August 4, 2009

မအိမ်ကံ ( for Aug ) အပိုင်း - ၃


မအိမ်ကံက သမီးနှစ်ယောက် လက်ဆွဲပြီး ပရိသတ်နှင့် ရောယောင်ကာ မဏ္ဍပ်အပြင် တိုးထွက်လာခဲ့သည်။ အလှူလှည့် ကြမည့်သူတွေ တန်းပင်စီနေကြပြီ။ အလှူလှည့် မလိုက်သူတွေက ဘေးတစ်ဖက် တစ်ချက် ရံကာ ရပ်ကြရင်း လူတန်းဖြင့် ခြံခတ်ထားသလို ရှိကြလေ၏။ မအိမ်ကံက သမီး နှစ်ယောက်ကို ပခုံးကဖက်ရင်း တိုးသည်။ မအိမ်ကံတို့ သားအမိကို နေရာဖယ်ပေးကြသည်။ တိုက်ဆိုင်ချင်တော့ ဖက်စိမ်း ကွမ်းတောင်ကိုင် သူကလေးနှင့် မျက်နှာချင်းဆိုင် လာကျနေ သည်။

“အို တိုက်ဆိုင်လိုက်သာ။ သမီး ကွမ်းတောင်ကိုင် မမဆီသွားရအောင်။ သမီးကိုင်ကြည့်လို့ရသယ် အသာလေး ကိုင်နော်၊ လာသမီး”

မအိမ်ကံက သမီးအကြီးမ ကျောကို တွန်းရင်းရှေ့ကိုထွက် ဖို့ပြင်လိုက်သည်။ ကွမ်းတောင်ကိုင် မိန်းကလေးနှင့် သူတို့သား အမိဝေးလှတာမှ မဟုတ်တာ။ တစ်လံသာသာလောက်သာ ဝေးသည်။ ခြေလှမ်း နှစ်လှမ်း၊ သုံးလှမ်းစာသာ ဝေးသည်။ ထိုစဉ်မှာပင် အမျိုးသမီး တစ်ယောက် ရောက်လာကာ ကွမ်းတောင်ကိုင် မိန်းကလေး၏ လက်မောင်းကို ဆွဲလေသည်။

“မြတလေး၊ လာ လာ ရှေ့ကို။ ညည်းက ဘယ်နှယ့် သည်ကြားထဲ လာရပ်ရတာတုံး။ ရှေ့မှာနေရမှာ လာ လာ မြန်မြန်”

ကွမ်းတောင်ကိုင် မိန်းကလေး ယို့ခနဲ ပါသွားတာကို ကြည့်ရင်း မအိမ်ကံ ၀မ်းနည်းသွားခဲ့ပါ၏။ မအိမ်ကံငယ်ငယ် က မဏ္ဍပ်ထဲမှာ ဖက်စိမ်း ကွမ်းတောင်ကို ကိုင်ကြည့်ချင်လို့ ရှေ့ကိုအတိုး၊ ကိုင်ခွင့်ရခါနီးမှ အမေပန်းရုံက လက်ကိုလာ ဆွဲတာကို သတိရလိုက်မိသည်။ အလှူတန်းကြီး ရွေ့သွားသော်လည်း မအိမ်ကံတို့ သားအမိသုံးယောက် မရွေ့မိကြ။


“ကွမ်းတောင်ကိုင် မိန်းကလေးက မြတလေးတဲ့လား။ ကုသိုလ်ကံထူးပါဘိ”

အို နေစမ်းပါစေ။ စောင့်ရလှ နောက်ဆယ့်နှစ်နှစ်ပေါ့ သမီးရယ်။ သမီး အလှည့်ကြုံ ရဦးမှာပေါ့။ သည်လောက်တောင် လွဲချင်လှတာ ၀ါးတော ဆင်နင်းသလို နင်းပစ်လိုက်ရ ချေသေးပေါ့။ ၀ါးခြမ်းမနင်းမိ ၀ါးလုံး နင်းမိရမှာပေါ့။

“အိမ်ကလေး၊ အလှူလှည့်သွားပြီလေ။ လာ မဏ္ဍပ်ထဲကို”

ကိုပြေသိမ်းက လက်မောင်းကို လာဆွဲမှ မအိမ်ကံအသိ ၀င်လာခဲ့သည်။ သမီးအငယ်ကို ကိုပြေသိမ်းက ပွေ့ချီ သွားနှင့်ပြီ။ မအိမ်ကံက သမီးအကြီးမကို လက်ဆွဲရင်း မဏ္ဍပ်ထဲ ပြန်ဝင်လာခဲ့ရပါ၏။ သည်လိုနှင့် အလှူကြီးရက် နောက်တစ်နေ့ မနက်ဘက် ထနောင်းတိုင်ကို ကူးကြဖို့ ပြင်ကြရပြီ။ မအိမ်ကံက ရင်ထဲ မရှင်းတာတွေ မေးနေခဲ့ပါ၏။ မြို့မှာကော ဖက်စိမ်း ကွမ်းတောင်ကိုင်ကို ဘယ်လို ရွေးကြသလဲ။ ဘယ်လို သဘောထား ကြသလဲ။ ပွဲကတော်ကြီးက သိသမျှ ရှင်းပြသည်။

“မြို့ဆိုတော့ မအိမ်ကံရယ်။ ရွာတွေလိုတော့ ထုံးရယ် စံရယ် မဟုတ်တော့ပါဘူး။ မြင်းခြံကတော့ ရိုးရာ အစဉ်အလာ လိုက်ပါသေးတယ်။ ဒါပေမယ့်ကွယ် ကိုယ့်ရပ်ကွက်နဲ့ ကိုယ့် အလှူဆိုတော့ ကိုယ့်ရပ်ကွက်ထဲက မိန်းကလေးပဲသည်လို ရွေးလိုက်ကြရတာပါပဲ။ မြို့ဆိုတာက တခြား အရပ်ကလာ နေကြသူတွေလည်း များတာကိုး။ တစ်ဦးအကြောင်း တစ်ဦး ငယ်ကျိုးငယ်နာ အကောင်းအဆိုး မသိကြလေတော့ အပျို ရုပ်ချောချော ဥစ္စာပေါဆိုရင် ပြီးရတာများတယ်”

“ဟုတ်ပါရဲ့နော်။ မိန်းကလေး နာမည်တော့ ကြားလိုက်သယ်”

“မြတလေးတဲ့။ တို့နဲ့တူမ ၀မ်းကွဲလောက် တော်တယ်။ သူ့အစ်မက စိန်တလေးတဲ့။ စိန်တလေးက ပိုကြည့်ကောင်းသေး။ အခုက စိန်တလေး ခရီးသွားနေလို့ မြတလေး ကွမ်းတောင် ကိုင်ခိုင်းရတာလေ”

အို လွယ်လိုက်ကြတာ။ သည်လို ဘယ်ဟုတ်ပါ့မလဲ။ မြို့ဆိုတာနဲ့ပဲ အရိုးအဆက် ပျက်ရရောတဲ့လား။ ဥစ္စာပေါ ရုပ်ချော ဆွေမျိုးနီးစပ်တော်ရုံနဲ့ပဲ မြို့ကျက်သရေဆောင် ဖက်စိမ်း ကွမ်းတောင်ကိုင် ဖြစ်ရရောတဲ့လား။ မအိမ်ကံတို့ ရွာတွေမှာတော့ သည်လောက်မလွယ်ပါ။ မအိမ်ကံတို့ရွာမှ မဟုတ်ပါ။ ဘယ်ရွာမှာမဆို လိုချင်လောက်မှ လူကောက်ရ ဆိုတာမျိုးမရှိ။ ထုံးမီစံကျ အကြောင်းလှသူမှ ကွမ်းတောင်ကိုင် ဖြစ်ခွင့်ရသည်။ သည်လိုပဲ ရှိရမှာပေါ့။

“တစ်ခုတော့ ရှိတာပေါ့ မအိမ်ကံရယ်။ ရိုးရာဓလေ့ ထုံးစံ တွေဆိုတာက အဓိပ္ပာယ် မရှိတာ။ အကျိုးအကြောင်း မရှိတာမျိုးမှ မဟုတ်ဘဲ။ ရှေးလူကြီးတွေက အရှည်ကို မျှော်ကိုးပြီး သတ်မှတ်ထားကြတဲ့ ရပ်ဓလေ့ ရွာဓလေ့ လူ့စည်းကမ်းကို မအိမ်ကံတို့ ရွာတွေမှာ သည်လိုဓလေ့တွေကို ထိန်းသိမ်းစောင့် ရှောက်နေကြတာ များဖြင့် အလွန်အားရမိတယ်။ အထူးသဖြင့် မိန်းကလေးတွေရဲ့ အကျင့်သီလကို ရင်စည်း ခါးဝတ်လိုမြဲမြံအောင် ထိန်းကွပ်ပေးတဲ့ သဘောပဲလေ”

ပွဲကတော်ကြီးက မအိမ်ကံတို့ မိသားစုကို ကျွေးမွေးပြီးမှ သွားစေသည်။ အလှူက ပိုသော ဟင်းကျွေး ဟင်းရံများနှင့် မုန့်တွေပါ ချိုင့်ကြီး ချိုင့်ငယ်ဖြင့် ထည့်သို ပေးလိုက်သေးသည်။ မြင်းခြံနှင့် ထနောင်းတိုင် မဝေးလှသည့် အတွက် အေးအေးဆေးဆေး နေခိုင်းခြင်းဖြစ်သည်။ အလှူသိမ်းကိစ္စများနှင့် အလုပ်ရှုပ်နေသည့်ကြားက ပွဲကတော်ကြီးမှာ မအိမ်ကံတို့ လှည်းထွက်ခါနီးမှာ လာနှုတ်ဆက်ပြန်ပါ၏။

“ကိုင်း သွားကြရော့ သားအဖတစ်တွေ။ ၀တ္တရားများ မကျေရင်လည်း သည်းခံကြပါ။ မပန်းရုံကိုလည်း ပြောလိုက်ပါနော်။ စစ်ခိုခဲ့ရတဲ့ကျေးဇူး အထူးတင်လျက်ပါလို့။ အလှူ တစ်လှူသာ ပြောတယ်။ အလုပ်တွေကလည်း ကိုယ်မပါရင် မပြီးရတာချည်းဖြစ်နေပါတယ်”

“မအိမ်ကံတို့ကတောင် အားနာနေသာပါရှင်။ အလုပ် များမှန်းလည်း သိပါရဲ့။ ကိုင်း သွားပြီနော်။ ဒေါ်ဒေါ်”

“သွားကြရော့။ အော် ဒါထက် မအိမ်ကံရေ”

ပွဲကတော်ကြီးက လှည်းရံတိုင်ကို လက်နှစ်ဖက်ဖြင့်ဆုပ်ပြီး မအိမ်ကံနားနားကပ်ပြီး စကားပြောဖို့ ပြင်သည်။ မအိမ်ကံ ကအနားကပ်ပေး လိုက်တော့မှ ခပ်တိုးတိုးဆိုပါ၏။

“ဟိုဘက်ရွာတွေမယ် ကျောက်ကြီးရောဂါတွေ ဖြစ်နေကြ တယ်လို့ ပဲလှည်းတွေလာလို့ ကြားရတယ်။ ဥတုကလည်း ပြင်း။ တွင်းရေ၊ ကန်ရေတွေကလည်းခန်းတဲ့ အချိန်ဆိုတော့ ရောဂါဘယတွေ ဂရုစိုက်ကြကွယ့်။ ကျောက်ကြီးရောဂါနဲ့ ပျက်စီးကြသတဲ့။ မပျက်စီးတော့လည်း ရုပ်ပျက်ဆင်းပျက် ကျန်ရစ်ခဲ့ကြသတဲ့။ သည်ရောဂါဝင်ရင် တစ်ကိုယ်လုံး မီးကျီး များအုံထားသလို ပူတောက်နေတော့တာတဲ့။ ကိုင်း ကိုင်း။ သွားရော့ သွားလမ်းသာ ပြန်လမ်းချော၊ ဘေးရန်မှန်သမျှ ပိန်းကြာရွက် ရေမတင်သလို စင်စင်ကြီးလျှောကျပြီးလျှင် ချမ်းသာသုခအ၀၀ ပြည့်စုံကြပါစီ”

“ပေးသဲ့ဆုနဲ့ တလုံးတ၀တည်း ပြည့်ပါရစီ”

လှည်းထွက်လာတော့ မွန်းတိမ်းစ အညာနွေနေကပူ ပြင်းလွန်းလှပါ၏။ မအိမ်ကံက ကြက်ဆင်ဖဲထီးကို ဖွင့်ကာ သမီးနှစ်ယောက်ကို ကြက်သားအုပ်မ အတောင်နှင့် သိမ်းသလို သိမ်းအုပ်ရင်း ဆောင်းပေးခဲ့သည်။ ထနောင်းပင်တွေကတော့ နေပူကျဲ တောက်တောက်မှာ အ၀ါနှင့် အစိမ်း။

“ဘယ်နှယ့်တုံး မောင်ကံကြီးမောင်ရဲ့။ တိုင်းပြည်လည်း လွတ်လပ်ရေးရပြီးမှပဲ။ ဒါပေသိလို့ ဗမာပြည်မှာ နာရီတွေကများ ဆိုသာလို အသင်းအပင်းတွေက များလှသကော မောင်ရဲ့။ ငါတို့ဖြင့် ဘယ်လမ်းဘယ်ပန်းနဲ့ ဘယ်ခရီး ဘယ်ထီးနဲ့လို့တောင် မတွေးတတ်နိုင်အောင် ဖြစ်နေပြီ”


လေးစားစွာဖြင့်
ရီနိုမာန်


2 comments:

Anonymous said...

မအိမ်ကံက ရွှေအမြုတေ ဆိုဒ် http://www.shweamyutay.com မှာရှိတယ် မဟုတ်လား။ ကော်ပီကူးတင်တာ မဟုတ်ဘဲ စာရိုက်တင်တာဆိုရင် အခြားမရှိသေးတာ တခုခု တင်ပါလား။ ပို အကျိုးရှိတာပေါ့။

Ree Noe Mann said...

ဟုတ် ကျေးဇူးတင်ပါတယ်။

မအိမ်ကံကို တင်တယ်ဆိုတာကလဲ
ကျနော် ကြိုက်လို့ ကျနော်တင်တာပါ။

ဆရာမရဲ့ စာတွေကို အမှတ်တရသိမ်းထားချင်တဲ့
သဘောပါ။
http://www.shweamyutay.com ဒီမှာ ရှိကြောင်းလဲ
ကျနော် စတင်ကတည်းက ပြောပြထားပါတယ်။

ကျနော် ဘလော့ဂ်လေးကို အများအတွက် အကျိုးရှိအောင် ဆိုပြီး ရည်ရွယ်ပြီး လုပ်ထားခြင်း မဟုတ်သေးတဲ့
အတွက် ပို အကျိုးရှိအောင် မလုပ်နိုင်သေးတဲ့
အတွက်လည်း တောင်းပန်ပါတယ်ဗျာ။

ပိုအကျိုးရှိအောင် ကျနော် တက်နိုင်သလောက်
ကြိုးစားရပါဦးမည်။

ကျေးဇူးတင်ပါတယ်

ရီနိုမာန်