September 26, 2009

အားဆေး တစ်ခွက်

ခုတလော လူကလည်း စိတ်ညစ် အလုပ်ကလည်းပင်ပန်း အတွေးတွေကလည်း တောင်တွေးမြောက်တွေးနဲ့ ကိုယ့်စိတ်ကို မကျေနပ်ဖြစ် ဒေါသတွေကထွက်၊ ထွက်နေတဲ့ ဒေါသတွေကို ထိန်းမရတဲ့ နောက်ဆုံး အသက်မရှိပဲ၊ ကိုယ်အနိုင်ကျင့်တာကို အမြဲခံရပြီး ကိုယ့်ကို ဘာမှပြန်မပြောနိုင်တဲ့ ကျနော်ပြုသမျှ နုနေရတဲ့ ဟော့ဒီ ဘလော့ဂ်လေးအပေါ် ပုံချလိုက်တယ်။ စိတ်ထဲလည်း နည်းနည်းကျေနပ်သွားတယ်။ ကွန်ပြုတာကို ကိုင်ဖို့ စိတ်တွေညစ်နေတဲ့ အချိန်မှာပဲ ကွန်ပြုတာကလည်း ဘယ်အချိန်ထဲက မကျေနပ်နေမှန်း မသိဘူး။ စိတ်ညစ်နေတဲ့ ကျနော့်ကို အားပေးအားမြောက်လုပ်တဲ့ အနေနဲ့ ပျက်သွားလိုက်တာ တလလောက်ကြာသွားတယ်။ ပျက်သွားတာကိုပဲ ကျေးဇူးတင်နေမိပါတယ်။

ကွန်ပြုတာ ပျက်သွားတော့ ကျနော်အတွက်အချိန်တွေ ပိုထွက်လာခဲ့တယ်။ ကွန်ပျုတာရှိတုန်းကတော့ အချိန်က အရမ်းအကုန်မြန်တယ်။ အခုတော့ အချိန်တွေ ပိုထွက်လာခဲ့တယ်။ ဒါနဲ့ ကျနော်နေတဲ့ နေရာလေးကိုရှင်းတယ်။ စာအုပ်တွေကို ဟိုနေရာကနေ ဒီနေရာကိုရွှေ့တယ်။ ပြောင်းရွှေ့ရင်း နဲ့ စိတ်ထဲဖတ်ချင်လာတဲ့ စာအုပ်လေးတွေကို ဖယ်ထားလိုက်တယ်။ ဖယ်ထားတဲ့ အထဲကမှ ဆရာ နန္ဒသိန်းဇံရေးတဲ့ " တွေးချိန်ချင့်စရာ " ဆိုတဲ့ စာအုပ်လေးကို အရင်ဖတ်လိုက်တယ်။

>စာအုပ်လေးက အကိုတစ်ယောက်က ပေးထားတာ တော်တော်တောင်းကြာနေပြီ။ မဖတ်ဖြစ်သေးဘူး။ခုမှ စဖတ်ရင်းဖတ်ရင်းနဲ့ စာထဲမှာပါတဲ့ တစ်ချို့ စကားတွေက စာဖတ်သူဖြစ်တဲ့ ကျနော်ကို အားပေးနေသလို ခံစားလာရတယ်။ တစ်ချို့ စကားလေးတွေဆိုရင် စိတ်ဓာတ်ကျနေတဲ့ ကျနော့်အတွက်တော့ အားဆေးတစ်ခွက်ဖြစ်စေခဲ့တာ အမှန်ပဲ။

စကားတစ်ချို့ထဲမှ ကျနော်နှစ်သက် သဘောကျစေသော စကားများကို ပြန်လည်ကောက်နုတ် ဖေါ်ပြပေးလိုက်ပါတယ်။

ဆရာကြီး ပီမိုးနင်းက ဆရာ ငွေဥဒေါင်းကို " ကောင်အိုလေး ဘာဖြစ်နေတာလဲ " တဲ့၊

ဆရာ ငွေဥဒေါင်းက " စိတ်ဓါတ်ကျသွားတယ် " လို့ မထင်မှတ်ပဲပြောလိုက်မိတယ်။

ဆရာကြီး ပီမိုးနင်းက ဘာပြန်ပြောလဲဆိုတော့ " ဟဲ့ ကောင်အိုလေးရဲ့၊ ကျသွားရင်ပြန်ကောက်ယူထား အဲဒါပျောက်လို့ တော့ မဖြစ်ဘူး၊ ဘယ်နေရာမှာမှ မလျှော့ဘူးဆိုတဲ့ စိတ်ဓာတ်ရှိနေတာဟာ ရတနာသိုက်ကို ဖွင့်တဲ့ " သော့ " ကိုရနေတာလိုပဲ၊ ရတနာတွေရရင် ကိုယ်လိုချင်တာကို ရနိုင်တာပဲ၊ အဲ့ဒီ သော့ ကိုတော့ ကျမပျောက်စေနဲ့၊ ကျသွားရင် ပြန်ရှာပြီပြန်ကောက်ထား" တဲ့။

ဟုတ်တယ်၊ မလျှော့ဘူး ဆိုတဲ့ စိတ်ဓာတ်ရှိနေမှ လောကီအလုပ်တွေကော လောကုတ်တရာ အလုပ်တွေမှာပါ အောင်မြင်နိုင်တာ၊ အဲဒီ စိတ်ဓာတ်ကျသွားပြီး ပျောက်သွားပြီဆိုရင်တော့ ဘယ်နေရာမှာမှ မအောင်မြင်တော့ဘူး၊ စိတ်ဓာတ်ကျသွားရင် လူမှာရောဂါတွေပါ ရလာပြီ ဘဝဆုံးတော့တာပဲ။

ဆက်လက်ပြီး ဆရာကြီး ငွေဥဒေါင်းက " မိမိကိုယ်ကျိုးဆိုလို့ လုံးဝမပါပဲ အများအကျိုး အတွက်သက်သက် သယ်ပိုးရွက်ဆောင်နေတဲ့ ဂေါတမဗုဒ္ဓ မှာတောင် အနှောင့်အယှက် ဖျက်ဆီးသူတွေကအများကြီး၊ အဟန့်အတား လုပ်သူတွေ၊ အပြစ်ပြောသူတွေ၊ ဦးပြည်းယုတ် ရဟန်းဆိုပြီး ဆဲဆိုသူတွေလဲ အများကြီးပဲ။

ဒီလို နှောက်ယှက်လာလို့၊ မကောင်းပြောလာလို့ ဂေါတမမြတ်စွာဘုးရာဟာ သူ့ရဲ့ ဗုဒ္ဓကိစ္စတွေကို မလုပ်ပဲ ရပ်တံ့ မသွားပါဘူး။ လေးဆယ့်ငါးဝါ ကာလပတ်လုံး လုပ်ရမဲ့ အလုပ်တွေ၊ ဗုဒ္ဓ ကိစ္စတွေကို လုပ်ဆောင်ရင်း နိဗ္ဗာန်တိုင်း လှမ်းလျှောက်ကြွမြန်း သွားတာပဲ၊ ကိုယ်ကျိုးကြည့်မှု မကင်းသေးတဲ့ အတ္တစွဲ မကုန်သေတဲ့ ငါလို ဘာမဟုတ်တဲ့ ပုထုဇဉ်မှာ အနှောင့်အယှက် အဟန့်အတားတွေ ရတာဟာ အဆန်းမဟုတ်ပါဘူး။

ဒီအနှောင့်အယှက်တွေကြောင့် ကိုယ်လုပ်ရမှာ၊ ကိုယ်သွားရမှာကို ရပ်တံ့တွန့်ဆုတ်မသွားစေရဘူး၊ စိတ်ဓာတ် ကျမသွားစေရဘူး လို့ ဆရာလည်း အကြိမ်ကြိမ် နှလုံးသွင်းခဲ့တာပဲ၊ စိတ်ဓာတ်ကျကျသွားတာတွေတော့ ရှိတာပေါ့၊ ဒါပင်မဲ့ ဆရာကြီးပီမိုးနင်း သတိပေးတဲ့ အတိုင်းပဲ ကျသွားတာကို ပြန်ကောက်ရတာပဲ " ဟု ဆရာကြီး ငွေဥဒေါင်းမှ ပြောပြခဲ့ပါသည်။ (မှတ်ချက်။ ။ အထက်ပါ စာပိုဒ်အား ဆရာနန္ဒာသိန်းဇံ ၏တွေးချိန်ချင့်စရာ ထဲမှ ပြန်လည် ကောက်နုတ်ထားခြင်းဖြစ်ပါသည်)

အဲဒီစာအုပ်ကို ဖတ်ပြီး ကျနော်ရဲ့ စိတ်ဓာတ်တွေ ပြန်လည်တက်ကြွလာခဲ့တယ်။ ရှေ့လျှောက်ရမဲ့လမ်းတွေအ တွက်လည်း အားဆေးတစ်ခွက်ဖြစ်ခဲ့တယ်။ ကျနော်လိုပဲ စိတ်ဓာတ်ကျနေတဲ့ မောင်နှမများ ရှိနေခဲ့ရင် ဆရာကြီးပီမိုးနင်း သတိပေးခဲ့ သလိုပဲ ပြန်ကောက်ထားဖို့ မမေ့ကြပါနဲ့လို့ သတိပေးရင်း.....................


လေးစားစွာဖြင့်
ရီနိုမာန်

16 comments:

Anonymous said...

welcome back ကိုရီနို
စာပြန်ရေးတဲ့အတွက် ၀မ်းသာပါတယ်ဗျာ
အားဆေးတစ်ခွက် သောက်လိုက်ရသလို ပါပဲ
ဖြော်ပပေးတာကျေးဇူးပါ

ခင်မင်လျက်
ဝသန်မိုး

yangonthar said...

အစ်ကို စာပြန်ရေးတဲ့အတွက် ဝမ်းသာပါတယ် ဆရာကြီး နှစ်ယောက်ရဲ့ စကားတွေကို လည်း မှတ်သား သွားပါတယ်အစ်ကိုရေ ....
အေးမြသာယာရှိပါစေ
လေးစားလျှက်
ရန်ကုန်သား :)))

Angel Shaper said...

ကိုကြီး ရီနို ပြန်လာပြီ။
ကိုကြီး ရီနို ပြန်လာပြီ။
ပျော်စရာကြီး ဝေးးးးးးးးးးးးးးးးးးးး
ကိုကြီးရေ ကိုယ့်ညီ၊ ညီမတွေဆီကို အားဆေးတစ်ခွက်နဲ့ အတူ ပြန်လာလို့ ၀မ်းသာဂုဏ်ယူစွာ လာကြိုပါတယ်နော်။
ကိုကြီး အဆင်ပြေ ပျော်ရွှင်ပါစေ။။။။

တောင်ပေါ်သား said...

အားမာန်သစ်တွေနဲ့ ပြန်လာတာ ၀မ်းသာပါတယ် အကိုရေ.. လူဆိုတာကတော့ တခါတလေ အရှုံးတွေရှိမှာပါပဲ ဒါပေမဲ့ အမြဲ မရှုံးဘူးမလား ဒါဟာ ဖြစ်နေကြ လူဖြစ်စဉ်သဘောတခုပါ အားမငယ်နဲ့ ဆက်လျှောက်ကြတာပေါ့ ဘ၀မှာ တူတူး)


လေးစားလျက်
တောင်ပေါ်သား

မိုးစက်အိမ် said...

အစ်ကိုပြန်လာတာဝမ်းသာတယ်ဗျာ ... ပြန်လာမယ်ဆို
အနော်စောစောတည်းကသိပါတယ်ဗျာ ဟဲဟဲ :D :P
ပျော်ရွှင် အဆင်ပြေ အောင်မြင်ပါစေအစ်ကိုရာ

ကိုလူထွေး said...

ကွန်ပြူတာပျက်သွားတာရော...
အဲဒီစာအုပ်ဖတ်လိုက်ရတာရောက တကယ့် အမြတ်ပဲလို့ ပြောရမယ်...

ညီကိုယ်တိုင်က ခံယူတတ်လို့လည်း ပါပါတယ်...

ရှေ့ကပြောချင်သလောက်ပြော ရေးချင်သလောက်ရေး နောက်ကနေ ဗူးပေါက်နဲ့ ဖားကောက် လိုက်နေသူတွေလည်း အများကြီးလေ...

စိတ်ဓာတ်တော့မကျစေနဲ့ ချစ်ညီရေ... ကျသွားတယ်ဆို ပြန်ကောက်ယူထား... ပျောက်တော့မသွားစေနဲ့....


းဝ)

ကောင်းကင်ပြာ said...

ဝမ်းသာပါတယ် မောင်လေးးးး)

သတင်းထောက်ကြီး said...

စာဖိုမှူးကြီး

ဟင်းအိုးဝေနေပြီလေ :P

Yu Ya said...

ကိုရီနိုရေ.. အားဆေးလေး ကိုယ်တိုင်သောက်ပြီး သူများတွေကိုလည်း သောက်ဖို့တိုက်တွန်းပေးတာ နည်းတဲ့ စေတနာမဟုတ်ဘူးနော့။

အိမ်လေးပြန်ဖွင့်ပြီး စာပြန်ရေးတာကိုတွေ့တော့ အတိုင်းမသိ ပီတိဖြစ်မိတယ်ဗျာ။ ကျွန်တော်သယ်ရင်းတစ်ယောက် ပြန်လာပြီပေါ့ဗျာ။

yu ya

မငုံ said...

ပြန်လာတာ ကြိုဆိုပါတယ်။ ဆရာနန္ဒသိန်းဇံရဲ့ စာလေးဖတ်ပြီး ပိုအားတက်မိသွားတယ်။ ကျေးဇူးဗျို့

WWKM said...

အဆင်ပြေပါစေ မောင်ရီနိုရေ.
စင်္ကာပူမှ အမှတ်တရလေးတွေကို သတိရနေပါတယ်.
မောင်နှမတွေနဲ့ နောက်တစ်ခေါက်လောက်ထပ်ဆုံခွင့်
ရချင်ပါသေးတယ်။

ကျန်းမာပျော်ရွှင်ပါစေ။

အမ၀ါ

Anonymous said...

ဝမ်းသာပါတယ် မောင်လေးရေ .....

khin oo may said...

သက်ပြင်းချပြီးဖတ်သွားသည်။ ကျေးဇူးး

မေလေး said...

ဝေးးးးး နာ့အကိုပြန်လာပီ
မိုက်စ်

မမသီရိ said...

ငယ်ငယ် ရေ
နောက်ဆုံးတော့ မင်း ရပ်တည်နိုင်ခဲ့ပြီ
အဆိုးဆုံးတွေ ရှိလာရင်တောင် ငယ်ငယ် ရင်ဆိုင်နိုင်တော့မှာ သေချာသွား ပြီ မို့
တီလေး တကယ် ၀မ်းသာတယ်
တကဲ့ ယောင်္ကျားကောင်း စိတ်ဓါတ် ရှိနေလို့
ဖေဖေ မေမေ တို့နဲ့ ထပ်တူ ဂုဏ်ယူတယ်

စာတွေ များများ ဆက်ဖတ်
စိတ်ဓါတ် ကြံ့ခိုင်အောင်ထား
အဲဒါ ဘ၀ ရဲ့ အင်အားတွေ ဖြစ်လာ မှာ ပါ

ချစ်တဲ့ တီလေး

သူကြီးမင်း (တုံးဖလား) said...

ကျသွားလိုက် ပြန်ကောက်လိုက်ပါဘဲဗျာ။