May 10, 2012

အသက် ၂၀ လောက်တုန်းကပေါ့

ကျွန်တော်က ရှင်ဘုရင် မဖြစ်ဖူးတော့ ရှင်ဘုရင်ရဲ့ ခံစားချက်မျိုး ကျွန်တော်မခံစားတက်သေးဘူး။ သူဌေးတစ်ယောက် မဖြစ်ဖူးသေးပြန်တော့လည်း သူဌေးတွေရဲ့ ခံစားချက်မျိုး ကျနော့်မှာ ရှိမနေပြန်ဘူး။ ဒါဟာ ဖြစ်တက်တဲ့ သဘာဝပါပဲလေ။ 

၉၉ မှာ ကျနော် ၁၀အောင်တော့ အလုပ် အရမ်းလုပ်ချင်ခဲ့တယ်။ နေတာက နယ်မှာ။ အလုပ်လုပ်ချင်တာက ရန်ကုန်မှာ။ အလုပ်လျှောက်ဖို့အတွက် ၁၀ အောင်တယ်ဆိုတာလေးပဲ ရှိတယ်။ ဒါတောင် အောင်လက်မှတ် မထုတ်ရသေးဘူး။  ဘာပဲဖြစ်ဖြစ် အလုပ်လုပ်ချင်တဲ့ စိတ်ကတော့ ဦးဆောင်ပြီး ခေါ်ဆောင် သွားခဲ့ပါတယ်။

ဒီလိုနဲ့ ကျနော် ရန်ကုန်မှာ အလုပ်လုပ်ဖြစ်ခဲ့တယ်။ ကျနော့်အကျင့်က အကောင်းဖက်ကို ရှာတွေးတက်တဲ့ အကျင့်ကြောင့်ပဲလား မပြောတက်ဘူး။ စိတ်ပျက်စရာတွေ ခဏခဏ ကြုံရပင်မဲ့ အလုပ်က ထွက်မယ် ဆိုတဲ့ စိတ် တစ်ခါလေးတောင် မဖြစ်ခဲ့ဘူး။ အမှန်တကယ်တော့ နားလည်ပြီးသာ အလုပ်တစ်ခုကနေ ဘာမှ မသိမတက်တဲ့ အလုပ်တစ်ခုကို အသစ်ကနေ ပြန်လုပ်ရမှာ ကြောက်တာလဲ ပါပါတယ်။ ဒါကြောင့်ပဲ ကျနော် ပထမဆုံး လုပ်တဲ့ အလုပ်မှာ လေးနှစ်ကျော် ငါးနှစ်လောက် ကြာသွားခဲ့တယ်။

ရုံးရောက်ရောက်ချင်းကတော့ ပျာတာပေါ့။ ၁၀ တန်းအောင်ရုံ ရှိသေးတာဆိုတော့လည်း ပျာတာ ဆိုလည်း ပျော်နေတာ မပြောပါနဲ့တော့။ ဟိုရုံး သွားလိုက်ပါအုံး။ ဒီရုံး သွားလိုက်ပါအုံး။ ဟိုဖိုင်လေး တွဲလိုက်ပါအုံး။ ဟိုလူ့ကို ဖုန်းဆက်ပြီး ရုံးလာဖို့ ခေါ်လိုက်ပါအုံး ဆိုတာတွေနဲ့ လုပ်လာခဲ့တာ တစ်နှစ်လောက် ကြာတော့ လုပ်သက်လေးကလည်း ရလာပြီးဆိုတော့ ဘယ်သူ့မှ ရာထူးမတိုးပေးပင်မဲ့ နေရာလေးက ရလာခဲ့ပြီ။ သူ့ကိုခေါ်သွား ဟိုရုံးမှာ လုပ်တဲ့ အလုပ်တွေကို သင်ပေးထား၊ မင်းက ဒီကနေ စာရွက်စာတမ်း စီစဉ်ပေး ဆိုတဲ့ စကားလေးတွေ စကြားလာရပြီ။ ဘာဖြစ်ဖြစ် အလုပ်လုပ်ရရင် ပျော်နေတက်တဲ့ ကောင်ဆိုတော့လည်း သိတဲ့ အတိုင်းပေါ့ အိတ်သွန်ဖာမှောက် သင်ပေးတော့တာပေါ့။ သင်ပေးလွန်းအားကြီးလို့ ကျနော့်ဆရာက ကျနော့်ကို ပြန်ဆူရတဲ့ အထိပါပဲ။

အလုပ်စလုပ်ပြီး သိပ်မကြာဘူး။ ဖုန်းတစ်လုံးရဲ့ တန်ဖိုးလောက် တန်ဖိုးမရှိလောက်အောင် အပြောခံရဖူးတယ်။ အပြောခံရတာချင်း ထပ်တူမကျအောင် ကျနော် ကြိုးစားတယ်။ အမှားတွေရဲ့ အပေါ်မှာ ကျနော် သင်ခန်းစာယူပြီး လူတွေရဲ့ စိတ်ကို နားလည်လာအောင် ကြိုးစားတယ်။ တစ်ဖြည်းဖြည်းနဲ့ လူတွေရဲ့ အကြောင်းကို နားလည်လာတယ်။ ကျနော် နားမလည်နိုင်တာက ကျနော့် သဌေး။ ကျနော့် ရုံးစရောက်တော့ ကျနော့် သူဌေးမှာ အတွင်းရေးမှူး နှစ်ယောက်ရှိနေတာကို သတိထားမိတယ်။ နောက်မှ သိလိုက်တာက အရင်းတစ်ယောက်က အလုပ်ထွက်တော့မှာမို့ အသစ်တစ်ယောက်ကို တွဲသင်ပေးနေတာတဲ့။ 

အတွင်းရေးမှူး အဟောင်းဘာကြောင့် အလုပ်ထွက်တယ်ဆိုတာတော့ ကျနော်လည်း သေချာ မသိလိုက်ဘူး။ ကျနော်တို့ လက်ထပ်မှာတော့  အတွင်းရေးမှူး အသစ်ကို မျက်ရည်နဲ့ မျက်ခွက် မြင်တွေ့နေရတာ အဆန်းတကျယ် ဖြစ်မနေတော့ပါဘူး။ ဘာကြောင့်လည်း ဆိုတာ မသိပင်မဲ့ နားလည်လို့ ရပါသေးတယ်။ သဌေးဆူလို့ပေါ့။ ကျနော် လုပ်သက်နှနှစ်လောက်ရောက်တော့ ကျနော့်တို့သူဌေး စီးပွားရေးကောင်းတယ်လို့ ပြောလိုရတဲ့ အချိန်မှာ သူ့မှာ အတွင်းရေးမှူး လေးယောက် ဖြစ်နေပါပြီ။ ဒါလည်း မအံ့သြသေးပါဘူး။ အလုပ်များတာကိုး။ 

ကျနော် လုပ်သက် သုံးနှစ်လောက်ရောက်တော့ ခုနက အတွင်းရေးမှူး လေးယောက်က တစ်ယောက်ပြီး တစ်ယောက် အလုပ်စတင် ထွက်လာကြပါတယ်။ နောက်ဆုံးတစ်ယောက်ပဲ ကျန်တော့တယ်။ သူမကလည်း သူမအတွင်းရေးမှူး မဖြစ်ခင်အထိ ကျနော်တို့နဲ့ အတူတူအလုပ်လုပ်ဖူးတယ်။ ကျနော် သုံးနှစ်ကျော်လို့ လေးနှစ်ထဲ လုပ်သက်လေးရလာတဲ့ အချိန်မှာတော့ သူမဆီက အကူအညီ တစ်ခုတောင်းလာတယ်။ တောင်းလာတဲ့ အကူအညီကို ကူညီသင့် မကူညီသင့် စဉ်းစားနေရင်းနဲ့ပဲ ငွေမျက်နှာ ကြည့်လိုက်မိပါတော့တယ်။

အဲ့ဒီအချိန်ကစပြီး သူဌေးနဲ့ ကျနော် ပွဲစကြမ်းပါတော့တယ်။ အရင့်အရင်းက အတွင်းရေးမှူတွေ ဘာကြောင့် မျက်ရည်ကျရသလဲ၊ ဘာကြောင့် အလုပ်ထွက်ချင်ရတာလဲ ဆိုတာ ကျနော် ရေရေချင်း မြင်မိရာက နောက်ဆုံး ဘာကြောင့် ဆိုတဲ့ အချက်ကို အတွင်းကျကျ သိလိုက်ရပါတော့တယ်။ ကျနော်တို့ သူဌေးက သဘောအရမ်းကောင်းပါတယ်။ မိသားစု စိတ်ဓါတ်လည်း အပြည့်ရှိပါတယ်။ သဘောကောင်းပင်မဲ့ အပြောလေးကတော့ ကြမ်းပါတယ်။ ကျနော် ကိုယ်တိုင် ငါ နဲ့ ကိုင်အတုတ်ခံလိုက်ရမှပဲ အရင်းက အတွင်းရေးမှူးတွေ ဘာကြောင့် ငိုခဲ့ရသလဲ ဆိုတာ ကျနော် သဘောပေါက်သွားရပါတယ်။ အတွင်းရေးမှူးက အပျိုလေးတွေဖြစ်တာက တစ်ကြောင်း အဆဲခံရတော့ ရှက်လို့ ငိုခဲ့ကြသလို ဝမ်းနည်းလို့လည်း ပါပါလိမ့်မယ်။ 

နောက်တော့ ကျနော်ကိုယ်တိုင် မခံစားနိုင်တော့တဲ့ အဆုံး၊ ကိုယ့် ခံစားချက်ကို ပြောဖို့ အခန်းတံတားပိတ်ပြီး သူဌေးနဲ့ ဆွေးနွေးမှုယူလိုက်ရတဲ့ အထိပါပဲ။ အဲဒီနောက်ပိုင်းတော့ အဆဲလည်း မခံရတော့ သလို၊ အလုပ် လုပ်ရာမှာလည်း အဆင်ပြေပြေ လုပ်နိုင်ခဲ့ပါတယ်။ လုပ်သက် ငါးနှစ်အရောက်မှာတော့ ပြည်ပမှာ အလုပ်လုပ်ဖို့ ထွက်လာခဲ့တာ ယခုဆိုရင် ၁၀ နှစ်တောင် ပြည့်တော့မှာပါလား.....။

တစ်ခါတစ်လေတော့လည်း အဆဲအဆိုလေးတွေကို သတိရသလို၊ အလုပ် အတူတူ လုပ်ခဲ့ကြတဲ့ မြန်မာပြည်က မောင်နှမတွေကို သတိရမိပါတယ်။

လေးစားစွာဖြင့်
ရီနိုမာန်    

No comments: