April 21, 2013

သည်ဒေသ

အခုတစ်လော စိတ်ထဲမှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ဖူးတဲ့ ဒေသတစ်ခုကို အရမ်းသတိရနေမိတယ်။ လွန်ခဲ့တဲ့နှစ် ၂၀ လောက်က သည်ဒေသကို ကျနော်ရောက်ခဲ့တယ်။ ၁၀နှစ်နီးပါးလောက် ကျနော်တို့ သည်ဒေသမှာ နေထိုင်အခြေချခဲ့ဖူးတယ်။ သည်ဒေသကို ရောက်တဲ့ အချိန်မှာ လျှပ်စစ်မီးဆိုတာလဲ ကောင်းကောင်း မမြင်ရဘူး။ သည်ဒေသရောက်မှ တပိုင်တနိုင် ဖယောင်းတိုင်လုပ်တဲ့ စက်လေးကိုလည်း မြင်ဖူးရတယ်။  လောပိတရေတံခွန်ကနေသွယ်တန်းထားတဲ့ လျှပ်စစ်ဓါတ်တိုင် ကြီးကြီးမားမားတွေတော့ သည်ဒေသကို ဖြတ်ပြီး ဆောက်ထားတာကို တွေ့ရတယ်။ ဓါတ်တိုင်ကြီးတွေရဲ့ အောက်မှာရှိတဲ့ သည်ဒေသမှာ လျှပ်စစ်မီးမရှိတာကို အထူးတလည် စဉ်းစားနေမိသေးတယ်။ ပတ်ပတ်လည်ကို ကြည့်လိုက်ပြန်တော့လည်း တောင်တွေက အပြည့်။ တောင်တွေတောင်တွေရဲ့ ထိပ်မှာ ထုံးဖြူဖြူတွေနဲ့ စေတီပုထိုးတွေကလည်း အပြည့်။ သည်ဒေသကို ရောက်မှ တစ်နှစ်စာ မိုးရေလောင်တဲ့ ကန်ကြီးတွေကို တွေ့ဖူးရတယ်။ သည်ဒေသရောက်မှ လက်ဖက် ဘယ်လိုရသလဲဆိုတာ သိလာရတယ်။ သည်ဒေသရောက်မှ သစ်တော်သီးကို အမုန်းစားခဲ့ရတယ်။ သည်ဒေသရောက်မှ ဂျူးမြစ်ဆိုတာ ဘာလဲသိလိုက်ရတယ်။  သည်ဒေသကို ရောက်မှ ဈေးဆိုတာလည်း သွားချင်တိုင်း သွားလို့ မရဘူးဆိုတာကိုလည်း သိလိုက်ရတယ်။ သည်ဒေသကိုရောက်မှ ငါးရက်တစ်ဈေးဖွင့်တဲ့ ရှမ်းခေါက်ဆွဲဆိုင်က ရှမ်းခေါက်ဆွဲကို ကြိုက်တက်နေပြီ။ သည်ဒေသရောက်မှ အပူချိန် အနှုတ်ဒီဂရီရဲ့ အရသာကိုလည်း ကောင်းကောင်းခံစားဖူးရတယ်။ သည်ဒေသကို ရောက်မှ တိုင်းရင်းသား၊သူတွေရဲ့ ရိုးသားမှုကို ကောင်းကောင်းတွေ့ရတယ်။ သည်ဒေသကို ရောက်မှ ဘာသာစကား နှစ်ခုကို လေ့လာခွင့်ရခဲ့တယ်။ သည်ဒေသကို ရောက်မှ ကျနော်ဟာ ချမ်းတက်လာခဲ့တယ်။ သည်ဒေသကိုရောက်မှ ကျနော့်ပါးလေးတွေ နီရဲ လာတယ်လို့ ခံစားရတယ်။ သည်ဒေသကိုရောက်မှ ကျနော် နှုတ်ခမ်းနီ ( အဆီ) ဆိုးတတ်လာခဲ့တယ်။ သည်ဒေသကို ရောက်မှ ဘုရားတည်ဖို့ ကုသိုလ်ဖြစ် အုတ်တွေသယ်ရင်း  တောင်တွေ တတ်ခဲ့ရတယ်။ သည်ဒေသမှာ ကျနော်ချစ်တဲ့ ဆရာမတွေ ရှိတယ်။ သည်ဒေသမှာ အလယ်တန်း၊ အထက်တန်းတွေနဲ့ အချိန်ကုန်စေခဲ့တယ်။ သည်ဒေသမှာ ကျနော့်ရဲ့ အဖေနဲ့ အစ်ကို့ကို အပ်ထားခဲ့ရတယ်။ နောက်ဆုံး သည်ဒေသကို ကျနော်တို့ စွန့်ခွာခဲ့ရတယ်။ သို့သော် သည်ဒေသကို ကျနော် ချစ်တယ်။ ကျနော် ဒီဒေသကို လွမ်းတယ်။ သည်ဒေသကို ကျနော် တစ်နေ့တော့ အလွမ်းပြေ သွားကြည့်အုံးမယ်။

ပင်လောင်းမြို့ကို ရည်ရွယ်၍ ခံစားရေးပါသည်။

ရီနိုမာန်

5 comments:

သက်ဝေ said...

စာပြန်ရေးဖြစ်တာ သဘောကျသွာတယ်... နောက်လည်း ဆက်ရေးအုံးနော်... ပင်လောင်းကို အလည်တခေါက် ပြန်သွားချင်တဲ့ ဆန္ဒလည်း မြန်မြန် ပြည့်ဝပါစေလို့...း=)

desertraindrops said...

ပင်လောင်းမြို့မှ ကြိုဆိုပါသည် သူငယ်ချင်း :)))

ကြည်ဖြူပိုင် said...

ပင်လောင်းက ပျော်စရာလေး နေမှာပဲ
သွားချင်လိုက်တာ

Ree Noe Mann said...

အမ သက်ဝေ

လာလည်လို့ ဝမ်းသာရပါတယ်။

မငုံ
နောက်နှစ် ကျနော် လာခဲ့မယ်။

ကြည်ဖြူပိုင်

နောက်နှစ် ၂ လပိုင်းသွားမယ်။ လိုက်ခဲ့ပါ

အမ်တီအန် said...

ဆန္ဒတွေ အမြန် ပြည့်ဝပါစေ...