August 10, 2009

မအိမ်ကံ ( for Aug ) အပိုင်း - ၎

ထနောင်းတိုင်မှာ နေခဲ့ရသည့် ရက်များအတွင်း ကိုပြေသိမ်းတို့ အိမ်မှာ လူသူလေးပါး စည်ကားလှပါသည်။ အထူးသဖြင့် ကိုပြေသိမ်း၏ ဖခင်မှာ နိုင်ငံရေးသမားဟောင်းကြီး ဖြစ်သော်လည်း အသက်အရွယ်ရရှာပြီ။ သို့သော် တစ်နေ့တစ်နေ့ ရေနွေးပွဲကြီးခင်းကာ လက်ဖက်ပဲကြော် အစုံအလင်ဖြင့် လာသမျှ လူတွေကို ဧည့်ခံလေ့ရှိသည်။ ထနောင်းတိုင် ရွာကြီးမှာ ပညာတတ်တွေ ထွက်သည့်အပြင် နိုင်ငံရေး စိတ်ဝင်စား သူတွေလည်း များလှပါ၏။ သည်အထဲမှာ ကိုကံကြီးမောင် ဆိုသူနှင့် ကိုပြေသိမ်းက ပုလဲနံပ သင့်လွန်းလှသည်။ ကိုကံကြီးမောင်က မြန်မာ့နိုင်ငံရေးကို ခြေခြေမြစ်မြစ် ပြောနိုင်တာပါ သကဲ့သို့ အပြောအဟောလည်း ကောင်းလှပေရာ နားထောင်ရ သူများအဖို့ တ၀ါးဝါး ပွဲကျရတာမျိုးရှိသလို “တောက်” ထခေါက်ရလောက်အောင် သွေးထိုးပေးနိုင်စွမ်းလည်း ရှိသူဖြစ်၏။ ခေတ်ပညာတတ်လည်း ဖြစ်ပြန်၊ လူလုံး လူဖန်ကောင်းကောင်း ရုပ်ရည် သန့်သန့်မွန်မွန်လည်း ဖြစ်ပြန်ဆိုတော့ ယုံကြည် ကိုးစားလောက်သည့် လူလည်းဖြစ်ပုံရသည်။ စကားပြောလျှင် မျက်လုံးကြီး ပြူးကာ ပြောတတ်သည်။ ပင်ဝါနုရောင် လည်ခေါင်းတုံး အင်္ကျီကို အမြဲဝတ်သူဖြစ်ပြီး မြင်းခြံချောင်းဒေါင်းထည် ပုဆိုးနီ နက်စင်းကို မချွတ်တမ်း ၀တ်တတ်သည်။ ပိုလိုစီးကရက် တခဲခဲနှင့် အိတ်ကပ်ထဲမှာလည်း စီးကရက်ဘူးက အမြဲပါတတ်ပါ၏။




ကိုပြေသိမ်းတို့ အိမ်ကို မနက်တိုင်း ရောက်လာတတ်သူ များမှာ ကျောင်းဆရာ ကိုလှအေး၊ ပန်းထိမ်ဆရာ ကိုဘညို၊ ၀တ်လုံတော်ရ ဦးမူ၊ ကုလားကုန်သည် ဦးအီစမိုင်၊ ဆေးလိပ် ခုံပိုင်ရှင် ကိုသန်းမြ စသူတို့ဖြစ်၏။ အခြားပုဂ္ဂိုလ်များလည်း လာရောက်တတ်ကြပြီး တစ်ခါတစ်ရံ အငြင်းအခုန်များဖြင့် ရန်များထ ဖြစ်ကြတော့မလား မှတ်ရသည်။ မအိမ်ကံကတော့ အိမ်အောက်ထပ်မှာသာ အနေများသည်။ ကြီးတော်ကြီးတွေ၊ ယောင်းမ၀မ်းကွဲတွေ၊ ဆွေနီးမျိုးနီးတွေ သာမက ထနောင်းတိုင် ရွာခံတွေကပါ မအိမ်ကံတို့ သားအမိတွေ ရောက်လာကြ ကတည်းက တရုန်းရုန်း ရှိနေကြပါ၏။ ဖိုးကူးပင် ခင်သီနှင့် ရော၍ ထမင်းချောင် ရောယောင် ၀င်နေရသည်။ မီးဖိုပေါ်မှာ ရေနွေးအိုးကြီး တဗွမ်းဗွမ်း ဆူနေအောင် မီးထိုးရတာကပင် တစ်လုပ်။ ဖိုးကူးကပင် ညည်းယူရတော့သည်။

“သောက်လိုက်ကြသဲ့ ရေနွေးဗျာ။ သူတို့မှ အာခေါင် မပူသယ်။ လက်ဖက်ကလည်း ကန်တော့ပွဲပြင်သဲ့ ဇလုံကြီးနဲ့ သုပ်ရတာဗျို့ ရက်စက်သယ်”

“နေစမ်းပစီ ဖိုးကူးရယ်။ လက်ဖက်တွေ တွင်တွင်စား ရေနွေးတွေ တွင်တွင်သောက်။ ထမင်းမေ့ ဟင်းမေ့တွေ။ အစ်ကိုလေးကိုယ်က ဆင်သွားရာကျားချောင်း။ လူလိုက်ရှာနေ သာလေ။ မမကံ ယောက်ျားလည်း ဖအေ့သွေး ပါသတော့်။ ပေါ့ ပေါ့ မမှတ်နဲ့နော်”

ခင်သီပြောလည်း ပြောစရာ။ မအိမ်ကံကတော့ ရယ်နေလိုက်ပါသည်။ ဇောင်ချမ်းကုန်းလို ချောင်ကျကျရွာကလေးမှာ သည်လိုစကားတွေ ပြောမည့်သူ မရှိတော့ ကိုပြေသိမ်းမှာ ထနောင်းတိုင် လာပြီး အတိုးချ ပြောနေသလား ထင်မိပါ၏။ ဘာပဲဖြစ်ဖြစ် သူ့မိသူ့ဘ၊ သူ့ရွာ သူ့မြေ သူ့လူတွေနှင့် ကိုပြေသိမ်း ပျော်နေ ပုံရတာကိုပဲ မအိမ်ကံ ၀မ်းသာရသည်။ ကိုပြေသိမ်း မပြောပါနှင့်။ သမီးနှစ်ယောက်ကပင် ထနောင်းတိုင်မှာ ပျော်နေကြသည်။ ရွာထဲ သွားလည်ကြရတာလည်း အမော။ တစ်အိမ် မဟုတ် တစ်အိမ်က ခေါ်သွားကြတာ ဆိုတော့ လက်သာရာပါ နေကြသည်။ ရာသီကလည်း ပူပြင်းလွန်းသဖြင့် နေ့လယ် နေ့ခင်းတော့ ပြန်ပို့ပါ ပြောရပါ၏။

“ကျုပ်တို့ရွာက သစ်ကြီးဝါးကြီးပါ့ရှင်။ သူတကာ့ ရွာတွေ ပူလှပူလှနဲ့ ကျုပ်တို့ ထနောင်းတိုင် ပူချိန် မရလိုက်ပေါင်။ မြင်းခြံနဲ့ တောင်မတူဘူး။ မြင်းခြံကဟာတွေ ကျုပ်တို့ ရွာရောက်ရင် အေးကြလွန်းလို့တဲ့။ နေကြစမ်းပါစီ မအိမ်ကံရဲ့”

ထနောင်းတိုင်ရွာသူတွေ ဂုဏ်လုပ်ချင်တာကိုလည်း ပြောတော့ မပြောသာပါ။ ထနောင်းတိုင်က ဇောင်ချမ်းကုန်းထက် အရိပ်အခက်များသည်။ မြို့နှင့်နီးသည့် ရွာကြီးဆိုတော့ မြို့သွေး မြို့ရည်ရှိသကဲ့သို့ တောရိပ် တောရောင်လည်း မလွတ်ချင်။ မအိမ်ကံက အိမ်အောက်ထပ်မှာ ပျင်းလာသည့်အခါ အပေါ်ထပ် စကားဝိုင်းကို တက်သွားလေ့ရှိ၏။ တက်သွား တိုင်းလည်း ကိုကံကြီးမောင်နှင့် ပန်းထိမ်ဆရာတို့ငြင်းခုန်နေ တာတွေပဲ ကြားရပါ၏။

“ပြည်သူ့ရဲဘော် ဆိုတာက တော်လှန်ရေးတုန်းက စစ်ပညာတွေ မပျောက်ပျက်အောင် တပ်ဖွဲ့ခဲ့တာဗျ။ မြို့စောင့် နယ်စောင့်သူတို့ ရှိတာ။ သည်အထဲမှာ ရဲဘော်ဟောင်းတွေ လည်းပါသဗျာ။ ကွန်မြူနစ်တွေလည်းပါသဗျာ။ ဆိုရှယ်လစ် တွေလည်းပါသဗျာ။ ဘယ့်နှယ် ခင်ဗျားကခုမှထပြီး ဒါတွေ ပြောနေရသာတုံး”

ဂျပန် တော်လှန်ရေးပြီးကတည်းက အင်္ဂလိပ်ပြန် အ၀င်မှာ နိုင်ငံရေး အသိတွေ ပိုနားလည်လာကြသည်။ ဖဆပလ၊ ကွန်မြူ နစ်ပါတီ၊ ရဲဘော်ဖြူ၊ ရဲဘော်ဝါဆိုတာတွေ ကြားခဲ့ကြရသည်။ ကွန်မြူနစ်ပါတီမှာလည်း အလံဖြူကွန်မြူနစ်၊ အလံနီကွန်မြူ နစ်တို့နှင့်ပတ်သက်၍ အချင်းချင်း အော်ကြီးဟစ်ကျယ် ငယ်ကျိုး ငယ်နာဖော်ကြတာများကလည်း ထနောင်းတိုင်အိမ်ကြီးပေါ်မှာ ထွက်ပေါ်လျက်ရှိလေပြီ။ တော်လှန်ရေးအပြီး ပေါ်လာသော ပြည်သူ့လွတ်လပ်ရေး ပါတီဆိုတာကလည်း ရှိခဲ့ပါသေးသည်။ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူ အာဇာနည် ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ကြသည်။ အခုလည်း လွတ်လပ်ရေးရတာပင် လေးနှစ်ကျော်ကျော်ရှိနေပြီ။ နိုင်ငံရေး စကားတွေက ပြောနေကြရတုန်းပဲလား။

“ပြောရမှာပေါ့ဗျ။ ခင်ဗျားတို့က ပါးစပ်ကပြောနေတာ။ တိုင်းပြည်က ဖြစ်ချင်တိုင်းဖြစ်နေပြီ။ ခင်ဗျားတို့က အဟော အပြောကောင်းတိုင်း လျှောက်ပြောနေတာကို ကျုပ်တို့က ယုံဖို့ခက်တယ်။ ဘာထူးသလဲ။ လက်ဝဲ ညီညွတ်ရေးဆိုတာ တွေလည်း ဘာညီညွတ်ကြလို့တုံး”

ကိုပြေသိမ်းက ပန်းထိမ်ဆရာစကားကိုထောက်ခံသည်။
“ဒါလည်းဟုတ်တာပါပဲ။ ခင်ဗျားတို့က မြို့နဲ့မြို့ရိပ်မှာ နေကြလို့ကိုး။ ကျွန်တော်တို့ရွာတွေမှာ လူစိမ်းလာရင်ကြောက် နေရတာဗျ။ တောသူတောင်သားတွေမှာ ခင်ဗျားတို့အိပ်သလို မအိပ်ကြရဘူး။ ရွာတွေမှာ အလှူကလေးမှ မလှူဝံ့။ ပွဲကလေးမှ မကြည့်ဝံ့။ မဲကြေးတောင်း၊ ဆက်ကြေးတောင်းနဲ့။ လုပ်သေနတ်နဲ့ ဓားပြကအစ ကြောက်နေကြရတယ်။ တောသူ တောင်သားတွေက နေတတ်အောင် နေနေကြရတာ။ သိပ်သနားစရာ ကောင်းတယ်။ မြို့မှာက ရာထူးယူမယ်။ အခွင့် အရေးယူမယ်။ အာဏာယူမယ်။ ဆင်းရဲတုန်းက အတူတူ အဆင်းရဲခံခဲ့ကြပေမယ့် လွတ်လပ်ရေး ရပြီးကာမှ ပိုလို့တောင် ဆိုးနေကြတယ်။ သံသယတွေ များနေကြတယ်။ ၀ါဒရေး ထက် ပုဂ္ဂိုလ် ဂိုဏ်းဂဏရေးတွေက များနေတယ်။ ကျွန်တော် တို့ရွာတွေမှာ မိုးချုပ်တာနဲ့ မီးခွက်မှုတ် နေကြရတယ်”

ကိုပြေသိမ်း ပြောနေတာကို မအိမ်ကံငေးပြီး နားထောင်သည်။ ဟုတ်တော့လည်း ဟုတ်သား။ ဇောင်းချမ်းကုန်းဘက် တစ်ကြောရွာတွေမှာ ညရယ်လို့ ကောင်းကောင်း မအိပ်ကြရ။ သေနတ်သံတွေ ကြားရသည့် ညတွေပင်များခဲ့သည်။ ဘယ်သူတွေက ဘယ်သူ့ကို ပစ်နေတာမှန်းပင် မသိရတော့။ ရွာတွေမှာ လည်း သူတစ်ဖက် ကိုယ်တစ်ဖက်၊ သူ့အုပ်စု ကိုယ့်အုပ်စုတွေ များလာသည်။ ရွာကို တရားလာဟောသူတွေလည်း ရှိသည်။ ကိုပြေသိမ်းလိုလူကပင် ငါတော့အသက်စွန့်ပြီး တော်လှန်ရေး လုပ်ခဲ့တာတောင် မှားနေပြီလားလို့ ညည်းရှာပါ၏။


လေးစားစွာဖြင့်
ရီနိုမာန်


4 comments:

Yu Ya said...

“လက်ဖက်တွေတွင်တွင်စား၊ ရေနွေးတွေ တွင်တွင်သောက်..”

ကျွန်တော်မဟေသီတောင် ခေါင်းထောင်ကြည့်နေပြီ..သူကြိုက်တဲ့ လက်ဖက်ပါလာလို့... အဟီး။

yu ya

သေမင်း said...

ဝက်မလေးနှင့်လှည့်စားသူးများ

သေမင်း said...

ဝက်မလေးနှင့်လှည့်စားသူးများ

သေမင်း said...

ဝက်မလေးနှင့်လှည့်စားသူးများ