September 29, 2009

နောက်ကျ ဆုတောင်း မွေးနေ့

၁၉၈၁ခုနှစ်လောက်ကပေါ့။ ၉လ လွယ် ၁၀ဖွားခါးနီး ဗိုက်ကြီး တကာကာနဲ့ ဟိုသွားလိုက် ဒီသွားလိုက်လုပ်နေတဲ့ အမျိုးသမီး ငယ်တစ်ယောက်။ အသက်က ၂၄နှစ်လောက်ရှိပြီ။ မွေးဖွားဖို့ ရက်ကလည်း ပြည့်တော့မယ်။ သို့ပင်မဲ့ ၄င်းအမျိုးသမီးငယ်က တောက်တောက် တက်တက် လျှောက်သွားလို့ ကောင်းနေတုန်း။ သူမအတွက် ဆရာဝန်ဖြစ်တဲ့ ဆေးမှူးက စိတ်ပူနေပြီ။ ဆေးမှူးရဲ့ စကားကိုလည်း နားမထောင်တဲ့ သူမ နောက်ဆုံးဆေးမှူးမှ

" သမီး ဒီမှာပဲမွေးမယ်ဆိုရင် အသက်နှစ်ချောင်းထဲက တစ်ချောင်းကြိုက်ရာ ရွေး"

လို့ပြောလိုက်မှပဲ ရန်ကုန် စစ်ဆေးရုံးကို ရောက်လာတော့တယ်။ အမျိုးသားလုပ်သူက စစ်တပ်ကဆိုတော့ သူမလည်း စစ်ဆေးရုံးကိုပဲ သွားရတော့တာပေါ့။ အဲဒီ အချိန်တုန်းက ကိုယ်ဝန်သယ်တွေကို လိုက်စစ်တဲ့ ဆရာဝန်က ဦးနေဝင်း သမီးဆိုလားပဲ။ လူနာတွေကို လိုက်စစ်ဆေးနေရင်း သူမကုတင်နားကိုရောက်လာတယ်။ သူမကုတင်က ဖိုင်းတွဲကိုယူကြည့်ပြီး ဆရာဝန်မျက်နှာ ပျက်သွားတာကို သတိထားမိလိုက်တယ်။ သူနာပြု ဆရာမကို လှမ်းမေးလိုက်တယ်

" ဒီလူနာ ဘယ်တုန်းက ရောက်တာလဲ "

ပြီးတော့ သူမဘက်လှည့်ပြီး ဆူပါတော့တယ်။ ဆူလို့လဲပြီးရော စိတ်ဆိုးနေတဲ့ လေသံနဲ့

" ဒီသမီးရဲ့ တပ်က ဆေးမှူးဆီက ဒီလူနာနဲ့ ပတ်သက်ပြီး ထုချေလွှာ တင်ပါလို့ ကြေးနန်းပို့ပါ "

လို့လဲ ဆိုရော သူမ ဆရာဝန်မကို ပြာပြာသလဲ တောင်းပန်နေပါတော့တယ်။


အမှန်က တပ်ကဆေးမှူးက လွှတ်နေတာကြာပေါ့။ သူမကိုယ်တိုင်က ခေါင်းမာနေလို့ခုလိုဖြစ်ရတာပါ။ ဆေးရုံးရောက်တဲ့ အချိန်ကလည်း မွေးရက်လွန်နေပြီ။ ဗိုက်ကလည်း မနာဆိုတော့ သူမအတွက် ဝိုင်းပြီစိုးရိမ်နေကျပြီ။ ဗိုက်နာ ဆေးတစ်လုံး ထိုးပြီသွားတဲ့ အထိဘာမှ မထူးခြားသေးဘူး။ နောက်တစ်လုံး လာထိုးအပြီး ဆရာမက ဒီတစ်ခါမှ မနာရင် ဗိုက်ခွဲမွေးမယ်လည်း ဆိုရော ဗိုက် စတင်လို့ နာလာပါပြီ။

သူမအနေနဲ့ ၉လ လွယ်ထားရတဲ့ ကာလမှာ ယောက်ျားလေးမှန်း မသိ၊ မိန်ကလေးမှန်းမသိသေးတဲ့ ကလေးအတွက် အားတွေအပြည့်နဲ့ပေါ့။ ဗိုက်နာပြီး သိပ်မကြာခင်မှာ မွေးဖွားခဲ့တယ်။

အဲ့ဒီနေ့က ကြာသပတေးနေ့၊ ရက်က ၁၀ရက်နေ့၊ လကတော့ ဒီစက်တင်ဘာလ၊ အချိန်က နေ့လည် ၂နာရီ။
ထိုအမျိုးသမီးက ကလေးရဲ့ အမေ ဒေါ်အေးအေးဟန်၊ အမျိုးသမီးရဲ့ ယောက်ျား ကလေးအဖေက ဦးကံစိန်။
၎င်းကလေးငယ်ကတော့ ခုဆို ၂၈နှစ်ပြည့်သွားပြီးဖြစ်တဲ့ စိတ်ညစ်ညစ်နဲ့ သူ့ဘလော့ဂ်လေးကို ပိတ်ထားခဲ့ဖူးတဲ့ ကျနော် ရီနိုမာန်ပါ။

မွေးနေ့ဆိုတာကို နားလည်တဲ့ အချိန်ထဲက ယခုအချိန်ထိ မွေးနေ့တိုင်းမှာ ခြောက်ခြောက်ကပ်ကပ်နဲ့ ပြီးဆုံးစေခဲ့တဲ့ နှစ်တွေ တော်တော်များများ ဖြစ်ခဲ့ပါတယ်။ မှတ်မှတ်ရရ ကျနော် ၇တန်းနှစ်က ကျနော်မွေးနေ့ လုပ်ချင်လို့ စုထားတဲ့ ပိုက်ဆံတစ်ရာရှိတယ်။ အမေ့ကိုပြောတော့ သားမှာပိုက်ဆံရှိတာပဲ ကိုယ်ဟာကိုလုပ်ပေါ့တဲ့။ ကျနော်လည်း အမေ့ကို ပိုက်ဆံ ၁၀၀ပေးပြီး ကြက်သားဟင်းချက်ခိုင်းလိုက်တယ်။ မွေးနေ့မှာ ကျောင်းသွားတယ်။ နေ့လည်ပိုင်း ထမင်းစားချိန်ဆိုရင် ကျနော်က ဆရာမတွေနဲ့ တူတူ ထမင်းစားတယ်။ ကျနော့်ရဲ့ မွေးနေ့ အဲ့ဒီနေ့မှာ အိမ်ကပို့ပေးတဲ့ ကြက်သားဟင်း နှစ်ဆင့်ချိုင့်နဲ့ အပြည့်ပဲ။ ဆရာမတွေနဲ့ မွေးနေ့လုပ်ဖြစ်ခဲ့တယ်။ မွေးနေ့လက်ဆောင်ရတဲ့ ကွန်ပါဘူးလေးကိုသိမ်းထားတာ ခုထိရှိနေသေးတယ်။ ကျနော် အတွက် ပထမဆုံး အမှတ်ရနေတဲ့ မွေးနေ့ အမှတ်တရပေါ့။

စိတ်ပျက်ခဲ့ရတဲ့ မွေးနေ့တွေလည်းရှိခဲ့ရတယ်။ ဒါတွေတော့ ပြန်မရေးချင်တော့လို့ မရေးတော့ဘူးဗျာ။ ဒီနှစ်တော့ ကျနော် အလုပ်မလုပ်ခဲ့ဘူး။ ၉ရက်နေ့ ည ၁၂ ကျော်ကျော်လောက်မှာ အသိကုလားတစ်ယောက်ရဲ့ ဖုန်းMessage နဲ့ ဆုတောင်းခြင်း ပထမရရှိခဲ့တယ်။ မနက်မိုးလင်းတော့ တရုတ်တစ်ယောက်နဲ့ အကိုတစ်ယောက်ရဲ့ ဖုန်းMessage ဆုတောင်းနဲ့ အတူ အမတစ်ယောက်ရဲ့ ဆုတောင်းပါထပ်ရခဲ့တယ်။

အဲ့ဒီနေ့က မနက်စောစောထ တိုပါယိုက ဘုန်းကြီးကျောင်းကိုသွားပြီး တစ်နေ့လုံး စိတ်ထဲလုပ်ချင်တာတွေ ကိုလုပ်ပစ်လိုက်တယ်။ အမေနဲ့လည်း ဖုန်းပြောခဲ့တယ်။ အမေက ကျနော့်အတွက် ရည်ရွယ်ပြီး ဘုန်းကြီးကျောင်းကို ဆွမ်းချိုင့်ပို့ပေခဲ့တယ်တဲ့။ ဒီနှစ်မွေးနေ့လေးကတော့ ဒီလောက်ပါပဲ။ ပထမတော့ ပိုစ့်အဖြစ်မတင်တော့ဘူးလို့ တွေးထားပင်မဲ့ အမှတ်တရလေး အဖြစ်တင်လိုက်ရခြင်း ဖြစ်ပါတယ်။

အခွင့်ရှိနေအုံးမယ်ဆိုရင်တော့ ကျနော့်မောင်နှမများအားလုံးနှင့် နောက်လာမဲ့ မွေးနေ့တွေမှာ ပျော်ပျော်ရွှင်ရွှင် ပြုလုပ်ချင်ပါကြောင်း.............................................


လေးစားစွာဖြင့်
ရီနိုမာန်

14 comments:

မေလေး said...

ပုံပြောကောင်းတဲ့ ကိုကိုဘဲ
ပြောတော့ မွေးနေ့ကျရင် ၉ လပိုင်းကျရင် မုန့်ကျွေးမယ်
စုံကြမယ်တဲ့
ဟွန်းးးး
တူညားတွေကို အပြစ်တင်သေးတယ်
သူ့မွေးနေ့ကိုမေ့နေလို့တဲ့
သူမှမပေါဘဲ
ဘီလိုသိမတုန်းး


Happy Birthday ပါ
ပျော်ရွှင်ဖွယ်မွေးနေ့ပေါင်းများစွာ စိတ်ချမ်းသာ ကိုယ်ကျမ်းမာစွာ ဖြတ်သန်းနိုင်ပါစေ။

မိုးခါး said...

အေးလေ ဟုတ်ပ
ပြောတော့မပြောဘူး
သူပဲ အဆက်ဖြတ်သွားပြီတော့
ဘာပဲဖြစ်ဖြစ် မွေးနေ့ မှာ ပျော်ရွှင်ပါစေ
မွေးနေ့ပြီးလည်း ပျော်ရွှင် ပါ စေ
အချိန်တိုင်း ပျော်ရွှင်နိုင်ပါစေ
မောင်နှမတွေနဲ့လဲ လာတွေ့ဖို့ စိတ်ကူးဦးနော်
း))

မဆုမွန် said...

မွေးနေ့မှာ မင်္ဂလာအပေါင်းနဲ့ ငြိမ်းချမ်းပျော်ရွှင်ပါစေ မောင်လေးရေ

ရေတမာ said...

ဟင် နို့ သိမှမသိဘဲ။ ဘာပဲဖြစ်ဖြစ်နောက်လပွဲတွေ ရှိတယ် ပေါင်းလုပ်လည်းဖြစ်တယ် ဟဲဟဲ happy birthday ပါ အကိုရေ

ဆောင်းနှင်းရွက် said...

happy birthday ..!

မွေးနေ့မှသည် အစဉ်အမြဲ
ကံကောင်းခြင်း ၊ ပျော်ရွှင်ခြင်းများ နှင့်
ပြည့်စုံနိုင်ပါစေ ..။

သုခုမလေဒီ said...

နောက်ကျတဲ့မွေးနေ့ ကို နောက်ကျမှဘလော့တင်ပြီး နောက်ကျမှရောက်လာကာ နောက်ကျကျနဲ့ ပဲ ဆုတောင်းပေးသွားပါတယ်။
ဘ၀မှာတော့ နောက်မကျပဲ ရှေ့ ဆုံးကနေ အောင်မြင်မှုတွေရရှိပါစေလို့ ...

စည်သူ said...

ဟ.. ဟုတ်ပါ့..
ဘယ်လိုလုပ်လိုက်တာလဲဗျာ..

ကျွန်တော်တို့တစ်တွေ ရှိပါတယ်..

ဝါးတီး.. ဖတ်လေ..း)

သြော်...
အခုလို မွေးနေ့မှာ မွေးမေမေကို သတိရပြီး အခုလိုပို့စ်အဖြစ် တင်လိုက်တာ ဝမ်းသာပါတယ်
ဆုလည်းတောင်းပေးပါတယ် ကိုရီနိုမန်..

နောက်ဆုံကြတာပေါ့ဗျာ..
ရေတမာပြောသလို ပေါင်းလုပ်လည်းရတာပဲ..ဟဲဟဲ
ဇွတ်ပဲ.. လူဆိုး..းP

Anonymous said...

အော် ခုမှပဲ ပြောရလား မောင်လေးရယ်။ ပြောတော့ ၉ လပိုင်းဆိုပြီး သတိရပေမယ့် မောင်လေးက မပြောသေးတော့ သိဘူးလေ။ စိတ်မကောင်းတော့ ဖြစ်သွားတယ်။

ဆုကိုတော့ ၀မ်းသာအားရ တောင်းပေးသွားပါတယ်။

မောင်လေးရီနို တစ်ယောက် ဘ၀မှ လိုအင်ဆန္ဒမှန်သမျှ လွယ်လင့်တကူ ရရှိနိုင်ပါစေ။

တောင်ပေါ်သား said...

ပျော်ရွှင်ဖွယ်မွေးနေ့လေး ဖြစ်ပါစေ ငါ့အကိုရေ..
သာယာတဲ့ မိသားစုကလေး ၊ ချစ်သော အမေနဲ့ အမြန်ဆုံး ပြန်လည်ပေါင်းစုံပါစေလို့ ဆုတောင်းပေးပါတယ်။ ကြားထဲမှာ အမေ့ချွေးမလေးပါ ရှာထားပေါ့


လေးစားလျက်
တောင်ပေါ်သား

yangonthar said...

Happy birthday ပါ အစ်ကို ရီနိုရေ .... အစ်ကို စာပြန်ရေးတဲ့ အတွက် ဝမ်းသာမိပါတယ် ဒီနှစ်ခါ ကျရောက်တဲ့ မွေးနေ့ မှသည် နောင် နှစ်ပေါင်း များစွာသို့ .....
ဆန္ဒမွန်ဖြင့်
ညီငယ် ရန်ကုန်သား :)))

Mogok Thar said...

အကိုကောတ့ ကိုယ့်မွေးနေ့ကိုယ် မေ့ပစ်နေတာ တော်တော်ကြာဘီ။ အရင်ကတော့ ဘုရားသွားတာ၊ ကောင်းမှုကုသိုလ် လုပ်တာမျိုးတွေ ရှိတယ်။
များသောအားဖြင့်တော့ ကိုယ့်မွေးနေ့တွေက သာမာန်နေ့ရက်တွေလို ကုန်ဆုံးခဲ့တာပါပဲ။
ခုနောက်ပိုင်းတော့ သယ်ရင်းတွေက ကိုယ်မေ့နေလဲ မွေးနေ့တွေ တိတ်တိတ်ကြိတ်စီစဉ်ပြီး Surprise လုပ်ပေးကြတာတွေ ဘာတွေ ၇ှိလာခဲ့တာပေါ့။

စိတ်ပျက်ရတဲ့ မွေးနေ့ ရက်ကလေးတွေကနေ ကင်းဝေးပါစေ လို့ပဲ အကို ဆုတောင်းပေးပါတယ်။

28နှစ်ပြည့်မှသည် ဘ၀သက်ဆုံး ချစ်သူ ခင်သူမျညးနဲ့ ငြိမ်းချမ်းပျော်ရွှင်ဖွယ် ဘ၀လေး ပိုင်ဆိုင် နိုင်ပါစေလို့

ချစ်ခင်စွာဖြင့်

ပုံ့မေ said...

ကိုကြီးReeNoe ရေ.....

မေသူ ခုမှ ခြေရာခံလို့ လိုက်လာတာ...... အဟီး စက်တင်ဘာ လကုန်မှ မွေးနေ့ မှန်းသိလိုက်ရတယ်..... လကုန်ရက်ပဲ........

အစ်ကိုကြီးရဲ့ ဒီလမွေးနေ့ မှသည် နောင်လာမဲ့ မွေးနေ့ တွေ မှာ သောကကင်းကွာစွာ မောင်နှမတွေနဲ့ တူတူ ကျင်းပနိုင်ပါစေကြောင်း...... မူသေမှ ဆုမွန်ခြွေသည်...... :D

မမသီရိ said...

ငယ်ငယ် တီလေး ဆုတောင်းပေးခဲ့တယ်လေ

ဘာပဲပြောပြော ခုလို အင်အားတွေပြန်ပြည့်ပြီး
စာတွေ တည်တည်ငြိမ်ငြိမ် ရေးလာနိုင်တာ အရမ်းကောင်းတယ်

တီလေး နဲ့ လာနေတဲ့ ခါ တီလေး လုပ်ပေးမှာနော်
ငယ့် မွေးနေ့ တွေ..း)

Angel Shaper said...

အော်.. သိမှ မသိတာ အကိုရယ်။
ဟက်ပီဘတ်ဒေးပါနော်။
ပျော်စရာကောင်းတဲ့ မွေးနေ့တိုင်း ပိုင်ဆိုင်နိုင်ပါစေလို့။
နေ့သစ်တိုင်းမှာ အဆင်ပြေအောင်မြင်ပါစေ။