March 26, 2012

ကလောမြို့လေးကို အလည်ရောက်လာ

ကျွန်တော်တို့ ကလောက Winner Hotel ကိုရောက်တဲ့ အချိန်မှာတော့ ညနေ ၇နာရီလောက်ရှိနေပါပြီ။ ဟိုတယ်မှာ Check In လုပ်၊ ရေမိုးချိုး ပြီး ညနေစာ ထွက်စားကြပါတယ်။ ကလောရဲ့ ရာသီဥတုကလည်း တောင်ကြီးထပ် နည်းနည်းလေး ပိုအေးတယ်လို့ ထင်ရပါတယ်။ ကျွန်တော်အတွက် ကိစ္စမရှိပင်မဲ့ ကျွန်တော် သူငယ်ချင်းကတော့ တော်တော်လေး အေးလို့ နေပါပြီ။ ဒါနဲ့ ညနေစာ မစားခင်မှာပဲ သူငယ်ချင်းအတွက် အနွေးထည်ဝယ်ဖို့ အနွေးထည်ဆိုင် လိုက်ရှာရပါပြီ။ ဟိုတယ်နဲ့ သိပ်ဝေးဝေးမဟုတ်တဲ့ လမ်းမကြီးဘေးမှာ ရှိနေတဲ့ဆိုင်လေးမှာပဲ ဝယ်လိုက်ကြပါတယ်။ ဆိုင်ရှင်လို့ ထင်ရတဲ့ အမျိုးသမီးကို သေသေချာချာ ကြည့်လိုက်တော့ ဘလောဂ့်ဂါ မမတွေထဲက အပျိုကြီး တစ်ယောက်နဲ့ ခပ်ဆင်ဆင်လေး တူနေပါတယ်။ ( ဘယ်သူလဲ လို့တော့ မမေးပါနဲ့တော့ဗျာ )

ရောက်တာကလည်း ညပိုင်းကြီးဆိုတော့ ဘယ်မှလည်း မသွားတော့ပဲ ညစာစားပြီး ဟိုတယ်ကို ပြန်လာခဲ့ကြတယ်။ ဒီညတော့ စောစော အိပ်ရာဝင်လိုက်ကြတယ်။ ဝင်းနားဟိုတယ် မှာ ကျွန်တော်တို့အတွက် Booking လုပ်တုန်းက တစ်သောင်းခွဲ( နှစ်ယောက်)ကို လုပ်ထားပင်မဲ့ ဟိုတယ်ကိုရောက်တော့ ကျွန်တော်တို့ကို နှစ်သောင်းခွဲတန်အခန်းနဲ့ တစ်သောင်းခွဲတန်အခန်းကို ယှဉ်ပြတော့ တစ်ညပဲ အိပ်မဲ့ ကျနော်တို့အတွက် နှစ်သောင်းခွဲတန် အခန်းကိုပဲ ကျနော်တို့ ယူလိုက်ကြတယ်။ အဲနှစ်သောင်းခွဲက နောက်နေ့ နေ့လည် ၁၂နာရီထိပဲ။ မန္တလေးကို ထွက်မဲ့ကားက ည ၈ နာရီမှ ဆိုတော့ နေ့လည် ၁၂နာရီကနေ ည ၈နာရီထိကို တစ်ယောက်ကို ငါးထောင်အခန်းကို ပြောင်းနေဖို့ ဆုံးဖြတ်လိုက်ကြတယ်။
 
မနက်စာ ထမင်းကြော်
၂၀ရက်ဇန်နဝါရီလ၂၀၁၂ရဲ့ နံက်ခင်းကိုတော့ ကျွန်တော်တို့ သူငယ်ချင်းနှစ်ယောက် ကလောမြို့ရဲ့ အလှနဲ့အတူ နိုးထလာခဲ့ကြပါပြီ။ မနက် ၇ နာရီလောက်မှာ အိပ်ရာကထ ရေမိုးချိုး အဝတ်လဲပြီး ဟိုတယ်က ကျွေးတဲ့ နံက်စာ ထမင်းကြော်စားပြီး ပထမဆုံးနှီးဘုရား တည်ရှိရာအရပ်ကို ကျွန်တော်တို့ သူငယ်ချင်းနှစ်ယောက် စတင်ထွက်လာခဲ့ကြပါတယ်။ ဟိုတယ်နဲ့ နှီးဘုရားမရောက်ခင် လမ်းတစ်ဝက်မှာ အသိအိမ် ကို အရင်ဝင်လိုက်တယ်။ စကားနည်းနည်းပြော နှုတ်ဆက်ပြီး ဘုရားရှိရာကို ကျွန်တော်တို့ ထွက်လာခဲ့တယ်။ 
 
နှီးဘုရားအား ဆရာတော် လေးပါးဖြင့် မ ပြနေသော ပုံ ဖြစ်ပါတယ်
ရွှေချဖို့ ဘုရားကိုယ်ပေါ်မှာ ရှိတဲ့ မကိုဋ်များ ချွတ်ထားတဲ့အချိန်နဲ့ ကြုံရပါတယ်။
ကျောင်းပေါ်က ဧည့်ခံတဲ့ လက်ဖက်
 
နှီးဘုရား တည်ရှိရာ တောင်ပေါ်ရောက်တော့ အရာရာပြောင်းလဲနေတာကို ကျွန်တော်မြင်တွေ့ လိုက်ရပါတယ်။ ကျွန်တော် မရောက်ဖြစ်တာလဲ ၁၀နှစ်နီးပါးလောက် ရှိရောပေါ့။ နောက်ဆုံးတစ်ခေါက် ရောက်ဖြစ်တုန်းက နှီးဘုရားတည်ရှိရာ ကျောင်းက သစ်ကျောင်းပဲ ရှိသေးတယ်။ ခုတော့ အုပ်ကျောင်းဖြစ်နေပြီ။ တော်တော်လေးကို ပြုပြင်ထားတာတွေ့ရပါတယ်။ ကျောင်းပေါ်
ရောက်တော့ ကျောင်းထိုင်ဆရာတော်ကို ဝထ္တူငွေ ကပ်ပြီး ဘုရားဝတ်ပြုကြပါတယ်။ လာသမျှဧည့်သည်ကို ဧည့်ခံတဲ့ လက်ဖက်ကို စိတ်ကြိုက် စားခဲ့ပါသေးတယ်။ ဘုရားက ဆင်းပြီး ရွှေဥမင် သဘာဝဂူကို သွားဖို့ တောင်ခြေကို လမ်းလျှောက် ပြန်ဆင်းခဲ့ကြပါတယ်။ ဆရာကြီးလုပ်ပြီး သူငယ်ချင်းကို ခေါ်လာခဲ့ခါမှ လမ်းမှားပြီး မြို့ထဲရောက်သွားခဲ့ရတယ်။ ဂူကိုရောက်ဖို့ တော်တော်ဝေးသွားမှန်း သိတော့ ကျွန်တော် ဆက်လမ်းမလျှောက်ချင်တော့ပါဘူး။ ဒါနဲ့ မြင်းလှည်းငှားပီး ကျွန်တော်တို့ သဘာဝဂူကို ထွက်လာခဲ့ကြပါတယ်။
 
ဒီမြင်းလှည်းနဲ့ ဒီဂူကို လာခဲ့တာပါ
ဂူအတွင်းပိုင်းမှ ပုံ

ဂူအပြင်ဖက်က ပုံ


ရွှေဥမင်သဘာဝဂူထဲမှာ ဘုရားဖူး ဓါတ်ပုံရိုက် ပြီးတော့ ခုနက ငှားခဲ့တဲ့ မြင်းလှည်းကိုပဲ ကလောဈေးထိ ပြန်ငှားလာခဲ့ရပြန်ပါတယ်။ မြင်းလှည်းခ ရှင်းတော့ ဦးလေးကြီးတောင်းတဲ့ ဈေးထပ် ကျွန်တော်တို့ ပိုပေးခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြင်းကို သနားလို့ပါ။ ( ကျွန်တော့် တစ်ယောက်ထဲနဲ့တင် သူတော်တော်လေး ဆွဲလိုက်ရမှာကိုး )
 ကလောဈေးနေ့ ( ဈေးအပြင်မှ မြင်ကွင်း)

ကျွန်တော်တို့ ရောက်တဲ့ နေ့က ကလောဈေးနေ့။ ဒါပင်မဲ့ ကျွန်တော်တို့ ဈေးထဲရောက်တော့ လူတော်တော်လေး ကွဲနေတဲ့ အချိန်ဖြစ်နေပြီ။ ဈေးထဲဝင်ပြီး ဒေသစာ လေးတွေစားမယ်ဆိုပြီး သဘာဝကျကျ ကျွန်တော်တို့ ဈေးကြီးထဲက ရှမ်းဆိုင်မှာပဲ ထိုင်စားခဲ့ကြပါတယ်။


နေ့လည်စာကိုတော့ ဟိုတယ်နဲ့ မျက်စောင်းထိုးမှာရှိတဲ့ မြန်မာဆိုင်လေးမှာပဲ သွားစားဖြစ်ခဲ့တယ်။ စားလို့လည်းကောင်းတယ်။ ဈေးလည်းသက်သာတယ်။ နှစ်ယောက်ပေါင်း ဟင်းလေးမျိုးမှာစားတာ ငါးထောင်ပဲ ကျတယ်။ အဲဒီဆိုင်ကို ဓါတ်ပုံတောင်း မရိုက်ဖြစ်လိုက်ဘူး။ ဒီလိုနဲ့ ကျွန်တော်တို့ နေ့လည် ပြန်နားလိုက်တယ်။ ညနေ လေးနာရီ ငါးနာရီလောက်ကျတော့ တစ်ခါ ဟိုတယ်အနီးအနား မြို့ထဲဖက်ကို လမ်းလျှောက်ကြပြန်ပါတယ်။ 


လမ်းလျှောက်ကြရင်းနဲ့ ဝက်သားဒုတ်ထိုးဆိုင် တွေ့တာကြောင့် သူငယ်ချင်းနှစ်ယောက် ဝင်ထိုင်စားလိုက်ပါသေးတယ်။ မြန်မာပြည်ပြန်ရောက်ရင် စားချင်တဲ့ အစာအစားတွေထဲမှာ ဝတ်သားဒုတ်ထိုးက ထိပ်ဆုံးက ပါနေတာကိုး။ ဒါပင်မဲ့ ကျွန်တော် ရန်ကုန်ရောက်တော့ ဝက်သားဒုတ်ထိုး မစားဖြစ်ခဲ့ပါဘူး။ ဒါကြောင့် ဒါလေးနဲ့ပဲ ကျေနပ်လိုက်ရပါတယ်။


ဒုတ်ထိုးဆိုင်ကနေ ဆက်လျှောက်လာတော့ ရှမ်းခေါက်ဆွဲဆိုင်ကိုတွေ့တော့ ရှမ်းခေါက်ဆွဲ တစ်ယောက်တစ်ပွဲ ထပ်စားကြပြန်ပါတယ်။ ရှမ်းခေါက်ဆွဲဆိုင်ကနေ ဆက်လျှောက်လာကြပြန်တော့ လက်ဖက်ရည်ဆိုင်ကိုတွေ့တော့ တစ်ခါ ဝင်ထိုင်လိုက်ကြပြန်ပါတယ်။ ကားလာဖို့ အချိန်ကလည်း လိုနေသေးတာကိုး။ ၈နာရီလောက်တော့ ကျွန်တော်တို့နှစ်ယောက် ဟိုတယ်ကိုပြန်လာခဲ့ကြပါတယ်။ ၈ နာရီခွဲလောက်မှာတော့ မန္တလေးကို ထွက်မဲ့ ရွှေတောင်ရိုးအဝေးပြေးကားဖြင့် ကျွန်တော်တို့ မန္တလေးကို ခရီးထွက်ခဲ့ကြပြန်ပါတယ်။
 သွားရင်းလာရင်း ရိုက်ဖြစ်ခဲ့တဲ့ ကလောမှ အိမ်

လေးစားစွာဖြင့်
ရီနိုမာန်

1 comment:

ကြယ်ပြာ said...

ခရီးတွေအများကြီးသွားခဲ့တာပဲ ပျော်စရာကြီးနော် ....