February 18, 2010

ကျွန်တော် ခင်မင်မြတ်နိုးခဲ့ရသော ဣတ္ထိယများ

ကျွန်တော်အတွက် ချစ်ခင်အမြတ်နိုးရဆုံး ဣတ္ထိယဆိုလို့ ဘယ်သူများရှိနိုင်အုံးမှာလဲ။ လောကမှာ အရာအားလုံးထက် အမေဟာ ကျွန်တော်ရဲ့ ဘဝပါ။ ဒါကို အမေသိတယ်။ ကျွန်တော် ခုချိန်ထိ သံယောဇဉ်ကို မရှာခဲ့ဘူး။ အဲဒါလည်း အမေ့ကြောင့်။ အမေရှိနေလျှင် ကျွန်တော် ဘဝဟာ ပြည့်စုံတယ်။ အရာအားလုံးကို ကျွန်တော် အဆုံးရှုံးခံနိုင်တယ်။ အမေကို ကျွန်တော် အဆုံးရှုံး မခံနိုင်ဘူး။ ကျွန်တော် အမြဲတမ်း တွေးဖူးတယ်။ အမေသာ တစ်ခုခုဖြစ်လျှင်.... လို့ တွေးလိုက်တိုင်း ကျွန်တော်ရဲ့ မျက်ဝန်းအိမ်ထဲက ရေတံခါးကြီး ကြိုကျသွားခဲ့ရသလိုမျိုး ထင်ရလောက်အောင် မျက်ရည်တွေဟာ အတားအဆီးမဲ့ခဲ့ပေါင်း မနည်းတော့ပါဘူး။ ငယ်ငယ်ကတည်းက အမေနဲ့ အနေနီးခဲ့တော့ အမေကို နားလည်နိုင်ခဲ့တယ်။ နားလည်နိုင်ခဲ့တော့ အမေနဲ့တူတဲ့ အမတွေကိုလည်း ချစ်ခဲ့ရတယ်။ အဖေမရှိတော့တဲ့ နောက်ပိုင်းမှာ အငယ်ဆုံးဖြစ်တဲ့ ကျွန်တော်ဟာ အမေ့ရဲ့ အားကိုးရာ သားကြီးနေရာကို ရောက်မှန်း မသိရောက်ခဲ့ရတယ်။ ကျွန်တော် ကျေနပ်ပါတယ်။ အမေဟာ ကျွန်တော် အပေါ်မှာ အနားလည်နိုင်ဆုံးသော ဣတ္ထိယ တစ်ယောက်ပေါ့...

စိတ်ဓာတ်တွေ ကျနေတဲ့ အချိန်မှပေါ့။ အချိန်တွေက ကုစားနိုင်တယ် ဆိုတာမှန်ပေမယ့် ပတ်ဝန်းကျင်ဆိုတာ ကိုယ်ဒုက္ခရောက်နေတဲ့ အချိန်မှာတော့ ကိုယ်ရဲ့ အဖေါ်ကောင်း ဖြစ်လာနိုင်ခဲ့တယ်။ ဘယ်သူ့ကှိုမှ မတွေ့ချင်၊ မမြင်ချင်၊ မပြောချင်ဖြစ်နေတဲ့ အချိန်မှာ ကျွန်တော်အတွက် မထင်မှတ်ပဲ ကျွန်တော်ကို အားပေးနှစ်သိမ့်ပေးခဲ့တဲ့ အမတစ်ယောက်နဲ့ မမြင်ဖူးပါပဲ ခင်မင်သွားခဲ့ရတယ်။ ကျွန်တော် အပေါ်လည်း အမကြီး တစ်ယောက်လို နှစ်သိမ့်အားပေးခဲ့တယ်။ သူ့မရဲ့ အားပေးမှုနဲ့ ကျွန်တော်ကို တစ်ရက်မှ နှစ်ရက်၊ နှစ်ရက်မှ တစ်ပတ်၊ တစ်ပတ်မှ တစ်လ၊ တစ်လမှ သုံးလထိအောင် ဆွဲခေါ်ထုတ်သွားခဲ့တာ နောက်ဆုံး ကျွန်တော် သူငယ်ချင်း များနှင့်ရော၊ မိသားစုနဲ့ပါ ပြန်လည် အဆက်အသွယ် လုပ်လာနိုင်ခဲ့တဲ့ အထိပါပဲ။ သူမကို အသက်ဘယ်လောက်လဲလို့ ကျွန်တော်ကမေးတိုင်း လုံးဝမဖြေခဲ့ပါဘူး။ သူမရဲ့ အသက်ကို သိလိုက်ရတဲ့ အချိန်မှာတော့ ကျွန်တော်ပေးလိုက်တဲ့ ရာထူးကို မလိုချင့်လိုချင်နဲ့ ယူလိုက်ရတဲ့ ကျွန်နော်ရဲ့ အဒေါ်နေရာပါ။

နောက်တစ်ယောက်ဖြစ်တဲ့ အမတစ်ယောက်ကတော့ နာမည်ကို ခင်နေ သိနေခဲ့တာကြာခဲ့ပါပြီ။ လူချင်း တွေဖူးခဲ့တာတော့ ၂၀၀၉ ဒီဇင်ဘာလ လောက်မှ သာလျှင် တွေ့ဖူးလိုက်ရခြင်း ဖြစ်တယ်။ မြင်မြင်ချင်းပဲ အမရဲ့ စကားပြောပွင့်လင်းမှု၊ ဟန်ဆောင်ထားမှုကင်းတဲ့ အမရဲ့မျက်နှာကြောင့် ကျွန်တော်ရဲ့ အမများ ဖြစ်လိုက်ရင် သိပ်ကောင်းမှာပဲလို့ တွေးလိုက်မိတယ်။ ကျွန်တော်က မိသားစုထဲမှာ အငယ်ဆိုပေမယ့် အမတွေမရှိတဲ့ ကျွန်တော်အတွက်တော့ အမတစ်ယောက်ကောက်ရလိုက်သလိုမျိုးပါပဲ။ ကျွန်တော်က အမကို အမတွေနဲ့ပဲနေချင်ကြောင်း၊ အမတွေက သူတို့ရဲ့ မောင်လေးတွေကို ဂရုစိုက်ကြောင်းပြောတော့ အမက ပြန်ပြောလိုက်တာကတော့ - ငါတို့လည်း မောင်တွေနဲ့ ကြာကြာမနေချင်ပါဘူး။ ကိုယ့်ကို ဂရုစိုက်တဲ့ သူနဲ့ပဲ နေချင်တာပေါ့တဲ့ ပြန်ပြောခဲ့ပါတယ်။

ကျွန်တော်နဲ့ အရင်းနှီးဆုံးဖြစ်ခဲ့တဲ ဣတ္ထိယများကတော့ အမေ၊ အဒေါ် နှင့် အမ ဒီသုံးယောက်သာရှိခဲ့ပါတယ်။ ပထမတော့ အဒေါ်နဲ့အမကို နာမည် သုံးခွင့်တောင်းထားပြီသားပါ။ ဒါပေမယ့် ဖေါ်ပြစရာမလိုဘူးလို့ထင်မိလို့ ရင်ထဲမှာပဲထားလိုက်ပါတော့တယ်။

ညီလေး ဗညားရေ ခုလောက်ဆို လုံလောက်ပြီးလို့ ထင်ပါတယ်နော့်။

လေးစားစွာဖြင့်
ရီနိုမာန်

11 comments:

Mogok Thar said...

“အမေ” ချစ်တဲ့သားငယ်လေးဆိုတာတော့ သိထားပီးသားးး....

“အဒေါ်” ကတော့ ဘယ်သူလဲ အကိုမသိဘူးးး

“အမ” က တော့ သိသလို မသိသလိုပါပဲ...

ဘာပဲ ဖြစ်ဖြစ်... ကိုယ်ကချစ်သော... ကိုယ့်ကိုချစ်သော သူများနဲ့ ဆုံတွေ့ရတာဟာ ကံကောင်းလွန်းလို့ပါ...

ချစ်တဲ့ “အမေ၊ အဒေါ်၊ အမ” တွေနဲ့ ထွေးထွေးနွေးနွေး ပျော်ပျော်ရွှင်ရွှင် ထာဝရ.....

Anonymous said...

အမေက နံပါတ်(၁)ဆိုတာ တူ၏

အဒေါ်ကို သိပ်ချစ်တာလည်းတူ၏

အောက်ဆုံးက တစ်ယောက်ကိုသိ၏
သူပြောခဲ့တဲ့ အဲ့ဒီစကားကိုလည်း ကြားလိုက်၏
ရီပင်ရီခဲ့သေး၏း)

Ree Noe Mann said...

ဒီပိုစ့်လေး ဖတ်ပြီး စိတ်အနှောက်အယှက် ဖြစ်သွားကြမယ် ဆိုရင် ကျနော်ကပဲ တောင်းပန်လိုက်ပါတယ်။
ဘယ်သူ့ ဘယ်သူ့ကိုမှ မရည်ရွယ်ပါဘူး။
တက့်ခ် အကြွေးဆပ်တယ်လို့ပဲ မြင်ပေးကြပါဗျာ။

လေးစားစွာဖြင့်
ရီနိုမာန်

မေဇင် said...

အမေ့ ကိုချစ်တဲ့ သား လို့ ဟိုးအရင် ပိုစ့်အဟောင်းတွေထဲက သိပါတယ် ။ ခုလို ထပ်သေချာတော့ ကျေနပ်ကြည်နူးမိတယ်။

မမသီရိ said...

အဲသလိုလေးတွေပြောတတ် ချွဲတတ်လို့
ချစ်ကြတာနေမှာပေါ့..း)

အမြဲပဲ ပျော်ရွှင် အောင်မြင်ပါစေ
ချစ်သော ငယ်လေး ...

တီသီရိ..

မိုးစက်အိမ် said...

အမေကအနှိုင်းမဲ့  အဒေါ်နဲ့ အမကိုလည်းလက်ခံပါတယ်အစ်ကို
ဒါပေမဲ့ တစ်ယောက်တစ်လေများကျန်နေသလားလို့  :)

Eaindra said...

ရီနိုရေ...

အမေကို လုပ်ကျွေးနေတဲ့ သားလိမ္မာလေးဖြစ်လို့
ဒီအမေနဲ့ စိတ်၏ကိုယ်၏ချမ်းသာစွာ
အိုအောင်မင်းအောင် အတူရှိနေနိုင်ကြပါစေ

အစ်မဆိုတာထိပ်ခေါက်ကတော့ သန်တယ်နော်..
ထိပ်ခေါက် ဗိုက်ကြောလိမ် နှာသယ်မွှေးဆွဲ..
လိုအပ်ရင် ညိုသကျည်းဖြတ်ရိုက်တတ်သေးသတဲ့..

ကိုလူထွေး said...

ချစ်ညီ ရီနိုမာန်အတွက် ဆိုးတူကောင်းဘက် ဘဝလက်တွဲဖော်ဖြစ်လာမယ့် ဣတ္ထိယ အလန်းလေးတယောက် အကြောင်းကိုလည်း မနှေးအမြန် ဖတ်ရပါလို၏...

းဝ)

ကြည်ဖြူပိုင် said...

မိဘကိုချစ်မြတ်နိုးသောသားသမီးတိုင်းကိုလေးစားပါ၏
ထို့ကြောင့်ဒီပို့စ်ကိုဖတ်ပြီးတော့ ပိုလေးစားသွားပါ၏
ချစ်သော အမေ အဒေါ် အမတို့နဲ့ပျော်စရာလေးတွေတိုးပွားပါစေနော

Angel Shaper said...

အမေချစ်တဲ့ သားရေ.....
အဒေါ်ချစ်တဲ့ သားရေ.......
အမတွေကို ချစ်တဲ့သားရေ...အဟဲ..ခေါ်ကြည့်တာပါ။
မိဘ မောင်နှမတွေကို ချစ်ခင်တန်ဖိုးထားတာလေးတွေကို မြင်ရတော့ လေးစားမိပါတယ် အကိုရေ....
အဆင်ပြေပျော်ရွှင်ပါစေနော်။။။။။။။

ဇွန်မိုးစက် said...

အမေချစ်တဲ့သားတစ်ယောက်အကြောင်းဖတ်ရတာ ကြည်နူးမိပါတယ်။ တို့တောင် ရီနို့ကို ဘာရယ်မဟုတ် စိတ်ထဲက ခင်မင်မိတယ်။ ရီနိုကသာ စိမ်းကားတာပါလေ။း(