January 20, 2010

မအိမ်ကံ ( For Jan အပိုင်း - ၅)

မမစိမ်းမြကလည်း ၀င်ပြောပြန်ပါ၏။
“တို့စိတ်ထဲ ခိုင်ကလေးကို ခေါ်ချင်ကြသာ ကြာပါပြီအေ။ ပြောမထွက်သာနဲ့ပဲ မပြောခဲ့ကြသာပါ။ ကိုပြေသိမ်း မရှိတော့မှ တို့လည်း ပြောရဲကြသာပါ။ ဖအေဆိုတော့ တစ်မျိုးကိုး။ ငါ့ ညီမလည်း စဉ်းစားပါဦး။ ကလေးကိုလည်း မေးပါဦး။ လူကြီးတွေ စီစဉ်လို့သာ ဖြစ်ရသယ်။ ကလေးစိတ် မချမ်းမသာ ဖြစ်မှာလည်း တွက်ရသာကိုး”

မမစိမ်းမြ စကား ဆုံးတော့မှ မအိမ်ကံ အတွေး ၀င်မိရသည်။ ဟုတ်တော့လည်း ဟုတ်ပါရဲ့။ လူကြီးတွေက ဇွတ်စီစဉ်ရတာမျိုးဖြင့် ကလေး စိတ်မဆင်းရဲစေချင်။ သမီးခိုင်က မအေနဲ့ အစ်မနဲ့ ကျေးကျေးနဲ့ သွားချင်သာ ပြောသာပါ အမေရယ်။ အဲသလိုချည်းတော့ သွားမနေချင်ပါဘူး ဆိုရင်ကော။ သမီး စိတ်မချမ်းသာတာ မဖြစ်စေချင်။ သမီးမှာ ဆန္ဒရှိတယ် ဆိုရင်ကော မအိမ်ကံက ထည့်ရက်နိုင်ပါ့မလား။



“မမစိမ်းမြရယ် ပြောထွက်စရာ မရှိပါဘူး။ မအိမ်ကံလည်း ကျဉ်းထဲကျပ်ထဲ ကျနေသာပါ။ ခိုင်ကလေးက အတန်း ရပြီဆိုတော့ သူ့အစ်မလို မြင်းခြံ ပို့ရမလိုလို၊ ကျောင်းပဲနုတ် ရမလိုလို ဖြစ်နေသာကိုး။ မမစိမ်းမြတို့က ရန်ကုန်ခေါ်မယ်၊ ကျောင်းထားမယ် ဆိုရင်လည်း မအိမ်ကံ အဖို့ရာ သားရွှေအိုး ထမ်းပြန်သလိုပါပဲ။ တစ်ခုတော့ ရှိသယ်။ ကလေးသဘော တီးခေါက်ကြည့်ချင်သေးသယ်”

“အေးပါအေ။ သည်တစ်ခေါက်လည်း မခေါ်သေးပါဘူး။ နောက်နှစ် ကျောင်းဖွင့်လို့ လာခေါ်တော့ ဆိုမှ သူ့ဘကြီး လာခေါ် လိမ့်မယ်။ လူကြုံ မလွှတ်ဘူး။ စိတ်ချ။ ကိုင်းပါအေ။ သူတော်ကောင်းမ ငါဖြင့် စိတ်ချမ်းသာ သွားပြီ”

အစ်ကို မောင်မြတ်သာတို့ အိပ်ရာ ၀င်သွားကြတော့မှ မအိမ်ကံက ကျေးဥကို အကျိုးအကြောင်း ပြောပြသည်။ ကျေးဥ ကလည်း ၀မ်းသာ ရှာပါ၏။ မျက်နှာ မကောင်းသော်လည်း ခိုင့်နောင်ရေးကို တွေးမိပုံ ပေါ်သည်။ ဘာမှ ထွေထွေထူးထူး မပြောပါ။ ညီအစ်မနှစ်ယောက်စလုံး ပညာတတ် ဖြစ်တော့ ဘက်ညီသာပေါ့အေ လောက်သာ ဆိုလေသည်။ အစ်ကို မောင်မြတ်သာတို့ မပြန်ခင် တစ်ရက်ရောက်တော့မှ ကိုပြေသိမ်း အကြောင်း မေးလေသည်။ မအိမ်ကံကလည်း သိသလောက်သာ ပြောနိုင်ခဲ့သည်။ မပြောမဆို ထွက်သွားတာကို အစ်ကို မောင်မြတ်သာကလည်း ကြိုက်ပုံ မပေါ်ပါ။ သို့သော် ဖေးဖေး မမ ဆိုရှာပါသည်။

“မောင်ပြေသိမ်းကို အပြစ်တော့လည်း မတင်ချင်ပါဘူး။ အစ်ကိုတို့လည်း နိုင်ငံရေး လုပ်ခဲ့တုန်းက ဘယ်လိုလူမျိုးက တားတား နောက်မှ မဆုတ်ခဲ့ဘဲနဲ့။ ကိုယ့်ဝါဒအရ မှန်သယ် ထင်သာ တုံးတိုက်တိုက် ကျားကိုက်ကိုက် လုပ်လိုက်ရမှ စိတ်ထဲ ကျေနပ်သာကိုး နှမရဲ့။ ဒါပေသိ အခုဟာက တစ်မျိုး ပေါ့လေ”

“ကွန်မြူနစ်ဆိုသာ ဘာလဲအစ်ကို။ တောခိုသယ် ဆိုတာ ကကော ဘာဖြစ်လို့လဲ။ ဘယ်တော့ ပြန်လာလို့ရမှာလဲ ဟင်”

ဗိုလ်မှူးကြီး မြတ်သာက နှမ၏ အမေး စကားကြောင့် ၀မ်းနည်း သွားရလေ၏။ မအိမ်ကံဟာ တကယ်တော့ ဘာမှ မသိရှာသည့် တောသူ တစ်ယောက်ဆိုတာ ရင်ထဲ ရောက်သွားရလို့ ဖြစ်သည်။
“အယူအဆ မတူလို့ပေါ့အေ။ တစ်ခါက ငါ့နှမ မေးဖူးပါသယ်။ ဒါက တိုင်းပြည်ရဲ့ လွတ်လပ်ရေး ကြိုးပမ်းချိန်နဲ့ လွတ်လပ်ရေး ရပြီးနောက်ပိုင်း မငြိမ်းနိုင်တဲ့ ၀ါဒ လွန်ဆွဲပွဲလို့ ပြောကြပါစို့။ အင်္ဂလိပ်ခုနှစ် တစ်ထောင့် ကိုးရာသုံးဆယ့် ကိုးခုနှစ်တုန်းက အင်္ဂလိပ် လက်တွင်း ကျနေချိန် ဗမာပြည် ကွန်မြူနစ်ပါတီ ဆိုပြီး သခင် အောင်ဆန်းတို့၊ သခင်စိုးတို့၊ သခင်လှဖေတို့၊ သခင် သိန်းဖေတို့၊ သခင်ဗဟိန်းတို့ သခင်လူငယ်တွေက လျှို့ဝှက်ပြီး ဖွဲ့ခဲ့ကြသာ။ မစ္စတာဂိုရှယ်တို့၊ မစ္စတာနတ်တို့ဆိုသာ လည်းပါတယ်။ ထားပါတော့။ ဂျပန်ခေတ် ရောက်တော့ သခင်စိုးက မြေအောက် အဖွဲ့တွေ ဖွဲ့တာမှာ အားကောင်း လာခဲ့သယ်။

တစ်ထော့င်ကိုးရာ လေးဆယ့်ငါးခုနှစ် စစ်ကြီး ပြီးခါနီးတော့ ရန်ကုန်မှာ မြေပေါ်ပါတီ အဖြစ် ထူထောင်သယ်။ နောက်နှစ်မှာပဲ ကွဲကြသာက စလိုက်သာ နှစ်ဂိုဏ်းကွဲကရော။ အလံနီ ဆိုပြီး ခွဲထောင်ကြသယ်။ တစ်ထောင့် ကိုးရာလေးဆယ့် ခုနစ် ခုနှစ်မှာ မတရားအသင်း ဆိုပြီး ကြေညာလိုက်တော့ တောခို ကြရရော။ သခင်သန်းထွန်းတို့ကလည်း အစိုးရကို ဆန့်ကျင် လာကြရာက လွတ်လပ် ရေးရပြီး နှစ်လလောက်မှာ တောခို ကြပြန်ရော။ သူတို့ကို အလံဖြူ ခေါ်ကြသယ်”

“ကိုပြေသိမ်းက ဘယ်ဘက်ကလဲ အစ်ကို”

“အနီလည်း ဖြစ်နိုင်သယ်၊ အဖြူလည်း ဖြစ်နိုင်သယ်။ အစ်ကို သိသလောက်တော့ သူပြောဖူးတဲ့ လေဖမ်းရသာပေါ့လေ။ အလံဖြူဖြစ်ဖို့ များသယ်။ သူစာအုပ်ကြီးတွေ ဖတ်ပြီဆို ကတည်းက တစ်နေ့ သည်ပြဿနာ ရှိလာတော့မယ် ဆိုသာ အစ်ကိုသိတယ်။ တစ်ညမှာ အစ်ကို တော်တော်လေး ပြောခဲ့သယ်။ အင်္ဂလိပ်လို ပြောခဲ့သာ မှတ်မိမှာပေါ့။ အဲသည်ကတည်းက သူပြင်းထန် နေပါပြီ။ ထားပါလေ။ အခု ငါ့နှမ ဘယ်လို စဉ်းစားထားသလဲ”

မအိမ်ကံ ဘယ်လို ဖြေရပါ့။ အမှန်အတိုင်းပဲ ပြောလိုက်တာ အကောင်းဆုံးပင်။ ဖြစ်ကြောင်းကုန်စင် အားလုံး ပြောပြတော့ အစ်ကိုရော၊ မမစိမ်းမြပါ ဂရုတစိုက် နားထောင်ကြသည်။ မအိမ်ကံကတော့ တောပုန်းရည်သည် လာတာတွေပါ ပြောပြလိုက်ပါ၏။ နောက်ထပ် မဆက်သွယ်တော့ရန် စာရေး ပေးလိုက်ကြောင်းလည်း ပါ၏။ အစ်ကိုဖြစ်သူက သဘောထားတော့ မပေးခဲ့။ ကောင်းသည်လည်း မပြော၊ ဆိုးသည်လည်း မပါ။ တော်တော်ကြီးကြာမှ အစ်ကိုက မပွင့်တပွင့် ပြောရှာပါ၏။

“မောင်ပြေသိမ်းက ကံကလေးကို မြတ်နိုးနေသာ မြင်မြင်ချင်းပါပဲ။ အစ်ကိုကလည်း သူ့သဘောကို သိလို့ ငါ့နှမဆီတောင် စာကြို ရေးလိုက်ပါသေးတယ်။ အစ်ကိုပဲ သဘောတူ ခဲ့သာပဲ။ လူက လူတော် လူမှန်ဆိုသာတော့ အခုထိ အစ်ကို ယုံကြည်လျက်ပဲ။ သည်လိုလုပ် သွားသာကတော့ ပြင်ပ အမှောင့်တွေပါသလို သူကိုယ်တိုင်ကလည်း ယုံကြည်သာပါလို့ ဖြစ်မှာပေါ့လေ။ အစ်ကို မဥပါဒ်ချင်ပါဘူး။ အစ်ကို့ ပယောဂ မကင်းခဲ့ဘူး”

သည်စကားကြားတော့ မအိမ်ကံ စိတ်မချမ်းသာပြန်။ အစ်ကို မြတ်သာက ကိုပြေသိမ်း ဘယ်လို လူစားဆိုတာ နှမထံ စာရေးပြီး ထောက်ခံချက် ပေးခဲ့ဖူးသည်။ အခုတော့ သူ့ကြောင့် နှမဖြစ်သူ သည်ဘ၀မျိုး ကြုံရသည်ဟု ဆိုလိုခြင်း ဖြစ်၏။ မအိမ်ကံနှင့် ကိုပြေသိမ်းတို့ ချစ်ခြင်းအစ ရက်များဆီက ဖြစ်သည်။
“သတ္တ၀ါတစ်ခု၊ ကံတစ်ခုပါ အစ်ကိုရယ်။ မအိမ်ကံ ကလည်း မြင်ကတည်းက ဖူးစာဖက်ရမယ့် လူဆိုသာ သိခဲ့ပါသယ်။ ယုံလည်း ယုံကြည်မိသလို အားလည်း ကိုးခဲ့မိပါသယ်။ ကိုပြေသိမ်းက မေတ္တာရှိကြောင်း ပြောတော့ မအိမ်ကံ ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ လက်ခံခဲ့သာပါ အစ်ကို။ အစ်ကို့ ပယောဂ မပါပါဘူး။ ဒါကိုတော့ အစ်ကို လိပ်ပြာ သန့်စေချင်သယ်”

“အေးပါလေ။ မနက်ဖြန် အစ်ကိုတို့ ပြန်မယ်။ ခိုင်ကလေးကိုသာ မေးပြုပြီး ဖျောင်းဖျထားပါအေ။ အစ်ကို့ဆီ တယ်လီဖုန်း ဆက်လို့ရသယ်။ မြင်းခြံက မြပွဲရုံက ပွဲစားကြီး ဦးမြဆီမှာ တယ်လီဖုန်း ရှိသယ်။ အစ်ကိုလည်း မှာထားခဲ့မယ်”

နောက်တစ်နေ့ မိုးလင်းတော့ အစ်ကို မြတ်သာနှင့် မမစိမ်း မြတို့ ပြန်ကြပြီ။ မအိမ်ကံက ရွာလက်ဆောင်များနှင့် အစ်ကို သုံးဖို့စွဲဖို့ ရွှေထည်ပစ္စည်း တချို့ ထည့်ပေးလိုက်သည်။ အစ်ကို နှင့်ယောက်မကို မအိမ်ကံ ထိုင်ကန်တော့သည်။ အစ်ကိုက ဆုတွေ ပေးပြန်တော့လည်း အဖေ့ကို သတိရလို့ ငိုမိပါ၏။ အစ်ကို ကြီးတော့ အဖအရာဆိုသည့် စကား မအိမ်ကံ ယုံကြည်ခဲ့ပြီ။

ဇောင်ချမ်းကုန်းမှာ သည်တစ်ခါ လှူမည့် အလှူက ထမင်း ရည်ချောင်းစီးဖြစ်သည်။ ဇောင်ချမ်းကုန်းရွာမှ မဟုတ်ပါ။ ၀န်းကျင်နရန်း ရွာတွေမှာ အလှူတွေ ရှိခဲ့ကြ၏။ အလှူဝ၊ အလှူပိန် အကြိမ်ကြိမ် ရှိခဲ့ပါပြီ။ ရေစာမိုးစာ ကောင်းသည့် နှစ်တွေမှာ ဗြောသံစည်သံ သောသောညံညံ ကြားရတတ်သည့် ရွာတွေ ဆိုတော့ တစ်ရွာ့ တစ်ရွာ အလှူ လိုက်ရတာကပင် အလုပ်တစ်ခု ဖြစ်ရပါ၏။ မျက်နှာ နာစရာချည်းဆိုတော့ လူမရောက် လက်ရောက် ရသလို၊ လက်ရောလူရော ရောက်ရသည်လည်း ရှိသည်။ ဇောင်ချမ်းကုန်းမှာ လွတ်လပ်ရေး ရပြီးသည့် နောက်ပိုင်း နေ၀င်သည်နှင့် မီးခွက် မှုတ်ရသည့် ရက်တွေ ကျော်လွန်ခဲ့သည်နှင့် အလှူတွေ မှိုကျင်းထသလို ရှိကြပါ၏။

“သန်းစုရေ၊ မတဲအလှူ မလိုက်ကြဘူးလားဟေး။ ညည်းတို့သွားရင် အဖက်လိုက် စမ်းပါရစီ”

“လိုက်ခဲ့ပါ။ လှည်းမရလို့ ကုန်းကြောင်းသွားကြမှာနော”

“ကုန်းကြောင်းလည်း ကုန်းကြောင်းပေါ့အေ။ နားရွက် ထမ်းပိုးကျည်းတပ် လျှောက်ကြရုံပေါ့”

“မနက်ထခဲ့လေ။ မိုးလင်းရင် သွားကြမှာ”

တစ်အိမ့်တစ်အိမ် သည်လို အလှူလိုက် အဖော် စပ်နေကျ။ သည်အသံတွေ ကြားရတာကို မအိမ်ကံ ၀မ်းသာရသည်။ ဗုဒ္ဓ ဘာသာတွေဆိုတော့လည်း အလှူသံ ကြားရလျှင်ပင် ပီတိဖြစ် ကြရတာ မဟုတ်လား။ ရွာဦးဆရာတော် ခမျာလည်း မအားရပါ။ ရွာစဉ် အလှူ လိုက်နေရသည်။ ကိုယ့်ရွာအလှူ၊ သူ့ရွာ အလှူ ရက်မတိုက်မိအောင် ရှောင်ကြသော်လည်း တစ်ခါ တလေ နှစ်ရွာ၊ သုံးရွာမှာ အလှူတွေ ဆုံနေတတ်သည်။ သူ့ရွာနှင့် သူ့ကွမ်းတောင်ကိုင် အလှဆုံး ခြယ်သထားကြသော်လည်း ဇောင်ချမ်းကုန်းက အပျိုတွေကို ဘယ်ရွာကမှ မမီတာလည်း ထူးတော့ ထူးဆန်းသည်။ ဇောင်ချမ်း ကုန်းသူတွေ ချောကြ၊ လှကြတာ ဘ၀ ကုသိုလ်ဆိုတာထားတော့။ အသားအရေလှ ကြတာကတော့ ရေကောင်းလို့ဟု ဆိုကြပါသည်။ ဟုတ်တာ မဟုတ်တာထား။ ဇောင်ချမ်းကုန်းရေက ချိုပြီးလေးလေး ပင်ပင်ရှိသည်။

“ညည်းတို့ရွာက ရေတွင်းတွေ ဆားလာခတ်ဦးမှပါအေ။ ရေချိုချက်တော့ တွင်းရေထဲ ရွှေမှုန်များ ပါရောလားအေ”

တခြား ရွာတွေက ပြောကြရသည် အထိပင်။ ဇောင်ချမ်းကုန်းမှာ ဟိုဘက်လေး၊ ငါးနှစ်တုန်းက ကွမ်းတောင်ကိုင်မှာ မ၀င်းလှဖြစ်သည်။ နာမည်နှင့် လိုက်အောင် ၀င်းဝင်းစက်စက် လှသူကလေးပင်။ မိဘကသောင်သာတော့ ရွှေငွေဘယက် လက်ကောက်က အစ ရွှေချည်ပိုးချည် အ၀တ်အဆင်အားဖြင့် ရွာ့ဂုဏ်ဆောင် နိုင်ခဲ့ပါ၏။ မ၀င်းလှ၊ မ၀င်းလှဆိုသည့် အသံတွေ စည်စည်ဝေေ၀ ရှိခဲ့သည် အထိပင်။ မ၀င်းလှ အိမ်ထောင် ကျပြန်တော့ ဇောင်ချမ်းကုန်းက “ညိုချော”ကို ကွမ်းတောင်ကိုင် ရွေးခဲ့ကြသည်။ ညိုချောကလည်း တစ်မျိုး လှရှာပါ၏။ အချမ်းသာကြီး မဟုတ်ပေသိ အကျင့် စာရိတ္တကောင်းကလေး ဖြစ်သည်။ အလှူအတန်း၊ သာရေးနာရေး ရှိလျှင် အိုးဆေး၊ ပန်းကန်ဆေး နေရာကို လိုလိုလားလားယူသူကလေး ဖြစ်ပါ၏။ ရွာက ဦးကျော်မောင့် အလှူမှာ ကွမ်းတောင်စ ကိုင်ရသည်။ ညို ချောကို စိတ်တိုင်းကျ ပြင်ဆင်ပေးသူမှာ မအိမ်ကံဖြစ်၏။ နဂို ချောသူကို မအိမ်ကံက ပြင်လိုက် ဆင်လိုက်တော့ ညိုချော တစ်ခေတ်ထ ရပြန်လေသည်။

“သည်တစ်ခါ အလှူက အလှူကြီး ညိုချောရေ။ မြင်းခြံ ဆိုင်းကလည်း ပါဦးမှာ။ ဆင်တောင် ငှားထားဆိုလား။ ၀က်ဝက် ကွဲပါအေ။ တို့ရွာ ဂုဏ်မငယ်စေနဲ့။ ရွာတကာ လာကြမှာ။ မအိမ်ကံ အလှဆုံး ပြင်ပေးမယ်။ သည်တစ်ပွဲ ကျောက်ထည် တွေချည်းပေါ့အေ”

မအိမ်ကံက အလှူသံ ကြားကတည်းက ညိုချောကို မှာကာ အားပေးနှင့်သည်။ အလှူရက်တွင် ညိုချော ကွမ်းတောင် ပွေ့တာကို အလှူလာတို့ ငေးစေရမည်။ အလှူနေ့က သမီးကြီး မြိုင်ကလည်း ကျောင်းပိတ်ရက်မို့ ရွာကို ပြန်ရောက် နေသည်နှင့် ကြုံသဖြင့် ညိုချောကို ဖြီးလိမ်း ပြင်ဆင် လုပ်နေကြတာကို မြိုင် က ထိုင်ကြည့်နေခဲ့သည်။ မအိမ်မြိုင်က အိမ်နေ အ၀တ်အစား ကပိုကရိုကလေးနှင့်ပင် လှလွန်းသူကလေး ဆိုတော့ ညိုချော အမျိုးတွေက အချင်းချင်း လက်တို့ကြရသည် အထိပင်။

“ရက်စက်ပါ့အေ။ ရှင်အိမ်ကံရယ်။ ပြင်ထားသဲ့ ညိုချောတောင် ညည်းသမီးနဲ့ တွဲထိုင်တော့ မှိန်ရပါပကောအေ။ မအေ မီချက်တော့။ မအိမ်မြိုင် ကွမ်းတောင်ကိုင် အလှည့်များကျရင် မြင်းခြံတောင် တက်ပြိုင်လိုက်ချင်သေးသယ် အဟုတ်”

ညိုချောအမေ မအုန်းရင်က အော်ကြီး ဟစ်ကျယ် ပြောနေသည်။ သမီးကြီး မြိုင်ကို ရွာက အခုကတည်းက အမှတ်ပြည့် ပေးနေကြပါပြီကော။
ညိုချောကို မအိမ်မြိုင်တို့ အိမ်ကြီးမှာ ကျကျနန ပြင်ပေးပြီးတော့ အလှူ အိမ်ကို လှည်းယဉ်နှင့် သွားစေသည်။ လှည်းပေါ်မှာ မအိမ်ကံနှင့် သမီးမြိုင်တို့ ပါလာခဲ့သည်။ မဏ္ဍပ် အ၀င်မှာ ပြင်ဆင်စရာ ရှိလျှင် ပြင်ဆင်ပေးနိုင်အောင် ဖြစ်၏။ မဏ္ဍပ်ကို တန်းမ၀င်နိုင်ပါ။ လူတွေက ကျိတ်ကျိတ်ကြီး စည်နေခဲ့ပြီ။ မဏ္ဍပ်နှင့် မနီးမဝေးမှာ လှည်းယဉ်ကို ရပ်စေပြီး မအိမ်ကံနှင့် မြိုင်တို့ အရင် ဆင်းကြသည်။ ရွာမှ ခွာကာ မြို့ကျောင်းမှာ ကျောင်းတက် နေရသည့် နှစ်ကာလအတွင်း လှချင်တိုင်း လှနေသော မအိမ်မြိုင်ကို လူရှေ့သူရှေ့ ပွဲထုတ်ပြသလို ရှိသည် ဖြစ်၍ အလှူလာကြသူမှန်သမျှ ညိုချောကိုပင် စိတ်မ၀င်စား နိုင်ကြဘဲရှိလေ၏။
ဖက်ဖူးနု ပိုးထဘီနှင့် ရှံစိမ်းစ လက်ရှည်ကလေး ၀တ်ထားသော မအိမ်မြိုင်ကို မြင်လိုက်ကြသည်နှင့် တီးလက်စဒိုးပတ် ၀ိုင်းများပင် ရပ်သွားခဲ့ကြပါ၏။ လူတွေက တဝေါဝေါ အသံပြု ကြရင်း သားအမိ နှစ်ယောက်ကို လာဝိုင်း နေကြလေသည်။ သမီး၏ အလှကြောင့် နဂိုလှသူ မအိမ်ကံပင် သွေးကြီးချင်စိတ် ၀င်ခဲ့ရသည်။
“ကိုင်းပါရှင်၊ ညိုချောကို မဏ္ဍပ်ထဲ သွင်းပါရစီ။ လာဟဲ့ ညိုချော။ ရှေ့က၀င်”

မအိမ်ကံက လူရှင်းပေးရင်း ညိုချောကို ရှေ့က သွားစေသည်။ မဏ္ဍပ်အတွင်း ထိုင်နေကြသည့် အရွာရွာက အလှူလိုက် ပရိသတ်ကြီးတွေက လူတွေကြား တိုးဝင်လာကြသည့် မိန်းမချော သုံးယောက်ကို ကြည့်ကြရင်း ပါးစပ် အဟောင်းသားနှင့် ရှိကြလေ၏။ ထိုခဏတွင်ပင် ကျယ်လောင်လှသော အိုးစည်သံ၊ ဒိုးပတ်သံများ ကြိုင်ကြိုင်ဆူ ထွက်လာခဲ့သည်တွင် ဒိုးပတ်ဝိုင်းမှ အောင်မြင်လှသော သီချင်းသံတစ်သံဟိန်းထွက်လာခဲ့လေ၏။
“လှိုင်းကိုက်ပြန်တိမ်လိပ်နှင့် ဘွဲ့ချိတ်ကိုတဲ့ မ၀တ်ဆင်။ ရပ်ကြီးသူ ဖြူဖြူလတ်ကယ်။ နဂိုယဉ်လေသလားကွယ်။ ရွှေခါးတော်ညိုဆိုင်နှင့် ငွေခါးတော်ညိုဆိုင်နှင့် မတူနိုင်အနေခြား တယ်။ မိုးကျနတ်လား အား ဟား”

မအိမ်ကံ ပြုံးလိုက်သည်။ ဒါသမီး အိမ်မြိုင်ကို စောင်းချိတ် ဆိုလိုက်သံ မဟုတ်လား။ ဆိုကြပါစေလေ။ ဆိုလိုက်ကြ စမ်းပါ။ မတူနိုင် အနေခြားတဲ့ မိုးကျနတ် သမီးကလေး အစစ်ပါရှင်။ တစ်နေ့ရှင်တို့ မျက်ဝါးထင်ထင် မြင်စေ့ရမယ်။ မအိမ်ကံက လူတွေကြားထဲ တိုးဝင်ရင်း ဘေးဘီကို မျက်လုံးဝေ့ကြည့် လိုက်သည်။ လူတွေ လူတွေ။ မဏ္ဍပ်ထဲမှာ လက်ကိုင်ပ၀ါ တစ်ထည် ကျစရာ နေရာမရှိ။ လူတွေနှင့်သာ ပြည့်ကျပ်နေပါ ၏။ များပြားလှသော အကြည့်တွေကြားက ထူးဆန်းသော အကြည့်ဖြင့် ကြည့်နေသူကို မအိမ်ကံ သတိ ထားမိလိုက်သည်။

စိမ်းစိမ်းဝါးဝါးကြည့်နေခဲ့သည့် မျက်လုံးများ။ ၀င်းဝင်း တောက်နေသလား ထင်ရလောက်အောင် စူးရှသော မျက်လုံး တစ်စုံက မအိမ်ကံတို့ သားအမိကို ကြည့်နေသည်ကော။ ထို မျက်လုံးထဲမှာ အားကျခြင်း၊ သိမ်ငယ်ခြင်း၊ မနာလိုခြင်း၊ မုန်းတီးခြင်း၊ ရက်စက်ခြင်း အဓိပ္ပာယ်တွေ ပါနေတာကိုပင် မအိမ်ကံ ဖျတ်ခနဲ ဆုပ်ဖမ်း လိုက်မိလေသည်။

(ဆက်လက်ဖော်ပြပါမည်)

ခင်ခင်ထူး

လေးစားစွာဖြင့်
ရီနိုမာန်

ရွှေအမြုတေမှ ဖေါ်ပြပါသည်။




1 comment:

SDL said...

ဖတ်သွားပါပြီ..ကျေးဇူး