August 13, 2010

ပင်လောင်းသို့ တစ်ခေါက်

ဘဝပေး ကံကြမ္မာက သိပ်ထူးဆန်းတယ်။ လောကရဲ့ လှည့်ကွက်ဆိုတာလည်း သိပ်မြန်တယ်။ ကိုယ်ရဲ့ကံက ကောင်းမယ်မှ မကြံသေးဘူး ကြမ္မာဆိုးက ကိုယ်တို့ရဲ့ ဘဝလေးထဲကို မဖိတ်ခေါ်ပဲ ရောက်လာခဲ့တယ်။ လိုတိုင်းတ ရနိုင်တဲ့ အခြေအနေမှာ ဒါမျိုးအနှောက်မယှက် ဆိုတာရှိစမြဲပါ။ ဒါမျိုးတွေ ဖြစ်တက်လို့ သတိနဲ့နေခဲ့ပင်မဲ့ အလှည့်ရောက်တော့ မနွဲ့စတန် ဆိုသလိုပေါ့။ ကိုယ့်အတွက် အထူးမခံစားရပင်မဲ့ ကိုယ့်အဖေအတွက်တော့ အတော်လေး ဆိုးဆိုးရွားရွား အခြေအနေပေါ့။ ကိုယ့် တစ်သက် ကိုယ့်အဖေရဲ့ မျက်ရည်ကို ကိုယ် အဲဒီတစ်ခါပဲ မြင်ဖူးခဲ့တာ။

ကိုယ်အဖေက ကရင်သွေးမို့ စိတ်ဓာတ်ပြင်းထန်ပေမဲ့ ဆုတ်လည်းဆူး စားလည်းရူး ဆိုတဲ့ အခြေအနေမျိုး ကိုယ့်အဖေကြုံတွေ့ရတဲ့ အချိန်မှာတော့။ အဆူးခံပြီး နောက်ဆုတ်လိုက်တဲ့ ကိုယ့်အဖေ။ မျက်ရည်ကျမယ် ဆိုလည်း ကျလောက်တာပေါ့။ ရာထူးတိုးနဲ့ ခန္တီးကိုပြောင်းလာခဲ့တယ်။ အပွင့်တော့ မတင်ရသေးဘူး။ အပွင့်တင်ဖို့ နှစ်ပတ်အလိုမှာ ပြဿနာ စတက်တော့တာပေါ့။ အခြေအနေ အကျိုးအကြောင်း ကောင်းကောင်း မသိပင်မဲ့ အဖေ့ရဲ့ လက်အောက်ငယ်သားကို ငဲ့ညှာတက်တဲ့စိတ်ကြောင့် ကိုယ့်သားတပည့်လို ဖြစ်နေတဲ့ လက်အောက်အရာရှိငယ်နှစ်ယောက်ကို ပြန်ကြည့်လိုက်တော့ သူတက်မဲ့ လမ်းကို ရိုက်ချိုးခံလိုက်ရတဲ့ အဖြစ်နဲ့ ကြုံလိုက်ရတယ်။ သူပြန်မကြည့်ခဲ့ဘူး ဆိုရင်လည်း မိသားစုလိုဖြစ်နေတဲ့ အရာရှိနှစ်ယောက် ဘဝပျက်မဲ့ကိန်းပေါ့။

သူတစ်ပါးကို ကြည့်တက်တဲ့ ကိုယ့်အဖေအတွက် ကံကောင်းခြင်းတွေ ရှိခဲ့ပေမဲ့ နောက်ဆုံးတော့ ရာထူးမမက်တော့ပဲ မိသားစုနဲ့ အေးအေးဆေးဆေး နေရတဲ့ လကရ(၄) ပင်လောင်းကို ပြောင်းရွှေ့မဲ့ လမ်းကိုပဲရွေးချယ်လိုက်တော့တယ်။ ဒါပင်မဲ့ ကိုယ်အဖေရဲ့ စိတ်ထဲမှာ အနာတစ်ခုတော့ ပါလာခဲ့တာ ကိုယ်တို့ မိသားစုတွေ သတိထားမိကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်အဖေက အရက်ကို ပိုသောက်လာခဲ့လို့ပါ။

ဒီလိုနဲ့ ခန္တီးကနေ ချမ်းအေးလှတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ပင်းလောင်းမြို့ကိုပြောင်းလာခဲ့ကြတယ်။ ကိုယ်တို့ရောက်တဲ့ အချိန်က ည ၇ နာရီလောက်ရှိတော့မယ်။ မှောင်မည်းပြီး အေးလိုက်တာမှ ပြောမပြတက်အောင်ပါပဲ။ အမှောင်ထဲမှာ ကိုယ်နဲ့ ကိုယ့်အဖေက တပ်ထဲကို သွားပြီး ကားတောင်းတယ်။ ပစ္စည်းတွေ သယ်ဖို့ပေါ့။ လိုက်ပို့တဲ့ ရဲဘော်တွေနဲ့ ကျန်တဲ့မိသားစုကတော့ ဘူတာမှာ စောင့်နေရတာပေါ့။ ဘယ်သွားလို့ ဘယ်လာရမှန်းလည်း မသိဘူးလေ။ ကိုယ်နဲ့ ကိုယ့်အဖေတောင် မေးမေးပြီးလာခဲ့ရတာ။

မှတ်မှတ်ရရ ကိုယ် ပင်လောင်းကိုရောက်မှ အသီးအရွက်ဆိုတာ စားကောင်းမှန်းကိုယ်သိသွားတာ။ ဟင်းမရှိရင် ဆီနဲ့ဆားနဲ့ နှယ်ပြီး ထမင်းစားလို့ရတယ်။ အသီးအရွက်ဆို လုံးဝမစားတာ။ ပင်လောင်းကိုရောက်မှပဲ ဈေးလည်းဝယ်ချင်တိုင်း ဝယ်လို့မရတာ ကိုယ်သိတော့တယ်။ ရှမ်းပြည်ဘက်က ငါးရက်တစ်ဈေးပဲ ရှိတာ။ ကိုယ်တို့ရောက်တဲ့ အချိန်က ဈေးလွန်သုံးရက်ဆိုတော့ ဈေးဝယ်ဖို့ မလွဲဘူးလေ။ ချက်စရာဘာမှ မရှိဘူးပေါ့။ အသားငါးဆို ပိုဆိုး။

ဘေးအိမ်က အရာရှိကတော်ရဲ့ အကြံပေးချက်ကြောင့် ပင်လောင်းမှာ အိမ်တိုင်းလိုလို စိုက်ထားတက်တဲ့ ဂေါ်ရခါးသီး ( တစ်ချို့ကလည်း ဆူစကာသီးလို့ ခေါ်တယ်) နဲ့ အညွှန့်ကို ကြော်တော့တာပေါ့။ အဲမှာ ကိုယ်နဲ့စတွေ့တာပဲ။ ကိုယ့်အမေကတော့ အသီးမစားရင် မစားနဲ့ အရွက်ကြော်တော့ စားကြည့်ကောင်းတယ် ဆိုလို့ ကိုယ်မြည်းကြည့်ရင်းကနေ ကြိုက်သွားတာ အခုချိန်ထိ အသီးအရွက်ကို စားလို့ရတာ အကုန်စားတဲ့ လူဖြစ်နေပါပြီ။

သူငယ်ချင်းများသို့ အိတ်ဖွင့်ပေးစာ လို့ ခေါင်းစဉ်ကို ပြောင်းလဲရေးသားခြင်းသာဖြစ်ပါသည်။ လာရောက်အားပေးသွားသော ညီအစ်ကို မောင်နှမများကို ကျေးဇူးတင်ပါကြောင်း.........

လေးစားစွာဖြင့်
ရီနိုမာန်

6 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

ဂေါ်ရခါးသီးရွက်တော့ ကျွန်မလဲ သိပ်ကြိုက်တယ်..
ကျွန်မကတော့ အသီးအရွက်ကို ပိုကြိုက်တယ်.. ဘာလို့ဆို အသီးအရွက်ပေါတဲ့အရပ်မှာ အနေများတာကိုး..
ဒီလိုပါဘဲ အရပ်ဒေသကိုလိုက်ပြီး လူတွေလည်း နေတတ်ထိုင်တတ်သွားကြတာပါဘဲ..
လိုအပ်လာရင် အလိုက်သင့်ပြောင်းလဲသွားတတ်ကြတယ်..ဒါမှလည်း ဘ၀ကို အလိုက်သင့် အလျားသင့်ကျော်ဖြတ်ရတာ အဆင်ပြေနိုင်ကြတာပါ။

ချစ်ကြည်အေး said...

အမက ရှမ်းပြေဘက်မှာ နေချင်တာ...အဲမှာ အခြေချချင်တာ...၊ မောင်လေးအဖေရဲ့ လက်အောက်ငယ်သားကို ကြည့်တတ်တဲ့ စိတ်ဓါတ်က လေးစားစရာပါ မောင်လေးရေ

စန္ဒကူး said...

တောင်ကြီးသွားလည်တုန်းက အဖိုးလေးက အိမ်မှာစိုက်ထားတဲ့ ဂေါ်ရခါးသီးနုနုလေးတွေ အစိမ်းလတ်လတ်ဆတ်ဆတ်ကို ပါးပါးလှီးပီး အစိမ်းသုပ်ကျွေးတာ..နှမ်းမဲမဲလေးတွေနဲ့ အခုထိသတိရတုန်းဘဲ၊ ဂေါ်ရခါးညွှန့်ဆိုကြိုက်မှကြိုက်..
ကိုရီနိုမာန် အဖေက ကရင်ဆိုပီး အသီးအရွက်မကြိုက်ဘူးလား..း))

ဇွန်မိုးစက် said...

မဇွန်တော့ ရှမ်းပြည်ဘက် တစ်ခေါက်မှ မရောက်ဖူးဘူး။ အသက်ကြီးလေ အသီးအရွက် ပိုကြိုက်လေ ဖြစ်လာတယ်။

noblemoe said...

ဂေါ်ရခါးသီးအရွက်ကတော်တော်စားကောင်းတာနော်
ငယ်ငယ်တည်းကစားဖူးတာကံကောင်းတာပေါ့
အမကတော့လွန်ခဲ့တဲ့ ၄ နှစ်လောက်ကမှစားဖူးတာလေ။
သာယာချမ်းမြေ့ပါစေနော်
မိုး

neking said...

ဘ၀အကြောင်းလေးတွေကိုများများရေးစမ်းပါအကိုရာ...
ဖတ်ရတာကောင်းတယ်...