November 10, 2010

ဒီခြံ ဒီအိမ် ( ကျွန်တော်တို့ခြံ )

၁၉၉၆မှာ ကျွန်တော်တို့ တစ်မိသားစုလုံး ကိုယ်ပိုင်ခြံလေးထဲကို အဖေမပါပဲ ပြောင်းလာခဲ့ကြတယ်။ အဖေကတော့ မပြောင်းစေချင်ပင်မဲ့ တပ်ကထွက်ရင် အခြေတကျနေနိုင်အောင်လို့ဆိုတဲ့ အမေ့ရဲ့စကားအပေါ်မှာတော့ အဖေဘာမှပြန်မပြောခဲ့ပါ။ အမေလည်း သူ့မောင်တွေနဲ့အတူ စီးပွားရေးကို ရှာကြံလုပ်ကိုင်ပင်မဲ့ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ ဆိုသလိုမျိုး ဘာလုပ်လုပ် အဆင်မပြေဖြစ်နေခဲ့တယ်။ ကျွန်တော်အဖိုးကလည်း စစ်သား။ ကျွန်တော်အမေကိုမွေးတော့လည်း စစ်တပ်ထဲမှာ။ ယောက်ျားရပြန်တော့လည်း စစ်သားနဲ့။ စစ်တပ်ထဲမှာနေတာကြာလာတဲ့ အမေဟာ အရပ်လောကထဲက စီးပွားရေးဆိုတဲ့ ပညာရပ်ကို ကောင်းကောင်းနားမလည်ခဲ့လို့လည်း ဖြစ်မယ်လို့ ကျွန်တော်ကတော့ ဖြည့်တွေးလေး တွေးလိုက်မိပါတယ်။

ကျွန်တော်ဆယ်တန်းနှစ်မှာတော့ ကျွန်တော်ကို အိမ်မှာ တစ်ယောက်တည်း ထားခဲ့ပြီး အမေနဲ့ညီမလေးကတော့ အဖေတာဝန်ကျတဲ့ ပင်လောင်းမှာ လိုက်နေခဲ့တယ်။ ကျွန်တော်ကတော့ ကျွန်တော်တို့ခြံလေးထဲမှာပဲ ဆိုပါတော့။ ကျွန်တော်တို့ နဲ့ အတူ အမေ့ရဲ့မောင်လေးတစ်ယောက်ကလည်း အတူတူနေတယ်။ ကျွန်တော် ဆယ်တန်း ပထမနှစ်ကျတော့ ကျွန်တော်တို့ ခြံလေးထဲမှာ မနေတော့ပဲ အမေနဲ့အတူ အဖေရှိတဲ့ ပင်လောင်းမှာလိုက်နေပြီး ဆယ်တန်းထပ်ဖြေခဲ့တယ်။ ဆယ်တန်း ဒုတိယနှစ်မှာ ကျနော်စာမေးပွဲအောင်တယ်။

ကျွန်တော် ဆယ်တန်းအောင်တော့ ကျွန်တော်တို့ မိသားစုရဲ့ စီးပွားရေး အခြေအနေက ဘာမှ မကျန်တော့တဲ့ အခြေအနေ( ခြံနဲ့အိမ်ကလွဲလို့ပေါ့) ။ အမေပြောပြောနေကျ စကားလေး တစ်ခွန်းရှိတယ်။ ရှိရင် တန်ဆာ၊ မရှိရင် ဝမ်းဆာ ဆိုတဲ့ အတိုင်း ကျွန်တော်တို့ ခြံနဲ့အိမ်လေးကို ရောင်းဖို့ အမေစကားခေါ်ပါတော့တယ်။ ၉၈လောက်က အမေခေါ်တဲ့ဈေးက အိမ်ရောခြံပါ ဆယ်သိန်းတဲ့။ ခြံဘေးအိမ်က ကရင်အမိုးကြီးကယူချင်ပင်မဲ့ လက်ထဲမှာ ပိုက်ဆံမရှိတာကြောင့် ချက်ချင်း မရောင်းထွက်နိုင်ခဲ့ပါဘူး။

ကျွန်တော်တို့လည်း ဈေးပြောခဲ့ပြီး အဖေနဲ့အတူလိုက်နေခဲ့ပါတယ်။ ခြားထဲမှာတော့ အိမ်နဲ့ခြံကို လာကြည့်ကြတဲ့ လူတွေရှိကြပေမဲ့ ဆယ်သိန်းဆိုတဲ့ အားကြောင့် အရောင်းအဝယ် မဖြစ်ခဲ့ပါဘူး။ အရောင်းအဝယ်မဖြစ်ခဲ့တာကိုပဲ ကျေးဇူးတင်ရကောင်းမှန်း ကျွန်တော်အနေနဲ့ အဖေမရှိတော့တဲ့နောက်ပိုင်း သိနားလည်ခဲ့ရပါတယ်။

ဘယ်အရာပဲဖြစ်ဖြစ် ကိုယ်နဲ့ထိုက်မှ ကိုယ်ရတယ်ဆိုတာ သိပ်ကိုမှန်ပါတယ်။ ကျွန်တော် မလေးရှား သွားပြီးအလုပ်လုပ်တဲ့ သုံးနှစ်အတွင်းမှာ ကျနော်ရှာလို့ရတဲ့ ငွေက မိသားစု စားနိုင်သောက်နိုင်ယုံလောက်ပဲ ရတာကြောင့် ခြံအကျယ်အဝန်းဖြစ်တဲ့ ပေ၁၀၀၊ ၁၀ပေကို ငွေဆယ်သိန်းနဲ့ ရောင်းပြီး အမေ့လက်ထဲမှာ အပိုငွေရှိစေခဲ့ပါတယ်။ ဒါပဲလားလို့ မထင်လိုက်ပါနဲ့အုံး။

ကျွန်တော်တို့ အဆင်မပြေဖြစ်နေတဲ့ အချိန်မှာ အမေက သူ့မောင်ဖြစ်တဲ့ ကျွန်တော့်ဦးလေးဆီက ပိုက်ဆံခုနှစ်သောင်း ချေးပြီး ပိုက်ဆံချေးတဲ့ မျက်နှာကြောင့် အမေက သူ့မောင်ကို နင် အိမ်ဆောက်ချင်ရင် ဘေးကပိုနေတဲ့ မြေကွက်လပ်မှာ ဆောက်နေလို့ ပြောခဲ့ပင်မဲ့ ချေးထားတဲ့ငွေ ပြန်ဆပ်တဲ့ အချိန်မှာတော့ ပိုက်ဆံမလိုချင်ကြောင်း၊ ဘေးက ပိုနေတဲ့ မြေကွက်ကို လိုချင်ကြောင်း တရားဝင်ပြောလာပါတော့တယ်။

အဲဒီအချိန်တုန်းက ကျွန်တော် မလေးရှားရောက်နေတဲ့ အချိန်ပဲဖြစ်တာကြောင့် အမေနဲ့ဖုန်းပြောမှ အမေက သားရေ အခြေအနေ ဒီလိုရှိတယ်။ အမေဘယ်လိုလုပ်ရမလဲ လို့ပြောလာတာနဲ့ ကျွန်တော်လည်း အမေ့ကို စိတ်မဆင်းရဲစေချင်တာကြောင့် မြေတိုင်စာရေး ခေါ်ပြီးပေးလိုက်ပါတော့ လို့ပဲ ပြောလိုက်ရပါတော့တယ်။ ကျွန်တော် ဦးလေးက ခြံကို တစ်ဝက်မရလို့ သိပ်မကျေနပ်ချင်သေးပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့ ဝယ်တုန်းက ပေ ၁၀၀၊ ၂၀၀ ကို ငါးသောင်းနဲ့ပေးဝယ်ထားရတာကို သူသိနေလို့ပါ။ ခု သူ့ဆီက ခုနှစ်သောင်းယူထားတာဆိုတော့ သူတစ်ဝက်တော့ ပိုင်သင့်တယ်လို့ ထင်နေမှာပေါလေ။

၂၀၀၉ခုနှစ်မှာတော့ သူ့ကို အပိုင်ပေးလိုက်ရတဲ့ ခြံ ပေ ၃၅၊ ၁၉၀ ကို သူနဲ့ထိုက်လို့ သူရလိုက်နိုင်ပေမဲ့ ပိုင်ဆိုင်နေထိုင်ခွင့်ကိုတော့ သူမရလိုက်တော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီခြံကို ၃၅သိန်းနဲ့ သူရောင်းချလိုက်လို့ပါပဲ။ ဒါကြောင့် ကျွန်တော်ကလည်း အမေကို လက်ကျန်ခြံနဲ့ အိမ်လေးကို ရောင်းဈေးခေါ်လိုက်ရပါတော့တယ်။

အမေ ငွေလိုလို့ အိမ်နဲ့ခြံကို မျက်စောင်းထိုးခဲ့မယ်ဆိုရင်တော့ ခြံကို ၆၅သိန်းနဲ့ အိမ်အတွက် ဈေးကိုတော့ အမေ အိမ်ဆောက်တုန်းက ရွှေဈေး တစ်ကျပ်သားကို နှစ်သောင်းဈေးနဲ့ ခြောက်သိန်းကုန်အောင် ဆောက်ခဲ့ရတယ်။ အခုပြန်ရောင်းချင်ရင်တော့ ခုခေတ်ရွှေပေါက်ဈေးနဲ့မြောက်ပြီး ရောင်းချင်ရင်ရောင်းပါလို့ ပြောထားရတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ မိဘအမွေအနှစ်ဖြစ်လာမဲ့ ဒီခြံနဲ့ဒီအိမ်လေးကို ကျွန်တော်တစ်သက် ရှိနေစေချင်သေးလို့ပါပဲဗျာ.......

လေးစားစွာဖြင့်
ရီနိုမာန်

4 comments:

khin oo may said...

မရောင်းဖြစ်အောင်ကြိုးစားပါ။

ကိုရီး{ကိုကြီး} said...

အင်း... ဝန်ထမ်း မိသားစုတွေရဲ့ဘဝက တကယ်ပဲ ခါးသီးလွန်းတယ်
ညီ့ ဆန္ဒလေး ပြည့်စုံပါစေဗျာ။

ခင်မင်စွာဖြင့်
ကိုရီး{ကိုကြီး}

ချော(အစိမ်းရောင်လွင်ပြင်) said...

အဆင်ပြေစေချင်ပါတယ်...
မိဘရဲ့ အမွေအနှစ်လေးကို ထိန်းသိမ်းနိုင်ပါစေ

အနမ်း said...

ကြာတော့လည်း ဒီခြံလေးနဲ့အိမ်လေးကို သံယောဇဉ်ဖြစ် နေတာပေါ့..
အဆင်ပြေပါစေ..