January 6, 2011

တစ်ခါက

အလုပ်ကမအား၊ စာရေးဖို့ကလည်း စိတ်ကမရှိနဲ့ တစ်နေ့တစ်နေ့ ကုန်ဆုံးသွားတဲ့ ရက်တွေကလည်း မြန်လိုက်တာလို့ မပြောချင်တော့ပါဘူး။ အလုပ်ကတော့ အလုပ်ချိန်ပေါ့။ အလုပ်ပြီးတဲ့ အချိန်ကြပြန်တော့လည်း စာရေးမယ်လို့ စဉ်းစားလိုက်ပင်မဲ့ လက်က ဇာတ်လမ်းကြည့်တဲ့ဆီပဲ ရောက်ရောက်သွားတယ်။ ဇာတ်လမ်းကြည့်ပြီးလို့ အချိန်ကိုကြည့်လိုက်တော့ ည ၁၂နာရီကျော်နေပြီ။ ဒါနဲ့ စာရေးမဲ့ အစီအစဉ်လည်း နောက်ရက်နောက်ရက်နဲ့ အချိန်တွေ ကုန်မြန်လိုက်တာလို့ ထပ်ငြီးနေမိပါတော့တယ်။

ကျွန်တော်ဝယ်ထားတဲ့ အင်တာနက်လိုင်းက မြန်မာဇာတ်လမ်းတွေကြည့်ဖို့ ကောင်းကောင်းအဆင်ပြေပင်မဲ့ နိုင်ငံခြားဇာမ်းလမ်းကိုကြည့်ဖို့တော့ နည်းနည်းလေး အခက်ရှိပြန်ရော။ ဒါနဲ့ အဆင်ပြေရာ မြန်မာကားလေးပဲ ကြည့်ဖြစ်တော့တယ်။ ဇာတ်ကားတွေကြည့်ပြီး တစ်ချို့လည်း စိတ်ထဲမှာကျန်တာ ရှိသလို တစ်ချို့လည်း ပြီးပြီရောပဲ ကြည့်လိုက်တယ်။ ဇာတ်လမ်းတွေကြည့်ပြီး ဝေဖန်ရေးနဲ့ လေကံရေး လုပ်မလားလို့ စဉ်းစားခဲ့မိတာလည်း ကြာပေါ့။ အခုတော့ အချိန်နည်းနည်းလေး ပေးပြီး ဝေဖန်တော့မယ်။ ဝေဖန်တယ်ဆိုတာကလဲ သိလို့ တက်လို့တော့ မဟုတ်ရပါ။ စိတ်ထဲရှိတာလေးကို ချပြလိုက်တဲ့ သဘောပါ။

ဝတ္ထူငြိမ်ကျော် ရဲ့တစ်ခါက ဇာတ်လမ်းကို ဒါရိုက်တာမီးပွားပြန်လည်ခံစား တင်ပြထားတာကိုကြည့်ပြီး ဇာတ်လမ်းကို သဘောကျပါတယ်။ ရန်ငြိမ် အဖြစ် မြင့်မြတ်က၄င်း၊ လှိုင်အဖြစ် ဖွေးဖွေးက၄င်း၊ စော အဖြစ် အေသင်ချိုဆွေ တို့က သရုပ်ဆောင်ထားကြတယ်။ အေသင်ချိုဆွေကိုတော့ အခုကားမှာမှ ပထမဆုံး အကြိမ်ကြည့်ဖူးတာပါ။ အသစ်တယောက်ဆိုပင်မဲ့ ကင်မရာနဲ့ မစိမ်းတာကို သတိထားမိတယ်။ သရုပ်ဆောင်တဲ့ အပိုင်းကတော့ ကျနော်အနေနဲ့ပြောရမယ်ဆိုရင်တော့ တော်တော်လိုသေးတယ်လို့ ထင်မိတာပဲ။ ဒါရိုက်တာရဲ့ သင်ပြမှုကောင်းလို့လာတော့မပြောတက်ဘူး။ စောအဖြစ်သရုပ်ဆောင်တဲ့ အေသင်ချိုဆွေ အပိုအလိုမရှိ သရုပ်ဆောင်သွားနိုင်ပါတယ်။

ဖွေးဖွေး ကိုတော့ ကျနော်ကြည့်ဖူးတာ နှစ်ကား သုံးကားလောက်တော့ ရှိသွာြး့ပီ။ အကြိုက်ကြီး မဟုတ်ရင်တောင် လက်ခံလို့ရတဲ့ အနေအထားမှာရှိပါတယ်။ ကျနော်ကြည့်ဖူးတဲ့ ကားတွေမှာတော့ လုပ်ငန်းရှင် တစ်ယောက်အဖြစ် သရုပ်ဆောင်ထားပင်မဲ့ သူ့ရုပ်သူ့ရည်နဲ့ မလိုက်ဘူးလို့ ထင်မိပင်မဲ့ စတိုင်ကျကျလေး ဝတ်စာဆင်ယင်ထားတဲ့ အတွက်ကြောင့် ကြည့်ကောင်းတယ်လို့ ထင်မိပြန်ပါရောဗျာ။

အခုတစ်ယောက်တော့ ငိုမယ်ဆိုလာထား ဆိုတဲ့ အထဲမှာ သူပါတယ်။ လွယ်လိုက်တဲ့ မျက်ရည်။ တစ်ကားကြည့်လည်း ငိုမယ်။ နောက်တစ်ကားကြည့်လည်း ငိုမယ် ဆိုတာကြီးပါပဲဗျာ။ ဒါကြောင့် ကျနော်ကတောင် မျက်ရည်မင်သားလို့ ကိုယ့်ဖာသာကိုယ် အမည်ပေးထားလိုက်တယ်။ မြင့်မြတ်ရဲ့ သရုပ်ဆောင်မှုကတော့ ပြောစရာ မရှိလောက်အောင်ပါပဲ။

ဇာတ်လမ်းအကျင်းအရ ရန်ငြိမ်နဲ့ စောက သမီးရည်းစာ။ ရန်ငြိမ်က စောကို အရမ်းချစ်တယ်။ တစ်နေ့ ရန်ငြိမ်က သူ့သူငယ်ချင်းတစ်ယောက်ရဲ့ အိမ်မှာ အလှူရှိလို့ သွားရင်နဲ့ လှိုင်နဲ့တွေ့ဖြစ်ကြတယ်။ လှိုင်က တွေ့တွေ့ချင်ဆိုသလိုပဲ ရန်ငြိမ်ကို စိတ်ဝင်စားသွားတယ်။ မိန်းကလေးတန်မဲ့ ရန်ငြိမ်ကို သဘောကျကြောင်း ရန်ငြိမ်ကိုပြောပြခဲ့တယ်။ လှိုင်နဲ့ ချစ်သူရန်ငြိမ် အခြေအနေကို သိတဲ့ စောက မနာလိုဖြစ်တယ်။ ဒါပင်မဲ့ စောက ရန်ငြိမ်ကို မယုံကြည်ဘူး။ ရန်ငြိမ်ကလည်း စောမှ စောတစ်ယာက်တည်းကိုပဲ ချစ်တာ။ လှိုင်ကိုလည်း မိတ်ဆွေတစ်ယောက်လိုမျိုးပဲ အလိုက်အထိုက် ကူညီနေခဲ့တာ။ ဒါကို နားမလည်ပဲ ရန်ငြိမ်က လှိုင်ကို သူ့မှာချစ်သူရှိတဲ့ အကြောင်းဖွင့်ပြောလိုက်လို့ မိတ်ဆွေသူငယ်ချင်းလိုပဲ နေကြတော့မယ်လို့ နှစ်ဦးသဘောတူ ပြောဆိုနေတဲ့ အချိန်မှာပဲ စောရောက်လာပြီး၊ ပြဿနာရှာလာပါတော့တယ်။ စကားတွေများကြနေရင်းနဲ့မှ စောက လှိုင်ရဲ့ ပါးကိုရိုက်လိုက်တော့တယ်။ ပါးရိုက်ပြီးလို့ လှည့်အထွက်မှာပဲ ရန်ငြိမ် တောက် တစ်ချက်ခေါက်လိုက်ပါတော့တယ်။ ကျနော့်တင်ပြရေးသား ညံ့ဖျင်းမှုကြောင့် ဇာတ်လမ်း ဇာတ်အိမ် မပေါ်ပါက ဒီနေရာ လေးမှာ သွားကြည့်နိုင်ပါတယ်။

ကျနော်ရဲ့ ဝေဖန်မှုက အခုမှ စတော့မှာပါ။ စော နဲ့ ရန်ငြိမ် မတွေ့လိုက်နဲ့ တွေ့လိုက်တာနဲ့ စောရဲ့ အထေ့အငေါ့တွေနဲ့ပဲ ရင်ဆိုင်နေခဲ့ရတယ်။ ဒီကြားထဲ ရန်ငြိမ်နဲ့ လှိုင်တို့ ခင်မင်မှုကြောင့် စောရဲ့ အမြင်မကြည်လင်မှုကိုလည်း ရန်ငြိမ်ဖြေရှင်းရပြန်ပါတယ်။ စောကို ရန်ငြိမ်ချစ်ခဲ့တာ လက်ထပ်ဖို့ အထိချစ်ခဲ့တယ်။ အထေ့ငေါ့တွေကို စိတ်ကုန်နေပင်မဲ့ ချစ်တဲ့ စိတ်တစ်ခုနဲ့ နားလည်နိုင်ခဲ့တယ်။ ဇာတ်လမ်းကြည့်နေရင်းနဲ့ ကိုယ်ကိုကိုယ် ပြန်မေးကြည့်လိုက်တယ်။ မင်းဆိုရင်ကော ဘယ်လိုလဲ ပေါ့။ အဖြေက ရှင်းရှင်းလေး ကျောပူပဲ ခံမယ်။ နားပူတော့ လုံးဝလုံးဝပဲ။ ကိုယ့်အပေါ် မယုံကြည်တဲ့ မိန်းမတစ်ယောက်ကို ဆက်ချစ်ဖို့အတွက် ကျနော်ဆိုရင်တော့ တော်တော် မလွယ်တဲ့ ကိစ္စတစ်ခုပါ။ ဇာတ်လမ်းအရ ဆက်ပြီး လက်ခံ ခဲ့နိုင်ပင်မဲ့ အပေါ်မှာ ဖေါ်ပြခဲ့တဲ့ ရန်ငြိမ် တောက် ခေါက်တဲ့ အခန်းအရောက်မှာတော့ ဒီမိန်းမကို ဘယ်လောက်ကြီးပဲ ချစ်နေနေ ဆက်ပြီးပတ်သက်နိုင်စရာ အကြောင်း မရှိတော့ဘူးလို့ ကျနော်စိတ်ထဲ တွေးတောလိုက်မိပါတယ်။ ကျနော် ဘာကြောင်းဒီလိုတွေး လိုက်ရတယ် ဆိုတာ သိချင်ရင်တော့ အပေါ်မှာ ပေးထားတဲ့ လင့်လေး အတိုင်းသွားကြည့်လိုက်ပါလို့ပဲ ညွှန်းလိုက်ပါရစေတော့ဗျာ.......

ဒါပင်မဲ့ ဆရာငြိမ်ကျော်က ရန်ငြိမ်ရဲ့ အချစ်ကို စာတင်သွားခဲ့ပါတယ်။ အချစ်ကြိးလို့ အမျက်ကြီးခဲ့ရတဲ့ စောကိုလည်း နောင်တတွေနဲ့ အေးချမ်းစေခဲ့ပြန်ပါတယ်။ တဖက်သတ် ချစ်ခဲ့ရတဲ့ လှိုင်အတွက်တော့ သူမရဲ့ အချစ်ကို နားလည်မှုတွေနဲ့ သူမရဲ့ အချစ်ကို တည်ဆောက်ပြသွားခဲ့ပါတယ်။ ဆရာ့ရဲ့ ဝတ္ထူကကောင်းသလို ဒါရိုက်တာရဲ့ ရိုက်ကွက်တွေလည်း ကြည့်နေတဲ့ လူရဲ့စိတ်ကို ဖမ်းစားနိုင်ခဲ့ပြန်ပါတယ်။ ဇာတ်ကား တစ်ကားလုံးမှာ အခန်းနည်းပင်မဲ့ ဇာတ်ပို့နေရာကနေ ရတဲ့နေရာကို ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်သွား နိုင်ခဲ့တဲ့ ရန်ငြိမ်ရဲ့ အမ နေရာက သရုပ်ဆောင်သွားခဲ့တဲ့ ဆုကဗျာရဲ့ သရုပ်ဆောင်မှုတွေကိုတော့ ဇာတ်ဆောင်နှစ်ထပ် ပိုသဘောကျမိကြောင်း ပြောရင်း ကျနော်ရဲ့ တစ်ခါက ဇာတ်လမ်းဝေဖန်ရေး ကို ဒီမှာပဲ အဆုံးသတ်လိုက်ရပါတယ်။


လေးစားစွာဖြင့်
ရီနိုမာန်

3 comments:

အင်္ဂါဟူး said...

အဲအဲ... ဒါမျိုးတွေလဲ ပိုင်သဗျာ...။ ဟိုလေ အေသင် နဲ့ ဖွေးဖွေးကို ဇတ်ရုပ်ချတဲ့ နေရာလေးမိုက်သဗျာ.. ခက်တာက အဲဒီဇတ်ကားအပါအ၀င် သုံးကားလောက်ရှိပြီ မနေ့ညကကြည့်တဲ့ သူငယ်ချင်းယောက္ခမ အပါအ၀င် (နောက်တစ်ကားက နံမည်မေ့နေလို့)မိန်းကလေးတွေက ချည်းစပြီးဖွင့်ပြောတာတွေပဲတွေ့နေရတယ်.. ဂလိုဘယ်လား ကမ္ဘာပြားသလား ကိုရီးယား လား တစ်ခုခု ဗျို့။

ချော(အစိမ်းရောင်လွင်ပြင်) said...

မကြည့်ရသေးဘူး
ကြည့်လိုက်ဦးမယ်
ညွှန်းပေးတာ ကျေးဇူးပါ

★Craton said...

ဒီကားမကြည့်ရသေးဘူး။ buffer ထားတယ်။ ခဏနေကြည့်တော့မယ်။
ကျေးဇူး။
အေသင့်ကားတွေ ၃ကားကြည့်ပြီးပြီ။
သီချင်းဆိုတာလောက်ပဲကောင်းတယ်၊
သရုပ်ဆောင်တာ အရမ်းအရမ်းအရမ်း လိုပါတယ်။ ကြည့်ရတာ မျက်လုံးထဲ အချိုးမပြေပါ။