August 10, 2010

သူ့တို့ တိုင်းပြည် အလည်တစ်ခေါက်

စကားမစပ် ကျုပ်က စကားနည်းနည်း ပြောချင်မိတယ်။ ကျုပ်ပြောမဲ့ စကားက ဟုတ်ချင်လည်း ဟုတ်မယ်။ မဟုတ်ချင်လည်းမဟုတ် ဖြစ်နေလိမ့်မယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျုပ်ပြောမှာက ကြားဖူးနားဝ အကြောင်းတွေပေါ့။

ကျုပ်တို့ ဘိုးဘေ တွေ လက်ထပ်တုန်းက ကျုပ်တို့ငွေစက္ကူ တစ်ကျပ်က အခုသူတို့ နှိုင်းယှဉ်နေတဲ့ ငွေကြီးနဲ့ နင်လာငါလာ ဆိုပဲ။ ခုတော့ ကျုပ်တို့ငွေက သူတို့ ငွေကြီးနဲ့ အဆ တစ်ထောင်လောက်တောင် ကွာသွားတာ ကျုပ်ဖြင့် တွေးလို့ကို မထိတော့တဲ့ အဖြစ်ပါ။

နောက်ပြီး ကျုပ်ကြားမိပါသေးတယ်။ ကျုပ်တို့ တိုင်းပြည်က တစ်ချို့နေရာတွေကို အတုယူပြီး သူတို့ တိုင်းပြည်မှာ ပြန်ပြုပြင်တယ် ဆိုလားပဲ။ ခုတော့ သူတို့ တိုင်းပြည်ကြီးလှလို့။ ကျုပ်တို့ တိုင်းပြည်ကြီးတော့ နွေခေါင်ခေါင်မှာ ရေငတ်သလိုမျိုးပေါ့။ စုတ်ပြတ်ကို သက်လို့။ ကျုပ်ပြောတာက ကျုပ်တို့ တိုင်းပြည်ရဲ့အားလုံး မပြောပေါင်ဗျာ။ တစ်ချို့နေရာတွေမှာလည်း လှလိုက်တာမှ မှုံလို့ပါပဲ။

သူတို့ တိုင်းပြည်နဲ့ ကျုပ်တို့တိုင်းပြည် ယှဉ်ကြည့်လိုက်ရင်လည်း အဆ တစ်ထောက်လောက် ( အကျယ်အဝန်း) ကွာခြားပါတယ်။ သူတို့ တိုင်းပြည်မှာတော့ ငွေဝယ်ကျွန်တွေကို တိုက်နဲ့တာနဲ့ ထားနိုင်ပင်မဲ့ ကျုပ်တို့ တိုင်းပြည်မှာတော့ ကျုပ်တို့ကိုယ်တိုင် တိုက်နဲ့ မနေနိုင်တာ အံ့သြမိသဗျ။

သူု့တို့ တိုင်းပြည်မှာ ရေဆိုရေ မြေဆိုမြေ အရာရာဝယ်သုံးနေရတဲ့ အခြေအနေမှာ ကျုပ်တို့တိုင်းပြည်မှာက သယံဇာတ ပေါကြွယ်ဝနေပါလျှက် သူတို့တိုင်းပြည်နဲ့ မယှဉ်နိုင်တာ စဉ်းစားစရာပေါ့။

သူတို့ တိုင်းပြည်မှာ လူတစ်ယောက်ရဲ့ စားစရိတ်၊ နေစရိတ် အားလုံးဟာ အလကားမရသလို့ ကားရှိလို့ ကားလျှောက်မောင်းရင်တောင်း လမ်းသုံးခ ဆိုပြီးပေးရတာ။ ဘယ်သွားသွားပိုက်ဆံမရှိရင် နေလို့မရတဲ့ သူတို့ တိုင်းပြည်မှာ အခွန်အခ သိပ်များသလို အပြင်အဆင်တွေလည်း သိပ်လုပ်သကိုးဗျ။

ကျုပ်တို့ တိုင်းပြည်မှာတော့ဗျာ အခွန်အခတွေ သိပ်များပင်မဲ့ ပြုပြင်ထိန်းသိမ်းတာတော့ သိပ်နည်းတာ သိသားသဗျာ။ တစ်ချိန်တုန်းက ကျုပ်တို့ မြို့တော်ကြီးဟာ လယ်ဂတုံး ဖြစ်နေတာကိုပဲ ကြည့်တော့ မောင်ရာ။

ကဲ .. ကဲ ကျုပ်ကပြောရင် ကိုယ်ပေါင် ကိုယ်လှန်ထောင်းနေသလို ဖြစ်အုံးမယ်။ နောက်ဆုံး ကျုပ်ရဲ့ခံစားချက်လေးတော့ ပြောချင်သားဗျာ။ ကျုပ်မနေ့က သူတို့တိုင်းပြည်ကိုရောက်တယ်။ ကျုပ်ရောက်တဲ့နေ့မှာပဲ သူတို့ တိုင်းပြည်ရဲ့ National Day ဆိုတာကြီးနဲ့ ကြုံလို့ ကျုပ်က သွားကြည့်ပါတယ်။ ကျုပ်တို့တိုင်းပြည်နဲ့ ဘာများထူးခြားလဲပေါ့။

ကျန်တာတွေ တော်တော်များများကို ကျုပ်စိတ်မဝင်စားပါဘူး။ ကျုပ်မျက်ရည်ဝဲ ရလောက်အောင်ဖြစ်သွားတဲ့ မြင်ကွင်းကတော့ ကျုပ်ရင်ထဲ မချိတင်ခဲ ဖြစ်ကျန်နေခဲ့တယ်။ သူတို့ တိုင်းပြည်ကလူတွေတော့ ဘယ်လိုနေမှန်း ကျုပ်မသိဘူး။ ကျုပ်ကတော့ မြင်ရတဲ့ မြင်ကွင်းကို ဂုဏ်ယူဝင့်ကြွား ဖြစ်မိတာတော့ အမှန်။ လေယာဉ်ကြီးနဲ့ သူတို့တိုင်းပြည်ရဲ့ အလံကို ခေါ်ဆောင်လာတာ ကျုပ်ဖြင့် ကြည့်ရင်းနဲ့ မျက်ရည်ကျမတက်ပဲ။ ကျုပ်တို့ တိုင်းပြည်ရဲ့ အလံကိုလည်း ဘယ်သော်အခါများမှ ဂုဏ်ယူဝင့်ကြွားနိုင်ခွင့် ကြုံရပါ့မလဲလို့ တွေးရင်း........


လေးစားစွာဖြင့်
ရီနိုမာန်

6 comments:

မောင်မျိုး said...

တစ်နေ့တော့ပေါ့.....တစ်နေ့နေ့တော့ မျှော်လင့်မိတာပါပဲ ။

noblemoe said...

မနေ့က TV ကနေကြည့်ပြီးရင်ထဲမှာမကောင်းဖူး

နွေဆူးလင်္ကာ said...

အင်း ပြောရရင်တော့ ... များကြီးပ ... ဟိုးရှေးရှေးတုန်းက ဆိုမှတော့ ပုံပြင်မှတ်ရတော့မှာပေါ့ဗျာ ...

ချော(အစိမ်းရောင်လွင်ပြင်) said...

ဖတ်ရတာတောင် စိတ်မကောင်းဖြစ်မိတယ်..
လူတိုင်းရင်ထဲမှာတော့ကိုယ့်တိုင်းပြည်ကို တိုးတက်နေတာဘဲ မြင်ချင်ကြတာပါဘဲနော်..
အချို့အချို့ ကိုယ့်ထမင်း ရွှေချပြီး စားနိုင်ကြတဲ့ လူတစ်ချို့က လွဲလို့ပေါ့နော်။

ဇွန်မိုးစက် said...

ဟင်းးးးးး... သက်ပြင်းအရှည်ကြီးချသွားတယ်။

အဲသည့် တနေ့နေ့ကို မျှော်လင့်မိနေတုန်းပါပဲ။

ပိုးဟပ်လေး said...

ဟုတ်တယ်ဗျ...
ကျွန်တော်ကိုယ်တိုင် လည်း မြင်ခဲ့ရတယ်...
သူတို့ နိုင်ငံ သားတွေဆိုရင် ဂုဏ်ယူလွန်းလို့
တစ်ဟေးဟေး တစ်ဝါးဝါးနဲ့ ...
စိတ်ထဲ မှာလည်း အားငယ်မိသွားတယ်
တကယ်ပြောတာ .... ကိုယ့်နိုင်ငံမှာဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲနော်...