July 24, 2010

သူငယ်ချင်းများ သို့ ပေးစာ - ၅

အရှိကို အရှိအတိုင်းသာ ရေးတက်တဲ့ ကိုယ့်အတွက်တော့ ကိုယ်ရဲ့ ဘဝမှာ ဖြတ်သန်းခဲ့တဲ့ အရိပ်တွေဟာ ကိုယ့်ရဲ့ ကိုယ်ပိုင်စာသားတွေ ဖြစ်လို့နေခဲ့ပြန်တာပေါ့။ စိတ်ကူးယဉ်တဲ့ ဇာတ်လမ်းတွေ ရေးဖို့ ကြိုးစားလိုက်တိုင်း လမ်းလျှောက်ရင်း လမ်းပျောက်တဲ့လူ အဖြစ်လိုပါပဲ။ အတွေးတစ်ဝက်နဲ့ ဇာတ်လမ်းဆုံးသွားတယ်။ ဘယ်သူတွေ ဘာပဲပြောကြပါစေတော့ ကိုယ့်အကြောင်းပဲ ကိုယ်ရေးနေမိတော့တယ်။

ကိုယ်တို့ တပ်ပြောင်းရတော့မယ်ဆိုတော့ အိမ်မှာရှိတဲ့ ပစ္စည်းတော်တော်များများကို ရောင်းပစ်ခဲ့ရတယ်။ ကိုယ့်အမေကတော့ မိန်းမဆိုတော့ ဘယ်ရောင်းချင်ပါမလဲ။ ကိုယ့်အဖေက ခရီးကဝေးတယ်။ ဟိုးရောက်အောင် သယ်ဖို့က သိပ်မလွယ်ဘူး ဆိုတာကြောင့် ကျွန်းသေတ္တာ အလုံးသုံးဆယ်လောက်ရှိတာကို ထပ်ဝက်လောက် လျှော့လိုက်ရတယ်။ ကိုယ်တို့ နေခဲ့တဲ့ ပုသိမ်ကနေ စစ်ကိုင်းတိုင်း အထက်ပိုင်းမှာရှိတဲ့ ခန္တီးကို ပြောင်းရမှာလေ။

ပုသိမ်ကနေ မုံရွာကို ဘယ်ပုံဘယ်နည်းနဲ့ ရောက်လာမှန်းတော့ ကိုယ်လည်း မမှတ်မိတော့တာ အမှန်။ တပ်ပြောင်းတဲ့ အချိန်က ကျောင်းတွေ စဖွင့်တဲ့ ဇွန်လမှာပေါ့။ ခန္တီးကို သွားဖို့ ကိုယ်တို့တွေ မုံရွာက ထောက်ပို့တပ်မှာ တစ်ပတ်လောက် သောင်တင်သွားခဲ့ရတယ်။ ခန္တီးက ဆင်းလာတဲ့ သဘောင်္ကိုစောင့်နေရတာလေ။ ကိုယ်တို့ မုံရွာကနေ စထွက်တော့ သဘောင်္ပေါ်မှာ ကိုယ်တို့လိုပဲ ခန္တီးကို တပ်ပြောင်းလာတဲ့ အရာရှိ လင်းမယားနှစ်ယောက်လည်းပါခဲ့တယ်။

တပ်ပြောင်းလိုက်ပို့တဲ့ ရဲဘော်တွေလည်းပါတယ်။ ကိုယ်တို့ကတော့ အိပ်ခန်းရတော့ သင်္ဘောရဲ့ အပေါ်ထပ်မှာပဲ အေးအေးဆေးဆေးနဲ့ ခန္တီးကိုရောက်ဖို့ လမ်းမှာ ၉ ညအိပ် ၁၀ ရက်ကြာခဲ့တယ်။ ပျော်ဖို့တော့ ကောင်းသား။ တစ်မြို့ရောက် တစ်ခါရပ်နားနဲ့ မိုးတွင်းလည်း ဖြစ်တာကြောင့် ကိုယ်တို့ သင်္ဘောက ခန္တီးအထိ ရောက်အောင်သွားနိုင်ခဲ့တယ်။ လမ်းမှာလည်း ရေတိမ်တဲ့ နေရာတွေမှာ ခဏခဏ သောင်တင်နေခဲ့တာပေါ့။ မိုးတွင်းမဟုတ်ပဲ နွေအခါဆိုရင်တော့ ကိုယ်တို့ အဖြစ်ကလွယ်မှာ မဟုတ်ဘူး။ သင်္ဘောက ဟုမ္မလင်းထိပဲ ရောက်တာတဲ့လေ။ ကိုယ်လည်း စပ်စပ်စုစုမေးကြည့် လိုက်မိပါတယ်။ အဲလိုဆို သားတို့ ဘယ်လို့ ခရီးဆက်သွားရမှာလို့။ ဟုမ္မလင်းကနေ ခန္တီးကို စက်လှေနဲ့ ခရီးစက်ရမှာပေါ့တဲ့။

ခန္တီး သဘောင်္ဆိပ်ကို ရောက်တော့ တပ်ကအရာရှိတွေက လာကြိုနေကြတယ်။ ဖြစ်ချင်တော့ ကိုယ့်အဖေရဲ့ သူငယ်ချင်းက ကိုယ်တို့ ပြောင်းရမဲ့တပ်မှာ ရှိနှင့်နေပြီ။ ကိုယ်အတွက်လို့ ပြောရင်းပိုမှန်လိမ့်မယ်။ အဲတပ်ကိုရောက်မှပဲ အရာရှိနေတဲ့ အိမ်နဲ့နေရတော့တယ်။ တပ်က တပ်ဟောင်းဆိုတော့ အိမ်တွေကလည်း ဟောင်းနေတာပေါ့။ ဒါပင်မဲ့ အိမ်ကြီးတွေကတော့ အကြီးကြီးတွေပါပဲ။ ကိုယ်ကတော့ ဘယ်နားရောက်ရောက် ပျော်နေခဲ့တာပါ။

ဒီတပ်ကိုရောက်လာတာ ကိုယ်တို့အတွက် ဘဝပေး အခြေအနေ တစ်မျိုးတစ်ဖုံ ပြောင်းလဲပေးလိမ့်မယ်လို့ ကိုယ်မတွေးထားခဲ့ဘူး။ ကိုယ်နေခဲ့တဲ့ အရပ်ဒေသတွေ ထဲက ဒီအရပ်က ရာသီဥတုအရမ်းကို အေးချမ်းတယ်လို့ ထင်ထားလိုက်မိတယ်။ ကိုယ် အဲမှာ လေးတန်းစတက်တယ်။ ကိုယ်အစ်ကိုက ရှစ်တန်းပေါ့။ ကိုယ်တို့နဲ့ အတူတူပါလာတဲ့ ကိုယ်တို့ရဲ့မွေးစားအစ်ကိုလည်း ရှစ်တန်းပေါ့။ သူ့ကိုတော့ ကျောင်းနှစ်ဝက်လောက်မှာပဲ သူ့အမေကပြန်လာခေါ်လို့ ပြန်သွားခဲ့တယ်။

ကိုယ့်အစ်ကိုရဲ့ ပါရမီလို့ပဲ ပြောရမလားပဲ။ ကျောင်းထားနိုင်တဲ့ မိဘတွေရှိပါလျှက် ရှစ်တန်းနဲ့ ကျောင်းထွက်လိုက်တယ်။ ကျောင်းထွက်ပြီး အလုပ်လုပ်လား ဆိုပြန်တော့ လည်း မဟုတ်ပြန်ဘူး။ မိဘတွေ အဆင်ပြေနေတဲ့ အချိန်ဆိုတော့ သူလုပ်ချင်တာ လုပ်လို့ရတဲ့ အချိန်ပေါ့။ သူလုပ်လို့ ရတဲ့အချိန်မှာ လုပ်သင့်တာကို မလုပ်ပဲ မလုပ်သင့်တဲ့ အလုပ်ကို လုပ်မိတော့ သူ့ဘဝအတွက် နောက်ဆုံးအချိန်ထိကို သယ်ဆောင်သွားခဲ့တယ်လေ။

ကိုယ်နဲ့ ကိုယ့်အမေကတော့ စိတ်ချင်းစပ်နေတယ်လို့ ထင်တယ်။ ခန္တီးမှာနေတုန်းက ငှက်ဖျားရောဂါ ရလိုက်တယ်။ ကိုယ်ဖျားရင် ကိုယ့်အမေပါ လိုက်ဖျားတယ်။ အမေဖျားခဲ့ရင်လည်း ကိုယ်ပါလိုက်ဖျားတယ်။ ကိုယ့်အမေကတော့ ငှက်ဖျား နောက်ဆုံးဆေးလို့ပြောတဲ့ အာတီမီတာ နဲ့ ကောင်းသွားတယ်။ ကိုယ်ကတော့ အာတီဆူနိပ် နဲ့ ရပ်နေတယ်။ ဘယ်အချိန် ထထဖြစ်မလဲဆိုတဲ့ စိတ်ကတော့ ရှိနေတုန်းပဲ။

ကိုယ်မှတ်မိသေးတယ်။ ကိုယ်က ဆေးထိုးရမှာ အသေကြောက်တာ။ ဆေးသောက်ဆို ဘယ်နှလုံးပဲ ဖြစ်ဖြစ်သောက်နိုင်တယ်။ ကိုယ်နေမကောင်းဖြစ်တော့ ဆေးမှူးက ဆေးထိုးဖို့ပြောတော့ ကိုယ်အကြောက်အကန် ငြင်းခဲ့တယ်။ ဆေးပဲသောက်မယ်ပေါ့။ ဆေးထိုးရင် တစ်ရက်နဲ့ပျောက်မှာကို ကြောက်လို့ မထိုးပဲ ပေးသမျှဆေးကို သောက်တာ နောက်ဆုံး သောက်သမျှဆေးတွေ အကုန်လုံး ပြန်အမ်ထွက်လာတော့မှ ကိုယ်ဆေးထိုးဖို့ လက်ခံခဲ့တာ။ သူငယ်ချင်းတို့ ကြားဖူးမလာတော့ မသိဘူး။ လိပ်ပြာတောင် အပ်ဆိုတာလေ။ အသေးဆုံးဖြစ်တဲ့ လိပ်ပြာတောင်အပ်နဲ့ပဲ ဆေးအထိုးခံခဲ့တာ။ ဆေးထိုးတဲ့ လူကိုလည်း မှတ်ထားသေးတယ်။ သွေးကြောနှစ်ခါ ဖေါက်လို့ကတော့ နောက်တစ်ခေါက် အလှည့်မကျစေရဘူး။

ကိုယ့်အစ်ကို လုပ်ချင်တာ လုပ်လို့ရတဲ့ အချိန်မှာ ဒါဟာ ကိုယ့်အတွက် အခွင့်အရေး တစ်ခုဖြစ်နေခဲ့တာ ခုမှ နားလည်နေမိတော့တယ်။


လေးစားစွာဖြင့်
ရီနိုမာန်


5 comments:

အနမ်း said...

ဘ၀မှာ အမှတ်ရစရာတွေလည်း တယ်များပါလားနော်။ ဘယ်သူမဆို အမှတ်ရစရာတွေ အများကြီးပါပဲ။ ဆေးထိုးရမှာကြောက်တဲ့သူရေ အခုရော ဘယ်လိုလဲ၊ ဆေးထိုးဖို့မကြုံရစေနဲ့ပေါ့။

ဇွန်မိုးစက် said...

ရီနို “ကိုယ်” နဲ့ သုံးသွားတာ ခုမှ သတိထားမိတယ်။ ဘာလို့ “ကျွန်တော်” လို့ မသုံးတာလဲ။

မဇွန်နဲ့တော့ ပြောင်းပြန်၊ အစ်မက ဆေးထိုးရမှာ မကြောက်ဘဲ ဆေးသောက်ရတာကို ကြောက်သူ။ ငယ်ငယ်က ဆရာဝန်ကို ဆေးပဲထိုးမယ် မသောက်ချင်ဘူးလို့ ပြောတာ။

လူတစ်ကိုယ် အကြောက်တစ်မျိုးပေါ့နော်။ :D

မောင်မျိုး said...

ဒါဆို ကျန်းမာရေး ဂရုစိုက် နေမကောင်းဖြစ်ရင် ဆေးထိုးခံနေရအုံးမယ် .။

ချော(အစိမ်းရောင်လွင်ပြင်) said...

ငှက်ဖျားပေါတဲ့ အရပ်မှာ မွေးဖွားသူဖြစ်ပေမဲ့ကံကြီးစွာ ငှက်ဖျားမရှိခဲ့ဘူး..
သိပ်ခံရခက်တဲ့ ငှက်ဖျားပါဘဲ.. ကိုယ်တွေအရပ်မှာတော့ နံမည်ကျော်ပါတယ်..

မြစ်ကျိုးအင်း said...

လာဖတ်သွားတယ် သယ်ရင်း..။
ငါတော့ အပြောင်းအရွေ့ နည်းခဲ့လို့လား မသိဘူး နေရာသစ်မှာ ပျော်နိင်ပါ့မလား သံသယ ဝင်တယ်။ ဆေးထိုးရမှာ ကြောက်တာတော့ မင်းနဲ့ငါ အတူတူလောက်ပဲ။ ဆေးမထိုးရဘဲ သောက်ဆိုလို့ကတော့ ဘယ်နှစ်လုံး ဖြစ်ဖြစ် သောက်တယ်။ ခုထိ ဆေးထိုးရဖို့ ရှောင်ရှားနေတုန်းပဲ။