July 26, 2009

မအိမ်ကံ ( for Aug ) အပိုင်း - ၁

ယခင်လမှ အဆက်.....

တုံ့ခနဲ ရပ်လိုက်သော လှည်းကြောင့် ကလေးလုသူ ဟန်ချက် ပျက်သွားခဲ့သည်။ ဖိုးကူးက ရုတ်တရက် ထရပ်လိုက်ပြီး ကလေးလုသူ၏ အင်္ကျီ မပါသည့် ကျောမည်းမည်းကြီးကို နကန်နှင့် ဖြန်းခနဲ ရိုက်ချလိုက်သည်။

ကလေးလုသူက နကန်ချက်ကို နာပုံပင်မရ။ ပါးစပ်ကြီးဖြဲကာ လက်ကြမ်းကြီးများနှင့် လုမြဲလုလျက် ရှိလေသည်။ ကိုပြေသိမ်းက အမှတ်တမဲ့ကြောင် နေရာက မျက်နှာကို လက်သီးပြင်းပြင်း တစ်ချက် ထိုးလိုက်တော့မှ အူးခနဲအော်ကာ မျက်နှာကို လက်ဖ၀ါးဖြင့် အုပ်လိုက်သည်။ ဖိုးကူး၏ နကန်ချက်တွေ ဆက်ကာဆက်ကာ ကျလာသည့် အခါမှာတော့ လှည်းပေါ်က ၀ုန်းခနဲ ခုန်ချ လိုက်လေ၏။ တက်မတက် ချက်မတက် အော်နေကြသော သမီးနှစ်ယောက်ကို ထွေးပွေ့ထားရင်း လှည်းပေါ်က ကျသွားသူကို မအိမ်ကံ ငုံ့ကြည့်လိုက်သည်။ ဘယ်သူလဲ၊ ဘာသဘောလဲ။ မအိမ်ခိုင်ကို ဘာဖြစ်လို့ လုရတာလဲ။ မအိမ်ကံ နားမလည်နိုင်။ လူကလည်း အရူးတစ်ယောက်နှင့်ပင် တူနေတော့သည်။ ပြီးတော့ တလုတ် မန်ကျည်းတောထဲက ဘာကိစ္စ စောင့်နေရတာလဲ။ မအိမ်ကံတို့ လာမယ်ဆိုတာ ဘယ်သူက လက်ထောက်ချ လိုက်လို့ပါလိမ့်။ လှည်းဆက်ထွက်လာခဲ့ သော်လည်း ကလေးလုသူက လှည်းလမ်းပေါ်မှာ ကုန်းကုန်းကြီး။


“အရူးစက်ဖေဆိုသာပေါ့ မမကံ တစ်ရွာတစ်ရွာသည်လို ကူးနေတာ မမကံ မကြုံဖူးလို့ လှည်းပေါ်မှာ ကလေးပါရင် တက်လုနေကျ၊ ပြီးခဲ့တဲ့လကပဲ အနောက်ရွာက ကလေး တစ်ယောက်ကို အိမ်ပေါ်တက်လုလို့ ၀ိုင်းရိုက်လွှတ်လိုက်ကြ သေးသာ”

“အို..ကလေးလုသယ် ဟုတ်လား ဖိုးကူး။ ဟုတ်ကဲ့လားဟယ်။ အရူးစက်ဖေရယ်လို့တော့ ကြားဖူးသား။ ကလေး လုသာတော့ မကြားမိဘူး။ တော်ပါသေးရဲ့ အစ်ကိုရယ်၊ အစ်ကို သတိရှိလို့ သာပေါ့။ တော်တော်တော့ နာသွားရှာ ထင်ပါရဲ့ လှည်းပေါ်က ပြုတ်ကို ကျသွားသာ”

ဂျပန်ကို တော်လှန်ခဲ့သော တော်လှန်ရေးသမားကို ပြေသိမ်းပင် အမှတ်တမဲ့ ဆိုတော့ လန့်သွားပုံ ပေါ်ပါ၏။ ဖိုးကူးက အရူး တစ်ယောက်ပါ ဆိုတော့ စိတ်မကောင်း ဖြစ်သွားပုံ လည်းရသည်။ သမီးမအိမ်ခိုင်ကို ကြည့်လိုက်တော့ ကြေးညှော် တွေရော၊ လက်ဆုပ်အားကြောင့် အရာများပင် ထင်ကျန်ရစ် ခဲ့လေသည်။ မအိမ်မြိုင်ရော မအိမ်ခိုင်ပါ မအေ့ရင်ခွင်ထဲ တိုးဝင်နေကြသဖြင့် မအိမ်ကံ ချော့မော့နေရသည်။ ဖိုးကူးက
“ကလေးလုသာ ဇာတ်ထုပ်ရှိသယ် မမကံရဲ့။ ဦးစက်ဖေ ကြီးတို့က ပိုက်ဆံရှိကြသယ်တဲ့။ သူ့မိန်းမက မြစ်နားတန်းရွာ က စားကြူးသူ။ မိဘတွေ ရွာကိုပြန်ပြီး စစ်ပုန်းကြတုန်း ဗုံးကျင်းထဲ ဗုံးတည့်တည့်ကျလို့ မိန်းမရော၊ ကလေးတွေရော ဆုံးကြရရှာသာတဲ့”

“မင်းဟာ ဟုတ်ရဲ့လား ဖိုးကူးရာ”

“ရော် ဆရာလေးကလည်း တစ်နယ်လုံး အုန်းအုန်းထလို့ ဟာ။ ဆရာလေးရွာမှာ မရှိလို့ မကြားလိုက်သာနေမှာ”

ကိုပြေသိမ်းက ၀င်ပြောတော့ ဖိုးကူးက သေချာသပ လေညာက လုပ်နေလေ၏။ မအိမ်ကံကတော့ ဆရာလေးရွာမှာ မရှိလို့ မကြားလိုက်သာ နေမှာဆိုသည့် ဖိုးကူးစကားကြောင့် အတွေးတွေ ၀င်နေမိခဲ့သည်။ စားကြူးရွာတွေဘက် ဗုံးကျသည့် သတင်းကို မအိမ်ကံလည်း ကြားခဲ့ပါသည်။ စားကြူးရွာ ပင်မက တခြားရွာတွေလည်း ဗုံးကျတာ ရှိခဲ့ပါ၏။ သို့သော် ဦးစက်ဖေ ဇာတ်ထုပ်ကို မအိမ်ကံ မကြားမိခဲ့။ ဦးစက်ဖေတို့ မှာ ဘ၀က အကြောင်းပါလို့ စုံဖက်ကြပြီးကာမှ ကံမကောင်း အကြောင်းမလှလို့ ဘ၀ခြားကြရတာပါလား။ ဦးစက်ဖေက ပိုက်ဆံရှိလို့ ပြည့်စုံတယ် ထားပါဦး။ ကြင်ဖော်ကြင်ဖက်နှင့် ကွဲရပြီဆိုမှတော့ ဘာများ အဓိပ္ပါယ်ရှိသေးလို့လဲ။ မယားနှင့် ကလေးကို တမလွန်ပို့လိုက်ရသည့် ဘ၀ကို ခံနိုင်ရည်ရှိရှာ ဟန်မတူ။ စိတ်က ဖောက်ပြန်သော်လည်း သားသမီးဆိုသည့် မိဘမေတ္တာကတော့ ရူးသွပ်မသွားရှာပါလား။ မြင်ကရာ ကလေးကို သူ့ကလေး ထင်နေရှာလိမ့်မည်။ ကလေးကို ရန်ရှာချင်တာ မဟုတ်ဘဲ သူ့ရင်သွေးအမှတ်ဖြင့် ၀င်လုခြင်းသာ ဖြစ်လိမ့်မည်။

“အစ်ကိုရယ်၊ လူ့ဘ၀မှာ ကိုယ့်လင်၊ ကိုယ့်သား၊ ကိုယ့် မယားနဲ့ ဆင်းရဲအတူ ချမ်းသာအမျှ ဆိုသလို အတူတကွပေါင်း ဖက်နေထိုင်ရခြင်းဟာ ဘယ်လောက်များ စိတ်ချမ်းသာစရာ ကောင်းသလဲနော်။ သုံးလွန်းတင်စားပြီး ကလေးတစ်ပြုံ တောင်ကြီးနဲ့ ရုန်းရကန်ရသဲ့ အိမ်ထောင်ပဲဖြစ်ဖြစ် အတူတကွ ပေါင်းဖက်ရခြင်းဟာ မင်္ဂလာရှိနေသာပဲလို့ မအိမ်ကံတော့ တွက်သယ်”

သုံးလွန်းတင်ဆိုတာ ပြောင်း၊ ဆန်နှင့် ပဲတို့ကို ရောကျို ချက်ရသော ဆင်းရဲသားထမင်းဖြစ်ကြောင်း ကိုပြေသိမ်း သိပါ၏။ ဇောင်ချမ်းကုန်းမှာ သုံးလွန်းတင် ထမင်းစားပြီးနေကုန် ကြသူတွေ ရှိသည်။ တချို့များ ကြေးဥ၊ သမုန်းဥကိုပင် အားပြုကြရပါ၏။ သို့သော်လည်း ဆင်းရဲရန်ကော မရှိကြ။ သိုက်သိုက်ဝန်းဝန်း ရှိရှာကြသည်။ ကိုပြေသိမ်း စစ်ထွက်စဉ်က မအိမ်ကံ ကိုယ်တိုင် ခံစားရသော ခံစားမှုသည် လှည်းပေါ်မှာပင် အသစ်ပြန်ဖြစ် ရလေပြီ။ သေသည်၊ ရှင်သည် မသိ၊ အတူရှိရာမှ ပဲ့ပါသွားရသည့် ခံစားမှုကား ကြီးလှပါသည်။ မအိမ်ကံကတော့ တင်းခံနိုင်ခဲ့သည်။ သည်စကားတွေ မအိမ်ကံ ထပ်မပြောချင်တော့။ ပြီးခဲ့တာတွေလည်း ပြီးခဲ့ပြီ။ အသစ်ဖြစ် ရတိုင်း ထိုအချိန်ကာလက ခံစားမှုက ခြောက်လှန့်နေခဲ့သည်သာ။ ကိုပြေသိမ်းကတော့ မအိမ်ကံမျက်နှာကလေးကိုသာ ကြည့်လျက်ရှိပါ၏။ မအိမ်ကံ ဘာကိုဆိုလိုသလဲဆိုတာလည်း ပညာတတ်ပီပီ ခံစားနားလည်နေခဲ့သည်။ ရာကျော်ဇရပ်ကို ရောက်တော့ လှည်းမနားပါ။ ဆရာကြည့်ကို သတိရကြသဖြင့် တစ်ထောက်မနားဘဲ ခရီး ဆက်ခဲ့ကြသည်။

မြင်းခြံရောက်တော့ နေရင့်လှပြီ။ ပွဲကတော်ကြီးက ကုန်းကုန်း ကုန်းကုန်းနှင့် ဆီးကြိုရှာပါ၏။ အရွယ်အတော် အိုလှပြီဖြစ်သော်လည်း မြေးတွေ ရှင်ပြုပွဲမှာ ပျော်နေပုံရသည်။ မအိမ်ကံ ငယ်စဉ် ကလေးဘ၀ကတည်းက သည်အချိန်အထိ အမျှင်မပြတ် နှီးနွယ်ခဲ့ကြသော သံယောဇဉ်ကြောင့် သည်အလှူ ကိုမရောက်ရောက်အောင် လာခဲ့ကြခြင်း ဖြစ်သည်။

“မောင်ပြေသိမ်းတို့၊ မအိမ်ကံတို့ သားအဖ တစ်တွေကို အာရုံရှိလွန်းလို့ကို ဖိတ်ရတာပါ။ ဥတုကလည်း ပြင်းတော့ ကလေးတွေ ပန်းကြရှာမှာပဲ။ အချောကလေးတွေပါလားဟဲ့ ကိုင်း နားကြဦး၊ နားကြဦး။ ခရီးခတင်း ကရိကထကလည်း များသားကွယ့်”

“မအိမ်ကံတို့ကလည်း လာချင်နေသာပါ ပွဲကတော်ကြီးရယ်။ ပွဲမင်းကြီးကိုလည်း သတိရမိပါရဲ့။ ကျွန်မလည်း ရွာမှာ နေ့တကုပ်ကုပ်၊ ညတကုပ်ကုပ်ဆိုတော့ ခြေညောင်း လက်ဆန့် ရှိချင်တာလည်း ပါပါသယ်။ အစ်ကိုကလည်း ထနောင်းတိုင် မရောက်ဖြစ်သာ ကြာပြီလေ။ အစ်ကို့မိဘတွေလည်း မြေးတွေ လွမ်းကြရှာသယ်ကြားလို့ အပြန်ဝင်ကြဦးမလို့”

“ကောင်းပါလေ့ မအိမ်ကံရယ်။ ကိုင်းကိုင်း အိမ်အပေါ် ထပ်သာတန်းတက်ကြပါရော့ တခြားဧည့်မရှိပါဘူး။ ပြီးမှ ရေမိုးချိုးချင်သပဆိုလည်း ချိုးကြပေါ့ကွယ်။ နေ့လယ်စာ သုံးဆောင်ကြရအောင်။ နက်ဖြန်အလှူဝင်၊ သန်ဘက်ခါ အလှူကြီး၊ ဖိန်းနွှဲခါမှ ပြန်ကြပေါ့”

အိမ်ကြီးအပေါ်ထပ် အခန်းတစ်ခန်းမှာ မအိမ်ကံတို့ သားအမိ သုံးယောက်ခြေဆင်းလဲလူ အနားယူကြသည်။ ကိုပြေသိမ်းကတော့ ထုံးစံအတိုင်း လူတွေတရုန်းရုန်း မနေတတ်တော့ မြို့ထဲကို စက်ဘီး တစ်စီးနှင့် ထွက်သွားတော့သည်။ ဖိုးကူးကတော့ လှည်းချွတ် နွားစာချ ကျွေးပြီးကတည်းက ပျောက်သွားခဲ့ပြီ။ ဘိုင်စကုပ်ဆိုတာများ ရောက်သွားလေသလားမသိ။

မအိမ်ကံတို့ကို နေရာချပေးသည့် အခန်းက လှမ်းကြည့်လျှင် အလှူမဏ္ဍပ်ကို မြင်ရသည်။ မြို့အလှူဆိုပေသိ ၀ိုင်းသူ ရံသူတွေ များလှပါ၏။ ပွဲကတော်ကြီးက မြင်းခြံမြို့သူဆိုတော့ ရွာနေပြည်ထိုင်ပီပီ အသိအကျွမ်းများလှသည်။ ဈေး ဧည့်၊ ရွာဧည့်စုံလှပါ၏။ ကြက်သွန်လှီး၊ ပဲရွေး၊ ဆန်ရွေးကြသည့် မြင်းခြံသူကလေးတွေကို မြင်ရတော့သည်။ မိန်းကလေး တွေထဲမှာကော ဖက်စိမ်း ကွမ်းတောင်ကိုင် မိန်းကလေး ပါလေသလား လိုက်ကြည့်နေမိသည်။ မြို့သူကလေးတွေဆိုတော့ ယဉ်ယဉ်သန့်သန့် ကလေးတွေချည်း။ ဘယ်သူ့ဘယ်သူ ပိုလှသည် မဆိုသာ။ သည်မိန်းကလေးတွေမှာကော ဖက်စိမ်း ကွမ်းတောင် ခံစားမှုတွေ မရှိကြရော့သလား။ မအိမ်ကံတို့ ရွာမှာတော့ ဖက်စိမ်းကွမ်းတောင် ကိုင်ရခြင်းသည်ပင် တစ်ဂုဏ် မဟုတ်လား။ ကြားဖူးတာတော့ မြို့အလှူတွေမှာ ရွှေကွမ်းတောင်၊ ငွေကွမ်းတောင်၊ ကွမ်းမြှောင့်၊ ကွမ်းကလပ်တွေ တစ်ယောက် တစ်လက်ကိုင်ကြသတဲ့။ ဖက်စိမ်းကွမ်းတောင်ကို သီးသန့်ကိုင်ရသည့် မြို့အပျိုချောဆိုတာကော ရှိရဲ့လား။ အလှူနှင့် ဖက်စိမ်းကွမ်းတောင် ဆိုတာ ထွန်နောက်ရေ ပါရသလို မဟုတ်လား။ ဖက်စိမ်းကွမ်းတောင်ကိုင် ရှိရမှာပေါ့။ ထုံးမီ စံကျ မိန်းမလှတစ်ယောက်တော့ ရှိရမှာပေါ့။ သမီးကြီး မအိမ်မြိုင်ကိုပင် ပြောမိပါ၏။

“သမီး မနက်ဖြန်အလှူလှည့်မှာ ဖက်စိမ်းကွမ်းတောင် ကိုင်ရတဲ့ မိန်းကလေးကို သမီး သေသေချာချာကြည့်နော် လှလည်းလှ၊ ယဉ်လည်းယဉ် လူအများရှေ့မှာကြော့ကြော့ မော့မော့နဲ့ အင်မတန်ကျက်သရေရှိတဲ့ မိန်းမချောကွယ့်။ ငါ့သမီးကြီးရင် အဲသလိုကိုင်ရမှာ၊ မနက်ကျအမေပြမယ်နော်။ သမီးကြီးရင် ဖက်စိမ်းကွမ်းတောင် ကိုင်မယ် မဟုတ်လား သမီး”

ခြောက်နှစ်အရွယ် သမီးကလေး နားလည်လေသလား၊ မလည်လေသလား မအိမ်ကံ မစဉ်းစားနိုင်။ မအိမ်ကံဇောတွေ ကရှေ့လောကြီးလျက် ရှိပါ၏။

“ဖက်စိမ်းကွမ်းတောင်က အလေးကြီးလား အမေ”

“မလေးပါဘူး သမီးရယ်။ အပျိုဖြစ်မှကိုင်ရမှာပါ။ ငှက်ပျောရွက်ကလေးတွေနဲ့ ကွမ်းတောင်ချိုးထားတာသမီးရဲ့ သိပ်လှသာ။ အမေဆိုရင် သိပ်ကိုင်ချင်ခဲ့ရသာပေါ့ မကိုင်ခဲ့ရဘူး။ ငါ့သမီးအလှည့်ကျရင် ကွမ်းတောင်ကိုင်ရပါပြီတော်။ အဲသည်ကျမှ အမေတ၀ကြီး ထိုင်ကြည့်လိုက်စမ်းမယ်နော် သမီး”

မအိမ်မြိုင်က မအေ့မျက်နှာကို ခပ်စူးစူးလှမ်းကြည့် နေသည်။ ဘာပြောနေမှန်းလည်း သိပုံမပေါ်။ အမေ မကိုင်ခဲ့ရဘူး ဆိုတာကိုတော့ နားလည်လိုက်ပုံရပါ၏။ မျက်နှာကလေး စူရာက ပြုံးသွားလေသည်။

“အမေမှ မကိုင်ရင် သမီးလည်း မကိုင်ဘူးနော်အမေ”

“ဟယ်”



လေးစားစွာဖြင့်
ရီနိုမာန်

1 comment:

Yu Ya said...

“အမေမှ မကိုင်ရင် သမီးလည်း မကိုင်ဘူးနော်အမေ”

“ဟယ်”

ဆက်လက်စောင့်နေပါတယ် ကိုရီနို....

ကျေးဇူးတင်စွာဖြင့်
yu ya