July 17, 2009

ဆရာမ ခင်ခင်ထူး ( မအိမ်ကံ )


ရွှေအမြုတေ မဂ္ဂဇင်းမှာ အခန်းဆက်ဝတ္ထုရှည် အဖြစ် ဖော်ပြနေတဲ့ မအိမ်ကံနဲ့ ပတ်သက်ပြီး သိလိုစိတ် စောနေတဲ့ စာဖတ်ပရိသတ်များ အတွက် မအိမ်ကံ ဘယ်တော့ ပြီးမှာလဲ၊ ဘယ်လ ပြီးမှာလဲ စသဖြင့် လစဉ်လတိုင်း လိုလို မေးနေကြတာကြောင့် မန္တလေးမှာ နေထိုင်တဲ့ ဆရာမ ခင်ခင်ထူးထံ ဆက်သွယ်ပြီး မအိမ်ကံနဲ့ ပတ်သက်လို့ မေးမြန်းခဲ့ပါတယ်။

ဆရာမ... ဆရာမရဲ့ ပရိသတ်တွေက မအိမ်ကံနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ကို မကြာခဏ ဆိုသလို မေးနေကြတယ်။ မအိမ်ကံ ဘယ်တော့ပြီးမှာ လဲတဲ့။ သူတို့က မအိမ်ကံ အခန်းဆက် ပြီးသွားမှာကို စိုးရိမ်နေကြတယ်။

ဆရာဦးဝင်းငြိမ်းနဲ့ ကျွန်မ ဒီဝတ္ထုနဲ့ ပတ်သက်ပြီး စညှိကြစဉ် ကာလကတည်းက ဦးဝင်းငြိမ်းက ဆရာမ ချုံ့မရေးနဲ့၊ ကြိုက်သလိုသာ ရေးလို့ ခွင့်ပေး ခဲ့တာကြောင့် ကျွန်မကလည်း မအိမ်ကံရဲ့ အသေးစိတ် စရိုက်ကလေးတွေ ပေါ်အောင် ရေးခဲ့တယ်။ ဒီကြားထဲမှာ တောသူ တောင်သားများရဲ့ အကျင့် စရိုက်ကလေးတွေ ထင်သာမြင်သာ ရှိအောင်လည်း ညှပ်ညှပ်ပြီး ရေးသွားတယ်။ ပထမပိုင်းမှာ မအိမ်ကံ ရဲ့ စရိုက်က အင်မတန်နူးညံ့တယ်။ ဒါပေမယ့်ကြီးတော် စံရွှေက သူ့သားနဲ့သမုတ်လိုက်ချိန်ကစပြီး မအိမ်ကံရဲ့ ရင်ထဲမှာ မဟုတ်ဘဲနဲ့ အပြောခံ ရတာက တစ်ကြောင်း၊ သူ ကွမ်းတောင်ကိုင် မဖြစ်နိုင်ဘူး ဆိုတာ သိလိုက်ရတာက တစ်ကြောင်း အနာကြီး
နာသွားတယ်။ အဲဒီက စပြီး မအိမ်ကံရဲ့စရိုက်ကလည်း အရင်လို နူးနူးညံ့ညံ့၊ သိမ်သိမ် မွေ့မွေ့ မဟုတ်တော့ဘဲ လိုအပ်ရင် လိုအပ်သလို စရိုက်ကြမ်းလာတယ်။


သူ့အဖေ သူကြီး ဦးသာထန်ကို ဂျပန်စစ်ဗိုလ်က သေနတ် ထုတ်ပေးဖို့ အတင်း ရိုက်နှက်တောင်းနေတဲ့ အချိန်မှာ မအိမ်ကံက ရုတ်တရက် ၀င်လာတာမျိုးပေါ့။

ဟုတ်တယ်။ အဲဒီလို စရိုက်မျိုးပေါ့။ ပင်ကို စရိုက်အတိုင်း ဆိုရင်တော့ မအိမ်ကံက ပဲမှော်တိုက်ထဲမှာပဲ ပုန်းနေမှာပဲ။ အခုတော့ သူ့စိတ်မှာ နာကြည်းချက် တွေလည်း ရှိနေတော့ ရုတ်တရက် သေနတ်ကို ဆွဲပြီး ဂျပန်စစ် ဗိုလ်ရှေ့ မျက်နှာချင်းဆိုင် ၀င်ရဲသွားတာပေါ့။

စာဖတ် ပရိသတ်က ပထမပိုင်းမှာတော့ မအိမ်ကံရဲ့ မင်းသားဟာ ဘယ်သူလဲလို့ တစ်လပြီး တစ်လ တွေးနေခဲ့ ကြရတာ အခုတော့မှပဲ မအိမ်ကံရဲ့မင်းသားကို တွေ့ကြရတော့တယ်။ ပထမတော့ ပရိသတ်က သာအောင် ပဲဖြစ်တော့ မလိုလို ထင်နေကြတာ။ နောက်တော့မှ ကိုပြေသိမ်း ဖြစ်သွားတာကိုး။


သာအောင်ဆိုတဲ့ ဇာတ်ကောင်ကို အစ ဆွဲထုတ်ခဲ့ရတာက နောင်မှာ ကြီးတော်စံရွှေနဲ့ မအိမ်ကံ ထိပ်တိုက်တွေ့နိုင်ဖို့ ဖန်တီးခဲ့ရတဲ့ ဇာတ်ကောင်ပါ။ သာအောင်က လူပျိုဖြစ်မှသာ မအိမ်ကံနဲ့ သမုတ်နိုင်မှာ ဖြစ်သလို ပရိသတ် အတွက်လည်း သို့လော သို့လော ဖြစ်အောင် ဖန်တီးခဲ့ ရတာပါ။

ဆရာမ မအိမ်ကံကို ရေးတဲ့အခါ အစအဆုံး ဇာတ်အကျဉ်းချုပ်ကို ချရေးထားပြီးမှ တစ်ကွက်ချင်း ချဲ့ယူ သွားတာလား။ ဒါမှမဟုတ် တစ်လချင်း ခေါင်းထဲမှာ ပေါ်လာသလို ချရေး သွားတာလား။

ဇာတ် အစအဆုံး ကျောရိုးကိုတော့ ကျွန်မ ရင်ထဲမှာ ရှိပြီးသားပါ။ ဒါပေမယ့် တစ်ခါတလေမှာတော့ ရေးနေရင်းနဲ့ ပေါ်လာတဲ့ အကြောင်းအရာတွေလည်း ရှိတတ် ပါတယ်။ အထူးသဖြင့် သမိုင်းဝင် အဖြစ် အပျက်တွေကို ရေးရတဲ့ အခါမျိုးမှာ ကျွန်မ စာရေးတဲ့ စားပွဲ အနား နှစ်တစ်ရာ ပြက္ခဒိန်ထားပြီး ညှိနှိုင်း ရေးပါတယ်။

ဆရာမ မအိမ်ကံကို ရေးတဲ့ ပုံစံက အရင်ဝတ္ထုတွေ ရေးခဲ့တဲ့ ပုံစံနဲ့ ကွာခြားတယ်နော်။

ဟုတ်တယ်။ အခန်းဆက် ၀တ္ထုရှည် ဖြစ်မယ့် အပြင် နှစ်နဲ့ချီပြီး မဂ္ဂဇင်းမှာ ဖော်ပြရမယ့် ကိစ္စဖြစ်တာကြောင့် ဒီလ အဆုံးသတ်ဟာ နောက်လ ဘာဖြစ်မှာလဲ ဆွဲဆောင်သွားနိုင်မှသာ စိတ်ဝင်စားမှာ ဖြစ်လို့ တခြား ၀တ္ထုတွေနဲ့တော့ မတူဘူး။

မအိမ်ကံကို ဘယ်တော့လောက် အဆုံးသတ် နိုင်မယ် ထင်သလဲ။

လတော့ အတိအကျ ပြောလို့ မရဘူး။ ၂၀၀၉ မှာတော့ အဆုံးသတ်နိုင် ပါလိမ့်မယ်။

အခု မဟေသီ မဂ္ဂဇင်းမှာလည်း အခန်းဆက် တစ်ပုဒ် စရေးနေတယ်နော်။

ဟုတ်ကဲ့။ မန္တလေး တက္ကသိုလ် နောက်ခံ ၀တ္ထုပါ။ ဆူးပန်းဝေသွယ်ဘယက်နှင့် ပေရွက်လိပ် နားတောင်းဆင် ဆိုတဲ့ ၀တ္ထုပါ။ ခေါင်းစဉ်ကတော့ ဗုံကြီးသံ သီချင်းထဲက စာသားတစ်ခုကို ယူထားတာပါ။

အဲဒါကော ဘယ်လောက်ကြာမလဲ ဆရာမ။

ဒါလည်း ကျွန်မစိတ် အထင် ပြောရရင် နှစ်နှစ် လောက်တော့ ရေးရလိမ့်မယ်။ မအိမ်ကံရော ဒီဝတ္ထုပါ လုံးချင်း ထွက်ဦးမှာပါ။

ဆရာမ မဂ္ဂဇင်း ၀တ္ထုရှည်တွေ ရေးနေတဲ့ အတွက် ၀တ္ထုတိုတွေ ရေးဖြစ်ပါ့မလား။

ကျွန်မ ရေးဖြစ်ပါတယ်။ ၀တ္ထုတိုလေးတွေလည်း လစဉ်ထုတ် မဂ္ဂဇင်းတွေ၊ မြို့နယ် မဂ္ဂဇင်းတွေ၊ မန္တလေး နှစ် ၁၅၀ ပြည့်တို့မှာ ရေးဖြစ်တာကြောင့် အခု ဆိုရင် ကံ့ကော်ဝတ်ရည်စာပေက မ၀ိုင်းဆီကိုတောင် ၀တ္ထုတိုပေါင်းချုပ် ထုတ်နိုင်ဖို့ ၀တ္ထုတို ၁၅ ပုဒ် ပို့ထားပြီးပါပြီ။

ဆရာမ လုံးချင်းဝတ္ထု တစ်ပုဒ် ထွက်ဖို့ ကြော်ငြာ ထားသေးတယ်နော်။

ဟုတ်ကဲ့။ အဲဒါလည်း ကံ့ကော်ဝတ်ရည်ကပဲ ထွက်မှာပါ။ ဇန်န၀ါရီလထဲမှာ ထွက်ပါလိမ့်မယ်။ နာမည်က ပန်းကြာဝတ်မှုံ ပါ။

ကျေးဇူးပါပဲ ဆရာမ။


ကိုယ်တိုင်လည်း စာမရေးနိုင်၊ ဘလော့ဂ်လေးကိုလည်း ပစ်မထားရက်၊ သံယောဇဉ်ကိုလည်း မဖြတ်နိုင် ဆိုတော့ သူများတွေပြောသလိုပဲ ဆားချက်တယ်ပဲပြောပြော၊ ငပိချက်တယ်ပဲပြောပြော ပြောချင်တာပြောပါစေတော့ ဆိုတဲ့ သဘောနဲ့ ဒါလေးကို တင်လိုက်ရတာ မဟုတ်ပါဘူး။ ကျနော် အမြဲဖေါ်ပြနေတဲ့ မအိမ်ကံ ကိုရေးတဲ့ ဆရာမခင်ခင်ထူး နဲ့ အင်တာဗျူးလေးကို ပြန်လည် ခံစားဖေါ်ပြလိုက်ခြင်း ဖြစ်ပါတယ်။ မအိမ်ကံ ကို အားပေးနေသူများ ကျေနပ်ကြလိမ့် မယ်လို့ မျှော်လင့်မိပါတယ်။

လေးစားလျှက်
ရီနိုမာန်




7 comments:

မေဇင် said...

ကိုယ်အရမ်းကြိုက်တဲ့ စာတွေ ရေးတဲ့ ဆရာမ ကိုမြင်ဖူးသွားတယ်.....ပြီးတော့ ဆရာမ ရဲ့ မအိမ်ကံ ကိုဘယ်လို ဖွှဲ့တယ်ဆိုတာ သိရတယ်.... ကျေးဇူးပါရှင်... ၀တ္တုထွက်လာရင်တော့ ၀ယ်ဖတ်ဦးမှာ...း)

Yu Ya said...

ကိုရီနိုရေ... ဆရာမ ခင်ခင်ထူးစာအုပ်က တော်တော်လေး ဖတ်လို့ကောင်းတယ်ဗျာ.. “ခလောက်မြွေ” ကို အရမ်းနဲ့ သဘောကျတယ်..

yu ya

သားကြီး said...

ဒီအင်တာဗျူးကိုတော့မဖတ်ဖူးသေးဘူးbroရေ
ရွှေအမြုတေနဲ့ဝေးသွားတာကြာပြီလေ
ကျေးဇူးပါဗျာ

မေလေး said...

ကိုကြီးရေ
ဘူပြောတုန်း ဆားချက်တယ်။ငံပြာရည်ချက်တယ်လို့။ အပင်ပန်းခံ တင်ပေးနေတာ ကျေးဇူးပါနော်။
အင်တာဗျုးတွေလဲ မဖတ်ရတာကြာပီလေ။
စောင့်မျှော်အားပေးနေမယ်နော်။
ခင်မင်လေးစားလျှက်
မေလေး

ဖိုးစိန် said...

သယ်ရင်းဘလော့မှာလာဖတ်တော့

သယ်ရင်းကိုလွမ်းရင်းနဲ့ဖတ်ရတော့

အရသာပိုရှိတာပေါ့ သယ်ရင်းက

ဟုတ်ဖူးလား


အမြဲသတိရလျှက်

ချစ်တဲ့

ဖိုးချစ်

ငှက်ကလေး said...

ဆံရစ်ဝိုင်းလေးက ဆရာမ ခင်ခင်ထူးလား ကိုရီနို ဟုတ်ပါတယ် ဟုတ်တယ် ကြိုက်တယ် နော် ခင်ခင်ထူးကိုလဲ ဆားမချက်ပါဘူး ဗဟုသုတအဖြစ်ဖော်ပြပေးတာ ကျေးဇူးပါနော်

လာလည်ပါတယ်နော် လင့်ခ်သွားပါတယ် ဟိုးတခါကပြောပြီးတော့ မေ့သွားတယ် လင့်ခ်ဖို့ အခုလုပ်လိုက်ပြီ

ဘိုင်

ပုလုကွေး said...

ဆရာမရဲ့ စာတွေတော်တော်များများကို ဖတ်ဖူးပါတယ်။ အခုလက်ရှိလဲ သူများဆီးက ငှားပီး ဖတ်နေတယ်။ အိမ်က ပို့ပေးတဲ့ ဆရာမ ခင်ခင်ထူးရဲ့ ဝတ္ထုတိုတွေကိုလည်း ဖတ်နေပါတယ်။ ဒါပေမဲ့ မအိမ်ကံကို ကျတော် ရွှေမှာ ကတည်းက ဖတ်ဖို့ ဖီလ်းမလားဘူးဗျ။ အဲ လုံးချင်းထွက်ရင်တော ဖတ်ဖြစ်အောင်ဖတ် ကြိုးစားရအုံးမယ်..........