November 7, 2010

ကျွန်တော်တို့ ခြံ

1993 ခုနှစ်လောက်က ထင်တယ်။ နွေရာသီကျောင်းပိတ်ရက်မှာ အမေ့ဘက်က အဘွားဆီကို သွားလည်တဲ့ အချိန်ပေါ့။ နှစ်တိုင်း နွေရာသီကျောင်းပိတ်ရက်တော့ အဖွားဆီကို ရောက်ဖြစ်ကြပါတယ်။ အဖွားကတော့ ကျွန်တော်ဆီကို သိပ်ရောက်ဖြစ်ဖူး။ ငါးနှစ်ခြောက်နှစ် တစ်ခေါက်လောက်မှ အဖေတာဝန်ကျတဲ့ အရပ်ကို လိုက်လည်လေ့ရှိတယ်။ အဖေက ဝန်ထမ်းဆိုတော့ သိတဲ့ အတိုင်းပေါ့။ နှနှစ် သုံးနှစ် တစ်ခါလောက် ပြောင်းရွှေ့နေကျ။

ဒီနှစ်တော့ အဖွားဆီကို ရောက်နေခိုက် အချိန်။ အာလုံးလည်း တိုက်ဆိုင်သွားတဲ့ အချိန်နဲ့ တူပါတယ်။ ခြံလေးတစ်ခြံ ဝယ်ဖို့ အကြောင်းကဖန်လာတယ်။ ဝယ်ဖို့ စကားလာစပ်တာက အမေ့မောင် ဝမ်းခွဲ ကျွန်တော့်ဦးလေး တစ်ယောက်။ အမှန်က သူလိုချင်နေတာ။ အဲအချိန်တုန်းက အမျိုးတွေထဲမှာ ငွေရေးကြေးရေး အဆင်ပြေဆုံး ဖြစ်နေတာက ကျွန်တော်တို့ မိသားစု။ ဒါကြောင့်လည်း ထန်းသီးကြွေခိုက် ကျီးနင်းခိုက် နဲ့ လာကြုံသွားတော့တာပေါ့ဗျာ။

" အမ .. နင် ယူထားသင့်တယ်နော်။ နင့်ယောက်ျား စစ်တပ်ကထွက်ရင် နင်တို့ ဘယ်မှာသွားနေမှာလဲ " ဆိုတဲ့ စကားကို အမေအပြည့်အဝ ယုံကြည်သွားဟန်တူတယ်။ ခြံကို ဝယ်ဖို့ အမေဆုံးဖြတ်လိုက်တယ်။ ခြံကို ကျွန်တော်တို့ ဝယ်တုန်းက ငွေငါးသောင်း ပေးဝယ်ခဲ့ရတယ်။ ခြံရဲ့ ဧရိယာအကျယ်အဝန်းက အရှေ့မျက်နှာစာ ပေ ၁၀၀ ဘေးအရှည် ပေ၂၀၀ ကျယ်တယ်။ ခြံကြီး သက်သက်ဆိုတော့ ခြံထဲမှာ အပင်ကြီး အပင်ငယ်တွေကတော့ အများကြီးပေါ့။

၁၉၉၃မှာ အဲခြံကိုဝယ်ပြီး ၁၉၉၄ကျမှခြံကို ခြံသန့်ရှင်းရေးလုပ်ပြီး ခြံစည်းရိုး လာခတ်ဖြစ်တယ်။ ပထမတော့ ခြံဝယ်ထားယုံသပ်သပ်ပေါ့။ ၁၉၉၅ခုနှစ်ကျတော့ အမေ့စိတ်ထဲ အတွေးတစ်ချို့ ခိုင်ခိုင်မာမာ ရှိနေလေပြီ။ ကျွန်တော်အဖေရဲ့ အရက်သောက်နှုန်းကလည်း တစ်နေ့ထပ်တစ်နေ့ တိုးတိုးလာခဲ့တယ်။ အဖေ့ကိုကြည့်ပြီး အမေတွေးမိတယ် နဲ့တူပါတယ်။ အခုချိန်မှာများ ငါ့ယောကျာ်း တစ်ခုခုဖြစ်သွားခဲ့ရင် ငါတို့ ဘယ်မှာသွားနေမလဲ ဆိုတဲ့ အတွေးပေါ့။ အဖေကတော့ ခြံထဲမှာ အိမ်ပြန်ဆောက်မှာကို သိပ်သဘောမတွေ့ပင်မဲ့၊ ရှင် ပင်စင်ယူရင် ကျမတို့ ဘယ်မှာသွားနေမှာလဲ ဆိုတဲ့ အမေ့ရဲ့ စကားကိုပြန် မချေပနိုင်တာကြောင့် အမေ့ရဲ့ အစီအစဉ်ကို လက်ခံလိုက်ရပုံပါ။

အဖေ့ရဲ့ အတွေးထဲမှာလည်း ငါ မသေမချင်း မင်းတို့ မိသားစုကို မငတ်အောင်ထားနိုင်တယ် ဆိုတဲ့ အတွေးကလည်း ရှိနေသေးတာကိုး။ ဟုတ်ပါတယ်။ အမှန်တကယ်လည်း အဖေရဲ့ လစာက နည်းပင်မဲ့ ကျွန်တော်တို့မိသားစုအတွက် ပူပန်စရာမရှိခဲ့ပါဘူး။ အဖေ့အတွေးထဲမှာ စစ်တပ်က သူ့ကို တစ်သက်လုံး စောင့်ရှောက်သွားလိမ့်မယ်လို့ ထင်နေတယ်နဲ့ တူပါတယ်။ တပ်က အရာရှိတွေအတွက် မြေကွပ်ချပေး တာတောင် ကျွန်တော်အတွက် မလိုဘူးလို့ ပြောပြီး မယူပဲ ပြန်လာခဲ့တဲ့ လူမျိုးလေ။ အဖေနဲ့ပတ်သက်ရင်တော့ ပြောစရာတွေ အများကြီးရှိပါသေးတယ်။ နောက်ကြုံမှပဲ အချိန်ပေးပြီး ပြောပြပါတော့မယ်။

ကျွန်တော် ၇တန်းနှစ်မှာ အမေဝယ်ထားတဲ့ ခြံထဲမှာပဲ အိမ်ဆောက်ဖြစ်တယ်။ အိမ်ဆောက်ဖို့ မသွားခင်ကျွန်တော်က အမေ့ကိုပြောပါသေးတယ်။ နှစ်ထပ်အိမ်လေးဆောက်ပါ အမေလို့ပြောတော့ အမေတို့က အသက်ကြီးပြီသားရယ်။ တက်လိုက်ဆင်းလိုက်နဲ့ အဆင်မပြေပါဘူးတဲ့။ ဒါကြောင့်ပဲ အမေက သူစိတ်ကြိုက် ဒီဇိုင်းကို ပရံဆရာ၊ လက်သမားဆရာတွေကို နှုတ်ကပြောပြီး သူလိုချင်တဲ့ တစ်ထပ်တိုက်ကို ဆောက်ဖြစ်ခဲ့တယ်။ အရှေ့မျက်နှာစာ ၂၅ပေနဲ့ ဘေးအရှည် ၅၅ပေရှိတဲ့ သွပ်မိုးအုပ်ကာ အိမ်လေးကို အဲအချိန်တုန်းက ငွေခြောက်သိန်းနဲ့ ရအောင်ဆောက်လိုက်နိုင်ခဲ့တယ်။ အမေ့ရဲ့ အတွင်းပစ္စည်း တော်တော်များများပါသွားတာ ကျနော်သိတယ်။ အဲတုန်းက ရွှေဈေးက တစ်ကျပ်သားကို ငွေ နှစ်သောင်းကျပ်ပဲ ရှိသေးတဲ့ အချိန်လေ။ အမေ့မှာ ရှိတဲ့ ရွှေတွေရောင်းပြီး အဲအိမ်ကို ဆောက်ခဲ့ရတာ။ ရွှေတွေပြန်ရအောင် ကျွန်တော့်အနေနဲ့ ရှာလို့မရနိုင်ခဲ့သေးပေမဲ့ ရွှေတွေရောင်းလို့ရတဲ့ ငွေနဲ့ ဆောက်ထားတဲ့ အိမ်လေးကတော့ အခုချိန်ထိ ကျွန်တော်တို့ မိသားစုလေးကို အခြေအနေမပျက်အောင် အများကြီး အကူအညီ ပေးခဲ့ပါတယ်။

ဆက်ပါအုံးမယ်......

လေးစားစွာဖြင့်
ရီနိုမာန်

3 comments:

khin oo may said...

စိတ်ဝင်စားတယ်။

ချော(အစိမ်းရောင်လွင်ပြင်) said...

မိဘတွေရဲ့ မေတ္တာက သားသမီးတွေကို တင့်တင့်တယ်တယ် ဖြစ်စေနိုင်ပေမဲ့ သားသမီးတွေရဲ့ မေတ္တာက မိဘတွေကို တင့်တင့်တယ်တယ် ထားပေးနိုင်ဖို့ မလွယ်သေးဘူးနော်။

ကိုရီး{ကိုကြီး} said...

ဘဝတူတွေမို့ ရင်ဘတ်နဲ့ ဖတ်သွားပါတယ် ညီ။

ခင်မင်စွာဖြင့်
ကိုရီး{ကိုကြီး}