August 3, 2010

မငိုပါနဲ့ အမေရယ်

အမေ .. သား ကျိုက်ထီးရိုး ဘုရားသွားဖူးချင်တယ် အမေ


သားက ငယ်ပါသေးတယ် သားရယ်။ သားက တောင်လည်း တက်နိုင်မှာ မဟုတ်ဘူးနော်။ နောက်မှ အမေ လိုက်ပို့ပေးမယ်။


ကျနော် ၁၀နှစ်သားလောက်က အမေကို ဘုရားဖူးသွားဖို့ ပူဆာခဲ့ဖူးသည်။ ငယ်သေးတယ်ဆိုတဲ့ အကြောင်းပြန်ချက်နဲ့ ကျနော်ရဲ့ ပူဆာမှုမအောင်မြင်ခဲ့ပါ။ ကျနော် ၁၀တန်းနှစ်ရောက်တော့ ကျောင်းကသူငယ်ချင်းတွေနဲ့ သွားဖို့ အခွင့်ကြုံလို့ အမေ့ဆီက ခွင့်တောင်းပြန်တော့လည်း….


သားရယ် မသွားပါနဲ့အုံး… သားသွားရင် အမေတစ်ယောက်တည်း အိမ်မှာ နေခဲ့ရမှာ… နောက်တစ်ခေါက်မှပဲ သွားပါသားရယ်…


ဆိုလို့ အမေ့ကိုစိတ်မချတာနဲ့ ကျိုက်ထီးရိုးဘုရားဖူး ခရီးအား လွဲချော်ခဲ့ရပြန်သည်။ ၁၀တန်းအောင်ပြီးတော့ ကျနော် ဦလေးက မင်းလိုက်မလား။ မင်းလိုက်ရင် မင်းအမေရဲ့ ခွင့်ပြုချက်ကိုတောင်းလို့ ပြောတော့။ အမေ့ကို မေးကြည့် လိုက်တော့ လုံးဝမလိုက်ရဘူး ဆိုတဲ့ အမိန့်ဆန်တဲ့ အမေရဲ့ အဖြေကို ကျနော်ရလိုက်တယ်။ ဘာဖြစ်လို့လဲ လို့ ကျနော် ပြန်မမေးလိုက်မိဘူး။ မလိုက်ရဘူးဆိုတဲ့ စိတ်နဲ့ ဘာမှကို မပြောချင်တော့တာ လည်းဖြစ်နိုင်သည်။ ကိစ္စမရှိဘူး။ အမေမသွားခိုင်းလည်း ငါ့ဟာငါ သွားလို့ရတာပဲ လို့စိတ်ထဲတွေးလိုက်မိပြန်တော့ မိဘစကားနားမထောင်ရင် ကံကြီးထိုက်လိမ့်မယ် ဆိုတာကို နားထဲမှာ ကြားယောင်နေမိတယ်။


ဒီလိုနဲ့ ကျနော် ဘွဲ့ရ အလုပ်ဝင်ပြန်တော့ အလုပ်ထဲ သူငယ်ချင်းတွေက ကျိုက်ထီရိုးဘုရားဖူး သွားမယ်ဆိုတော့ တစ်ခါမှ မရောက်ဖူးသေးတဲ့ ကျနော် အတွက် အခွင့်သာ ပြီထင်ပါရဲ့လို့ တွေးခါရှိသေးတယ် သူဌေးက အလုပ်ကိစ္စ မပျက်လို့ ဆိုပြီး နောက်မှ လိုက်ခဲ့ဖို့ ပြောလားတယ်။ နောက်ကလည်း မလိုက်ဘူး ဘယ်တော့မှလဲ မသွားဘူးလို့ စိတ်ထဲ ဒေါသထွက်ထွက်နဲ့ ပြောနေမိသည်။


အခုတော့ ကံစပ်ပြီးနဲ့ တူပါတယ်။ ဘယ်သူကိုမှ အဖေါ်မခေါ်ရပဲ ကျိုက်ထီးရိုး ဘုရားရင်ပြင်တော်ကို ရောက်လို့နေခဲ့ပြီ။ အရင်တုန်းက ကြက်မတစ်ဝတ်စာ လွတ်တယ်လို့ ကြားဖူးထားပေမဲ့ ခုတော့ အပ်ချည်မျင် တစ်မျင်စာလောက်ပဲလွတ်တော့ တယ်တဲ့။ ဟုတ်မှာပါလေ။ ဘုရားတွေလိုက်ဖူးနေလိုက်တယ်။ စိတ်ချမ်းသာစရာကောင်းလိုက်တာ။ လွန်ခဲ့တဲ့ နှစ်၂၀ လောက်ကတည်းက အရောက်လာခဲ့ရမှာ ခုမှပဲ ရောက်လာတာ ငါ့ အတွက် နောက်ကျနေသလိုပဲ။ နောက်အားတိုင်း ခဏခဏလာဖြစ်တော့မယ်ထင်တယ်။


ကျိုက်ထီးရိုးဘုရားဟာ ငါနဲ့ တနည်းနည်းနဲ့ တော့ ပတ်သက်မှာ သေချာတယ်။ ဒီခရီးကို တစ်ယောက်တည်း ထွက်လာတာကိုပဲ ကြည့်တော့လေ။ ရုံးကလူတွေလဲ ငါဘယ်ပျောက်လို့ ဘယ်လိုက်ရှာရမှန်း မသိဖြစ်တော့မယ်။ အမေကလည်း ငါ့ကို ဖုန်းဆက်လို့ မရလို့ စိတ်ပူနေတော့မယ်။ မဖြစ်သေးပါဘူး ပြန်မှ ဖြစ်မှာပါ။ ခုလည်း ရောက်ဖူးနေပြီပဲ။ နောက်လည်း ခဏခဏ လာလို့ ရတာပဲ။ ရတဲ့ လိုင်းကားနဲ့ ပြန်မယ်ကွာ……


ဟာ… ရှေ့မှာ ကားမှောက်တာပါလား။ ဘာတွေများလိုအပ်မလဲ မသိဘူး။ ကူညီလို့ ရတာ ကူညီအုံးမှ။ ဟိုနားက လူတွေက ဘာကိုဝိုင်းကြည့်နေကြတာလဲ။ စကားသံတွေလဲ ကြားနေရတယ်။


အံ့သြစရာပဲ… တစ်ကားလုံးမှောက်တာ ဒီကောင်လေးတစ်ယာက်ပဲ အသက်ဆုံးရတယ်လို့ တစ်ယောက်မှ ကြီးကြီးကျယ်ကျယ် ဘာမှဒါဏ်ရာ မရ ကြဘူး။ သူတစ်ယောက်တည်း …. သနားပါတယ် ဟယ်….. အဖော်လည်း တစ်ယောက်မှ မပါဘူး ……


ဘာကြောင့်လူတွေက တစ်ယောက်တစ်ပေါက်ပြောနေကြတာလဲ။ ငါလည်း သွားကြည့်လိုက်အုံးမှ……..


ဟာာာ….. . ဘယ်လိုဖြစ်တာလဲ .. ငါနဲ့ တော်တော် တူတာပဲ .. မဟုတ်သေးပါဘူး အမေကိုပြန်မေးရမယ်။ ငါ့မှာ အမွှာတွေများရှိနေလာ မသိဘူး။ ဟုတ်တယ် အမေကို မြန်မြန်ပြန်မေးရမယ်။


………………………..။။။။။။။။။။………………………………………….


အိမ်မှာလည်း လူတွေက များလှကြီးလား။ ဘာလုပ်နေကြတာလဲ။ ငါရယ်ပြ နေတာကိုတောင် ပြန်မရယ်နိုင်ဘူးလား။ ဘာဖြစ်နေကြတာလဲ။ အမေရော …. အမေဘယ်မှာ ….. အမေ တစ်ခုခု များဖြစ်နေလို့များလား။ ဘု၇ား… ဘုရား အမေဘာမှ မဖြစ်ပါစေနဲ့။ ဟော့  တွေ့ပြီ ဘုရာစင်အောက်မှာ အမေထိုင်နေတယ်။ အမေ့မျက်နှာလည်း မကောင်းပါလား။ ငိုထားတဲ့ မျက်နှာနဲ့။ အမေ အမေ ဘာဖြစ်လို့လဲ အမေ။ သားကိုပြောပြပါ။ အမေဘာလို့ ငိုနေတာလဲ။ အမေငိုတော့ သားလည်း ငိုချင်တယ် အမေ။ အမေ မငိုပါနဲ့ နော်။ သားပြန်လာပြီလေ အမေရဲ့။ နောက်ဆို အမေကို မပြောပဲ သားဘယ်မှ မသွားတော့ဘူးနော်။ အမေ မငိုပါနဲ့ အမေရယ်။ အမေသားကိုစိတ်ဆိုးနေတာလား။ ဘာတစ်ခွန်းမှလဲ ပြန်မပြောဘူး။


ပြောရင်းဆိုရင် အမေ ငိုနေပြန်ပြီ။ အမေမငိုနဲ့နော် သား မျက်နှာသုပ်ပဝါ သွားယူပေးမယ်။ ကျနော် ထပြီး အမေသုံးနေကျ မျက်နှာသုပ်ပဝါလေးကို သွားယူဖို့ ထမယ်အပြင်……..


အမေ ဒါမျိုးတွေ ကြိုသိလို့ မင်းကို မသွားပါနဲ့လို့ အတန်တန် တားထားရက်နဲ့ သားရယ်… အခုတော့ အမေ့သားလေး ရေတိမ်နစ်ရပြီ…… အမေကိုထားသွားပြီလားသားရယ်…….


အမေ … သားဘာဖြစ်လို့လဲ။ သားဘာမှ မဖြစ်ဘူးလေ အမေရဲ့။ အမေ့နားမှာ သားရောက်နေပြီလေ အမေ. အမေ မငိုပါနဲ့ အမေရယ်။ သားနောက် ဘယ်မှ မသွားတော့ဘူး နော် ။ အမေ့နားမှာပဲ နေမယ်နော်။ အမေ မငိုနဲ့တော့နော်…. အမေ ငိုရင် သားလည်း ငိုချင်လို့ပါ ဗျာ………


လေးစားစွာဖြင့်

ရီနိုမာန်

8 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

ခံစားရတယ်..
သနားလိုက်တာ
ကျိုက်ထီးရိုးသွားခွင့်ရကာမှ ကားမှောက်ဆုံးရတယ်လို့
စိတ်မကောင်းဖြစ်မိတယ်
တကယ့်အဖြစ်အပျက် မဟုတ်ပါစေနဲ့

noblemoe said...

ရင်ထဲမကောင်းလိုက်တာ..........

ဒါကြောင့်လူကြီးမိဘတွေတားရင်သတိထားတာကောင်းပါတယ်။ ဒါပေမဲ့လည်း တစ်ခါတစ်လေတော့ လူဆိုတာမှန်တယ်ထင်ရင်လုပ်ချင်ကြတာပါပဲလေနော်

သာယာချမ်းမြေ့ပါစေနော်
မိုး

ညီညီ said...

ကျွန်တော်လည်း တစ်ခေါက်မှ မရောက်ဖူးဘူး ဗျာ.။ ဒီတစ်ခေါက်ပြန်ရင်တော့ သွားကိုသွားမယ်လို့ ဆုံးဖြတ်ထားတယ်။ စာဖတ်ပြီး ဘုရားဖူးချင်စိတ်ရော ကြောက်စိတ်ရော ရောသွားတယ်ဗျာ..

Unknown said...

ဟင်.. ကံကလဲ ဆိုးလိုက်တာ... ဘုရားဖူးသွားကာမှ ဖြစ်ရတယ်လို့.. သနားပါတယ်..

ပိုးဟပ်လေး said...

တကယ့် အဖြစ်အပျက်လို့ ထင်တယ်..
ကံကလည်း ဆိုးလိုက်တာနော်...
ဘုရားဖူး သွားခွင့် ကြုံမှပဲ အဖြစ်ဆိုးနဲ့ ကြုံရတယ်လို့ :(

ပိုးဟပ်လေး said...

တကယ့် အဖြစ်အပျက်လို့ ထင်တယ်..
ကံကလည်း ဆိုးလိုက်တာနော်...
ဘုရားဖူး သွားခွင့် ကြုံမှပဲ အဖြစ်ဆိုးနဲ့ ကြုံရတယ်လို့ :(

rose of sharon said...

ဝထ္တုတိုလေးက အလွမ်းရသတွေပေးတယ်... မိဘမေတ္တာနဲ့ သားတစ်ယောက်ရဲ့ဆန္ဒ ... တကယ့်အဖြစ်အပျက်တော့မဟုတ်ဘူးမှတ်လား?

နှင်းမိုး said...

ဝတ္ထုလေး ခံစားသွားတယ်...။
တကယ်ကောင်းပါတယ်...။