February 23, 2011

မယားငယ်တုံးပိတဲ့ အသံ

ကျွန်တော်မှာ ဝါသနာတစ်ခုရှိတယ်။ ဘာလဲဆိုတော့ သီချင်းဆိုတာ။ အသံကောင်းလား ဆိုတော့ ခုခေတ်အဆိုတော်တွေနဲ့ နင်လား၊ငါလားပဲ လို့ပြောရမှာပေါ့။ ကိုယ်ဆိုတဲ့ သီချင်း ကိုယ့်အသံကို ကိုယ်ပြန်ကြားတော့ စိတ်ချမ်းသာနေလိုက်တာ။ ခုပဲ စီးရီးထုတ်လို့ အောင်မြင်တော့ မယ့်အတိုင်း။ အော်အော်ဆိုနေလိုက်ရတာလည်း အမောပေါ့။ ကျွန်တော်အသံကို သဘောကျလွန်းလို့နဲ့ တူပါတယ်။ တစ်နေ့တော့ ကျွန်တော်အမေက ကျွန်တော်ကို ချီးကျူးလိုက်ပါတော့တယ်။ " သားရယ် နင့်အသံကလည်း မယားငယ် တုံးပိတဲ့ အသံ " တဲ့လေ။ ဟုတ်နေပြီပေါ့။ ကိုယ့်အမေတောင် မနေနိုင်ပဲ ကျွန်တော်အသံကို ပြောနေမှာတော့ အရပ်ကကြားအောင်ကို ဆိုအုံးမယ်ဆိုပြီး အော်ဆိုနေလိုက်ပါတော့တယ်။ " မယားငယ်တုံးပိတဲ့ အသံ " ဆိုတာကို ကျွန်တော် မသိခဲ့ရိုး အမှန်ပါ။ အမေချီးကျူးပြီနောက်ပိုင်း ကျွန်တော် သီချင်းတွေ တော်တော်များများကို အလွတ်ရအောင် ကျတ်မှတ်သီဆိုနေပါတော့တယ်။

ဘဝပေးအခြေအနေကြောင့် လွမ်းရေးထက် ဝမ်းရေးအဆင်ပြေဖို့ ကျွန်တော် စင်ကာပူကိုရောက်လာခဲ့တယ်။ ကိုယ်ကိုတိုင် သီချင်းဆိုရတာ ဝါသနာပါသလို သူတစ်ပါး သီဆိုနေရင်လည်း နားထောင်ဝေဖန်ဖို့ စိတ်ဝင်စားတက်တဲ့ ကျွန်တော်အတွက် စင်ကာပူရောက်ပြီးမှ အမေရိကန်အိုင်ဒေါလ် တီဗွီအစီအစဉ်လေးကို ကြည့်ဖြစ်ခဲ့ပြန်တယ်။ ကျွန်တော်အလွန်နှစ်သက်တဲ့ တီဗွီ အစီအစဉ်လေး တစ်ခုပါပဲ။ ၂၀၁၁ အိုင်ဒေါလ် အစီအစဉ်လေးအစမှာတော့ အဆိုဝါသနာရှင်တွေ တစ်ယောက်ပြီးတစ်ယောက် တစ်နယ်ပြီးတစ်နယ် ရွေးချယ်နေတဲ့ အချိန်ကို ကြည့်နေရတဲ့ အချိန်ပေါ့။ အချို့ဆိုလည်း တော်တော်လေး အသံကောင်းကြတယ်။ တစ်ချို့လည်း အသံကောင်းကြပင်မဲ့ အရွေးမခံကြရဘူး။ ဘာကြောင့်မှန်း ကျွန်တော်နားမလည်ခဲ့ဘူး။

တစ်နေ့ ကျွန်တော် အိုင်ဒေါလ်အစီအစဉ် ကြည့်နေတုန်း ဝင်ပြိုင်သူတစ်ယောက်ရဲ့ အသံကိုနားထောင်နေတဲ့ ဒိုင်သုံးယောက်မှာ တစ်ယောက်က မျက်လုံးကြီးပြူးလို့ ၊ နောက်တစ်ယောက်ကတော့ နားကိုပိတ်လို့ ၊ နောက်တစ်ယောက်ကတော့ သဘောကျလွန်းလို့ အစွမ်းကုန် ရယ်နေပါတော့တယ်။ ကြည့်နေတဲ့ ကျွန်တော်လည်း သဘောကျလို့ ရယ်နေမိပါတော့တယ်။ ဒီအချိန်မှာ ကျွန်တော်ကြည့်နေတဲ့ အခန်းထဲကို အတူနေ သူငယ်ချင်းရောက်လာပြီး ပြောလိုက်တဲ့ စကားကြောင့် ကျွန်တော်မှာ ဆက်ပြီး ရယ်ရမှာလား ၊ ရပ်လိုက်ရမှာလား ဆိုတာကို ဘာလုပ်ရမှန်း မသိဖြစ်သွားပါတော့တယ်။

သူငယ်ချင်းပြောလိုက်တဲ့ စကားက " အဲဒါပေါ့ကွာ မယားငယ်တုံးပိတဲ့ အသံ ဆိုတာမျိုးပေါ့ " တဲ့။


လေးစားစွာဖြင့်
ရီနိုမာန်

5 comments:

မိုးယံ said...

နားပိတ် မျက်လုံးပြူးပြီး တဟားဟား ရည်အောင် အားပေးခံရပြီဆို ဘာတဲ့.. မယားငယ် တုံးပိတဲ့ အသံ

ဟုတ်နေတာပဲ။

ahphyulay said...

အေးဗျာ..
ဘာသံဖြစ်မလဲမသိ..။

ဇွန်မိုးစက် said...

အစ်မတော့ ဒီနှစ် American Idol ကို လုံးဝကို မကြည့်ဖြစ်သေးတာ။ တီဗွီကို မဖွင့်ဖြစ်တာတောင် တော်တော်ကြာသွားပြီ။ ဒီလထဲတောင် ကြည့်ဖြစ်မယ် မထင်ဘူး။ ပေါ်လာနဲ့ ဆိုင်မွန် မရှိတော့တာလည်းပါတယ်။

ကြယ်ပြာ said...

ဟား ဟား ဟား .... အစ်မလဲ ဒီစကားလုံးကို စိတ်ဝင်စားနေတာ ... ဘယ်က ဘယ်လိုစထွက်လာပါလိမ့်လို့ပေါ့ ....
မိန်းမတစ်ယောက် တုံးပိလို့အော်လိုက်တဲ့အချိန်မှာ တစုံတယောက်က ဒီမိန်းမ မယားငယ်ဆိုတာသိနေလို့ရယ် ... နောက်ပြီး ပတ်ချွဲနတ်ချွဲ ဖြစ်နေလို့ရယ် နေမှာ .. သူများပြောတာကြားဖူးတာတော့ မယားငယ်ဆိုတာ ပတ်ချွဲ နတ်ချွဲပြောတတ်လို့ မယားကြီးဆီကနေ လုယူလို့ရတာတဲ့ ... တုံးပိတဲ့အချိန်မှာ အဲ့အသံနဲ့ အော်လိုက်လို့နေမယ် .... ဒါဆို ဒီစကားစထွင်တဲ့သူက မယားကြီးလဲဖြစ်နိုင်တယ်နော် ... အဲ့ .... ရီနို အသံကို ပြောတာမဟုတ်ဘူးနော် .... ကိုယ့်ဘာကိုယ် အဓိပ္ပါယ်ဖွင့်နေတာပါ ... ဟီး

ခနွဲ said...

အခုထိ စဉ်းစားနေတုန်း။ မယားငယ် တုံးပိတဲ့ အသံဆိတာ ဘာအဓိပ္ပါယ်လဲလို့။