July 24, 2012

ကျနော်နဲ့ ဦးပိန်တံတား


အမှန်တကယ်တော့ ကျနော်တို့နှစ်ယောက် ပြင်ဦးလွင်မှာ နှစ်ညအိပ်မယ်လို့ စိတ်ကူးထားခဲ့ကြတာပါ။ ဒါကလည်း အေးအေးဆေးဆေး နေချင်တာရယ်၊ ရောက်တုန်းရောက်ခိုက် ဆိုတဲ့ အခြေအနေကြောင့် နေမယ်လို့ စိတ်ကူးဖြစ်တာပါ။ သိတဲ့ အတိုင်းပဲ ခုဒါလုပ်မယ် ဆိုပင်မဲ့ ဟိုဟာလုပ်ဖြစ်နေတာမျိုး။ ခုလည်း နောက်တစ်ရက်ဆက်နေရင် အခန်းရွှေ့ရမဲ့တူတူ ခရီးစဉ် နောက်တစ်ခုကို ထပ်တိုးလိုက်တယ်။ အဲဒါကတော့ ချောင်းသာကိုသွားမယ်ဆိုတဲ့ စိတ်ကူးပေါ့။

နောက်နေ့ မနက်မှာတော့ ဟိုတယ်ကကျွေးတဲ့ နံက်စာကို မစားပဲ မနေ့ကစားခဲ့တဲ့ ဆိုင်မှာပဲ သွားစားလိုက်တယ်။ စားပြီးပြန်လာတော့ မနေ့က ခေါ်ထားတဲ့ ကားကရောက်နေပြီ။ ဒါနဲ့ ကျနော်တို့လည်း အချိန်တစ်နာရီလောက် ထပ်ယူပြီး ပစ္စည်းတွေသိမ်း၊ ရေတော့ မချိုးဖြစ်ဘူး။ အေးလွန်တာကိုး။ မန္တလေးကိုရောက်တော့ ကြိုတင်ဘိုကင်လုပ်ထားတဲ့ ၂၇လမ်းနဲ့ ၈၃လမ်းထောင့်က Silver Star Hotel မှာ တည်းဖြစ်ကြတယ်။ ပြင်ဦးလွင်က မထွက်လာခင် သေချာအောင်ဟိုတယ်ကို ဖုန်းဆက်ကြည့်တော့ ဘိုကင် လုပ်ထားတာ မရှိတော့ဘူးတဲ့။ ဟာ.... အဲဒါမှ ဒုက္ခပဲ။ ရန်ကုန်ဘက် အခြမ်းက ဖျက်လိုက်တာတဲ့။ ကိုယ်ဟာကိုယ်ပဲ ပြန်တင်လိုက်တော့ တစ်ရက်ဆို ရမယ် နှစ်ရက်ဆိုရင်တော့ မရဘူးတဲ့။ ကျနော်တို့ကလည်း တစ်ရပ်ပဲ နေမှာဆိုတော့ အဆင်ပြေတယ်။ နောက်နေ ရန်ကုန်ပြန်ဆင်းကျမှာပဲ။ ကျနော်တို့ သွားတဲ့ အချိန်ကလည်း ခရီးသွားလို့ ကောင်းတဲ့ ဆောင်းတွင်းကြီးကိုး။


မန္တလေးကိုရောက်တဲ့ အချိန်က နေ့လည်စာ စားတဲ့ အချိန်ဆိုတော့ ကျနော်တို့နှစ်ယောက် ဘာစားမလဲ။ ဘယ်မှာ သွားစားမလဲ လုပ်နေတာနဲ့ နောက်ဆုံး ဆိုက်ကယ်Taxiငှားပြီး မြန်မာထမင်းဆိုင်ကိုပဲ ပို့ခိုင်းလိုက်တယ်။ စားလို့လည်းတော်တော်လေး ကောင်းတယ်။ ဈေးကလည်း နှစ်ယောက်စားတာကို ၂သောင်းနီးပါးလောက် ကုန်သွားတယ်။ အခုချိန်မှာ အပေါဆုံးက ငွေလေ။ ဒါပင်မဲ့ သူငယ်ချင်းနှစ်ယောက် နည်းနည်းတော့ နင်သွားတယ်။ ပြင်ဦးလွင်က Woodland စားသောက်ဆိုင်မှာ စားတုန်းကတောင် ၁သောင်းသုံးထောင်လောက်ပဲ ကျတယ်ဆိုတော့ တော်တော်လေးတော့ အံ့သြသွားရတဲ့ အထိပဲ။ ဆိုင်နာမည် မမှတ်မိပင်မဲ့ စားခဲ့တဲ့ ဟင်းပွဲတွေတော့ ဓါတ်ပုံရိုက်ခဲ့မိတယ်။ 
 
ထမင်းစားပြီးတော့ ရုပ်ရှင်သွားကြည့်မယ် ဆိုပြီး ရုပ်ရှင်ရုံကို ထွက်လာခဲ့ကြတယ်။ ရုပ်ရှင်ရုံရောက်တော့ ကြည့်ရမဲ့အချိန်တွေက ကျနော်တို့ ညနေအပြင်ထွက်ရမဲ့ အချိန်နဲ့ ရှေ့ဆင့်နောက်ဆင့် ဖြစ်နေတာကြောင့် ဟိုတယ်ပြန်ပြီး နားနေလိုက်တော့တယ်။ ညနေ သုံးနာရီလောက်မှာတော့ ရေမိုးချိုး၊ အဝတ်လဲပြီး ဦးပိန် တံတားကို သွားဖို့ ကားငှားလိုက်တယ်။ အသွားအပြန် တစ်သောင်းခွဲတဲ့။ တံတားမှာ ကြိုက်သလောက်နေလို့ ရတယ်ဆိုတော့ မဆိုးပါဘူး ပေါ့။


ဒီလိုနဲ့ ကျနော်တို့ ဦးပိန်တံတားကို ရောက်လာခဲ့ပြီ။ ဦးပိန်တံတားကို မှတ်မှတ်ရရ အခုတစ်ခေါက်မပါပဲ သုံးခေါက်လောက် ရောက်ခဲ့ဖူးတယ်။ သုံးခေါက်စလုံး တံတားကြီးပေါ် ရောက်ဖူးတယ်ဆိုယုံလောက်၊ လမ်းလျှောက်ဖူးတယ် ဆိုယုံလောက်ပဲ ရောက်ခဲ့တာ။ တံတားကို စလယ်ဆုံး မလျှောက်ဖူးခဲ့ဘူး။ ဒီတစ်ခါတော့ ဘယ်လောက်ဝေးဝေး အဆုံးထိ လျှောက်မယ်လို့ သူငယ်ချင်းနဲ့ တိုင်ပင်ပြီး စကားလေး တပြောပြောနဲ့ လျှောက်လိုက်၊ ဓါတ်ပုံရိုက်လိုက်နဲ့ပေါ့။
 
ဒါလေးကတော့ ဦးပိန်တံတားရဲ့ သမိုင်းအကျဉ်းပေါ့။ တံတားကို သစ်တိုင်တွေနဲ့ ဆောက်ထားတယ် ဆိုပင်မဲ့လည်း တစ်ချို့နေရာတွေမှာတော့ အုတ်တိုင်တွေနဲ့ အစားထိုးထားတာကို တွေ့ရတယ်။ ဒါကလည်း ဖြစ်သင့်တဲ့ ကိစ္စပါပဲ။ လူတွေတောင် အချိန်တန်ရင် သေကြရသေးတာပဲ။ သစ်သားတွေ ဆွေးမြေ့ကုန်တာ မအံ့သြတော့ပါဘူး။ ထူးခြားတာကတော့ ခုချိန်ထိ ကျန်နေသေးတဲ့ သစ်တိုင်တွေကို ကြည့်ပြီး သူ့တို့ရဲ့ သမိုင်းအတွက် အင်းအားပြနေတယ်လို့ပဲ ကျနော်ကတော့ မြင်မိတယ်။

နောက်ဆုံး တံတားအဆုံးကိုရောက်တဲ့ အချိန်မှာတော့ နောက်ဆုံးတိုင်ရဲ့ အရည်အတွက်ဟာ ၄၁၂ တိုင်လို့ ရေးထားတာ တွေ့ရတယ်။ ဒါ တစ်ဖတ်တည်းမှာ ရှိတဲ့ တိုင်အရည်အတွက်။ နှစ်ဖက်ပေါင်းဆိုရင် ၈၂၄တိုင် ရှိတယ်လို့ ပြောလို့ရတယ်။ ဒါမျိုးတံတားကို မြန်မာပြည်မှာပဲ ရှိမယ်လို့ ကျနော်ထင်ပါတယ်။




ကျနော်တို့ ရောက်တဲ့ အချိန်က ရေကျချိန်မို့ ရေသိပ်မရှိပါဘူး။ တံတား ဟိုးဖက်ထိပ်နဲ့ ဒီဖက်ထိပ်တွေမှာတော့ စားသောက်ဆိုင် တော်တော်များများ ရှိနေပါတယ်။

အမျိုးသမီးတွေကိုယ်တိုင် ရေထဲဆင်းပြီး ပိုက်ချ ငါးဖမ်းနေတာကို တွေ့ရတော့လည်း ဓါတ်ပုံရိုက်မိပြန်ပါတယ်။

တံတားကို အဆုံးထိလျှောက်ပြီး ပြန်အလှည့်မှာတော့ ညနေ နေဝင်တော့မဲ့ အချိန်ကို ရောက်နေခဲ့ပါပြီ။ ကမ်းစပ်တစ်နေရာမှာ နိုင်ငံခြားသားတွေ လှေပေါ်တက်ပြီး ရေပြင်ကျယ်ဘက်ကို ထွက်ထွက်သွားတာကို သတိထားမိတယ်။  စိတ်ထဲထင်တာ လှေမစီးဖူးလို့ လှေလိုက်စီးတယ်လို့ပဲ ထင်မိတာပေါ့။


တံတားပေါ်မှာ နားနေလို့ရမဲ့ ဇရပ် နှစ်နေရာ လုပ်ထားပေးတယ်။ အသွားကတည်းက တွေ့ခဲ့တဲ့ ကြွေဗေဒင်ကို အပြန်မှာတော့ ဝင်မေးခဲ့တယ်။ ကျနော် မေးတာတော့ မဟုတ်ဘူး။ သူငယ်ချင်းက မေးတာ။ အပို တစ်ခေါက် ဟောပေးမယ်ဆိုတဲ့ အခါကျမှ ကျနော် ကြွေချဖြစ်တာ။ အဖြေကတော့ ဒါမျိုးလေး ဆိုတော့ သဘောတွေ ခွေ့တော့တာပေါ့။

ခုဏက ပြောတယ် မဟုတ်လား။ လှေသွားစီးကြတဲ့ နိုင်ငံခြားသားတွေလေ။ ခုမှ သဘောပေါက်တော့တယ်။ နေဝင်ချိန်ကို စောင့်ပြီး ဦးပိန်တံတားရဲ့ အလှကို စောင့်ရိုက်ကြတာ။ ဟုတ်မှာပါ။ နေဝင်တဲ့ အချိန် ဦးပိန်တံတားရဲ့ အလှဟာ ကျနော့်ကိုတော့ ငေးမောစေလောက်အောင် ဖြစ်ခဲ့ရတယ်။ ဒီလို သဘာဝ အလှမျိုး ကိုယ်နေတဲ့ မြန်မာပြည်မှာ ရှိနေပြီး ဗုဒ္ဓဘာသာ မြန်မာလူမျိုးဖြစ်ရတဲ့ အတွက် အရမ်းဂုဏ်ယူပါကြောင်း ပြောရင်း ဒီပို့စ်လေးကို ဒီမှာ ခဏရပ်လိုက်ပါအုံးမယ်။








လေးစားစွာဖြင့်
ရီနိုမာန်      

6 comments:

ice-cream said...
This comment has been removed by the author.
ဆောင်းနှင်းရွက် said...
This comment has been removed by the author.
ဆောင်းနှင်းရွက် said...

မန္တလေးမှာ အမျိုးတွေ ရှိပေမယ့် သွားတိုင်း
တစ်ခါမှ ဦးပိန် တံတားကို
မရောက်ဖူးးးဘူးးး ..း((

ဒါနဲ့ အဲ့ဒီ့ ဦးပိန်တံတားပေါ်ကို
လပြည့်ည ဆိုလား လပြည့်နေ့ဆိုလား
ချစ်သူ ၂ ဦး အတူတူတတ်ရင်
ကွဲတတ်တယ်တယ် ...
(ကြားဖူးတာ .. ကြားဖူးတာ)
ဟုတ်မဟုတ်တော့ မသိ .. :D

ခင်မင်လျှက်
ဆောင်းနှင်း၇ွက်

Ree Noe Mann said...

အဲဒါမျိုးတော့ မကြားဖူဘူး ညီမ။

နောက်တစ်ခေါက် မြန်မာပြည်ပြန်ရင်
သွားလည်ဖြစ်အောင် သွားလည်ပေါ့။

တော်ကြာ အုတ်တံတား ဖြစ်မှ လမ်းသွားလျှောက်နေရမယ်နော်။

ကိုရီနို

မြသွေးနီ said...

ပုံတွေတကယ်ကောင်းတယ်...

Ree Noe said...

Thank u par AMA mya thwe ni