July 25, 2012

မန္တလေးည နှင့် ဘုရားကြီး

ဦးပိန်တံတားက ပြန်ရောက်တဲ့ အချိန်ကတော့ ည ၇ နာရီကျော်လောက် ရှိတော့မယ်။ ကားမောင်းပို့ပေးတဲ့ အကိုကြီးကို နောက်နေ့အတွက် ကားခ စကားပြောရင်း ဟိုတယ်နဲ့ အနီးဆုံး အကင်ဆိုင်ကိုပဲ ပို့ခိုင်းလိုက်တယ်။ အကင်ဆိုင်မှာ ညနေစာ စားပြီး ကျနော်တို့ သူငယ်ချင်းနှစ်ယောက် မန္တလေး ညကို လမ်းလျှောက်ရင်း ဟိုတယ်ကို ပြန်ခဲ့ကြတယ်။ 

မနက် ၈ နာရီကားခေါ်ထားတာကြောင့် ၇ နာရီလောက်မှာ အိပ်ယာထခဲ့ကြတယ်။ ဒီနေ့ နံက်စာကိုတော့ ဟိုတယ်က ကျွေးတဲ့ ဘူဖေးနံက်စာနဲ့ အဆင်ပြေသွားတယ်။ နံက်စာစားနေတဲ့ အချိန်မှာပဲ ဘယ်နိုင်ငံမှ မရှိတဲ့ မြင်ခွင်မျိုးကြောင့် ကျနော်အပါအဝင် ဟိုတယ်မှာ နံက်စာစားနေတဲ့ နိုင်ငံခြားသားတွေ အကုန်လုံး ဓါတ်ပုံရိုက်ယူရတဲ့ မနက်ခင်းအလှ တစ်ခုပေါ့။

နံက်စာစားပြီးတော့ ကျနော်တို့ ဘုရားကြီးကို အရင်ဆုံးထွက်ခဲ့တယ်။ လမ်းမှာ ၂၀၀၂လောက်တုန်းက ကြုံခဲ့ရတဲ့ ကိုယ်တွေ့လေးကို သူငယ်ချင်းကို ပြောပြဖြစ်တယ်။ ရုံးကအဖွဲ့နဲ့ အလည်လာတုန်းက ဘုရားဖူးရင်း အဘွားတစ်ယောက်နဲ့တွေ့ပြီး အလှူခံတာနဲ့ ကြုံရကြောင်း၊ သူက ရှမ်းပြည်က ဖြစ်ကြောင်း၊ အခုလူစုကွဲပြီး ကျန်ခဲ့ကြောင်း၊ ခုပြန်ဖို့ အတွက် ကားခမရှိကြောင်း၊ တက်နိုင်သလောက် ကူညီပေးစေလိုကြောင်း ပြောလာလို့ ကျနော်က တစ်ထောင်တန် တစ်ရွက်ပေးတော့ နှစ်ထောင်လောက်ပေးစေချင်ကြောင်း တောင်းလာကြောင်း သူငယ်ချင်းကို ပြောပြနေဖြစ်တယ်။ ခုလည်း အတင်းအလှူခံတွေ မင်းနဲ့ တွေ့ဖြစ်ခဲ့ရင် သတိထားဖို့ ပြောပြလိုက်တယ်။ 


ဒီလိုနဲ့ ကျနော်တို့ ဘုရားကြီးကိုရောက်တော့ ဘုရားဖူး၊ဈေးတန်းကိုလည်း သွားကြည့်ကြတယ်။ ဘုရားဝန်းထဲကို ပတ်ကြည့်နေတုန်း ကိုရင်နှစ်ပါး ဒကာကြီး၊ ဒကာကြီး ခေါ်လို့ ကြည့်လိုက်မိတယ်။ အာရုံဆွမ်း ကိစ္စမပြီးသေးလို့ မုန့်ဟင်းခါးဆွမ်း ကပ်ပေးပါတဲ့။ အမှန်တကယ်တော့ ကျနော်စိတ်ထဲမှာ ခုသွားတာတော့ အမှန်ပါ။ ဒါပင်မဲ့ စိတ်က မနေနိုင်ပါဘူး။ အရှင်ဘုရား တပည့်တော်တို့လည်း ခရီးသွားတွေမို့ ဆွမ်းလိုက်ကပ်ပေးဖို့ အဆင်မပြေလို့ ဝတ္ထူငွေကပ်ခွင့်ပေးပါ ဆိုပြီး ခွင့်တောင်းခဲ့ရတယ်။ ကုသိုလ်တော့ ရပါတယ်။ ဒါပင်မဲ့ အတင်းလိုက်အလှူခံတော့ စိတ်ထဲ သိပ်မကြိုက်ချင်ဘူး။


ဘုရားကြီး အတွင်းကို တော်တော်များများ လိုက်ကြည့်ဖြစ်တယ်။ ဓါတ်ပုံတွေလည်း ရိုက်ဖြစ်တယ် ဆိုပါတော့။

ဘုရားဈေးတန်းဖက်ကိုလည်း ရောက်ခဲ့တယ်။ ဝယ်ချင်တာလေးတွေ တွေ့ပင်မဲ့ ခရီးက ဒီမှာတင်ဆုံးမှာ မဟုတ်တော့ ဝယ်ချင်တဲ့ စိတ်ကလေးကို ထိန်းထားလိုက်ရတယ်။



ဘုရားကနေ ထွက်လာတော့ မြန်မာမုန့်တွေရောင်းနေတာ တွေ့လို့ အမျိုးစုံအောင် နည်းနည်းချင်းစီ ဝယ်ပြီး ဓါတ်ပုံရိုက်ခဲ့ပြန်ပါတယ်။

ဘုရားဖူးပြီးတော့ ကျနော်တို့ မန္တလေးတောင်ပေါ်ကို ဆက်သွားခဲ့ပါတယ်။ အဲဒီကမှ တဆင့် ကောင်းမှုတော်ဘုရား၊ ရွှေနန်းတော်ကျောင်း၊ မဟာအတုလဝေယန် ကျောင်းတော်ကြီး နှင့် မြနန်းစံကျော် ရွှေနန်းတော်ကြီး တို့ ဆီကို သွားဖြစ်ခဲ့ပါတယ်။ 

လေးစားစွာဖြင့်
ရီနိုမာန်

2 comments:

သိ င်္ဂါ ရ said...

ကို ရီနိုမာန် မန္တလေး ရောက်မှာကို မသိလိုက်ဘူး ။ တနင်္ဂနွေ နဲ့ ဆုံရင်တော့ တွေ့ကြဖို့ အချိန်ရရင် ဆုံချင်သား ... ။ ကျွန်တော် မန္တလေးမှာ ဆိုတာတော့ ပြောဖူးတယ် မှတ်တယ် ... ။

Ree Noe said...

ကျနော် ၂၀၁၂ ၂လပိုင်းက ရောက်ခဲ့တာပါ။ ကျနော် မြန်မာပြည် ပြန်ရောက်တော့ ကွန်နက်ရှင် သိပ်မကောင်းတာကြောင့် အွန်လိုင်း မသုံးဖြစ်ဘူး။ ဒါကြောင့် မြန်မာပြည်မှာ ရှိတဲ့ မိတ်ဆွေတွေနဲ့ မတွေ့ဖြစ်ဘူးဗျ။

အခွင့်သာရင်တော့ တွေ့ချင်ပါသေးတယ်ဗျာ