May 14, 2012

အသက်ပါတဲ့ မျက်ရည် မဖြစ်ပါရစေ

ကျနော့်နာမည် အရင်းက မျိုးမင်းလတ်။ အိမ်က မေမေနဲ့ ဖေဖေက ကျနော့်ကို မင်းမင်း လို့ပဲ ခေါ်တော့ ကျနော့် ပတ်ဝန်းကျင်မှာ မျိုးမင်းလတ် ဆိုတဲ့ နာမည်ပျောက်ပြီး မင်းမင်း ဆိုတဲ့ နာမည်ပဲ သိကြတော့တယ်။ ဖေဖေက အစိုးရဝန်ထမ်း။ မေမေကတော့ အငြိမ်စား မှီခို။ ကျနော့်တို့ အိမ်မှာ မိသားစုဝင် ငါးယောက်ပဲ ရှိတယ်။ ဖေဖေရယ် မေမေရယ် ကိုကိုရယ် ကျနော်ရယ် နောက်ပြီး ညီမလေးရယ်။ ဖေဖေက ကျနော်တို့ကို သိပ်ချစ်တာ။ ကျနော်တို့ မောင်နှမ ဘာလိုလဲ နှစ်ခွန်းပြောစရာ မလိုဘူး။ မေမေလည်း ဘာထူးလဲ။ ကျနော်တို့ ကြိုက်တက်တဲ့ ဟင်းတွေကို သေသေချာချာ တစ်နေ့ တစ်မျိုး မရိုးစေရဘူး။ အားလုံးထဲမှာ ကျနော်ကတော့ နည်းနည်းလေး ထူးလိုက်ရမှ ကျေနပ်တက်တာကြောင့် ကျနော် ကြိုက်ဟင်းက တစ်ပတ်ကို နှစ်ရက် အမြဲတမ်းရှိတယ်။ 

ကျနော်တို့ မိသားစုမှာ ထူးခြားတာ တစ်ခုက တစ်ပတ်မှာ တစ်ရက် သတ်သက်လွတ်စားကြတယ်။ ဘယ်ရက်လို့ ပုံမှန်မထားပဲ တစ်ပတ်မှာ မိသားစုဝင်တစ်ယောက်ရဲ့ မွေးရက်ကို စားဖြစ်ကြတယ်။ ဒီအပတ် ဖေဖေ မွေးရက်ဆို နောက်တစ်ပတ် မေမေ့ မွေးရက်။ မေမေ ပြီးတော့ ကိုကို၊ ကိုကို ပြီးတော့ ကျနော်၊ ကျနော်ပြီးတော့ ညီမလေး အလှည့်။ အလှည့်ကျ မွေးရက်ရောက်တိုင်း တစ်ပတ်မှာ တစ်ရက်တော့ ပုံမှန် တစ်အိမ်လုံး စားကြတယ်။ အဲဒါလေးကလည်း ကျနော့်တို့ မိသားစုမှာ ချစ်စရာကောင်းတဲ့ နွေးထွေးတဲ့ ဆက်ဆံရေးပါပဲ။ 

ကျနော်တို့အိမ်မှာ ကိုကိုက ဥာဏ်အရမ်းကောင်းတယ်။ စာလည်းတော်တယ်။ သူငယ်တန်းကနေ ကိုးတန်းထိ ကိုကိုက ကျောင်းမှာ တစ်နှစ်သုံး အဆင့် အမြဲဝင်တယ်။ ဆယ်တန်းကို ကိုကိုက ဂုဏ်ထူး လေးဘာသာနဲ့ အောင်တော့ ဖေဖေနဲ့ မေမေက ကိုကို ကို ဆေးကျောင်းတက်စေချင်တယ်။ ဒါပင်မဲ့ ကိုကိုက သူ ဝါသနာပါတဲ့ အင်ဂျင်နီယာ လိုင်းကိုပဲ ရွေးလိုက်တယ်။ ကိုကို တက္ကသိုလ်စတက်တော့ ကျနော်က ရ တန်းပဲ ရှိသေးတယ်။ ငယ်ငယ်လေး ကတည်းက မိဘနဲ့ မခွဲဖူးတော့ ကိုကိုကျောင်းစတက်တဲ့ နှစ်က ကိုကို့ကို ကားဂိတ်လိုက်ပို့တော့ ကျနော်တို့ မောင်နှမတွေ ဖက်ပြီး ငိုခဲ့ရဖူးတယ်။ ကျနော်တို့ မိသားစုမှာ ဒါဟာ ကျနော်ဘဝရဲ့ မှတ်မှတ်ရရ ဖြစ်နေတဲ့ ပထမဆုံးသော မျက်ရည်ပဲ။ ကိုကိုက စကားအရမ်းနည်းတယ်။ စိတ်လည်း သိပ်ရှည်တယ်။ ကျနော့်ကို တိုတိုလေး ကပ်မှာတယ်။ .... ညီ မေမေနဲ့ ဖေဖေကို ဂရုစိုက်နော်တဲ့..... ။

တစ်မိပေါက် တစ်ယောက်ထွန်းဆိုတဲ့ စကားကို ပတ်ဝန်းကျင်က ကျနော်တို့ မိသားစုကိုကြည့်ပြီး မင်းမင်းတို့ မိသားစုနဲ့ အဲစကားပုံက တက်တက်ဆင်အောင်လွဲနေပြီတဲ့။ အမှန်တကယ်တော့ တစ်မိပေါက် တစ်ယောက်ထွန်း ရှိကြစမြဲပါ။ အဲဒါ ဘယ်သူမှမဟုတ်ဘူး။ ကျနော် ဆိုတဲ့ မျိုးမင်းလတ်ပဲ။ ကိုကိုနဲ့ ညီမလေးက စာတော်သလောက် ကျနော်ကတော့ တစ်နှစ်တစ်တန် ပုံမှန်အောင်တဲ့ အနေအထားပဲ။ ကျနော် ဆယ်တန်း တစ်နှစ်ကျတော့ ကိုကိုက သူ့ကျောင်းတစ်နှစ်အောက်ပြီး ကျနော်ကို ဂိုက်ပြန်လာလုပ်ပေးမယ်ပြောလို့ ကျနော် ဒီနှစ်အောင်အောင် ဖြေပါ့မယ် ဆိုတဲ့ ဂတိကို ပေးလိုက်ရတယ်။ ကိုကို ကျနော့်အပေါ် ဘယ်လောက်ချစ်တယ် ဆိုတာကို ကျနော်  သိပြီးသားပျါ။ ကိုကိုက ကျနော့်ကိုတင် ချစ်တာမဟုတ်ဘူး။ ညီမလေးကိုလည်း ကိုကိုက သူ့ သမီးလေးတစ်ယောက်လိုချစ်တယ်။ ညီမလေးကလည်း ကိုကိုနဲ့ ကျနော်ကိုဆိုရင် ကိုကို ကိုပိုချစ်တယ်ဆိုတာ ကျနော် သိပါတယ်။ ကျနော်ကလည်း ညီမလေးကို ချစ်တော့ စိတ်မဆိုးရက်ပါဘူး။

ကျနော် ဆယ်တန်း ဒုတိယနှစ်ဖြေပြီးတဲ့ အချိန်မှာ ဖေဖေ လူကြီးရောဂါနဲ့ ဆေးရုံးတက်ရတယ်။ အရမ်းစိတ်ပူတက်တဲ့ ကိုကို့ကို ဖေဖေ ဆေးရုံးတက်ရတဲ့ အကြောင်း လုံဝ အသိမပေးခဲ့ဘူး။ ကိုကို သာသိခဲ့လျှင် ကျနော့်ကိုဆူမှာ သေချာတယ်။ မတော်တဆ အပြောကောင်း မဆိုကောင်း ဖေဖေသာ တစ်ခုခုဖြစ်သွားခဲ့ရင်လို့ တွေးလိုက်တော့ မဖြစ်မနေကိုကို့ ကို အသိပေးဖို့ အားတွေ ဝင်လာပြီး ကိုကိုဆီ ဖုန်းသွားခေါ်မယ်လို့ ထရပ်လိုက်တဲ့ အချိန်မှာပဲ ရုတ်တရက် မေမေ့ရဲ့ အသံကြားလိုက်ရတယ်။ မေမေ့ အော်သံကို ကြားလိုက်ရတဲ့ အချိန်မှာပဲ ကျနော်ရင်ဘတ်ကို တစ်ခုခုနဲ့ ပြေးဆောင့်ခံလိုက်ရသလိုပဲ အသက်ရှုဖို့ မေ့သွားခဲ့တယ်။ ကျနော့်ရဲ့ အကြည့်အာရုံကို သေသေချာချာ ကြည့်လိုက်တော့ ဖေဖေ့ကုတင်နားမှာ ဖြူဖြူတွေပဲတွေ့နေရတယ်။ ကျနော် သိလိုက်ပါပြီ။ ကျနော် ထင်သလို မဖြစ်ပါစေနဲ့။ ရပ်နေတဲ့ ကျနော့်ခြေထောက်တွေ အားမရှိတော့ သလို ပြိုဆင်းသွားခဲ့ရတော့တယ်။

ဖြစ်ချင်တော့ ဖေဖေဆုံးတဲ့ ရက်နဲ့ ကိုကို စာမေးပွဲရက်နဲ့ ကွက်တိဖြစ်နေတာကြောင့် ကျနော်နဲ့ မေမေ တိုင်ပင်ပြီး ကိုကို့ကို အသိမပေးဖြစ်ခဲ့ဘူး။ ဖေဖေ ရက်လည်မတိုင်ခင် တစ်ရက်မှာ ကိုကိုဆီက ဖုန်းဝင်လာတယ်။ မေမေကတော့ ဖုန်းပြောနိုင်လောက်တဲ့  ခွန်းအားမရှိလို့တဲ့ ကျနော့်ကို သွားပြောခိုင်းတယ်။ ညီမလေးကို သွားပြောခိုင်းရင်လည်း သေချာပေါက် ငိုနေမှာသိလို့ ကျနော်ကို သွားပြောခိုင်းတယ်။ မေမေက ဖေဖေကိစ္စ တစ်ခွန်းမှ မဟဖို့ အတန်တန်မှာတယ်။ ကျနော်လည်း ကိုကို စိတ်ထိခိုက်မှာ ဆိုးတာကြောင့် လုံးဝမပြောဘူးလို့ ဆုံးဖြတ်ထားလိုက်တယ်။ ကျနော် ဖုန်းခွက်ကို ကောက်ကိုင်လိုက်တယ် ဆိုရင်ပဲ ..... ညီ ဖေဖေ နေကောင်းလား...။ ကိုကို ညတုန်းက အိပ်မက်မက်တယ်.....။ ဖေဖေ ကိုကို့ဆီကို အဝတ်အသစ်တွေ ဝတ်ပြီး ကိုကို့ကို လာပြုံးပြတယ် ညီ။ ဖေဖေ နေကောင်းရဲ့ လားညီ။ ကိုကို့ ကို တစ်ခုခု ပြန်ပြောအုံးလေ ညီ။ ဖေဖေ နေကောင်းရဲ့လားလို့...။ ညီ ... ကိုကို မေးနေတယ်လေ......။

ကျနော် ဖုန်းခွက်ကို ကိုင်လျှက် ပါးပေါ်မှာ မျက်ရည်တွေ သွင်းသွင်းစီးနေပါတော့တယ်။ မနက်ဖြန် ဖေဖေ့ ရက်လည်လို့ ဘယ်လိုခွန်အားတွေနဲ့ ကျနော် ပြန်ပြောရမှာလဲဗျာ။ ကျနော် ဘာမှ မပြောလို့ ကိုကိုစိတ်ဆိုးချင်လည်း ဆိုးပါစေတော့....။ ပါးပေါ်မှာ စီးကျနေတဲ့ မျက်ရည်တွေကို လက်နဲ့ သက်ချလိုက်ပြီး သက်ပြင်းရှည်ကြီး တစ်ချက်ကို အသံမထွက်အောင် ချလိုက်တယ်။ ပြီးတော့ လည်ပင်ကို အကောင်းဆုံး အနေအထားပြောင်းပြီး

....... ကိုကို .... မနက်ဖြန် အရောက်ပြန်လာခဲ့နော်... ညီ ကားဂိတ်မှာ လာစောင့်နေမယ်။ 
....... မနက်ဖြန် မရောက်ရောက်အောင် ပြန်လာခဲ့ပါနော် ကိုကို .... ကျနော် ဖုန်းချလို့ အပြီးမှာတော့......

ကျနော့်ရင်ဘတ်ကြီး တစ်ခုလုံး ကွဲလုမတက် ဖြစ်နေရပြီ။ ဖေဖေ နေရာမှာ ကျနော်သာ ဖြစ်လိုက်ပါတော့လားဗျာ။ 

ဒုတိယ အကြိမ်မြောက် ကျရတဲ့ မျက်ရည်တွေက ခါးသီးလွန်းလှပါတယ်။

လေးစားစွာဖြင့်
ရီနိုမာန်

3 comments:

ice-cream said...
This comment has been removed by the author.
ဆောင်းနှင်းရွက် said...

ဖတ်ပြီး စိတ်မကောင်းဖြစ်လို့
ဖတ်သွားတယ်ပဲ ပြောခဲ့တော့မယ် .. ကိုရီနို ..

ခင်မင်လျှက်
ဆောင်းနှင်းရွက်

နေ၀သန် said...

ရင်ကို တကယ်ထိတဲ့ စာလေးတစ်ပုဒ်ပါ အစ်ကိုရေ..... လက်ရာတွေ မဖတ်ရတာကြာပေမယ့်.... ရင်ကိုထိနေဆဲပါပဲ...

ခင်မင်လျက်
နေ၀သန်