October 25, 2010

တိုက်ပုံအင်္ကျီ

အမှန်အတိုင်းပြောရရင် ကျွန်တော် တိုက်ပုံ ဝတ်ရမှာကို မနှစ်သက်ခဲ့ပါ။ မကြိုက်ဖူးလို့ ပြောရင် ပိုမှန်လိမ့်မည် ဖြစ်သည်။ မြန်မာတစ်ယောက် ဖြစ်ပါလျှက် မြန်မာဝတ်စုံ ဖြစ်တဲ့ တိုက်ပုံအင်္ကျီ ကျွန်တော်မနှစ်သက်သည်ကို ကျွန်တော်မှာ ပြောစရာဆင်ခြေ မရှိခဲ့။ စိတ်ထဲ၌ မလွတ်လပ်ဘူးလို့တော့ ကျနော်ခံစားရသည်။ ခု အရွယ်ရောက်မှ တိုက်ပုံကို မဝတ်ချင်စိတ် ဖြစ်နေခဲ့သည် မဟုတ်။ ဟိုးငယ်ငယ်ကတည်းက ကျွန်တော် မဝတ်ချင်ခဲ့ပါ။

အတန်းထဲမှာ ကျွန်တော် နှစ်တိုင်းဆုရခဲ့သည်။ သို့သော်ကျွန်တော် နှစ်တိုင်း ဆုမယူခဲ့သည်မှာ အလယ်တန်းအဆင့် မှစ၍ ကျောင်းဆုပေးပွဲသို့ ကျွန်တော် မတက်ဖြစ်ခဲ့ပါ။ ကျွန်တော် မိဘများက ကျွန်တော်ကို ဆုတက်ယူစေချင်ကြသည်။ ကျွန်တော့်ရဲ့ အကြောင်းပြချက်ကတော့ တိုက်ပုံးမဝတ်ရဘူး ဆိုရင် သားဆုတက်ယူမယ် လို့ကျွန်တော် ဆင်ခြေပေးခဲ့ဖူးသည်။

၁၀တန်းအောင်တော့လည်း ကျွန်တော်စိတ်ဝင်စားတဲ့ အလုပ်ဖြစ်တဲ့ ရှေ့နေအလုပ်ကို ငယ်ငယ်ကတည်းက လုပ်မယ်လို့ ပြောနေခဲ့ပင်မဲ့ တိုက်ပုံဝတ်မှ ရှေ့နေတစ်ယောက်လုပ်ခွင့်ရမှာ ဆိုတာကြောင့် ကျွန်တော် ရွေးချယ်မှုကို လက်လွတ်ခဲ့ရပြန်သည်။ အရွယ်ရောက်လာတော့လည်း သူငယ်ချင်းများရဲ့ မင်္ဂလာဆောင်ကို သွားဖို့ရန် တွန့်ဆုတ်နေခဲ့ မိပြန်ပါတယ်။ ကျွန်တော့်အကြောင်းကို သိတဲ့ သူငယ်ချင်းများကတော့ ... သူငယ်ချင်း မင်းလာဖို့ပဲ လိုတယ်။ မင်းဝတ်ချင်တာ ဝတ်ခဲ့ရတယ်။ မင်းရောက်အောင် လာခဲ့ပါ.... ဆိုမှ ကျွန်တော် သွားဖြစ်ခဲ့တယ်။ မဟုတ်ရင်တော့ ကျွန်တော် ရောက်သွားလိမ့်မယ်လို့ မထင်မိပါ။

ဘွဲ့ယူတဲ့ နှစ်မှာတော့ မေမေနဲ့ ကျွန်တော် ဒီတိုက်ပုံကြောင့် စကားများခဲ့ရဖူးသည်။ မေမေက ကျွန်တော့်ကို မြန်မာဝတ်စုံနှင့် ဘွဲ့ယူစေချင်သည်။ ကျွန်တော်ကလည်း တိုက်ပုံဝတ်မှ ဘွဲ့ယူရမယ်ဆို ကျွန်တော် ဒီဘွဲ့ကို သွားမယူတော့ဘူးလို့ မေမေကိုပြောလို့ ကျွန်တော်ကို မေမေ စိတ်ဆိုးပြီး စကားမပြောခဲ့တာ တော်တော် ကြာသွားခဲ့သည်။

ကျွန်တော်ကိုယ်တိုင်လည်း တစ်ခါတစ်လေ စဉ်းစားမိတယ်။ ဘာကြောင့်များ တိုက်ပုံးကို မဝတ်ချင်တာလဲပေါ့။ ဝတ်နေကျ မဟုတ်လို့များ မဝတ်ရဲတာလား။ ဒါလည်း ဖြစ်နိုင်တယ်။ ဝတ်ဖို့ကိုလည်း အတွေးထဲမှာ တစ်ခါမှ မဖြစ်ခဲ့။ မေမေ က ကျွန်တော်ကို မေးခဲ့ဖူးတယ်။ သား .... မင်းတိုက်ပုံမဝတ်ချင်ဘူး ဆိုရင် မင်းမိန်းမယူရင် ဘယ်နှယ့်လုပ်မလဲ။ .... အနောက်တိုင်းလိုပဲ ဆောင်မှာပေါ့ မေမေရဲ့ လို့ ကျွန်တော် ပြန်ပြောခဲ့သည်။

တိုက်ပုံဝတ်ရခြင်းနှင့် ပတ်သက်ပြီး အကြောက်အကန် ငြင်းဆန်ခဲ့ဖူးသည့် ကျွန်တော်။ တိုက်ပုံဝတ်မှ လုပ်ရမဲ့အလုပ်တွေကို ဘာတစ်ခုမှ မလုပ်ခဲ့တဲ့ ကျွန်တော်။ မြန်မာဆန်ပြီး မြန်မာမှု့ကိုမှ နှစ်သက်မြတ်နိုးတက်တဲ့ ကျွန်တော့်ရဲ့ တစ်ဦးထဲသော ကျွန်တော်က ချစ်ရသော ကျွန်တော့်ရဲ့ ချစ်သူလေးနှင့် မတွေ့ခင် အချိန်အထိ တော့ ကျွန်တော့်ရဲ့ စိတ်ကူးများသည် ကျွန်တော်နဲ့ အတူ ရှိနေခဲ့သည်။ ကျွန်တော်ချစ်သူလေးနှင့် လက်ထပ်ဖို့ရန် တိုင်ပင်သော အခါတွင်တော့ မေမေ့ကို ကျွန်တော် စကားတစ်ခွန်း လေးလေးနက်နက် ပြောဖြစ်ခဲ့သည်။ အဲ့ဒါကတော့.......

မေမေ ..... သား တိုက်ပုံ ဝတ်ကြည့်ချင်တယ် ..... မေမေ.....


လေးစားစွာဖြင့်
ရီနိုမာန်

6 comments:

ဇွန်မိုးစက် said...

အလဲ့... ရီနို တိုက်ပုံ တကယ်ဝတ်တော့မယ်ပေါ့လေ။ :)

noblemoe said...

ဝေးးးး ဝါလည်းကျွတ် ရီနိုလည်းကျွတ်ပေါ့လေ။
စားရတော့မဲ့ကိန်းပဲ မသိလိုက်ရပါလား မြန်လိုက်တာ
ဒါကြောင့်ပျောက်နေတာကိုးးးးးးးးးးးးးး
လက်ဖွဲ့ ပြင်ထားတော့မယ်နော်

သာယာချမ်းမြေ့ပါစေရှင်း
မိုး

မိုးခါး said...

နီးပီလား အကိုတော် :D

Ree Noe Mann said...

ကျနော့်မောင်နှမများက ကျနော့်ကို အထင်ကြီးကြတာကိုးဗျ။
စိတ်ကူး သက်သက် သာဖြစ်ပါတယ်ဗျာ။

မြစ်ကျိုးအင်း said...

အချစ်ရဲ့ စွမ်းအားတွေပေါ့။
မင်းမင်္ဂလာဆောင်ကို ငါလည်း တိုက်ပုံမဝတ်ဘဲ လာလို့ရတယ်ဟုတ်။
ငါတို့ငယ်ငယ်က လူကြီးတွေကို စတာ ရှိတယ်လေ။
တိုက်ပုံဝတ်ထားရင် ဝါးတီးကုတ် လို့ ခေါ်ခဲ့ဖူးတယ်။
ငါတော့ အဲဒါ ဝတ်ရမှာ စိတ်ကျဉ်းကျပ်တယ်။
လူတွေက အလှူသွားဝါးမှာကို ခန့်မှန်းမိမှာလည်း ရှက်သေးတယ်။

JulyDream said...

မြန်မာ Linux interest group လို့ ခေါ်တဲ့ အဖွဲ့လေးရဲ့ လိုဂိုလေးက ပင်ဂွင်းလေးကို ခေါင်းပေါင်း၊ တိုက်ပုံနဲ့ လုံချည်လေး ဝတ်ပေးထားတဲ့ ပုံပါ။

ဘာရယ်တော့ မဟုတ်ပါဘူး... တိုက်ပုံ ဝတ်ချင်တဲ့ ဆိုလို့... မဆီမဆိုင် သတိရမိတာလေးကို ပြောပြတာပါ။ =)