July 24, 2009

မအိမ်ကံ ( for July ) အပိုင်း - ၆

“အစ်ကို ဘာတွေများ တွေးနေတာတုံး”

“မတွေးပါဘူးကွယ်။ လသာတာ လှလွန်းလို့ ထိုင်ကြည့် နေတာပါ”

မအိမ်ကံက ကိုပြေသိမ်းရင်ခွင်ထဲ အလိုက်သင့်လှဲမှီလိုက် သည်။ ကိုပြေသိမ်းက မအိမ်ကံကိုယ်လုံးကလေးကို သိုင်းဖက် ရင်း လက်ကလေးကို နမ်းလိုက်သည်။
“နောက်တစ်ခါတော့ မအိမ်ကံဘေးက တစ်ဖ၀ါးမှမခွာ ပါနဲ့တော့ အစ်ကို။ အဖေတို့သုံးတဲ့ စကားရှိသယ်။ လျှော့လျှင် ချစ်ခင်၊ တင်းလျှင် ရန်မုန်းတဲ့။ လျှော့လျှင် မိစ္ဆာ၊ တင်းလျှင် ဒိဋ္ဌိဆိုတဲ့ စကားလည်း ရှိသေးသယ်။ မအိမ်ကံကတော့ လျှော့ ချင်သူပါ။ လျှော့လို့ ချစ်ခင်ချင်သူပါ အစ်ကို။ လျှော့လို့ မိစ္ဆာ မဖြစ်ပါရစေနဲ့တော့”

မျက်ရည်တွေက ပါးပြင်နှစ်ဖက်ဆီမှ တသွင်သွင်စီးလာ ကြကာ တပေါက်ပေါက်ကျလျက် ရှိလေသည်။ ကိုပြေသိမ်း က မအိမ်ကံပါးပြင်က မျက်ရည်တွေကို ဖွဖွကလေးသုတ်ရင်း ချော့ရှာသည်။ ရွာထဲက ကြက်တွန်သံတွေ တစ်ချက်တစ်ချက် ကြားနေရသည်။ ကိုပြေသိမ်း စကားဝိုင်းသိမ်းပြီးမှ အိပ်ရာ ၀င်ခဲ့ကြတာဆိုတော့ မိုးသောက်ယံ တွန်သည့်ကြက်သံပင် ဖြစ်လိမ့်မည်။ လရောင်က မိုးလင်းခါနီးမှ တိုးပြီးလင်းလာ ခဲ့သည်။ မအိမ်ကံက ဆတ်ခနဲ ခေါင်းမတ်ကာ ကိုပြေသိမ်း မျက်နှာကို တည့်တည့်ကြည့်ရင်း ဆိုလိုက်သည်။

“အစ်ကို့ကို မအိမ်ကံ စကားတစ်ခွန်းပြောထားချင်သယ်။ တစ်ခါမှ မပြောဖူးခဲ့တဲ့စကားပါပဲ။ အစ်ကို စိတ်မဆိုးစေချင် ဘူး။ မအိမ်ကံ ရင်ထဲကစကားပါ အစ်ကို။ လင်နဲ့မယားဆို သာ ဖရုံတစ်ညှာ ဘူးတစ်ညှာမဟုတ်ဘဲကိုး။ မအိမ်ကံကတော့ ပြဿဒါးဆိုသာနဲ့ ကြောက်လန့်ပြီး ပြားနေအောင်ရုန်းမယ့် မိန်းမမျိုးမဟုတ်ဘူး။ မအိမ်ကံ ဘာကိုမှ မကြောက်ဘူး။ အစ်ကိုပြန်လာသာ မအိမ်ကံ ၀မ်းသာသယ်။ အစ်ကိုဟာ မအိမ်ကံအတွက် အဓိပ္ပာယ်ရှိချင်မှ ရှိပါလိမ့်မယ် အစ်ကို။ ဒါပေမယ့် သမီးလေးအတွက်တော့ဖြင့် အစ်ကိုဟာ အဓိပ္ပာယ် သိပ်ရှိပါသယ်”


မအိမ်ကံ၏ မျက်ဝန်းများက အရောင်တွေ တဖျပ်ဖျပ်စို လူးနေခဲ့သည်။ တိုးလွန်းညင်သာပြောနေသော မအိမ်ကံစကား တွေကို ကိုပြေသိမ်း နားထောင်နေရာက မအိမ်ကံကို ဖျတ်ခနဲ လှမ်းကြည့်လိုက်သည်။ လရောင်ဆမ်းညရိပ်ထဲမှာပင် လှပ လွန်းလှသော မအိမ်ကံ၏ စူးရှရှမျက်လုံးများကို ရင်မဆိုင် ရဲသည့်အလား ကြမ်းပြင်ကို စိုက်ကြည့်နေလိုက်သည်။ မအိမ်ကံကတော့ စကားလုံးတွေ ရွေးချယ်နေသလို ခဏ ကလေး တိတ်ဆိတ်သွားပြန်၏။ ရွာတာလမ်းဘက်ဆီက မြို့ကိုသွားကြမည့် ထင်းလှည်းသံတအီအီကို ကြားနေရသည်။ မနက်စောစောနိုးကြသည့် ကျေးသံငှက်သံကလေးတွေ စိုးစိုး စီစီမြည်ကြလေပြီ။

“တိုင်းပြည်အတွက် စစ်ထွက်သွားသာကို မအိမ်ကံ သဘောတူသယ်ဆိုသာလည်း မှတ်ထားပါ။ မအိမ်ကံပြောချင် သာက သမီးအတွက် အစ်ကိုဟာ အရေးကြီးသယ်ဆိုသာ နားစွဲ နေစေချင်သာပါ။ မအိမ်မြိုင်အတွက် အစ်ကို ရှိရလိမ့် မယ်။ ရှိကိုရှိရလိမ့်မယ်။ မအိမ်ကံနဲ့ အစ်ကိုဟာ လက်သမား များ ပျဉ်နှစ်ချပ်စပ်သလို တစ်ဆက်တည်း ရှိကြရလိမ့်မယ်။ မအိမ်ကံမှာ ဘ၀နဲ့ရင်းထားရသဲ့အနာရှိသယ် အစ်ကို။ ဒါတော့ အစ်ကို နားလည်ပါ”

မအိမ်ကံ စကားတွေ ပြောလွန်းလှသည်၊ မျက်ရည်တွေ ကျလွန်းလှသည်ဆိုတာကလွဲ၍ ကိုပြေသိမ်း ကိုယ်တိုင်က မအိမ်ကံ စကားတွေကို ရှင်းရှင်းကြီး နားမလည်နိုင်ခဲ့။ သို့သော် သည်အချိန်မှာ ကိုပြေသိမ်း ဘာမှ ၀င်မပြောတာဘဲကောင်း သည်ဟု သဘောထားခဲ့ပါ၏။ မအိမ်မြိုင်အတွက် အစ်ကို ရှိရလိမ့်မယ်တဲ့။ မအိမ်ကံမှာ ဘ၀နှင့် ရင်းထားရတဲ့အနာ ရှိတယ်တဲ့။ မအိမ်ကံနှင့် အစ်ကိုဟာ လက်သမားများ ပျဉ်နှစ် ချပ်စပ်သလို တစ်ဆက်တည်း ရှိရလိမ့်မယ်တဲ့။ မအိမ်ကံ၏ စကားတွေက ထူးခြားလှချည်လား။ သို့သော် ကိုပြေသိမ်း ငြိမ်နေခဲ့သည်။

မအိမ်ကံကလည်း ကိုပြေသိမ်း ငြိမ်နေတာကို အကဲဖမ်း မိသည်။ တကယ်ဆို မအိမ်ကံတို့ သားအမိအနားက အစ်ကို တစ်ဖ၀ါးမှ မခွာပါဘူးကွယ်ဆိုသည့် နှုတ်ကတိတစ်လုံးတော့ ပေးစေချင်သည်။ ကိုပြေသိမ်း ဘာကြောင့်ငြိမ်နေရသလဲ။ မအိမ်ကံကို ဘာကြောင့် မေးခွန်းတွေ ပြန်ပြန်လှန်လှန် မမေး တာလဲ။
လရောင်က တဖြည်းဖြည်း ကျလာသည်။ လမင်း ပျောက်လို့ နေရောင်လာတော့မည်။ ၀ရန်တာကလေးကိုပင် မှောင်ရိပ်ကွယ်သွားခဲ့ပြီ။ ကိုပြေသိမ်းနှင့် မအိမ်ကံ စကားဆက် မပြောတော့ဘဲ ထိုင်နေခဲ့ကြတာ အကြာကြီး။

“သဗ္ဗေသတ္တာ သုခိတာ အဝေယာ ဟောန္တု။ သဗ္ဗေ-ခပ်သိမ်းကုန်သော၊ သတ္တာ- သတ္တ၀ါအပေါင်းတို့၊ သုခိတာ- ကိုယ်စိတ်နှစ်ပါး ကျန်းမာခြင်း ချမ်းသာခြင်းဖြင့်၊ အဝေရာ- ရန်မာန်တို့သည် မရှိကြကုန်သည်၊ ဟောန္တု-ဖြစ်ကြပါစေ သတည်း”
ခေါင်းရင်းအိမ်မှ အဘိုးသက်ပန်၏ ဘုရားရှိခိုး အမျှဝေ သံနှင့်အတူ ကြေးစည်ရိုက်သံကို ကြားလိုက်ရသည်။ မိုးပင် လင်းလုပြီ။

သည်မနက်တော့ ကိုပြေသိမ်းနှင့်အတူ ရွာဦးကျောင်း ဆရာတော်ကြီးထံ ဆွမ်းချိုင့် သွားပို့ကြသည်။ ဆရာတော် ကြီးက ဂျပန်တော်လှန်ရေးကြီးအကြောင်းကို ကျောင်းဆရာ ကိုပြေသိမ်းအား မေးတော်မူရှာ၏။ သက်တော်ကိုးဆယ်ဆို သော်လည်း ဆရာတော်ကြီးက နိုင်ငံ့အရေးကို စိတ်အားထက် သန်တော်မူသည်မဟုတ်လား။ ကိုပြေသိမ်းကလည်းသည်အ ကြောင်းတွေ ပြောလေတိုင်း တက်ထောင်မောင်းနင်းရှိလှပါ၏။

ကိုပြေသိမ်းပြောပြသော ဂျပန်တော်လှန်ရေးအတွေ့အကြုံ တွေကိုကြားရတော့ မအိမ်ကံ ခွင့်လွှတ်တန်သလောက်ခွင့်လွှတ် ခဲ့ရုံမက ကြားရတာကိုပင် သနားစိတ်ဝင်ခဲ့သည်။ ကိုပြေသိမ်း က မန္တလေး၊ စစ်ကိုင်း၊ မတ္တရာနယ်တွေကို ရောက်ခဲ့ သည်။ မန္တလေးမြောက်ဘက် မတ္တရာဘက်မှ ထိုးစစ်ဆင်လာသော အင်္ဂလိပ်တပ်များနှင့်ပူးပေါင်းကာခုခံခဲ့သည်။ရန်ကင်းတောင်မှာတိုက်ရတော့လည်းပါသည်။ကျောက်တစ်လုံးတွင်ဖမ်းထားသောမြန်မာတော်လှန်ရေးသမားတွေကို ဂျပန်တော် လက်ကလွတ်အောင်တိုက်ခဲ့သည်ဆိုပါ၏။ မြန်မာပြည်အထက် ပိုင်းတပ်ပေါင်း၊ ရှမ်းပြည်နယ်တောင်ပိုင်းတပ်များနှင့်ပါသွားရာ မှာတော့ ရွာငန် ရပ်စောက်အထိရောက်ခဲ့သည်။ ဗိုလ်မှူးကြီး ဗထူးနှင့်အတူ ပါသွားခဲ့ခြင်းဖြစ်သည်။

“မန္တလေးကို မီးလောင်တာများ မြင်မကောင်းဘူးဘုရား။ အင်္ဂလိပ်က မန္တလေးမှာဆုတ်ခါနီး မီးတိုက်ပစ်ခဲ့သလိုပဲ ပြန်ဝင် လာတော့လည်း ဂျပန်ခိုမယ့်နေရာတွေကို ဗုံးကြဲတဲ့အခါ မဆင် မခြင်လုပ်ခဲ့တယ် ဘုရား။ ကျောင်းတိုက်ကြီးတွေ မီးလောင် လိုက်တာ မနည်းဘူး။ ဘုရားစေတီတွေရဲ့ ဂန္ဓကုဋီတိုက်တော် တွေလည်း ပါကြတယ်။ စိတ်မချမ်းသာစရာပါဘုရား”

ကျောက်တော၊ နတ်စက်ကန်၊ ထင်းရှူးတောင်တိုက်ပွဲ များတွင် မြန်မာမျိုးချစ်များကျဆုံးခဲ့တာတွေပြောပြတော့ မျက် ရည်တွေဝဲလို့။ ၁၉၄၅ ခုနှစ်၊ ဇွန်လထဲရောက်တော့လည်း ကိုပြေသိမ်း မပြန်နိုင်။ ဗိုလ်မှူးကြီးဗထူးနှင့်အတူ တယ်လူး စခန်းမှာနေရသခိုက် ဖြစ်သည်။

“ဗိုလ်မှူးကြီး ဇွန်လ ၂ ရက်နေ့ညဘက်မှာ ငှက်ဖျားရော ဂါနဲ့ကွယ်လွန်သွားတော့ တပည့်တော် မျက်ရည်မဆည်နိုင်ခဲ့ ဘူးဘုရား။ ဇွန်လကုန်၊ ဇူလိုင်လထဲရောက်တော့မှ တပည့်တော် ပြန်လာခဲ့တာ။ တော်လှန်ရေးကြီးပြီးဆုံးပေမယ့် တာဝန်မပြီး ဆုံးသေးတာနဲ့ ခုနစ်လလောက်ကြာသွားတာပါ ဘုရား။ တပည့် တော်တို့လည်း ပင်ပန်းဆင်းရဲကြပါတယ်။ တစ်ခါတစ်ခါ ထမင်းတောင် ဘယ်ဆီမှန်းမသိရပါ ဘုရား”

“နို့ မေးစမ်းပါရစီဦး မောင်ပြေသိမ်းရဲ့။ တော်လှန်ရေးက ၀ါဆိုလကတည်းကပြီးသွားသာဆို၊ သာရင်တို့တစ်တွေ ပြန်လာ ခဲ့ကြသာကောကွယ့်”

“မှန်ပါ့ဘုရား တော်လှန်ရေးပြီးတော့ ဂျပန်က ပြေးပါပြီ။ တော်လှန်ရေး ရဲဘော်တွေလည်း ပြန်တဲ့လူပြန်၊ စစ်မြေပြင်မှာ ကျတဲ့လူကျပေါ့ဘုရား။ ဂျပန်ပြေးပေသိလို့ တကယ့် ကမ္ဘာသိ တရားဝင်လက်နက်ချတာက စက်တင်ဘာ ၂ ရက်နေ့ကျမှပါ ဘုရား။ ၀ါခေါင်လထဲပေါ့ဘုရား။ အခု တော်သလင်းဆိုတော့ ဘာကြာသေးတုံးဘုရား။ အင်္ဂလိပ်ဘုရင်ခံက ဗိုလ်ချုပ် အောင်ဆန်းနဲ့တွေ့ပြီး စက္ကူဖြူစာတမ်းဆိုတာ မြန်မာတွေလက်ခံ အောင်ပြောနေတာတွေ ကြားခဲ့ရတယ်ဘုရား။ တပည့်တော် လည်း စက္ကူဖြူစာတမ်းဆိုတာ သိချင်တာနဲ့ ဆရာကြီးဦးဘခင် တို့နဲ့အတူလိုက်ရင်းက ကြာသွားခဲ့ပါဘုရား”


1 comment:

Yu Ya said...

စောင့်ဖတ်နေပါတယ် ကိုရီနိုရေ...

ကျေးဇူးတင်စွာဖြင့်
yu ya