July 25, 2009

မအိမ်ကံ ( for July ) အပိုင်း - ၇

ကိုပြေသိမ်းက ဆရာတော်ကြီးအားလျှောက်တင်သံကို မအိမ်ကံ ကြားနေရသည်။ ကိုပြေသိမ်း ဒါကြောင့် အိမ်ပြန် နောက်ကျရှာတာကိုး။ စက္ကူဖြူစာတမ်းနဲ့ ကိုပြေသိမ်းကကော ဘယ်လို ဆက်စပ်နေပါလိမ့်။ ကိုပြေသိမ်း ပြောနေ၊ လုပ်နေတာ တွေကို မအိမ်ကံ နားမလည်နိုင်တာ အမှန်ပဲဖြစ်သည်။

“တပည့်တော်တို့ တော်လှန်ရေးစလို့ တစ်လမပြည့်ခင်မှာ ပဲ ဒေါက်တာဘမော်တို့က ဂျပန်နဲ့ရောပြီး ပြေးကြပြီဘုရား။ ဂျပန်စစ်ဌာနချုပ်ကလည်း မော်လမြိုင် ရောက်သွားပါတယ် ဘုရား။ မဟာမိတ်တပ်တွေ ရန်ကုန်ဝင်ကြပြီဆိုတာနဲ့ ကွန်မြူ နစ်ပါတီဖွဲ့တယ်။ ဖတပလအဖွဲ့ချုပ်ကြီးပေါ်လာတယ်။ ဗမာ နိုင်ငံလုံးဆိုင်ရာအလုပ်သမားအစည်းအရုံးပေါ်လာတယ်။ ဗမာ နိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂပေါ်လာတယ်။ အများ ကြီးပါပဲဘုရား။ ဆရာကြီးဦးဘခင်တို့ကတော့ ဦးဘဂျမ်းကို သံယောဇဉ်ရှိကြတော့ သူတို့ဖွဲ့တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်များအစည်းအရုံးဆိုတာလုပ်ကြပြန်တယ် ဘုရား”

“မောင်တို့ဟာက မနည်းပါလားကွ။ ဘာသဘောများ တုံး”

“ဘုရင်ခံကလည်း စက္ကူဖြူစာတမ်းကိုချပြနေပြီဆိုတော့ လက်မခံချင်ကြသူတွေက တူရာတူရာဖွဲ့ကြပြီး ဆန့်ကျင်ကြ တာပါပဲ ဘုရား”

“ဟေ...၊ အဖွဲ့များတော့ များများကွဲကြရုံပေါ့ကွာ။ နို့ မောင်က ဘယ်အဖွဲ့ကတုံး”

“လေ့လာတုန်းပါဘုရား”

ကိုပြေသိမ်းက ဘာများလေ့လာရပြန်တာပါလိမ့်။ ရွာမှာ နေပြီး ကျောင်းဆရာလုပ်မှာ မဟုတ်ဘူးလား။ သည်တုန်းက မအိမ်ကံ အတွေးဖြစ်သည်။ ဖိုးကူးကို ထနောင်းတိုင်လွှတ်ပြီး ကိုပြေသိမ်း ပြန်ရောက်လာပြီဖြစ်ကြောင်း မိဘများထံ အပြော လွှတ်ရသည်။ သည်ရက်ထဲ ဧည့်သည်တွေက အမျိုးမျိုး။ လာကြတော့လည်း စက္ကူဖြူ၊ စက္ကူဖြူတွေသာကြားရပြန်၏။




“ညည်းယောက်ျားဆီလာကြသူတွေအကုန်လုံး စက္ကူဖြူ၊ စက္ကူဖြူနဲ့ ဘာပြောသာတုံး မအိမ်ကံရဲ့”

“စက္ကူက ဖြူလို့နေမှာပေါ့ မလှအုံရဲ့”

“ညည်းပြောမှ ရှင်းတော့သယ်အေ”

ဟုတ်ပါရဲ့။ မလှအုံပြောလည်း ပြောစရာ။ ကြားလိုက်ရ လျှင် စက္ကူဖြူချည်း။ မအိမ်ကံပင်မသိမှတော့ မလှအုံခမျာ ပိုလို့သာဆိုးတော့မည်။ သိပ်မကြာခင်ရက်တွေမှာ ကျောင်းတွေ ပြန်ဖွင့်ခွင့်ရကြပြီ။ ကိုပြေသိမ်းပင် ကျောင်းစိတ်တွေပြန်ဝင်ကာ ကျောင်းနှင့်အိမ် အကူးကူးအလူးလူး။ သည်တစ်ခါကျောင်းဖွင့် တော့ ကျောင်းသားတွေများလာသည်။ မအိမ်ကံ ကျောင်း ကလေး စည်ကားလာရပြန်ပါပကော။

မအိမ်ကံဘ၀တွင် ကောင်းတစ်ခါ ဆိုးတစ်လှည့် တစ်ပြန် စီကြုံခဲ့ရတာကို မအိမ်ကံ သတိထားမိသည်။ အဆိုးတွေများ လာလျှင် အကောင်းဝင်တတ်သလို၊ အကောင်းလာခေါင်းဝှေ့ တော့လည်း အဆိုးတွေက ဆက်တိုက်ဆိုသလို ကြုံရတတ်ပြန် သည်။
ကိုပြေသိမ်း ပြန်ရောက်လာပြီး နောက်ပိုင်း မအိမ်ကံ ဘ၀လည်း တစ်ဖန်ပြန်လည်စိုပြည်လန်းဆန်းခဲ့ရပြန်ပါ၏။ ကိုပြေသိမ်း ကျောင်းဆရာပြန်လုပ်တော့ မအိမ်ကံလည်း ဆရာ ကတော်ဆိုသည့်ဂုဏ် တက်ခဲ့ရသည်။ တပည့်တပန်းတွေက ကန်တော့ကြသော ငှက်ပျောတစ်ခိုင်၊ ပန်းတစ်ခိုင်ကအစ မအိမ် ကံအတွက် တန်ဖိုးဖြစ်ခဲ့ရပါ၏။ မအိမ်ကံတို့အိမ်ကြီးကလည်း မအိမ်ကံ၏ ကံဇာတာအပေါ်မူတည်ကာ စိုလိုက်၊ ခြောက်လိုက် ရှိရတာကလား။ အခုတော့ မအိမ်ကံတို့ အိမ်ဝိုင်းတိုက်ကြီးထဲမှာ လူဦးရေပင် တိုးပွားလာခဲ့ပြီ။ ကျေးဥက သားနှစ်ယောက်၊ မအိမ်ကံက သမီးနှစ်ယောက်။

သမီးငယ်ကလေး၏ အမည်ကိုတော့ မအိမ်ခိုင်လို့အမည် ပေးထားသည်။ မအိမ်ကံတို့မိသားစုကလေး တစ်ဝန်းတစ်ဝိုင်း ထဲမှာ ခိုင်ခိုင်မြဲမြဲရှိပရစီဆိုသည့် အတိတ်နိတ်မိတ်ကို မအိမ်ကံ ရည်ရွယ်ရင်း ဖြစ်သည်။ အမေပန်းရုံနှင့် မလှအုံကတော့ မြေး လေးယောက်ထိန်းရတာနှင့်ပင် နေကုန်လို့ ကုန်မှန်းမသိလိုက် ကြ။ အသက်ကြီးခါမှ စိပ်ပုတီးမဆောင်နိုင်ကြရှာဘဲ ဘုစုခရု ကလေးများနှင့် တူတူရေ၀ါးနေကြရသည်။ အခုတော့လည်း အမေကြီးပန်းရုံနှင့် အမေကြီးလှအုံပေါ့။ ဘကြီးဖိုးငွေကတော့ ရေကန်စပ်က ရွှံ့ကိုသွားခူးကာ ရွှံ့ရုပ်ကလေးတွေ ဒိုင်ခံလုပ်ပေး နေရပြီ။ အငယ်ကောင် ဖိုးကူးပင်လျှင် လူပျိုသိုးကြီးဖြစ်ရှာပြီ မဟုတ်လား။
မအိမ်ကံကတော့ အုံနှင့်ကျင်းနှင့်ဖြစ်လာသော သူတို့ မိသားစုဘ၀ ၀ပ်ကျင်းကလေးကို ကျေနပ်ပါသည်။

ငယ်စဉ်က မြို့ကျောင်းကို ကျောင်းသွားတက်သောအစ်ကိုကို မျှော်ရင်း အထီးကျန်ခဲ့ရသည့် သူ့ဘ၀ထက်စာလျှင် လက်ရှိမိသားစုဘ၀ ကလေးက မြိုင်ဆိုင်လွန်းလှသည်မဟုတ်လား။ တစ်ခါတစ်ရံ ရွာကိုပြန်လာတတ်ကြသော အစ်ကိုမောင်မြတ်သာနှင့် မမစိမ်း မြတို့မိသားစုပါ ထည့်ပေါင်းလိုက်လျှင် နည်းတဲ့ဆွေစုမျိုးစု လား။ မအိမ်ကံအဖို့ရာတော့ သည်လောက်ပျော်စရာကောင်း သည့်ဘ၀မျိုး ရှိမည်တောင်မထင်။

သည်နေ့လည်း မအိမ်ကံတို့မိသားစု မြင်းခြံမြို့ကိုသွားကြ ဖို့ မနက်စောစောကြီးကတည်းက ရွာကထွက်ခဲ့ကြသည်။ မြင်း ခြံမြို့က မအိမ်ကံတို့ မိတ်ရင်းဆွေရင်းပွဲကတော်ကြီး၏မြေး ရှင်ပြုပွဲကိုလိုက်ခဲ့ကြခြင်းဖြစ်သည်။ ပွဲစားကြီးဦးကျော်ဂေါင် တော့ မရှိရှာတော့။ ပွဲကတော်ကြီးခမျာလည်း အိုရှာခဲ့ပြီ။ မသေခင်ပြုသည့် မြေးရှင်ပြုပွဲကို မအိမ်ကံတို့မိသားစု ဆက် ဆက်လာစေချင်ကြောင်း အမှာပါးခဲ့သည်။

၁၃၁၂ ခုနှစ်၊ ကဆုန် နယုန်လ။ နယုန်မိုးသေး မြက်သား မွေးဆိုသည့်အတိုင်း မအိမ်ကံတို့တစ်နယ်လုံး ပုရစ်နုကလေး များထိုးနေသည့်သစ်ပင်များဖြင့် စိမ်းစိုလွင်လျက်ရှိသည်။ မအိမ်ကံကတော့ သည်လိုမနက်စောစော လှည်းကလေးနှင့်ခရီး သွားရတာကို သဘောကျပါသည်။ လှည်းပေါ်မှာ သည်တစ် ခါတော့ သားအမိသားအဖလေးယောက်သာပါခဲ့သည်။ ဖိုးကူး ကတော့ ထုံးစံအတိုင်း လှည်းမောင်း။

ကိုပြေသိမ်း၊ မအိမ်ကံ၊ မအိမ်မြိုင်နှင့် မအိမ်ခိုင်။
သမီးကြီး မအိမ်မြိုင်က ၆ နှစ်၊ သမီးငယ် မအိမ်ခိုင်က ၃ နှစ်။ သမီးနှစ်ယောက်စလုံး ဖအေ့အချောနှင့် မအေ့အလှတို့ ပေါင်းစုနေကြသည်။ တစ်သွေးတစ်မွေး၊ တစ်ယောက်တစ်မျိုး ကြည်ကြည်စင်စင်ရှိကြတာကိုက မအိမ်ကံအတွက် ကုသိုလ်ကံ ထူးလှသည်အောက်မေ့မိပါ၏။ သမီးချောနှစ်ယောက်ကြောင့် မအိမ်ကံ ချင်ခြင်းတပ်ခဲ့သော ဖက်စိမ်းကွမ်းတောင်ကိုင် အိပ်မက်ကလည်း အညွန့်ငေါက်လို့လာခဲ့သည်။

ကြည့်စမ်းပါဦး။
ပန်းစည်းကြိုး ကြက်တောင်စည်းကလေးတွေနှင့် ပါး ကွက်ဝိုင်းကလေးတွေကွက်လိုက်လို့။ မြို့ကိုသွားမှာဆိုတော့ ၀တ်ကောင်းစားလှကလေးတွေ ဆင်တူဆင်မြန်းပေးထားခဲ့ သည်။ ရှန်ဟဲညွန့်ခေါ်ကြသည့် မိုးပြာရောင်ပိုးပျော့သားဇာပန်း ထိုးထဘီနှင့် အင်္ကျီကလေးတွေကြောင့် သမီးကလေးတွေက ပိုပြီးကျက်သရေရှိနေကြသလားထင်မိပါ၏။ အငယ်မကဖအေ့ ပေါ်ထိုင်ကာ အကြီးမက ဖိုးကူးကို ကုန်းပိုးထားရင်း လိုက်လာ ခဲ့ကြသည်။ ကိုပြေသိမ်းက ကျူထရံကွက်ပုဆိုး၊ လည်ခေါင်း တုံးအင်္ကျီကို သပ်သပ်ရပ်ရပ်ဝတ်စားထားသကဲ့သို့ မအိမ်ကံက လည်း ခရမ်းသွေးလုလုအချိတ်ထဘီနှင့် ဂျော်ဂျက်နိုင်လွန် လက်မောင်းတင်ကလေးနှင့်ဖြစ်၏။ မအိမ်ကံ၏ ပြည့်ပြည့် ၀န်းဝန်းလက်မောင်းသားပေါ်အောင်ချုပ်ထားသည့် လည်ထောင် အင်္ကျီက ခေတ်ဆန်လှသည်။ မအိမ်ကံတို့ အိမ်ကထွက်လာ တော့ နေလုံးပင် အရှေ့ကောင်းကင်မှာ မေးမတင်သေး။ သို့ပေ သိ ကဆုန် နယုန် ပူပူလောင်လောင်လဆိုတော့ မနက်ခင်းလင်း အားကြောင့် ဘေးဘီကိုကောင်းကောင်းမြင်နေရပြီ။ ရွာလမ်းက အထွက်လမ်းပေါ်မှာ သွားကြ၊ လာကြသူတွေ ဖြိုးဖြိုးဖြောက် ဖြောက်ရှိနှင့်ပြီ။ မအိမ်ကံက လမ်းမတန်းဘက်ကို စောင်း စောင်းကလေးထိုင်ရင်း လှည်းရံတိုင်ကိုကိုင်လိုက်လာခဲ့သည်။

“ဟင် မအိမ်ကံတို့သားအမိသားအဖတွေ ဘယ်တုံး။ စောစောစီးစီး”

“မြင်းခြံက အလှူဖိတ်လို့လေ။ သြော် ဘယ်သူများလဲလို့”

မအိမ်ကံက နှုတ်ဆက်သံကြောင့် ဖြေလိုက်ရသော်လည်း ကနဦးကတော့ ဘယ်သူမှန်းမသိ။ နောက်မှ အသံရှင်ကို ထင်းထင်းကြီးမြင်လိုက်ရသဖြင့် မျက်နှာတင်းသွားခဲ့သည်။ သာအောင်နှင့် ရွှေမှုံ။ ပြီးတော့ သူတို့သမီးကလေး မှုံနံ့သာ။ ရွှေမှုံခါးထစ်ခွင်မှာ သားကလေးတစ်ယောက်လည်းပါသေး သည်။ မှုံနံ့သာက ကိုပြေသိမ်းကို ဆရာလေးဟု နှုတ်ဆက် သည်။ မှုံနံ့သာပင် ကိုပြေသိမ်း၏ ကျောင်းတပည့်ဖြစ်နေခဲ့ပြီ။ ဟုတ်မှာပေါ့ မှုံနံ့သာက မအိမ်မြိုင်ထက် အခါလည်သာသာ လောက်ကြီးတာပဲလေ။ အရွယ်ကလေး လောက်လောက်လား လားဖြစ်လာတော့ မှုံနံ့သာက ငယ်ငယ်တုန်းကလို ပိန်ပိန်ပါးပါး ချွန်တွန်တွန်ကလေး မဟုတ်တော့။ အသားကလေးညိုတိုတိုနှင့် မျက်နှာပွင့်ပွင့်ကလေး။

ကိုပြေသိမ်းက သာအောင်ကို နှုတ်ဆက်သည်။ သူ့တပည့် မကလေး မှုံနံ့သာကိုနှုတ်ဆက်သည်။ ရွှေမှုံကတော့ လှည်းပေါ် မှာပါလာသော မအိမ်ကံသမီးနှစ်ယောက်ကို ငေးစိုက်ကြည့်နေ လေသည်။

“ညည်း ငါ့သမီးတွေကို ၀အောင်ကြည့်စမ်း ရွှေမှုံ။ ညည်း က သမီးတစ်ယောက် သားတစ်ယောက်၊ ငါက ရွှေဥ ဥထား တဲ့ သမီးနှစ်ယောက်။ အရွယ်များရောက်ကြရင် ငါ့သမီးတွေ က ကွမ်းတောင်ကိုင် ပြေးမလွတ်တော့ဘူးအေရဲ့။ ညည်း ထက် ငါကတောင် ထမ်းပိုးတင်နိုင်သေးပေါ့။ တစ်ပွင့်နဲ့တစ် ခက်ပေါ့အေ။ တစ်နေ့နေ့တော့ ညည်းရှေ့မှာ ငါ လက်ခမောင်း ခတ်လိုက်ရဦး”

မအိမ်ကံ ရင်ထဲကစကားတွေ။ ရင်ထဲမှာ စကားတွေ ဗလောင်ဆူလျက်ရှိ၏။
“အလှူဆိုတော့ မြင်းခြံမယ် တစ်ရက်နှစ်ရက်နေကြဦးမှာ ပေါ့။ အပြန်တော့ နေချိုမှပြန်ကြပါအေ။ ကလေးတွေ နေပူမိဦး မယ်။ ဥတုက ပူချက်တော့...”

ရွှေမှုံက ကရုဏာစကားဆိုသော်လည်း မအိမ်ကံ မတုံ့ပြန် မိ။ လှည်းဆက်ထွက်လာသည်အထိ မအိမ်ကံ မျက်နှာကလေး တင်းနေခဲ့သေးသည်။ ရွာရိပ်ကမလွတ်သေးသည့်လမ်းတစ် လျှောက် ဆရာလေးကိုရော၊ မအိမ်ကံကိုပါ နှုတ်ဆက်ကြသူ တွေ မနည်းပြီ။ အထူးသဖြင့် မအိမ်ကံကို ဆရာကတော်လို့ ခေါ်ကြတာကို ကျေနပ်နေမိသည်။ ဆရာလေးတို့၊ ဆရာ ကတော်တို့ ဘယ်များကြွကြမလို့တုံး ဆိုသည့်နှုတ်ဆက်သံတွေ နားထဲ ဝေစည်လျက်ရှိပါ၏။
ဖိုးကူးကတော့ မြင်းခြံရောက်လျှင် ဘိုင်စကုပ်ကြည့်ချင် ကြောင်း ကိုပြေသိမ်းကိုပြောနေသည်။ ဖိုးကူး ဘိုင်စကုပ်ကြိုက် တတ်နေပြီ။ မအိမ်ကံကို ဖိုးကူးက ချစ်လည်းချစ်၊ ကြောက် လည်းကြောက်သူဆိုတော့ တော်ရုံစကား၊ သူဖြစ်ချင်သည့် အကြောင်းရှိလျှင် ကိုပြေသိမ်းကိုတိုင်တည်တတ်သည်။ ကိုပြေ သိမ်းကလည်း မင်းသဘောပါကွာလို့ ခွင့်ပြုတတ်သည်။

ရွာကိုလွန်ခဲ့ကြပြီ။ တအီအီမောင်းနှင်ခဲ့ရင်းက ရာကျော် ဇရပ်ကိုပင်ရောက်တော့မည်။ ရာကျော်ဇရပ်မရောက်ခင် ကလေးမှာ တလုတ်မန်ကျည်းတောကြီးရှိသည်။ မအိမ်ကံတို့ရွာ ဘက်တွေက ဆေးမန်ကျည်းတောလို့လည်းခေါ်ကြသည်။ လှည်းလမ်းတစ်ဖက်တစ်ချက်ကိုပင် အကိုင်းချင်းယှက်မိုးထား သဖြင့် ညို့နေသည့်နေရာဖြစ်၏။ တလုတ်မန်ကျည်းတောကို ခဏဖြတ်ရသည်ပင် အေးမြလှသည်။ တလုတ်မန်ကျည်းပင် ကြီးတွေက သည်နေရာမှာ တောထနေရုံမက တစ်ပင်တစ်ပင် ထန်းလုံးလောက်ရှိကြပါ၏။

ထိုခဏ၌ပင် လှည်းနောက်ဖျား ဆီက ညွတ်ခနဲတက်လိုက်သော လူတစ်ယောက်ကြောင့် လှည်း ပင် အိခနဲဖြစ်သွားခဲ့သည်။ လူက ၀၀မည်းမည်း။ ညှီစို့စို့အနံ့ တွေက လှိုက်တက်နေသည်။ အပေါ်ပိုင်းအင်္ကျီမပါဘဲ ဆံပင် တွေ ကုပ်ပေါ်ဝဲကျနေတာကပင် ကြောက်စရာ။ သွားဝါ၀ါကြီး များနှင့်အတူပေါ်နေသောသွားဖုံးထူကြီးတွေမှာ အာစေးတွေ အမျှင်တန်းလျက်။ ထိုလူက တလုတ်မန်ကျည်းပင်ရိပ်က ရုတ် ခနဲထွက်လာပြီး လှည်းပေါ် စွေ့ခနဲတက်လိုက်ခြင်းဖြစ်သည်။ မအိမ်ကံတို့ပင် ရုတ်တရက် မတားသာခဲ့။ ထိုလူက လှည်း ပေါ်မှာထိုင်မိသည်နှင့် ကိုပြေသိမ်းပေါင်ပေါ်က သမီးငယ် မအိမ်ခိုင်ကိုလှမ်းဆွဲရင်း လုတော့သည်။ အသံက အက်ကွဲကွဲ။

“ပေးစမ်း ငါ့ကလေးကို။ ကလေးသူခိုးတွေ ခုမှမိသယ်။ လာခဲ့စမ်း”
မအိမ်ခိုင် အော်ငိုလိုက်သံက တလုတ်မန်ကျည်းတော တစ်တောလုံးကို ကိုင်လှုပ်လိုက်လေပြီ။

(ဆက်လက်ဖော်ပြပါမည်)


ခင်ခင်ထူး

1 comment:

Yu Ya said...

စောင့်ဖတ်နေပါတယ် ကိုရီနို။

yu ya