October 31, 2010

စီစဉ်သူရဲ့ အမှာစကား

ရွှေအမြုတေမဂ္ဂဇင်းရဲ့ သက်တမ်း ၂၁ပြည့်ခဲ့ပြန်ပါပြီ။ ကျွန်တော့် အသက်ကလည်း ၆၅ နှစ်ထဲကို ရောက်ရှိလို့ နေပြီဖြစ်လို့ ရွှေအမြုတေသက်တမ်း ရင့်လာတာနဲ့အမျှ ပရိသတ်များနဲ့ ကျွန်တော် ခွဲကြရမယ့်အချိန်လည်း နီးသထက်နီးလာပြီလို့ ခံယူမိပါတယ်။ အသက်အရွယ်ရလာတာနဲ့ အမျှ နေ့စဉ်ကြုံတွေ့နေရတဲ့ အဖြစ်အပျက်များ စကားသံများအပေါ် မူတည်ပြီး စဉ်းစားဖြစ်တာလေး တစ်ခုကို ပြောပြချင်ပါတယ်။

မြန်မာစကားမှာ " စကားစကား ပြောဖန်များ စကားထဲက ဇာတိပြ " လို့ဆိုပါတယ်။ ဒါကြောင့် စကားဆိုတာ လိုအပ်သလောက်ပဲ ပြောသင့်ပါတယ်။ ပြောဖန်များလာရင် ကိုယ့်စကားတွေထဲကပဲ ကိုယ့်အကြောင်း ဖော်ပြနေတယ်ဆိုတာကို ငယ်ရွယ်သူများအနေနဲ့ သတိထားသင့်တယ်လို့ ပြောချင်ပါတယ်။

အခုတစ်လောမှာ " စကားကျွံ " လာသူများ တော်တော်များများကို ကြားရဖတ်ရနေပါတယ်။ သူတို့စကားတွေထဲကပဲ သူတို့ဇာတိတွေ ပြနေတာကို မြင်ရတော့ တော်တော်စိတ်မကောင်း ဖြစ်မိပါတယ်။ နောက်စကားတစ်ခု ရှိပါသေးတယ်။ " နှုတ်ထွက်ကြမ်းရင် အမိယုတ်ညံ့ပြီး ကိုယ်အမှုအရာကြမ်းတမ်းရင်တော့ အဖယုတ်ညံ့တယ်" လို့ ဆိုပါတယ်။ ကိုယ်အနေမတတ်၊ အထိုင်မတတ်မှုကြောင့် အိမ်မှာရှိနေတဲ့ မိဘနှစ်ပါးပါ ယုတ်ညံ့တဲ့ဘဝကို အလိုလိုရောက်သွားစေတဲ့အတွက် ကိုယ်စကားတစ်ခွန်းပြောတော့မယ်ဆိုရင် အမေ့ကို သတိရသင့်သလို အပြုအမှုတစ်ခုကို လုပ်တော့မယ်ဆိုရင်လည်း အဖေ့ကို သတိရသင့်ပါတယ်။

ကိုယ့်ကြောင့် မိဘနှစ်ပါးထိခိုက်တာမျိုး မဖြစ်ရအောင် သားသမီးများက ရှောင်ရှားသင့်ပါတယ်။ ကိုယ့်မိဘထိခိုက်မှာကို ဂရုမမူတဲ့ သူများအတွက်တော့ မဆိုလိုပါဘူး။ အဲဒါကတော့ ဒီရက်ပိုင်းအတွင်းမှာ ကျွန်တော့်အတွေးထဲ ဝင်လာတာလေးကို ရွှေအမြုတေ ပရိသတ်များအတွက် ၂၁နှစ် အမှတ်တရအဖြစ် ပြောပြချင်တာ ဖြစ်ပါတယ်။

အစဉ်တစိုက် အားပေးခဲ့တဲ့အတွက် ကျွန်တော့်ပရိသတ်များကို အထူးကျေးဇူးတင်ပါတယ်။ မိဘကျေးဇူးကို သိ၊ နားလည်တတ်တဲ့ သားသမီးများလည်း ဖြစ်ကြစေချင်ပါတယ်။

လေးစားစွာဖြင့် (ဝင်းငြိမ်း)

ကျွန်တော် ဒီနေ့အလုပ်နားရက် ဖြစ်တာကြောင့် တစ်လမှာ တစ်ခါလောက်သာ သွားဖြစ်တဲ့ စီတီဟော ကိုရောက်သွားခဲ့ပါတယ်။ မထင်မှတ်ပဲ သူငယ်ချင်းတစ်ချို့နဲ့တွေ့ပြီး ဟိုဝင်ဒီဝင်လုပ်နေတုန်း အသက်ဝင်လှတဲ့ ချစ်သူနှစ်ဦးရဲ့ အပြုံးကိုတွေ့လိုက်ရတဲ့ အခိုက်မှာပဲ ကျွန်တော့်ရဲ့ စိတ်တွေကို ညို့ယူသွားသလို ခံစားလိုက်ရပါတယ်။ ဒါနဲ့ အိတ်ထဲက စင်ကာပူ ၆ ဒေါ်လာ အကုန်ခံပြီး အိမ်အပြန်လက်ဆောင်အဖြစ် ယူလာခဲ့ပါတယ်။ လမ်းရောက်မှ သေသေချာချာကြည့်လိုက်တော့မှပဲ ရွှေအမြုတေမဂ္ဂဇင်း ရဲ့ ၂၁နှစ်ပြည့် ဖြစ်နေမှန်း သိလိုက်ရပါတယ်။ စာအုပ်ကိုကြည့်ပြီး တစ်လုံးမကျန် အကုန်ဖတ်မယ်လို့ စိတ်ထဲတွေးပြီး စာရွက်တစ်မျက်နှာချင်း ဖတ်နေရာမှ စာမျက်နှာ ၆ အရောက်မှာတော့ ဆရာဦးဝင်းငြိမ်းရဲ့ အမှာစကားကို ဖတ်ပြီး အရမ်းသဘောကျမိတာကြောင့် ဆရာ့ဆီကို ခွင့်တောင်းပြီး ပြန်လည်ဖော်ပြလိုက်ရပါတယ်။

မိဘကျေးဇူးသိတတ် နားလည်သော သားသမီးများ ဖြစ်ကြပါစေလို့ ကျွန်တော်ကလည်း အားလုံးသော မောင်နှမများကို ဆုတောင်းပေးလိုက် ရပါတယ်ဗျာ။

လေးစားစွာဖြင့်
ရီနိုမာန်

3 comments:

ဇွန်မိုးစက် said...

ခုလို တန်ဖိုးရှိတဲ့ အကြောင်းအရာပါတဲ့ အမှာစကားကို တဆင့်ပြန်လည် ဝေမျှပေးတဲ့အတွက် ကျေးဇူးပါ ရီနို။
အစ်မလည်း ၂၁နှစ်မြောက်ရွှေ သွားဝယ်ဦးမှ။း)

ချော(အစိမ်းရောင်လွင်ပြင်) said...

မြန်မာစကားမှာ " စကားစကား ပြောဖန်များ စကားထဲက ဇာတိပြ " လို့ဆိုပါတယ်။ ဒါကြောင့် စကားဆိုတာ လိုအပ်သလောက်ပဲ ပြောသင့်ပါတယ်။ ပြောဖန်များလာရင် ကိုယ့်စကားတွေထဲကပဲ ကိုယ့်အကြောင်း ဖော်ပြနေတယ်ဆိုတာကို ငယ်ရွယ်သူများအနေနဲ့ သတိထားသင့်တယ်လို့ ပြောချင်ပါတယ်။

ဆရာရဲ့ဒီစာသားလေးတကယ်ကို သဘောကျမိတယ်..
သိပ်မှန်တာဘဲ။ စကားများများပြောရင် အမှားတွေပါလာပြီး ကိုယ့်စိတ်ဓာတ်ကျ ဘာလဲဆိုတော ဖော်ပြတော့တာပါဘဲ။

ကိုရီး{ကိုကြီး} said...

စာနယ်ဇင်းလာကမှာ သမာသမတ် ရှိသူရယ်လို့ လေးစားရတဲ့ ဦးငြိမ်းပါ
မျှဝေပေးလို့ ကျေးဇူးတင်ရပါတယ်ဗျာ။

ခင်မင်စွာဖြင့်
ကိုရီး{ကိုကြီး}