေက များသောအားဖြင့် ခြေတန်ရှည် အိမ်တွေများတယ်။ အုတ်ဖိနပ်ခံပြီး အိမ်တစ်အိမ်လုံးကို သစ်တွေနဲ့ပဲ ဆောက်လေ့ရှိကြတယ်။ ကျွန်တော်တို့ ရွာထဲမှာလည်း အဲလိုအိမ်တွေကြီးပဲ။ ပိုက်ဆံဘယ်လောက် ရှိရှိ အိမ်ကြီးကြီးတော့ ဆောက်ကြပါတယ်။ ခြေတန်ရှည်အိမ်တွေပဲ ဆောက်ကြတာ များတယ်။ အဲဒီကြားထဲမှ ကျွန်တော်တို့ အိမ်ကို အမေက အုတ်နဲ့ဆောက်လိုက်တယ်။ ရွာထဲက ဘယ်မှာနေလဲလို့ မေးရင် တိုက်အိမ်မှာ နေတယ်လို့ ပြောလိုက်တာနဲ့ ကျွန်တော်တို့ အိမ်ဆိုတာ သိပြီးသာပါ။ အခုနောက်ပိုင်းတော့ အိမ်တိုင်းလိုလို အုတ်နဲ့ ဆောက်လာကြပါပြီ။  တိုက်အိမ်ကလို့ ပြောရင် ဘယ်တိုက်အိမ်ကလည်းလို့ ပြန်မေးခံရမဲ့ အဖြစ်ပါ။

အိမ်တိုင်းက ခြေတန်ရှည် ဘာကြောင့် ဆောက်ကြတာလဲ ဆိုတာ ကျွန်တော် သေသေချာချာမသိခဲ့ပါဘူး။ အိမ်တိုင်းလိုလိုက ခြေတန်ရှည်ဖြစ်နေတာကြောင့် ရိုးရာတစ်မျိုး ဖြစ်နိုင်သလို၊ အကြောင်းတစ်ခုခုရှိလိမ့်မယ်လို့ ကျွန်တော် မထင်ထားခဲ့ဘူး။ ကျွန်တော်တို့ ရွာက သံလွင်မြစ်နဲ့ ကပ်လျက်။ ကျွန်တော်တို့ အိမ်ကတော့ သံလွင်တံတား မဆောက်ခင်ကတော့ ရွာစွန်းမှာပေါ့။ သံလွင်မြစ်နဲ့ တော်တော်လေး လှမ်းတယ်လို့ ပြောလို့ရတယ်။ သံလွင်တံတားဆောက်လိုက်တော့ တံတားသွားတဲ့လမ်းကို  ရွာနောက်ဖက်အခြမ်း ကျွန်တော်တို့ အိမ်ဖက်မှာ လမ်းလာဖောက်လိုက်တော့ ရွာစွန်းဖြစ်နေတဲ့ ကျွန်တော်တို့အိမ်ဖက်ခြမ်းက ခုနောက်ပိုင်းတော့ ရွာမျက်နှာစာ ပြန်ဖြစ်သွားခဲ့ရတယ်။ ကျွန်တော်တို့ စပြောင်းလာပြီး ဒုတိယနှစ်မှာ ခြေတန်ရှည်အိမ်တွေ ဘာကြောင့်ဆောက်ရသလဲ ဆိုတဲ့ အဖြေကို ကျွန်တော် ကောင်းကောင်းသိလိုက်ရပြီ။

ခုချိန် ခုလိုရာသီပေါ့....။ မြန်မာပြည်မှာ ရေတွေကြီးတဲ့ အချိန်လေ။ ဝါဆို၊ ဝါခေါင် ရေဖောင်ဖောင်ဆိုတာ သည်အချိန်ကို ပြောတာနေမှာ။ မိုးကကောင်း၊ သံလွင်မြစ်ရေက တက်ဆိုတော့ အိမ်ပေါ်ကနေ ကြည့်နေရင်း ကြည့်နေရင်းနဲ့ တစ်ရိပ်ရိပ်တက်လာတဲ့ ရေတွေ။ တော်သေးတယ်။ အမေက အုတ်ဖိနပ်ကို တော်တော်လေး မြင့်ထားလို့။ မဟုတ်ရင်... ရေတွေ အိမ်ထဲထိ ရောက်သွားနိုင်တယ်။ ရေတွေ တက်လာလိုက်ကြတာများဗျာ.... ဘယ်နှနာရီမှ မကြာဘူး။ လှေခါးထစ် ၂ထစ် မြုတ်သွားခဲ့ပြီ။ သည်အတိုင်းသာ ဆက်တက်နေမယ်ဆိုရင် အိမ်ပေါ်မှာ ရှိတဲ့ ပစ္စည်းတွေ အကုန် အမြင့်ပေါ် တင်ထားမှ ရတော့မယ်။ အမေနဲ့ ကျနော် ပစ္စည်းတွေ တင်ဖို့ လုပ်နေတုန်း မိုးနည်းနည်းစဲသွားခဲ့တယ်။  ကျွန်တော်တို့ သားအမိ နှစ်ယောက် ခုနက မီးသွေးခဲနဲ့ မှတ်ထားတဲ့ ရေမှတ်ကို သွားကြည့်လိုက်တော့ ရေတန့်နေတာကို သတိထားလိုက်မိတယ်။

ဒီလိုနဲ့ သားအမိနှစ်ယောက် အိမ်ပေါ်မှာပဲနေနေရတော့တယ်။ အပြင်ထွက်မယ်ဆို လှေကို လှမ်းခေါ်ပြီး လှေနဲ့ ဈေးသွားဝယ်ရတယ်။ လှေနဲ့ ကျောင်းသွားတက်ရတယ်။ မနေ့ညက အမေဆီကို ဖုန်းဆက်တော့ အမေက ကျွန်တော်ကို ပြောတယ်။

...... အမေ သားကို သတိရလိုက်တာ သားရယ်...တဲ့။ ဒီမှာ မိုးတွေအရမ်းရွာနေတယ်... တဲ့။ ရေတွေလည်း ကြီးနေပြီ....တဲ့။ ငါ့သားသာ ရှိရင် အိမ်ရှေ့က ရေထဲကို ဆင်းဆော့နေမှာ သေချာတယ်... တဲ့။

ဟုတ်မှာ...။ ကျွန်တော်ရေကြိုက်တာ အမေသိတယ်။ အမေနဲ့ ဖုန်းပြောနေရင်းနဲ့ ကျွန်တော် ကျွန်တော့်အိမ်လေးကို သတိရလိုက်တာဗျာ.....။

လေးစားစွာဖြင့်
ရီနိုမာန် 

2 comments:

ko said...

အကိုလား ညီလားတော့မသိဘူး ကျနော်က ၂၃ အင်းဗျာ ကျနော်လည်း ဒီလိုမိုးရာသီဆိုရင် အိမ်အရမ်းလွမ်းတာပဲဗျာ မောင်နှမတွေမရှိဘူးလားဗျ တစ်ယောက်ထဲလား ရေးတာကောင်းတယ်ဗျ

. said...

ကိုရီနိုရေ . . သားတစ်ယောက်ရဲ့ အမေ့ကို လွမ်းတယ်ဆိုတဲ့ စိတ်ဟာ . . ရေခြားမြေခြားမှာ ပို ထင်ရှားတယ် . . . ကျွန်တော်လည်း ကိုရီနို့လိုပဲ ထူတူထပ်မျှ အမေ့ကို သတိရနေတယ် . . .